← Chapters

အရေးတကြီး တွေ့ဆုံမှု

Vol. 16 Ch. 155

အရေးတကြီး တွေ့ဆုံမှု

Vol. 16 Ch. 155

ကလိုင်းဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီးနောက် မြေအောက်ထပ်ဆင်းကာ ချန်စီဂိတ်ဆီ လျှောက်သွားပါတယ်။ သူဟာ အစောင့်ခန်း တံခါးကို ခေါက်လိုက်ပါတယ်။

အထဲက ရိုင်ရွယ်ရီဒင်ဟာ သူမပစ္စည်းတွေကို သိမ်းဆည်းပြီးပြီမလို့ တာဝန်လွှဲယူမဲ့ ကလိုင်း ရောက်လာတာ တွေ့တာနဲ့ ချက်ချင်း ဆံပင်တွေကို သပ်ရပ်အောင် ပြုပြင်ပြီး မတ်တတ်ရပ်လိုက်ပါတယ်။

တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ကာ နှုတ်ဆက်ပြီးနောက် ကလိုင်းက ရုတ်တရက် ပြောလိုက်ပါတယ်။

“ငါ ဆေးရည်ကို ပိုင်နိုင်တဲ့နေရာမှာ အောင်မြင်မှု တချို့ရထားတယ်... အဲဒါ ဖရိုင်းနဲ့ ကျန်တဲ့လူတွေကို အတွေ့အကြုံ မျှဝေထားတယ်... စိတ်ဝင်စားရင် သူတို့ကို မေးကြည့်လို့ရတယ်”

ရိုင်ရွယ်ဟာ ကလိုင်းကို အနည်းငယ် အံ့အားသင့်သွားတဲ့ မျက်နှာနဲ့ ကြည့်ပြီး နှုတ်ခမ်းတွေ လှုပ်သွားပါတယ် “အင်း...”

‘မဒမ်... နောက်ပြီးကျရင် ဒီလိုမျိုး တည်တည်ငြိမ်ငြိမ် နေနိုင်ဖို့ မျှော်လင့်ပါတယ်.. အခု ဖျော်ဖြေရေးခန်းထဲမှာ စိတ်နဲ့ကိုယ် မကပ်တဲ့ လူတွေ ရှိနေတယ်’

ကလိုင်းဟာ ရယ်လိုက်ပြီးနောက် စားပွဲနောက်ကို လျှောက်သွားပါတယ်။ အဲဒီနောက် ဒန်းစမစ်ရဲ့ ဖဲမားကော်ဖီ သိမ်းထားလေ့ရှိတဲ့ သံဘူးကို ကျွမ်းကျွမ်းကျင်ကျင် ထုတ်ယူလိုက်ပါတယ်။

ကလိုင်းဟာ ရနံ့မွှေးတဲ့ ကော်ဖီတစ်ခွက် ဖျော်ပြီးနောက် နေရာမှာထိုင်ကာ တစ်ကိုယ်လုံးမှာရှိတဲ့ အကြောတွေကို ဖြေလျှော့လိုက်ပါတယ်။ သူဟာ အထီးကျန်ဆန်လှတဲ့ စင်္ကြံကို လှမ်းကြည့်ရင်း အတွေးတွေဟာ ဟိုဟိုဒီဒီ ရောက်သွားပါတယ်။

‘မစ္စတာအက်ဇစ်ရဲ့ တာဝန်က အောင်မြင်ပြီး ဘာသဲလွန်စမှ ကျန်မနေခဲ့ဖို့ မျှော်လင့်ရတာပဲ... တကယ်လို့ သဲလွန်စ ကျန်နေခဲ့ရင်လည်း မသိချင်ယောင် ဆောင်ရမှာပဲ...’

‘မျိုးပြောင်း နေမင်းတံဆိပ်တော်မြတ်ကို ချန်စီဂိတ်နောက်က ဘယ်နေရာမှာ ချိပ်ပိတ်ထားလဲ မသိဘူး... အသက်ဝင်တဲ့ လက္ခဏာမရှိတော့ သူ့ကိုသိမ်းဖို့ နေရာနည်းနည်းပဲ လိုမှာ...’

