← Chapters

ရှေ့ရေးကြည့်လွန်းတဲ့ မလီဆာ

Vol. 16 Ch. 156

ရှေ့ရေးကြည့်လွန်းတဲ့ မလီဆာ

Vol. 16 Ch. 156

‘ငါက လူရွှင်ဆေးရည်ကို နှစ်ဆပေးရမှာလား... ဒါ ငါ အလုပ်တစ်ခုအတွက် ဆုနှစ်ဆလိုချင်ခဲ့လိုလား... ထားလိုက်ပါတော့... ငါ လူရွှင်ဆေးရည် ဖော်မြူလာကို ရထားတယ်ဆို‌တာ ထုတ်ပြောဖို့ အခွင့်အရေးမှ မရှိတာ’

ကလိုင်းဟာ အသက်အရှည်ကြီး ရှူသွင်းပြီး ဟန်လုပ်ပြုံးပါတယ်။

“ကျွန်တော် စစ်ဆေးမှုကို ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ရတာပဲ”

သူဟာ ဒန်းစမစ်ရဲ့ ချန်စီဂိတ် ဆက်ပြီးတော့ စောင့်ကြပ်ခိုင်းတဲ့ ဆုံးဖြတ်ချက်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ သူက စောင့်ကြည့် စုံစမ်းတဲ့နေရာမှာ ကျွမ်းကျင်မှု မရှိတဲ့အပြင် အနီးကပ် တိုက်ခိုက်ရေးမှာလည်း ကျေနပ်စရာကောင်းတဲ့ လက်ရည် မရှိပါဘူး။

သေနတ်ပစ်စွမ်းရည်မှာလည်း သာမန်ရဲတစ်ယောက်နဲ့ ယှဉ်ရင် တော်တယ်လို့ပဲ ပြောလို့ရပါတယ်။ သို့ပေမဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက ရုပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ တိုးမြှင့်ထားတဲ့ သာလွန်သူတွေပါ။ သူတို့အကုန်လုံးက လက်ဖြောင့်သမား မဟုတ်ရင်တောင် အဲဒီအဆင့်နဲ့ တော်တော်လေးကို နီးကပ်ပါတယ်။

လက်နက်မဲ့ တိုက်ခိုက်ရေးမှာတော့ ကလိုင်းက လက်သင်အဆင့်ပဲ ရှိပါတယ်။

အိပ်မွေ့ချ အဆောင်၊ ဝိညာဉ်ဆုတောင်း အဆောင်နဲ့ အိပ်မက် အဆောင်တွေ ရှိနေရင်တောင် သူက အကူသာလွန်သူ အဆင့်မှာပဲ ရှိနေပါသေးတယ်။ အဲဒါကြောင့် သာမန်လူတွေကို ရင်ဆိုင်ဖို့ လွယ်ကူပေမဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ သာလွန်သူတွေနဲ့ တွေ့ရင်‌တော့ အန္တရာယ်ရှိပါတယ်။

‘ငါ ဆုံမှတ် ၈ ကို မတက်မချင်း... တိုက်ခိုက်ရေးပညာ မကျွမ်းမချင်း... မန္တန်လေးငါးမျိုး မရမချင်း... သာမန် သဘာဝလွန် ကိစ္စတွေကိုပဲ ငါ့ဘာသာ ဖြေရှင်းနိုင်မှာ... အင်း... ငါ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ဆီက စွမ်းအားကို အောင်အောင်မြင်မြင် ခိုးယူပြီး နေမီးတောက် အဆောင် လုပ်နိုင်ရင် ပိုပြီးတော့ ကောင်းလိမ့်မယ်... အဲဒါဆို အခြေအနေ မဟန်ရင်တောင် အနိုင်ရနိုင်ခြေ ရှိတယ်’ ကလိုင်းဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်ရင်း တွေးပါတယ်။

