← Chapters

အတွေ့အကြုံ မျှဝေခြင်း

Vol. 16 Ch. 154

အတွေ့အကြုံ မျှဝေခြင်း

Vol. 16 Ch. 154

ကလိုင်းရဲ့ မျက်လုံးကို စိုက်ကြည့်ရင်း ဒန်းစမစ်ဟာ အသက် အရှည်ကြီး ရှူပြီး နောက်မှီလိုက်ပါတယ်။ အဲဒီနောက် သူဟာ ဖြည်းဖြည်းချင်း အသက်ရှူထုတ်ပြီး...။

“မင်း သေချာပြီလား”

ဒန်းစမစ်ရဲ့ မျက်နှာ အမူအရာဟာ နည်းနည်း ပြောင်းသွားပါတယ်။ သူဟာ အထူးလျှောက်လွှာအတွက် ကြိုတင် ပြင်ဆင်ထားပြီးပြီဆိုပေမဲ့ ဒီလောက် မြန်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

‘ကပ္ပတိန်... ကပ္ပတိန်ရဲ့ မျက်နှာက ဘာဖြစ်လို့ သက်သာရ ရသွားတဲ့ပုံ ပေါ်နေတာလဲ...’ ကလိုင်းဟာ ပြုံးပြီး ဖြေပါတယ် “သေချာပါတယ် ကပ္ပတိန်... ဆေးရည်ကို လုံးဝ ပိုင်နိုင်တဲ့အခါကျရင် ထူးခြားအံ့ဩဖို့ကောင်းတဲ့ ခံစားချက်တစ်မျိုးကို ခံစားရတယ်... ကျွန်တော် ဆေးရည်ကို လုံးဝ ပိုင်နိုင်ပြီဆိုတာ သံသယရှိစရာ မလိုပါဘူး”

“ထူးခြားအံ့ဩဖို့ကောင်းတဲ့ ခံစားချက်...” ဒန်းစမစ်ဟာ ဒီစကားလုံးတွေကို အသာရေရွတ်ပြီး မျက်မှောင် ကြုတ်သွားပါတယ်။

‘ဟင်... ကပ္ပတိန်က ဆေးရည်ကို အကုန်အစင် မချေဖျက်ဘဲ နှစ်ကြိမ်စလုံး အဆင့်တက်ခဲ့တာလား... သရုပ်ဆောင်တဲ့ နည်းလမ်းကို မသိဘူးဆိုရင် ဆေးရည်ကို အကုန်အစင် ချေဖျက်ဖို့က လွယ်ကူမှာ မဟုတ်ဘူး... သူက စိတ်လွတ်နိုင်ခြေ အနည်းဆုံးဖြစ်အောင် အချိန်အကြာကြီးသုံး ဖြိုခွဲပြီး မသိစိတ်အရ သရုပ်ဆောင်ခဲ့တာ ဖြစ်မယ်... ကပ္ပတိန်က သနားစရာ ကောင်းလိုက်တာ...’

ကလိုင်းဟာ ဒန်းစမစ်ကို တိတ်တဆိတ် ကြည့်ပါတယ်။ ဒါပေမဲ့ သူဟာ ဒန်းစမစ် သူ့ဘာသာ ဂရုတစိုက် တွေးနိုင်အောင် ဘာမှ ထပ်မပြောပါဘူး။

တစ်မိနစ်နီးပါး ကြာတဲ့အခါ ဒန်းစမစ်ရဲ့ မျက်လုံးထဲကို ကလိုင်း ပြန်ဝင်လာပါတယ်။ ဒန်းစမစ်ဟာ သေချာစဉ်းစားပြီးမှ စကားပြောပါတယ်။

“နောက်ထပ် တစ်နှစ်စောင့်ရင် ပိုကောင်းလိမ့်မယ် ထင်တယ်”

‘ကပ္ပတိန်က မသိသာအောင် နောက်ထပ်တစ်နှစ် စောင့်ခိုင်းတာပဲ... မဒမ်ဒေလီ ဥပမာရှိတော့ အထက်လူကြီးတွေက ငါ့ကို သိပ်ပြီးတော့ အာရုံမစိုက်လောက်ပါဘူး... အများဆုံး စောင့်ကြည့်စာရင်းထဲပဲ ထည့်လောက်တယ်...’