‘ပြောရရင် ငါ ချန်စီဂိတ်ထဲကို မရောက်ဖူးသေးဘူး... အထဲမှာ ဘယ်လိုပုံစံရှိလဲ မသိဘူး... အရွယ်အစား မျိုးစုံရှိတဲ့ ထူးဆန်းတဲ့ ချိပ်ပိတ်လက်နက်တွေကို လုံခြုံအောင် သိမ်းဆည်းပြီး မျက်ခြေမပြတ် စောင့်ကြည့်နိုင်တယ်ဆိုတော့ တကယ်ကို ထူးခြားတယ်... ဥပမာပြောရရင် သူတော်စင် ဆယ်လီနာရဲ့ ပြာပဲ’

...

ကလိုင်းရဲ့ ခေါင်းထဲမှာ အတွေးမျိုးစုံ ယှက်သမ်းသွားချိန် ခပ်သွက်သွက် လျှောက်လာတဲ့ ခြေသံတွေကို ရုတ်တရက် ကြားလိုက်ရပါတယ်။ သူဟာ အာရုံပြန်စုစည်းပြီး တံခါးကို လှမ်းကြည့်လိုက်ပါတယ်။

ဂန္တဝင် ဝတ်ရုံနက် ဝတ်ဆင်ထားတဲ့ လူအိုကြီးနီးလ်ဟာ လက်ထဲမှာ ကော်ဇောနက်တစ်ချပ် ကိုင်ပြီး စင်္ကြံမှာ ပေါ်လာတာ တွေ့လိုက်ရပါတယ်။ သူဟာ အစောင့်ခန်းထဲ ဝင်လာပြီး ဘာမှမပြောဘဲ ကလိုင်းကို သေသေချာချာ ကြည့်ပါတယ်။

“မစ္စတာနီးလ်... တစ်ခုခု ဖြစ်လို့လား” ကလိုင်းဟာ ခြောက်ခြောက်ကပ်ကပ် ရယ်ပြီးနောက် ကော်ဖီတစ်ငုံ သောက်ပါတယ်။

လူအိုကြီးနီးလ်ဟာ သူ့ကို ခေါင်းအစ ခြေအဆုံး ကြည့်ပြီး သက်ပြင်းချပါတယ်။

“မင်းက လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေရဲ့ ဆောင်ပုဒ်နဲ့ ဒေလီဆီကနေ အကြံကောင်း ရသွားလိမ့်မယ်လို့ ထင်မထားမိဘူး...”

“အဲဒါ အရှင်မနဲ့ မစ္စတာနီးလ်ရဲ့ သင်ကြားမှုတွေကို ကျေးဇူးတင်ရလိမ့်မယ်” ကလိုင်းဟာ လေးလေးနက်နက် ဖြေပါတယ်။

လူအိုကြီးနီးလ်ဟာ ကုလားထိုင်တစ်လုံးမှာ ဝင်ထိုင်ပြီး နည်းနည်း စိတ်မချမ်းသာတဲ့ လေသံနဲ့...။

“လွန်ခဲ့တဲ့ နှစ် ၂၀ ကဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ...”

ကလိုင်းဟာ လူအိုကြီးနီးလ်က အခုလက်ရှိ ဆေးရည်ကို အကုန်အစင် ချေဖျက်ပြီးရင်တောင် အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် ဆေးရည် ထပ်သောက်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သိတာကြောင့် ခပ်ဆိတ်ဆိတ်ပဲ နေပါတယ်။

ဒီလို အခြေအနေမျိုးမှာ သူ ဘာပြောပြော လူအိုကြီးနီးလ်ကို စိတ်မချမ်းမသာပဲ ဖြစ်စေမှာပါ။