နောက်တစ်နေ့ သူ့တာဝန်ချိန် ကုန်ဆုံးပြီး ချန်စီဂိတ်ကနေ ထွက်သွားတဲ့အချိန်ထိ ညသိမ်းငှက်တွေဟာ ဟွတ်ယူဂျင်ကို စောင့်ကြည့်တာကနေ အသုံးဝင်တဲ့ သတင်းအချက်အလက် ဘာတစ်ခုမှ မရပါဘူး။ အဲဒါကြောင့် သူတို့တွေဟာ သတင်းပေးရဲ့ အတွင်းပိုင်း စုံစမ်းမှုကိုပဲ မျှော်လင့် အားကိုးရပါတယ်။

အိမ်ပြန်ရောက်တဲ့အခါ ကလိုင်းဟာ မနက်စာ စားပြီးတာနဲ့ နေ့ခင်းရောက်တဲ့အထိ အိပ်စက်ပါတယ်။ အိပ်ရာက နိုးတဲ့အခါ ရေမိုးချိုးပြီး အောက်ထပ် ဆင်းကာ ဟင်းရနံ့နောက် လိုက်ပါတယ်။

“မလီဆာ နေ့လည်စာ ပြင်နေတာလား” ကလိုင်းဟာ ဧည့်ခန်းထဲမှာ သတင်းစာ ဖတ်နေတဲ့ ဘန်ဆင်ကို ကြည့်ပြီး မေးပါတယ်။

ဘန်ဆင်ဟာ သတင်းစာကို အောက်နှိမ့်ပြီး...။

“ဟုတ်တယ်... ဒီနေ့ သူ့ဆီ ဧည့်သည်တစ်ယောက် လာတယ်... ငါက သူ့ကို ဧည့်သည်နဲ့ စကားပြော... နေ့လည်စာကို ငါ ပြင်မယ် ပြောတာ... မရဘူး... သူက ငါ ချက်တာကို မယုံဘူးဆိုပြီး ဧည့်သည်ကို မီးဖိုချောင်ထဲ ခေါ်သွားတယ်... ဘယ်လောက် ရိုင်းလိုက်လဲ”

‘မလီဆာက အစ်ကိုရဲ့ ဟင်းချက်စွမ်းရည်ကို မကြိုက်ဘူးဆိုတာ မြန်မြန်ဆန်ဆန် သိသွားပြီပေါ့’ ကလိုင်းဟာ ရယ်ချင်စိတ်ကို ထိန်းပြီး တစ်ယောက်ထိုင် ဆိုဖာဆီ လျှောက်သွားကာ မေးပါတယ်။

“မလီဆာရဲ့ ဧည့်သည်လား”

“ဟုတ်တယ်... မင်း သူ့ကို သိမှာပါ... ဆယ်လီနာရဲ့ ညစာစားပွဲမှာ တွေ့ခဲ့တဲ့ အဲလစ်ဇဘတ်လေ” ဘန်ဆင်ဟာ နောက်ကို မှီပြီး သတင်းစာကို ဆက်ဖတ်ပါတယ်။

‘ညစာစားပွဲမှာပဲ တွေ့တာ မဟုတ်ဘူး... သူက တကယ်ကို လာလည်တာပဲ...’ ကလိုင်းဟာ မီးဖိုချောင်ထဲ လှမ်းကြည့်လိုက်ပါတယ်။

အဲဒီအချိန်မှာ မလီဆာက ပန်းကန်ပြားတချို့ သယ်ပြီး မီးဖိုချောင်ထဲကနေ ထွက်လာပါတယ်။ အဲလစ်ဇဘတ်က နောက်ကနေ လိုက်လာပါတယ်။ ရှေ့ဖုံးခါးစည်းကိုလည်း ဝတ်ထားပါတယ်။

“ကလိုင်း... နိုးလာပြီလား... ညီမက အစ်ကိုကို လာနိုးတော့မလို့” မလီဆာဟာ ပန်းကန်ပြားတွေကို စားပွဲပေါ်ချပြီး အပြုံးနဲ့ ပြောပါတယ် “ဒါက အဲလစ်ဇဘတ်... အစ်ကို သူ့ကို သိတယ်မလား”

“ဟယ်လို ကလိုင်း” အဲလစ်ဇဘတ်ရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့် ယှက်သမ်းသွားပါတယ်။