ဒီအတွေးကြောင့် ကလိုင်းဟာ ပွင့်ပွင့်လင်းလင်း ဖြေပါတယ်။

“ပထမတော့ ကျွန်တော် နောက်ထပ် တစ်နှစ်စောင့်ပြီးမှ အထူးလျှောက်လွှာတင်မလို့... ကျွန်တော် ကျွမ်းကျင်ရမဲ့အရာတွေ အများကြီး ရှိသေးတယ်လေ... ဥပမာ ကျွန်တော်ရဲ့ တိုက်ခိုက်ရေးပညာက ကနဦးအဆင့်ပဲ ရှိသေးတယ်”

“ဒါပေမဲ့ ကပ္ပတိန်... ပြီးခဲ့တဲ့ နှစ်လမှာ ကျွန်တော် ကြုံခဲ့ရတဲ့ တိုက်ဆိုင်မှုတွေက များလွန်းတယ်လို့ မထင်ဘူးလား... ကျွန်တော်တို့တွေ ပြန်ပေးဆွဲသမားနောက်ကို လိုက်တာ မျက်နှာချင်းဆိုင်အခန်းမှာ အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ရဲ့ သဲလွန်စကို ရခဲ့တယ်... ချိပ်ပိတ်လက်နက် ၂-၀၄၉ က အချိန်မီ ရောက်မလာပေမဲ့ ရေးဘီဘာက ထင်းဂန်မြို့ကနေ ထွက်မသွားဘဲ ဆိပ်ကမ်းမှာ စွမ်းအားကို ချေဖျက်ဖို့ ကြိုးစားတယ်... ကျွန်တော်က မွေးနေ့ပွဲ သွားတက်တာ ဟန်းနစ်ဗင်းဆင့်အမှု ပေါ်လာတယ်... စာကြည့်တိုက်ကို သွားစုံစမ်းတော့ အော်ရိုရာဂိုဏ်းသား တစ်ဦးနဲ့ တိုးတယ်...”

“ဒီအဖြစ်အပျက်တွေက တကယ်ပဲ တိုက်ဆိုင်တာလားဆိုတာ ကျွန်တော် မသိဘူး... ဒါပေမဲ့ ကျွန်တော် မလုံခြုံဘူးလို့ ခံစားရတယ်... အဲဒါကြောင့် ကျွန်တော်ကိုယ် ကျွန်တော် အကောင်းဆုံး အဖြစ်နိုင်ဆုံး နည်းလမ်းနဲ့ အင်အားကြီးလာအောင် လုပ်ချင်တယ်”

ကလိုင်းဟာ အခွင့်အရေးကို လက်လွှတ်မခံဘဲ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့လူအကြောင်း ပြောပါတယ်။ သူဟာ ဒီလိုပြောဖို့ နဂိုကတည်းက စီစဉ်ထားပြီးသားပါ။ သူဟာ သူ့ရဲ့ တစ်မူထူးခြားမှုကို မပေါ်စေဘဲ ညသိမ်းငှက်တွေကို ရှုထောင့်အမျိုးမျိုးကနေ သဲလွန်စတွေ ရှာဖွေခိုင်းမှာပါ။

ကလိုင်း “ဒါပေမဲ့...” လို့ ပြောလိုက်ချိန်မှာ ဒန်းစမစ်ရဲ့ ကိုယ်ဟာ ရှေ့ကို ကိုင်းလာပါတယ်။ နောက်ဆုံးမှာ သူဟာ ဘယ်လက်ချောင်းထိပ်တွေနဲ့ ညာလက်ချောင်းထိပ်တွေကို တစ်ချောင်းချင်းစီ ထိလိုက်ပြီး ပါးစပ်ရှေ့မှာ ထားလိုက်ပါတယ်။ သူဟာ ကလိုင်းပြောတာကို တွေးနေသလိုမျိုး တိတ်ဆိတ် ငြိမ်သက်နေပါတယ်။