“ငါ့ရဲ့ အစောဆုံး အတွေးကလည်း လျှို့ဝှက်ဆန်းကြယ် စပ်စုသမား ဆောင်ပုဒ်ကနေ ဆေးရည်ကို လျင်လျင်မြန်မြန် ပိုင်နိုင်ဖို့ပဲ... ဒါပေမဲ့ ဖြစ်ချင်တော့ ငါ ဦးတည်ရာ မှားသွားတယ်... ဒေလီရဲ့ အောင်မြင်မှုကနေ ငါ သဲလွန်စ တချို့တော့ ရတယ်... ဒါပေမဲ့ အဲဒီတုန်းက ငါ့အသက် ၅၀ ကျော်သွားတော့ လက်လျှော့လိုက်တဲ့အချိန် ဖြစ်နေတယ်... ငါက သူ အောင်မြင်တာ ပါရမီရှိလို့ပဲ... သာမန်လူတွေ သူ့လိုမျိုး မအောင်မြင်နိုင်ဘူးလို့ တွေးခဲ့တာ” လူအိုကြီးနီးလ်ဟာ နားထင်ကို ပွတ်ရင်း စိတ်ပျက်လက်ပျက် ပြောပါတယ်။

သူဟာ လေးငါးမိနစ် တိတ်ဆိတ်သွားပြီးမှ ခေါင်းမော့ကာ ကလိုင်းကို ကြည့်ပါတယ်။

“အခုမှ ငါ ဘာကို လွဲသွားလဲဆိုတာ သိလိုက်ရတော့ တကယ်ကို နောင်တရမိတယ်”

‘လူအိုကြီးနီးလ်က သရုပ်ဆောင်တဲ့ နည်းလမ်းကို ခပ်ရေးရေး နားလည်းထားပုံပဲ... ငါ အတွေ့အကြုံကို မျှဝေတာနဲ့ ဘာဖြစ်တာလဲဆိုတာ ချက်ချင်း နားလည်သွားတယ်...’

ကလိုင်းဟာ နှစ်သိမ့်လိုက်ပါတယ်။

“အဲဒီလိုဆိုလည်း သိပ်ပြီးတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး... ဘုရားကျောင်းမှာ လျှို့ဝှက်ဆန်းကြယ် စပ်စုသမားရဲ့ အဆင့်တက် ဆေးရည် ဆုံမှတ် ၈ မှ မရှိတာ”

“သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်မှာ ရှိကောင်း ရှိနေနိုင်တယ်... မဟုတ်ဘူး... သူတို့မှာရှိရင် အနည်းဆုံးတော့ ငါတို့ကို ဆေးရည်နာမည် ပြောမှာပဲ... မြေအောက်ဈေးကနေ ရနိုင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်...” လူအိုကြီးနီးလ်ဟာ သူ့ဘာသာ ရေရွတ်ရင်း မတ်တတ်ရပ်လိုက်ပါတယ်။

အဲဒီနောက် သူဟာ ရယ်ပြီး ပြောပါတယ်။

“အနည်းဆုံးတော့ ငါ စိတ်မလွတ်သွားဘူး... ငါ ကျန်းကျန်းမာမာနဲ့ ဆယ်စုနှစ်ချီကြာအောင် နေထိုင်နိုင်ခဲ့တာပဲ... အရှင်မကို ချီးကျူးကြလော့”

သူဟာ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ တို့ထိပြီး အစောင့်ခန်းထဲကနေ စိတ်ဓာတ်ကျတဲ့ မျက်နှာနဲ့ ထွက်ခွာသွားပါတယ်။ သူ့ဆီမှာ ရှိနေကျ လိမ္မာပါးနပ်မှုကလည်း ပျောက်ဆုံးလို့ နေပါတယ်။

ကလိုင်းဟာ လူအိုကြီးနီးလ်ရဲ့ ကျောပြင်ကို ကြည့်ရင်း ရုတ်တရက် သက်ပြင်းချမိလိုက်ပါတယ်။