ကလိုင်းဟာ ညင်ညင်သာသာ ခေါင်းညိတ်ပြီး တုံ့ပြန်ပါတယ်။

သူတို့ နှုတ်ဆက်ပြီးတဲ့အခါ မလီဆာက လေးလေးနက်နက် ပြောပါတယ်။

“နောက်ပြီးကျရင် အဲလစ်ဇဘတ်က ညီမတိုနဲ့အတူ မိသားစုအစေခံ ကူညီရေးအသင်းဆီ လိုက်လိမ့်မယ်... သူတို့က အိမ်ဖော်တချို့ ငှားထားတော့ အဲဒီပိုင်းမှာ အတွေ့အကြုံရှိတယ်... သူ့အမြင်က အကူအညီရကောင်း ရနိုင်တယ်”

“တကယ်တော့ ညီမတို့တွေ အိမ်ဖော်အတွက် လိုအပ်ချက်ကို စဉ်းစားပြီးပြီ... ညီမ ဖတ်ပြမယ်... အစ်ကိုတို့ နားထောင်ပြီး ထပ်ထည့်ချင်တာရှိရင်ပြောပေါ့...”

မလီဆာဟာ ရှေ့ဖုံးခါးစည်းနဲ့ လက်သုတ်ပြီး အင်္ကျီအိတ်ကပ်ထဲက စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် စာရွက်ဖြန့််ပြီး အသံကျယ်ကျယ် ဖတ်ပါတယ်။

“(၁) ကျန်းမာရမယ်”

“(၂) အလုပ်ကြိုးစားပြီး တာဝန်ယူမှု ရှိရမယ်”

“(၃) ဟင်းချက်တော်ရမယ်”

“(၄) တိတ်ဆိတ်ပြီး ဗရုတ်သုတ်ခ မနိုင်ရဘူး”

“(၅) ရိုးရှင်းတဲ့ မိသားစုနောက်ခံ ရှိရမယ်”

“(၆) သာမန်ရုပ်ရည် ရှိရမယ်”

...

သူမက လိုအပ်ချက်တွေကို တစ်ချက်ပြီးတစ်ချက် ဖတ်နေချိန်မှာ ကလိုင်းနဲ့ ဘန်ဆင်ဟာ ငေးငိုင်သွားပါတယ်။ သူတို့နှစ်ယောက်ဟာ အိမ်ဖော်တစ်ယောက် ငှားတာက ဒီလောက်ထိ ဒုက္ခများလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။

“မလီဆာ... ညီမက အိမ်ဖော် ငှားတာကို မကြိုက်ဘူး မဟုတ်ဘူးလား” ကလိုင်းဟာ မသိစိတ်ရဲ့ စေ့ဆော်မှုအရ မလီဆာရဲ့ အသံရပ်သွားတဲ့အခါ မေးပါတယ်။

မလီဆာဟာ နှုတ်ခမ်းတွန့်ပြီး အလေးအနက် ခေါင်းညိတ်ပါတယ်။

“ဟုတ်တယ်... မကြိုက်ဘူး... ဒါပေမဲ့ ညီမ ပြောတာ ပြောလို့မှ မရတာ... အဲဒီတော့ ဒီကိစ္စကို ကောင်းကောင်းမွန်မွန် ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်... အဲဒီလို ကောင်းကောင်းမွန်မွန်နဲ့ ပြီးဖို့က ညီမတို့တွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်... အင်း... အစ်ကိုတို့ ထပ်ထည့်ချင်တာ ရှိသေးလား”

“မရှိဘူး” ကလိုင်းနဲ့ ဘန်ဆင်က တစ်ပြိုင်တည်း ခေါင်းခါလိုက်တဲ့အခါ အဲလစ်ဇဘတ်ဟာ ရယ်မိသွားပါတယ်။

နေ့လည်စာ စားပြီးနောက် သူတို့လေးယောက်ဟာ အများသုံး မြင်းလှည်း စီးပြီး ရှန်ပိန်လမ်းက ထင်းဂန်မြို့ မိသားစုအစေခံ ကူညီရေးအသင်းဆီ သွားပါတယ်။