အတန်ကြာတဲ့အခါ ဒန်းစမစ်ဟာ ခေါင်းမော့ပြီး ညင်သာ နက်နဲတဲ့အသံနဲ့...။

“မင်းရဲ့ အမြင်က တော်တော် စူးရှတာပဲ... မင်းပြောသလို တကယ်ပဲ အမှောင်ထဲမှာ တစ်ခုခု ပုန်းလျှိုးနေတာ ဖြစ်နိုင်တယ်”

ကလိုင်းဆီက စကားပြန်ကို မစောင့်ဘဲ ဒန်းစမစ်ဟာ ဆက်ပြီးတော့ ပြောပါတယ် “မင်း အထူးလျှောက်လွှာ တင်လို့ရတယ်”

“ဟုတ်ကဲ့” ကလိုင်းရဲ့ နှုတ်ခမ်းထောင့်ဟာ တွန့်တက်သွားပါတယ်။

သူဟာ အပြုံးနဲ့ မတ်တတ်ရပ်ပြီး တံခါးဆီ လျှောက်သွားပါတယ်။ တံခါးဝရောက်တဲ့အခါ သူ ထင်ထားသလိုပဲ တရင်းတနှီး ရှိလှတဲ့ အသံကို ထပ်ကြားလိုက်ရပါတယ်။

“နေဦး...” ဒန်းစမစ်ဟာ လှမ်းခေါ်ပြီး ဘာပြောရမလဲဆိုတာ သေချာစဉ်းစားပြီးမှ...။

“စကားလုံး ရွေးတာ ဂရုစိုက်”

‘မစိုးရိမ်ပါနဲ့ ကပ္ပတိန်... ကျွန်တော်က ဒီကိစ္စကို ကပ္ပတိန်ထက် ပိုပြီးတော့ အလေးထားပါတယ်’ ကလိုင်းဟာ အပြုံးနဲ့ ခေါင်းညိတ်ပြီး သဘောတူပါတယ်။

ပထမတော့ သူဟာ ဒန်းစမစ်က သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်ကို ကျော်ပြီး သူ့ကို ဆုံမှတ် ၈ ဆီ လျှို့ဝှက်တက်ဖို့ အကြံပေးလိမ့်မယ်လို့ တွေးခဲ့တာပါ။ သုံးနှစ်ပြည့်မှ ပုံမှန် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်မယ်ပေါ့။

သို့ပေမဲ့ သူ သေချာတွေးကြည့်တော့ ဒါက မဖြစ်နိုင်ပါဘူး။ အထူးလျှောက်လွှာပဲဖြစ်ဖြစ် သာမန်လျှောက်လွှာပဲ ဖြစ်ဖြစ် အဆင့်တက်မဲ့လူကို သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းက စုံစမ်းစစ်ဆေးတာချည်းပါပဲ။ ရိုးရိုးစစ်ဆေးတာနဲ့ အထူးစစ်ဆေးတာပဲ ကွာခြားပါတယ်။

သူသာ ဆုံမှတ် ၈ ကို လျှို့ဝှက် တက်လိုက်ရင် အဲဒါက ထင်းဂန်မြို့ ညသိမ်းငှက်ဌာနခွဲ တစ်ခုလုံးကို ဒုက္ခပေးနိုင်ပါတယ်။

...

ကလိုင်းဟာ ဂမ္ဘီရသင်ခန်းစာတွေကို သင်ယူလို့ ပြီးကတည်းက မြေအောက်ထပ်ဆင်းဖို့ အလျင်မလိုတော့ပါဘူး။ သူဟာ ကပ္ပတိန်ရဲ့ ရုံးခန်းဘေးက စာရေးရုံးခန်းဆီ လျှောက်သွားပါတယ်။

သူဟာ ရုံးခန်းထဲမှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက် ထိုင်နေတာ တွေ့လိုက်ရပါတယ်။ အမျိုးသားက အသက် ၃၀ အရွယ် ရှိပြီး အမျိုးသမီးကတော့ အသက် ၂၀ အရွယ် ရှိပါတယ်။ သူတို့နှစ်ယောက်က ဝန်ထမ်းသစ်တွေပါ။