သူဟာ ဘုရားကျောင်းရဲ့ အထက်လူကြီးတွေက ဘာဖြစ်လို့ သရုပ်ဆောင်တဲ့ နည်းလမ်းကို လျှို့ဝှက်ထားရလဲဆိုတာ ပိုပြီးတော့ စဉ်းစားမရ ဖြစ်သွားပါတယ်။

တစ်ခဏ ကြာတဲ့အခါ ကလိုင်းဟာ ခေါင်းထဲက အတွေးတွေကို ရှင်းလင်းပြီး သူ့ရှေ့က ညသိမ်းငှက်တွေရဲ့ လျှို့ဝှက် သတင်းအချက်အလက်ဆီ အာရုံပြန်စိုက်ပါတယ်။

သူ ငွေမြို့တော်က လူငယ်လေးကို တဲရော့ကလပ်ထဲ ဆွဲသွင်းလိုက်တော့ ငွေမြို့တော်က နေရာတော်တော်များများမှာ ရှေးဟောင်း နာမည်တွေကို အသုံးပြုတုန်းဆိုတာ သိလိုက်ရပါတယ်။ အဲဒါကြောင့် ဒီနယ်ပယ်နဲ့ သက်ဆိုင်တဲ့ အသိပညာတွေကို သူ သိဖို့ လိုလာပါပြီ။

အချိန်တစ်ခု ကြာသွားတဲ့အခါ ခြေသံတွေကို နောက်ထပ် ကြားလိုက်ရပါတယ်။ ဒီခြေသံတွေက နှေးကွေးပြီး တည်ငြိမ်ပါတယ်။ တစ်ချိန်တည်းမှာ လေကာအင်္ကျီနက် ဝတ်ထားတဲ့ ဒန်းစမစ်ရဲ့ ပုံရိပ်က ကလိုင်းရဲ့ စိတ်ထဲမှာ လျှပ်တပြက် ပေါ်လာပါတယ်။

‘အမြင်ဆရာ ဆေးရည်ကို အကုန်အစင် ချေဖျက်ပြီးတော့ ငါ့စိတ်ဝိညာဉ် အာရုံခံစားမှုက ပိုစူးရှလာတယ်...’ ကလိုင်းဟာ သူ့အခြေအနေကို နားလည်သွားပြီး ခေါင်းညိတ်လိုက်ပါတယ်။ လေးငါးဆယ်စက္ကန့် အကြာမှာတော့ သူဟာ ကပ္ပတိန်ကို တွေ့လိုက်ရပါတယ်။

“မင်းရဲ့စာ...” ဒန်းစမစ်ဟာ ညာလက်ဆန့်ထုတ်ပြီး စာအိတ်ကို ကလိုင်းဆီ ပစ်ပေးပါတယ်။

ကလိုင်းဟာ လက်မြှောက်ပြီး စာအိတ်ကို ဖမ်းယူဖို့ ကြိုးစားပေမဲ့ ဝေဖန်ပိုင်ခြားနိုင်စွမ်း နည်းလို့ပဲလား၊ တုံ့ပြန်မှုပဲ နှေးလို့လား မသိပါဘူး။ လွဲသွားပါတယ်။

စာအိတ်ဟာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီး ကလိုင်းရဲ့ ညာလက်ဟာ လေပဲ ဖမ်းမိပါတယ်။ ရုတ်တရက် တိတ်ဆိတ်သွားတဲ့ အခြေအနေအောက်မှာ သူ့ရဲ့ ညာလက်ဟာ ပထမတော့ နှေးကွေး တုံ့ဆိုင်းသွားပါတယ်။ အဲဒီနောက် သူဟာ ညာလက်ကို ခေါင်းဆီ ရွှေ့ပြီး ဆံပင်ကို သပ်သလိုမျိုး ပြုမူပါတယ်။

“ဓာတ်ငွေ့မီးအိမ်က ကောင်းကောင်း မလင်းဘူး...” ကလိုင်းဟာ အရှက်ပြေ ဝတ်ကျေတမ်းကျေ ပြောပါတယ်။ အဲဒီနောက် သူဟာ စာအိတ်ကို ကောက်ယူပြီး တစ်ချက် ကြည့်လိုက်ပါတယ်။