ဒီအသင်းက ကလိုင်းရဲ့ ဘဝဟောင်းက အိမ်အကူလုပ်ငန်းတွေနဲ့ ဆင်ပါတယ်။ ဒါပေမဲ့ ဒီမှာက ပရဟိတ နည်းနည်းဆန်ပါတယ်။ သူတို့တွေဟာ ဖောက်သည်တွေက သူတို့လိုချင်တာကို လွယ်လွယ်ကူကူ ရွေးချယ်နိုင်ပြီး အိမ်ဖော်တွေရဲ့ အလုပ်ရနိုင်ခြေ အများဆုံး ဖြစ်အောင် အိမ်ဖော်တွေရဲ့ ကိုယ်ရေး အချက်အလက်နဲ့ အလုပ် လိုအပ်ချက်တွေကို မှတ်တမ်းတင်ထားပါတယ်။

ဒီအဖွဲ့အစည်းရဲ့ ရန်ပုံငွေ တစ်စိတ်တစ်ပိုင်းက ပရဟိတအသင်းတွေဆီက လာပြီး တစ်စိတ်တစ်ပိုင်းကတော့ အလုပ်ရှင်တွေဆီက လာပါတယ်။

အသင်းထဲ ရောက်တဲ့အခါ အဝါရောင်ဖျော့ဖျော့ အင်္ကျီနဲ့ မိန်းမပျိုက ကလိုင်းတို့ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ အဝါရောင် ဖျော့ဖျော့ အင်္ကျီနဲ့ မိန်းမပျိုဟာ ကလိုင်းတို့ကို ဆိုဖာတွေဆီ ခေါ်သွားပြီး အပြုံးနဲ့ မေးမြန်းပါတယ်။

“လူကြီးမင်းတို့ ဘာများအလိုရှိလဲ မသိဘူး”

ကလိုင်းနဲ့ မလီဆာဟာ ဘန်ဆင်ကို ရှေ့တွန်းထုတ်ပါတယ်။

“ကျွန်တော်တို့တွေ အိမ်ဖော်တစ်ယောက် ငှားချင်တယ်”

“ဘာလိုအပ်ချက်တွေ ရှိလဲ မသိဘူး” မိန်းမပျိုက သံပတ် ပေးထားသလိုမျိုး မေးပါတယ်။

ဘန်ဆင်ဟာ သူ့ညီနဲ့ ညီမက သူ့ဟင်းချက်စွမ်းရည်ကို မယုံကြည်တာ တွေးမိပြီး...။

“ဟင်းချက်ကောင်းရမယ်”

“ဟင်းချက် ကောင်းရမယ်” မိန်းမပျိုဟာ မျက်မှောင်ကြုတ်သွားပါတယ်။

“ရိုးရိုးသားသား ပြောရရင် အိမ်ဖော်တွေထဲမှာ ဟင်းကောင်းကောင်း ချက်နိုင်တဲ့လူ မရှိဘူး... စားဖိုမှူး ငှားပါလား... အမျိုးသမီး စားဖိုမှူးဆိုရင် ကျွန်မတို့ အသင်းထဲမှာ တော်တော်များများ ရှိတယ်”

“အိမ်ဖော်တွေထဲမှာ ဟင်းချက်ကောင်းတဲ့လူ တစ်ယောက်မှ မရှိဘူးလား” သူမရဲ့ အစီအစဉ်က စတယ်ဆို အခက်အခဲ တွေ့တဲ့အတွက် မလီဆာဟာ မနေနိုင်ဘဲ ဝင်မေးပါတယ်။

မိန်းမပျိုဟာ ခေါင်းညိတ်ပြီး အခိုင်အမာ ဖြေပါတယ်။

“အိမ်ဖော်တွေက အောက်ခြေ လူတန်းစား အလုပ်သမား မိသားစုက သမီးတွေ မဟုတ်ရင်လည်း ရွာက တက်လာတဲ့ မိန်းကလေးတွေချည်းပဲ... သူတို့မှာ ဟင်းချက်တာကို လေ့လာဖို့ အခွင့်အရေး သိပ်မရှိဘူး... အသင်းက အလကား သင်ပေးတဲ့ လေ့ကျင့်ရေး ဆင်းပြီးရင်တောင် သူတို့ချက်တဲ့ အစားအစာက လူတွေကို ဒုက္ခမပေးဘူးလို့ပဲ ကျွန်မတို့ အများဆုံး အာမခံနိုင်တယ်”