သူတို့နှစ်ယောက်ဟာ ကလိုင်း ဝင်လာတာ တွေ့လိုက်ရတဲ့အခါ အံ့အားသင့်သွားပြီးနောက် အပြုံးနဲ့ ခေါင်းညိတ်ကာ နှုတ်ဆက်ပါတယ်။ သူတို့နှစ်ယောက်ဟာ သူတို့ အလုပ်တွဲလုပ်ရတဲ့ သာလွန်သူတွေကို စပ်စုချင်ကြပါတယ်။

ကလိုင်းဟာ သူတို့နဲ့ စကားမပြောဘဲ စားပွဲလွတ်မှာ ဝင်ထိုင်ကာ အထူးလျှောက်လွှာ မူကြမ်းကို ရေးပါတယ်။ စိတ်ထဲမှာ စဉ်းစားထားပြီးသားမလို့ သူဟာ ဆယ်မိနစ်ဝန်းကျင်မှာပဲ ပထမ မူကြမ်းကို ရေးလို့ ပြီးသွားပါတယ်။

လေးငါးခေါက် ဖတ်ပြီး ပြင်စရာရှိတာ ပြင်ပြီးတဲ့အခါ သူဟာ အက်ကာဆင် စာရိုက်စက် မော်ဒယ် ၁၃၄၆ ရှေ့မှာ ထိုင်ပြီး အထူးလျှောက်လွှာ မူကြမ်းကို စရိုက်ပါတယ်။

စာရိုက်သံ တဂျောက်ဂျောက်ကို ကြားလိုက်ရတဲ့ ဝန်ထမ်းသစ်နှစ်ဦးဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး တစ်ပြိုင်တည်းနီးပါး မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ ကလိုင်း လွတ်လွတ်လပ်လပ် စာရိုက်နိုင်အောင် ရုံးခန်းထဲကထွက်ပြီး ဧည့်ကြိုခန်းဆီသွားကာ ရိုဇန်းနဲ့ စကားပြောပါတယ်။

‘တော်တော် စေ့စပ်သေချာတယ်... လျှို့ဝှက်ချက်ကို ထိန်းသိမ်းရမယ် ဆိုတာလည်း အပြည့်အဝ နားလည်တယ်...’ ကလိုင်းဟာ ထွက်သွားတဲ့ လူနှစ်ယောက်ကို တစ်ချက် လှမ်းကြည့်ပြီးနောက် စိတ်ထဲမှာ ချီးကျူးလိုက်ပါတယ်။

အဲဒီ‌နောက် သူ့အလုပ်ကို အာရုံပြန်စိုက်ပြီး တဂျောက်ဂျောက်နဲ့ စာဆက်ရိုက်ပါတယ်။

သူ အထူးလျှောက်လွှာကို ရိုက်လို့ ပြီးခါနီးမှာ လန်နာ့ဒ်မစ်ချယ်ဟာ နားနေခန်းထဲက ထွက်လာပါတယ်။ သူဟာ အင်္ကျီကြယ်စေ့တပ်ရင်း ဘေးဘီဝန်းကျင်ကို ကြည့်လိုက်ပါတယ်။ သူ့ရဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေထဲမှာ အထိန်းအသိမ်းမဲ့တဲ့ အလှတစ်မျိုး ရှိနေပါတယ်။

“မင်း ဘာရိုက်နေတာလဲ” လန်နာ့ဒ်ဟာ တံခါးဘောင်ကို မှီပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ စာရေးရုံးခန်းကို ဝေ့ဝိုက်ကြည့်လိုက်ပါတယ်။ သူ့ရဲ့ အစိမ်းရောင် မျက်လုံးတွေဟာ ကလိုင်းကို စိတ်ဝင်တစား စစ်ဆေးနေပါတယ်။

ကလိုင်းဟာ နောက်ဆုံးစာလုံးနဲ့ နောက်ဆုံး ပုဒ်ဖြတ်သင်္ကေတကို ရိုက်လိုက်ပါတယ်။ အဲဒီနောက် သူဟာ လန်နာ့ဒ်ကို လှည့်ကြည့်ပြီး ပြုံးလိုက်ပါတယ်။

“အထူးလျှောက်လွှာ”

“အထူးလျှောက်လွှာ...” လန်နာ့ဒ်ဟာ ပဟေဠိနဲ့ မေးပါတယ်။

ကလိုင်းဟာ စာရွက်ကို ကောက်ယူပြီး အမြန်ဖတ်ကာ သာမန်ကာလျှံကာ ရှင်းပြပါတယ် “ဆုံမှတ် ၈ ကို တက်ဖို့ အထူးလျှောက်လွှာ”

“အဟွတ်... အဟွတ်... အဟွတ်...”