‘မစ္စတာ ဟွန်းနာဆစ်... ဒက်တာ ဂျူဒေးရီယန်ဆီက စာပဲ...’ သူဟာ ခေါင်းညိတ်လိုက်ပြီး အံဆွဲထဲက စာအိတ်ဖွင့်ကိရိယာကို ထုတ်လိုက်ပါတယ်။

ညသိမ်းငှက်တွေရဲ့ စည်းကမ်းအရ စာလက်ခံတဲ့လူ ရှင်းရှင်းလင်းလင်းပါရင် ရိုဇန်းနဲ့ ဝန်ထမ်းတွေက အဲဒီလူဆီ တိုက်ရိုက် ပေးပါတယ်။ စာလက်ခံတဲ့လူက နာမည်မဲ့ ဖြစ်နေမယ်၊ မသိတဲ့ နာမည် ဖြစ်နေမယ်ဆိုရင်တော့ ဒန်းစမစ် လက်ထဲကို အပ်ပါတယ်။ ဒန်းစမစ်က လျှောက်မေးရင်မေး မဟုတ်ရင် အဲဒီစာကို ဘယ်လိုလုပ်မလဲဆိုတာ ဆုံးဖြတ်ရပါတယ်။

ကလိုင်းဟာ စာအိတ်ကို သေချာဖွင့်ပြီး အထဲက စာရွက်ကို ထုတ်ယူပါတယ်။ သူဟာ စာရွက်ကို ခပ်မြန်မြန် ဖြန့်ပြီး ချက်ချင်းလက်ငင်း ဖတ်လိုက်တဲ့အခါ ဒက်တာက နေ့လည် ၂ နာရီကျရင် သူနဲ့ အရေးတကြီး တွေ့ဆုံဖို့ ချိန်းတဲ့စာမှန်း တွေ့လိုက်ရပါတယ်။

‘သူက မနောဆက်သမား ဖော်မြူလာကို ရသွားပြီလား... ဒါမှမဟုတ် တခြားကိစ္စတစ်ခုခု ရှိလို့လား...’ ကလိုင်းဟာ ခေါင်းမော့ပြီး ဒန်းစမစ်ကို ကြည့်ပါတယ်။

“ကပ္ပတိန်... ဒါက ကျွန်တော်ရဲ့ သတင်းပေး စိတ်ပညာ အဂ္ဂိရတ်သမား တစ်ယောက်ပဲ... သူက နေ့လည် ၂ နာရီကျရင် ကျွန်တော်နဲ့ အရေးတကြီး တွေ့ချင်နေတယ်”

“သူ တစ်ခုခု ပြောထားသေးလား” ဒန်းစမစ်က တစ်ခုခုကို မျှော်လင့်ထားသလိုမျိုး မေးပါတယ်။

“မပြောထားဘူး” ကလိုင်းဟာ ခေါင်းခါပါတယ်။

ဒန်းစမစ်ဟာ တစ်ခဏ တွေးပြီး လေးနက်တဲ့အသံနဲ့...။

“လောလောဆယ် လန်နာ့ဒ်ကို ချန်စီဂိတ် စောင့်ခိုင်းလိုက်... ငါ မင်းနဲ့ အတူလိုက်ခဲ့ပြီး တစ်နေရာမှာ ပုန်းနေမယ်... ဒီအရေးတကြီး တွေ့ဆုံဖို့ တောင်းဆိုတာက ‌တစ်ခါတစ်လေမှာ ထောင်ချောက်တစ်ခု ဖြစ်နေနိုင်တယ်... ငါ ဒီလို အလားတူ အဖြစ်အပျက်တွေကို ကြားဖူးတယ်... နောက်ပြီး အရေးကြီးတဲ့ ကိစ္စတစ်ခုခုဆိုရင် ငါတို့တွေ ခပ်သွက်သွက် လှုပ်ရှားလို့ရတယ်”

‘ကပ္ပတိန်... ကပ္ပတိန်က တကယ်ကို အတွေ့အကြုံ ရှိတာပဲ... အရေးကြီးလာတဲ့ အချိန်ကျရင် မမေ့တတ်တဲ့အပြင် အားအကိုးအရဆုံး အယုံကြည်ရဆုံး ကပ္ပတိန်ပဲ...’ ကလိုင်းဟာ ချက်ချင်း ခေါင်းညိတ်ပါတယ်။

“ဟုတ်ကဲ့”

...