မလီဆာဟာ တိတ်ဆိတ်သွားပြီး သူမရဲ့ အစီအစဉ်က လက်တွေ့အခြေအနေနဲ့ ဘယ်လောက် ကွာခြားလဲဆိုတာ သဘောပေါက်သွားပါတယ်။

“ဒါကတော့ စိတ်မကောင်းစရာပဲ” ဘန်ဆင်ဟာ သေချာ တွေးပြီး ပြောပါတယ် “အဲဒါဆို ဟင်းချက်တာကို သင်ယူလေ့လာနိုင်စွမ်းတဲ့ အိမ်ဖော်ဆိုရင်ရော...”

‘မဆိုးဘူး... ဘန်ဆင်က ဖြတ်ထိုးဉာဏ် ရှိတယ်... ငါ ဘာမှ ဝင်ပြောစရာ မလိုဘူး’ ဘေးမှာ လက်ကိုင်တုတ်ကိုင်ပြီး ထိုင်နေတဲ့ ကလိုင်းက တွေးလိုက်ပါတယ်။

“အဲဒါတော့ ရတယ်... ဟင်းချက် သင်ပေးတုန်းက ထူးချွန်တဲ့ မိန်းကလေးတချို့ကို ကျွန်မတို့ မှတ်ထားတယ်” မိန်းမပျိုဟာ ပရော်ဖက်ရှင်နယ် အပြုံးနဲ့ ဖြေပါတယ် “တခြားလိုအပ်ချက် ရှိသေးလား”

“ရှိသေးတယ်” ဘန်ဆင်ဟာ မလီဆာရဲ့ စူးရှတဲ့ အကြည့်ကို ခံစားမိတာမလို့ တံတွေးမျိုချပြီး အိတ်ကပ်ထဲက စာရွက်တစ်ရွက်ကို ထုတ်ယူကာ လိုအပ်ချက်တွေကို တစ်ခုချင်း ဖတ်ပြပါတယ်။

မိန်းမပျိုဟာ တိတ်တဆိတ် နားထောင်ပြီးနောက် တစ်ခဏ တိတ်ဆိတ်သွားပါတယ်။

“ကျွန်... ကျွန်မ မှတ်တမ်းတွေ ပြန်ကြည့်ပြီး လူကြီးမင်းတို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အိမ်ဖော်တချို့ကို ပြောပေးမယ်... လူကြီးမင်းတို့ ချက်ချင်းကြီး ဆုံးဖြတ်စရာ မလိုပါဘူး... နှစ်ယောက် လေးယောက်လောက် ရွေးထားလို့ရတယ်... ပြီးရင် ကျွန်မ သူတို့ကို ခေါ်လာပြီး လူကြီးမင်းတို့အတွက် ဟင်းတစ်ကြိမ် ချက်ခိုင်းမယ်... အဲဒီကျမှ ဘယ်သူ့ကို ငှားမလဲဆိုတာ လူကြီးမင်းတို့ ဆုံးဖြတ်ပေါ့... အဲဒီလိုဆိုပေမဲ့ အသင်းကို ခရီးစရိတ်တော့ ပေးရလိမ့်မယ်... ချက်ပြုတ်မဲ့ ပစ္စည်းတွေကိုလည်း လူကြီးမင်းတို့ဘာသာ ပြင်ဆင်ပေးရလိမ့်မယ်”

“ရတယ်” ဘန်ဆင်ဟာ စာရွက်ကို ပြန်ခေါက်ပြီး ခေါင်းညိတ်လိုက်ပါတယ်။

မိန်းမပျိုဟာ မတ်တတ်ရပ်ပြီး ရုံးခန်းဆီ လျှောက်သွားပါတယ်။ ဒါပေမဲ့ ခြေနှစ်လှမ်း လှမ်းပြီးတဲ့အခါ ပြန်လှည့်လာပြီး အပြုံးနဲ့ ပြောပါတယ်။