လန်နာ့ဒ်ဟာ ချောင်းတဟွတ်ဟွတ် ဆိုးသွားပါတယ်။ သူဟာ စိတ်ငြိမ်အောင် ထိန်းပြီး မေးပါတယ်။

“မင်းက ဆေးရည်ကို ချေဖျက်ပြီးပြီလား”

‘ချေဖျက်တယ်... မင်းလည်း နည်းနည်းပါးပါး သိထားတာပဲ...’ ကလိုင်းဟာ အထူးလျှောက်လွှာကို ကိုင်ပြီး လန်နာ့ဒ်ရှေ့ လျှောက်သွားကာ မျက်ခုံးပင့်ပြီး ဖြေပါတယ်။

“အင်း ချေဖျက်ပြီးပြီ”

အဲဒီနောက် သူဟာ လန်နာ့ဒ်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီး...။

“တစ်ခါတုန်းက လူတစ်ယောက် ငါ့ကို ပြောဖူးတယ်.. ဒီလောကမှာ တခြားလူတွေ မလုပ်နိုင်တာကို လုပ်နိုင်တဲ့ ထူးခြားတဲ့လူတွေ ရှိတယ်တဲ့”

“ငါ့လိုမျိုး...”

“မင်းလိုမျိုးတဲ့...”

လန်နာ့ဒ်ဟာ ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်သွားပါတယ်။ သူဟာ မတ်တတ်ရပ်တဲ့ ပုံစံပြောင်းပြီး လက်နှက်ဖက်ကို အိတ်ကပ်ထဲက ထုတ်ကာ လက်ပိုက်လိုက်ပါတယ်။ သူဟာ ပါးစပ်ဟလိုက်ပြီး ပြောမဲ့စကားကို စဉ်းစားပြီးမှ ခပ်တိုးတိုး မေးပါတယ်။

“ဒါက စွန့်စားလွန်းတယ်လို့ မထင်ဘူးလား”

‘သူက ချေဖျက်တာကို သိထားတယ်ဆိုတော့ အဆင့်တက်တာက စိတ်လွတ်နိုင်ခြေ မရှိဘူးဆိုတာ သိတယ်... အဲဒီတော့ သူ ပြောချင်တာက ဘုရားကျောင်း အထက်လူကြီးတွေရဲ့ အာရုံစိုက်မှုပဲ...’

ကလိုင်းဟာ စဉ်းစားရင်း ရှင်းပြပါတယ်။

“လန်နာ့ဒ်... ငါတို့နှစ်ယောက် တွဲလုပ်တဲ့ ပထမဆုံး တာဝန်ကို မှတ်မိလား... ငါတို့တွေက ပြန်ပေးဆွဲသမားတွေနောက်ကို လိုက်တာ မျက်နှာချင်းဆိုင်အခန်းကနေ အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ရဲ့ သဲလွန်စကို ရခဲ့တယ်လေ...”

သူဟာ ဒန်းစမစ်ဆီမှာ ပြောခဲ့တဲ့ အကြောင်းအရာကို တစ်ခါ ထပ်ပြောပါတယ်။

လန်နာ့ဒ်ရဲ့ အမူအရာဟာ ပိုပိုလေးနက်သွားပြီး ခေါင်းအသာညိတ်ကာ သဘောတူပါတယ်။ အဲဒီနောက် လန်နာ့ဒ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။

“ကြည့်ရတာ ငါလည်း မြန်မြန်လုပ်ရမယ်နဲ့ တူတယ်...”