နေ့လည် ၂ နာရီ။

ဇိုးတလန်လမ်း သေနတ်ပစ်ကွင်းရဲ့ တာတိုပစ်ကွင်း အခန်း နံပါတ် ၉ ထဲမှာ ကလိုင်းဟာ ကျည်ဆံပေါက်တွေ ဖုံးနေတဲ့ ပစ်မှတ်ကို ကြည့်ပြီးနောက် နေရထိုင်ရ ခက်နေတဲ့ ဒေါက်တာ ဒက်တာ ဂျူဒေးရီယန်ကို ကြည့်လိုက်ပါတယ်။

“ဘာဖြစ်လို့ ဟောင်းအရက်ဆိုင်မှာ ဒီလိုမျိုး ပျာယာခတ် ကြေးစားရှာရတာလဲ”

ဒီလိုလုပ်မှ ဟောင်းအရက်ဆိုင် သူဌေး ရိုက်က ကလိုင်း စာလာယူတဲ့အထိ မစောင့်ဘဲ ဆူးနက်လုံခြုံရေး ကုမ္ပဏီဆီ ချက်ချင်း ပို့ပေးတာပါ။

ဒက်တာဟာ ကလိုင်းရဲ့ မျက်နှာအမူအရာနဲ့ ကိုယ်အမူအရာကို အကဲခတ်ပြီး ညင်ညင်သာသာ ဖြေပါတယ်။

“ဒီကြားထဲမှာ ဟွတ်ယူဂျင်က ထူးထူးဆန်းဆန်း ပြုမူလာလို့”

ဟွတ်ယူဂျင်က ဒက်တာကို စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့ထဲ ဆွဲသွင်းခဲ့တဲ့ စိတ္တဇဆေးရုံက လူနာတစ်ဦးပါ။

“သူက ဘယ်လိုမျိုး ထူးထူးဆန်းဆန်း ပြုမူလို့လဲ” ကလိုင်းဟာ ပရော်ဖက်ရှင်နယ်အတိုင်း မေးမြန်းပါတယ်။

ဒက်တာဟာ ဆောက်တည်ရာ ရသွားသလိုမျိုး သက်ပြင်းရှည်ကြီးချကာ သေချာစဉ်းစားပြီး ဖြေပါတယ်။

“သူ... သူ တကယ် ရူးသွားတဲ့ပုံပဲ...”

“တကယ် ရူးသွားတယ်” ကလိုင်းဟာ လန့်သွားပါတယ်။

‘ဟွတ်ယူဂျင်က သူ့စိတ်စွမ်းအားကို လေ့ကျင့်ဖို့ ရူးချင်ယောင်ဆောင် စိတ္တဇဆေးရုံထဲ စိမ့်ဝင်ပြီး လူနာတွေကို လွှမ်းမိုးဖို့ ကြိုးစားတာ မဟုတ်ဘူးလား’

‘သူက တကယ်ကြီး ရူးသွားတာလား’

“ကျွန်တော်တော့ အဲဒီလို ထင်တာပဲ”