စကားဆုံးတယ်ဆိုရင်ပဲ သူဟာ ကလိုင်းကို ရုတ်တရက်ကြည့်ပြီး အပြုံးနဲ့ မေးပါတယ်။

“မင်းရဲ့ အတွေ့အကြုံကို မမျှဝေတော့ဘူးလား... ဆေးရည်ကို လျင်လျင်မြန်မြန် ပိုင်နိုင်ပြီး စိတ်လွတ်တာ ရှောင်ရှားတဲ့ အတွေ့အကြုံကိုလေ...”

‘ဒီကောင်က တကယ်ကို မျက်နှာပြောင်း မြန်တာပဲ..’ ကလိုင်းဟာ အပြုံးနဲ့ ဖြေပါတယ် “ငါက ပိုပြီးတော့တောင် မျှဝေချင်သေးတယ်”

သူဟာ ဒီနေ့အခွင့်အရေးကို အမိဖမ်းပြီး သူ့ရဲ့ ညသိမ်းငှက် လုပ်ဖော်ကိုင်ဖက်တွေကို စိတ်လွတ်နိုင်ခြေ နည်းပါးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြဖို့ စီစဉ်ထားပြီးသားပါ။

သို့ပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်လုံခြုံရေးအတွက် ဒန်းစမစ်ကို ပြောသလိုမျိုး တဲ့တိုးကြီးတော့ ဖွင့်ပြောမှာ မဟုတ်ပါဘူး။ အထက်က စေလွှတ်ထားတဲ့ လူတွေ သတိထားတာ မခံရအောင် အများဆုံး ရေးတေးတေးပဲ ပြောပြမှာပါ။

“အဲဒါဆို အခုပဲ မျှဝေတော့” လန်နာ့ဒ်ဟာ ကလိုင်းကို ညသိမ်းငှက်တွေရဲ့ ဖျော်ဖြေရေးခန်းဆီ စိတ်မရှည်တရှည်နဲ့ ဆွဲသွားပါတယ်။

အဲဒီအချိန်မှာ ချန်စီဂိတ်ကို စောင့်နေရတဲ့ ရိုင်ရွယ်ကလွဲရင် ဖရိုင်း၊ ကင်လီနဲ့ စီကာထရွန်တို့ဟာ ဖဲကစားနေကြပါတယ်။

“အားလုံးပဲ... အားလုံးပဲ...” လန်နာ့ဒ်ဟာ တစ်ဝက်ပိတ်ထားတဲ့ တံခါးကို ခေါက်ပြီး ကဗျာရွတ်သံနဲ့ ပြောပါတယ် “ငါ့ဘေးမှာရှိတဲ့ ဒီလူကြီးမင်း မစ္စတာ ကလိုင်းမိုရက်တီကို မိတ်ဆက်ပေးပါရစေ... မစ္စတာ ကလိုင်းမိုရက်တီက မှော်ဆေးရည်ကို တစ်လခွဲအတွင်းမှာ အပြည့်အဝ ပိုင်နိုင်ခဲ့တယ်”

‘ဒီကောင်က ဒရမ်မာ ခင်းလှချည်လား...’ ကလိုင်းဟာ ရုတ်တရက် ကသိကအောက် ဖြစ်သွားပါတယ်။

“ဘာ...” စာအုပ်ရောင်းရရုံရှိတဲ့ စာရေးဆရာမ စီကာထရွန်ဟာ သူ့နား ကောင်းသေးရဲ့လားလို့ သံသယ ဝင်သွားပါတယ်။

“လန်နာ့ဒ်... လာမနောက်နဲ့... မင်းက အမြဲတမ်း ပုံကြီးချဲ့လွန်းတယ်” ကင်လီဟာ သူ့ကဒ်တွေကို ဖုံးပြီး မတတ်နိုင်တဲ့လေသံနဲ့ ပြောပါတယ်။

ဖရိုင်းကတော့ သူ့ကဒ်တွေကို ကိုင်ပြီး ကလိုင်းကို ကြည့်လိုက်ပါတယ်။ သူဟာ တစ်ခဏ တိတ်ဆိတ်နေပြီးမှ...။

“မင်း ဆေးရည်ကို အပြည့်အဝ ပိုင်နိုင်ပြီဆိုတာ သေချာလို့လား”

“အင်း...” ကလိုင်းဟာ ဖရိုင်းက တကယ်သိချင်တယ် ဆိုတာ ခံစားမိတဲ့အတွက် ယုံကြည်ချက်အပြည့်နဲ့ ခေါင်းညိတ်ပါတယ် “သိသိသာသာ အရိပ်ပြတယ်”

“ဘာ... တကယ်ကြီးလား...” ကင်လီဟာ တဒင်္ဂ ကြန့်ကြာနေပြီးမှ ထအော်ကာ မတ်တတ်ရပ်လိုက်ပါတယ်။

လန်နာ့ဒ်ဟာ တစ်ချက်ရယ်ပြီး ကလိုင်း လက်ထဲက စာရွက်ကို ထိုးပြပါတယ် “ဒါက သူ တင်တော့မဲ့ အထူးလျှောက်လွှာပဲ... ဆုံမှတ် ၈ ကို တက်ဖို့ တောင်းဆိုတဲ့ အထူးလျှောက်လွှာ”

“... ရှင် ဘယ်လိုလုပ်လိုက်တာလဲ...” စီကာထရွန်ဟာ ‌မေးခွန်းတွေ အများကြီး ရှိပေမဲ့ အသက်အရှည်ကြီး ရှူသွင်းပြီးနောက် သူမ အသိချင်ဆုံး မေးခွန်းကို မေးပါတယ်။

သူမဟာ ပုံမှန်ဆိုရင် တိတ်ဆိတ်ပြီး ကြော့ရှင်းပါတယ်။ ဒါပေမဲ့ အခု သူမမျက်လုံးထဲမှာ ဖိနှိပ်လို့မရတဲ့ ပြင်းပြတဲ့ ဆာလောင်မှု ရှိနေပါတယ်။

ကလိုင်းဟာ ကုလားထိုင်တစ်လုံး ရှာထိုင်ကာ အသံတိုးတိုးနဲ့ ဖြေပါတယ် “ငါ ဒီအကြံကို လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေရဲ့ ဆောင်ပုဒ်ကနေ ရတာ”

“ဆန္ဒရှိသလိုလုပ် ဒုက္ခမပေးနဲ့ ဆိုတဲ့ ဆောင်ပုဒ်လား...” လန်နာ့ဒ်က ဖြည့်စွက် ပြောပါတယ်။

“ဟုတ်တယ်... ငါတို့ရဲ့ လျှို့ဝှက် သတင်း အချက်အလက်အရ ဒီဆောင်ပုဒ်ကို လိုက်နာတဲ့ လျှို့ဝှက်ဆန်းကြယ် စပ်စုသမားက စိတ်လွတ်နိုင်ခြေ နည်းတယ်” ကလိုင်းဟာ သူ လူအိုကြီးနီးလ်ဆီကနေ သိခဲ့တာကို ရှင်းပြပါတယ်။

“ပြီးတော့ မဒမ်ဒေလီရဲ့ ဥပမာက ငါ့ကို ဒီအကြောင်း ပိုပြီးတော့ နားလည်သွားစေတယ်”

“နတ်ဝင်သည် ဒေလီလား” ကင်လီဟာ အတည်ပြုချက် ရလိုတဲ့ မျှော်လင့်ချက်နဲ့ မေးပါတယ်။

“ဟုတ်တယ်... မဒမ်ဒေလီကလည်း အထူးလျှောက်လွှာ တင်ခဲ့ဖူးတယ်... သူက အလောင်းကောက်သမားကနေ နတ်ဝင်သည် ဖြစ်လာဖို့ ၂ နှစ်ပဲ ကြာခဲ့တယ်... သူက နတ်ဝင်သည် စစ်စစ် ဖြစ်ချင်တယ်လို့ လူအိုကြီးနီးလ်ကို တစ်ခါတုန်းက ပြောဖူးတယ်” ကလိုင်းဟာ အသေးစိတ် ရှင်းပြပါတယ်။