ဒက်တာဟာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး...။

“အရင်တုန်းက ကျွန်တော် သူနဲ့ ပုံမှန်အတိုင်း စကားပြောလို့ရတယ်... ကျွန်တော်ရဲ့ သာလွန်စွမ်းအားကို ဘယ်လို မှန်မှန်ကန်ကန် သုံးရမလဲဆိုတာလည်း လမ်းညွှန်ပေးတယ်... ဒါပေမဲ့ ဒီရက်ထဲမှာ သူ့တွေးခေါ်ပုံတွေနဲ့ သူ့အခြေအနေက တကယ်ကို ထူးဆန်းလာတယ်... ကျွန်တော် သူနဲ့ ဆက်သွယ်နိုင်ရုံပဲ ရှိတယ်... သူက ကျွန်တော်ရဲ့ တခြားလူနာတွေလိုပဲ... ကျွန်တော်... ကျွန်တော် သူ့ဆီကနေ မနောဆက်သမား ဖော်မြူလာကို ရခဲ့ပေမဲ့ အစစ်လား အတုလားဆိုတာ မဆုံးဖြတ်နိုင်ဘူး... ထိန်းချုပ်လို့မရတဲ့ ပြောင်းလဲမှုတစ်ခုခု ပေါ်လာကောင်း ပေါ်လာနိုင်တယ်”

‘ဘာပဲဖြစ်ဖြစ် အမြင်ဆရာ တစ်ယောက်အနေနဲ့ မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကရှိတဲ့ အမြင်ဆရာ တစ်ယောက်အနေနဲ့ ဒီဖော်မြူလာက အစစ်လား အတုလားဆိုတာ ငါ ဆုံးဖြတ်နိုင်မှာပဲ...’

ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးပါတယ်။

“သူ အဲဒီလို မဖြစ်ခင် တစ်ယောက်ယောက်နဲ့ တွေ့သေးလား”

“လူနာတွေနဲ့ပဲ တွေ့တယ်... ကျွန်... ကျွန်တော် အဲဒါတော့ အာမ မခံနိုင်ဘူး... ကျွန်တော်က စိတ္တဇဆေးရုံမှာ တစ်ချိန်လုံး ရှိနေတာ မဟုတ်ဘူး... အနားယူဖို့ လိုတယ်လေ” ဒက်တာရဲ့ အမူအရာဟာ လေးနက်သွားပါတယ်။

ကလိုင်းဟာ သာမန်ကိစ္စတစ်ခုလိုမျိုး ခေါင်းညိတ်ပါတယ်။

“မစိုးရိမ်နဲ့... ငါ မင်းကို တိတ်တဆိတ် ကာကွယ်ပေးဖို့ လူလွှတ်လိုက်မယ်... ဟွတ်ယူဂျင် ဘယ်သူနဲ့ တွေ့လဲဆိုတာ မင်း တတ်နိုင်သလောက် မြန်မြန် စုံစမ်းချည်... နောက်ပြီး မင်းကိုယ်မင်းလည်း ဂရုစိုက်ဦး... သူက မင်းကို စမ်းသပ်နေတာ ဖြစ်နိုင်တယ်... မင်း ဒီကိစ္စကို စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့ဆီ အစီရင်ခံပြီး သူတို့တွေ ဘယ်လိုတုံ့ပြန်လဲဆိုတာ စောင့်ကြည့်သင့်တယ်”

“ဟုတ်ကဲ့”

ဒက်တာဟာ ရွှေရောင်မျက်မှန်ကို မလိုက်ပြီး ပွဲကြည့်သမားရဲ့ တည်ငြိမ်မှုကို ပြန်ရသွားပါတယ်။ အဲဒီနောက် သူဟာ အိတ်ကပ်ထဲက စာရွက်တစ်ရွက်ထုတ်ပြီး ကလိုင်းဆီ ကမ်းပါတယ်။

“ဒါက မနောဆက်သမား ဖော်မြူလာပဲ... အစစ်လားဆိုတာတော့ ကျွန်တော် အာမ မခံနိုင်ဘူး”

“ငါတို့တွေ အတည်ပြုလိုက်မယ်” ကလိုင်းဟာ အပြုံးနဲ့ တုံ့ပြန်ပါတယ်။ သူဟာ စာရွက်ကို နေရာမှာတင် ဖြန့်ပြီး ဖတ်ကြည့်ပါတယ်။

“အဓိက ပါဝင်ပစ္စည်း... အရွယ်ရောက်ပြီးသား သက်တန့် ကင်းလိပ်ချောတစ်ကောင်ရဲ့ ပစ်ကျူထရီဂလင်း၊ ဖာ့စ်မန်းယုန်ရဲ့ ကျောရိုးရည် ၁၀ မီလီလီတာ”

“ဖြည့်စွက် ပစ္စည်း... သစ်အယ်မှို ၅ ဂရမ်၊ နဂါးသွားမြက်မှုန့် ၈ ဂရမ်၊ အဖြူရောင် နတ်သူငယ်ပန်း ပွင့်ဖတ် ၃ ချပ်၊ ရေသန့် ၁၀ မီလီလီတာ”

“ကောင်းတယ်” ကလိုင်းဟာ ချီးကျူးပါတယ်။ အဲဒီနောက် သူဟာ စာရွက်ကို ပြန်ခေါက်ပြီး ထက်စီဒိုရဲ့ အတွင်းအိတ်ကပ်ထဲ ထည့်လိုက်ပါတယ်။

စကားနည်းနည်းပါးပါး ထပ်ပြောပြီး ဒက်တာ ကြားနေရတဲ့ အသံတွေ နည်းပါးသွားတယ်ဆိုတာ သေချာအောင် လုပ်ပြီးမှ ကလိုင်းဟာ ဒက်တာကို နှုတ်ဆက်လိုက်ပါတယ်။ အဲဒီနောက် သူဟာ ညသိမ်းငှက်တွေအတွက် သီးသန့်ထားတဲ့ သေနတ်ပစ်ကွင်းဆီ သတိကြီးကြီးနဲ့ လျှောက်သွားပါတယ်။ ဒန်းစမစ်က အထဲမှာ စောင့်နေပါတယ်။

“ကပ္ပတိန်... သတင်းပေးက သူ့ကို ဆေးရည်ရဲ့ ဘေးထွက်ဆိုးကျိုး ထိန်းချုပ်နိုင်အောင် ကူညီတာ ကျေးဇူးတင်တဲ့အနေနဲ့ မနောဆက်သမား ဖော်မြူလာ ပေးသွားတယ်... ဒါပေမဲ့ ဒီဖော်မြူလာရဲ့ စစ်မှန်မှုကိုတော့ အာမ မခံနိုင်ဘူးတဲ့”

ကလိုင်းဟာ စာရွက်ကို မျက်နှာထားတည်တည်နဲ့ ဒန်းစမစ်ဆီ ပေးလိုက်ပါတယ်။

“နောက်ပြီး သူ တခြားကိစ္စတစ်ခုကိုလည်း ပြောသေးတယ်...”

ဒန်းစမစ်ဟာ ဟွတ်ယူဂျင်အကြောင်း နားထောင်ရင်း ဖော်မြူလာကို ဖတ်ပါတယ်။ အဲဒီနောက် သူဟာ ခေါင်းညိတ်ပါတယ်။

“ငါ စိတ္တဇဆေးရုံကို စောင့်ကြည့်ဖို့ ချက်ချင်း လူအင်အား ခွဲလိုက်မယ်... မင်းက ဒီလိုကိစ္စတွေမှာ ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားထားတာ မရှိတော့ ဒီကိစ္စမှာ ဝင်မပါနဲ့... ချန်စီဂိတ်ကိုပဲ သွားပြန်စောင့်ကြပ်ချည်”

အဲဒီနောက် သူဟာ ကလိုင်းရဲ့ မျက်လုံးထဲကို စိုက်ကြည့်ပြီး...။

“ငါတို့တွေ ဒီဖော်မြူလာကို ထည့်တွက်ရင် မင်း အကျိုးဆောင်မှုတွေ စုနေစရာ မလိုတော့ဘူး... စစ်ဆေးမှု အောင်တာနဲ့ မင်း လူရွှင်ဆေးရည်ကို တန်းရနိုင်တယ်...”

All Chapters