“ဗေဒင်ကလပ်မှာရတဲ့ အတွေ့အကြုံနဲ့ ငါ ပြန်ရတဲ့ တုံ့ပြန်မှုကို ပေါင်းစပ်ပြီး ငါ အမြင်ဆရာ ဥပဒေသတွေကို ဖြည်းဖြည်းချင်း ကောက်ချက် ချနိုင်ခဲ့တယ်... အဲဒါပြီးတော့ ငါ အဲဒီဥပဒေသတွေကို တင်းတင်းကျပ်ကျပ် လိုက်နာပြီး အမြင်ဆရာစစ်စစ် ဖြစ်လာအောင် ကြိုးစားခဲ့တယ်... ငါ အဲဒီလိုလုပ်တော့ ငါ ဆေးရည်ကို ပိုင်နိုင်တဲ့အလျင်က ပိုပိုပြီးတော့ မြန်လာတယ်ဆိုတာ တွေ့လိုက်ရတယ်”

ကလိုင်း ပြန်ပြောတာကို နားထောင်ရင်း ဖရိုင်း၊ စီကာထရွန်နဲ့ ကျန်တဲ့လူတွေဟာ အတွေးနက်သွားကြပါတယ်။ လန်နာ့ဒ်တောင် စဉ်းစားချင်ယောင် ဆောင်ပါတယ်။

“ငါ အထူးလျှောက်သွား သွားတင်တော့မယ်” ကလိုင်းဟာ သူ့လက်ထဲက စာရွက်ကို ဝေ့ပြီး ပြောပါတယ် “မင်းတို့မှာ ပြဿနာတစ်ခုခုရှိရင် ငါ့ကို သီးသန့် လာမေးလို့ရတယ်”

“အင်း...” ဖရိုင်းဟာ အေးစက်တဲ့လေသံနဲ့ ခေါင်းညိတ်ပါတယ်။

ကလိုင်းဟာ ဖျော်ဖြေရေးခန်းထဲက ထွက်ပြီး ကပ္ပတိန်ရဲ့ ရုံးခန်းတံခါးကို နောက်တစ်ခါ ထပ်ခေါက်ပါတယ်။

သူဟာ ဒန်းစမစ်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ဖော့ပင်တစ်ချောင်းနဲ့ မှင်ဘူးကို ထုတ်လိုက်ပါတယ်။ အဲဒီနောက် လက်မှတ်ထိုးပြီး လက်ဗွေနှိပ်ပါတယ်။

“ကပ္ပတိန်... ဒါက ကျွန်တော်ရဲ့ အထူးလျှောက်လွှာပါ” အဲဒီနောက် သူဟာ စာရွက်ကို ဒန်းစမစ်ဆီ လက်နှစ်ဖက်နဲ့ ကမ်းလိုက်ပါတယ်။

ဒန်းစမစ်ဟာ လျှောက်လွှာကို သေချာကြည့်ပြီးနောက် အောက်ချလိုက်ပါတယ်။

“ငါ သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်ကို တတ်နိုင်သလောက် မြန်မြန် တင်ပေးမယ်... မင်း အစစ်ဆေးခံဖို့ ပြင်ဆင်ထားချည်... နောက်တစ်ပတ် ဒါမှမဟုတ် နောက်နှစ်ပတ်အတွင်း ဖြစ်နိုင်တယ်”

“ဟုတ်ကဲ့” ကလိုင်းဟာ အသက်အရှည်ကြီး ရှူပြီး လေးလေးနက်နက် ခေါင်းညိတ်ပါတယ်။

အဲဒီနောက် သူဟာ မတ်တတ်ရပ်ပြီး ကပ္ပတိန် ရုံးခန်းထဲက ထွက်ကာ ရုံးခန်းတံခါးကို ပိတ်လိုက်ပါတယ်။

ဒီအတောအတွင်းမှာ သူဟာ သူ တင်လိုက်တဲ့ လျှောက်လွှာအကြောင်းပဲ တွေးနေပါတယ်။ အဲဒီအချိန် သူ့ခေါင်းထဲမှာ အတွေးတစ်ခု ဝင်လာပါတယ်။

‘စစ်ဆေးတာက ဘယ်လို စစ်ဆေးမှာလဲ မသိဘူး...’

All Chapters