“ကျွန်မကို အဲဒီစာရွက် ပေးလို့ရမလား... ကျွန်မ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်တွေကို မေ့သွားမှာစိုးလို့ပါ”

“ရပါတယ်” ဘန်ဆင်ဟာ ရယ်ချင်စိတ်ကို မနည်း ထိန်းလိုက်ရပါတယ်။

အတန်ကြာတဲ့အခါမှာတော့ အဝါရောဖျော့ဖျော့ အင်္ကျီနဲ့ မိန်းမပျိုဟာ စာရွက်တစ်ထပ်ကိုင်ပြီး ထွက်လာကာ စာရွက်တွေကို ဘန်ဆင်ဆီ ကမ်းလိုက်ပါတယ်။

ဒီစာရွက်တွေက အိမ်ဖော်တစ်ဦးချင်းစီရဲ့ နာမည်ရင်း၊ မွေးနေ့၊ မိသားစု အခြေအနေ၊ မျက်နှာ အသွင်အပြင်၊ ကျန်းမာရေး အခြေအနေ၊ အတွေ့အကြုံ၊ အကျင့်စရိုက်၊ မျှော်လင့်တဲ့ လစာနဲ့ တခြား အချက်အလက်တွေပါ။

ဘန်ဆင်နဲ့ မလီဆာက သတင်းအချက်အလက်တွေ ဖတ်နေတဲ့ အခွင့်အရေးကို လက်လွှတ်မခံဘဲ အဲလစ်ဇဘတ်ဟာ ကလိုင်းနား ကပ်လာပြီး ညင်ညင်သာသာ မေးပါတယ်။

“ရှင့်မှာ တခြားလိုအပ်ချက် မရှိဘူးလား”

“ရှိတယ်... ဒါပေမဲ့ ဒီသတင်းအချက်အလက်တွေက တိတိကျကျ မရှိဘူး” ကလိုင်းဟာ ဝတ်ကျေတမ်းကျေ ဖြေပါတယ်။

အဲလစ်ဇဘတ်ဟာ ပိုပြီးတော့ စိတ်ဝင်စားသွားပါတယ်။

“ရှင်က ဘယ်လို ရွေးမှာလဲ”

ကလိုင်းဟာ ပြုံးပြီး ဘယ်ဘက် အင်္ကျီလက်စထဲက ချိန်းကြိုးကို ထိုးပြပါတယ်။

“ငါ အိမ်ဖော်တိုင်းနဲ့ သက်ဆိုင်တဲ့ စာကြောင်းတစ်ကြောင်း ရေးပြီး တွက်ချက်ကြည့်မှာ... ဒီနည်းနဲ့ တစ်ယောက်ပြီး တစ်ယောက် ဖယ်ထုတ်ပြီး အကောင်းဆုံးလူကို ရွေးမှာ”

“...” အဲလစ်ဇဘတ်ဟာ ကြက်သေ သေသွားပြီး စက္ကန့််နှစ်ဆယ်လောက်ကြာမှ ငေးကြောင်ကြောင်နဲ့ ခေါင်းညိတ်ပါတယ်။

“အရိုးရှင်းဆုံးနဲ့ အသုံးဝင်ဆုံး နည်းလမ်းပဲ... ကျွန်မ မေ့သွားတယ်... ရှင်က...” သူမဟာ စကားဆုံးအောင် မပြောနိုင်လိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာရုံခံစားမှု စူးရှတဲ့ မလီဆာက သူတို့နှစ်ယောက် တီးတိုးပြောနေတာကို သတိထားမိပြီး လှမ်းကြည့်လိုက်လို့ပါပဲ။

မလီဆာဟာ သူမရဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့ သူမရဲ့အစ်ကို,ကို ကြည့်ပြီး အတွေးနက်သွားပါတယ်။

‘ဟေး... ငါ့ညီမ... အထင်မလွဲနဲ့... ငါတို့က ရိုးရိုးတမ်းတမ်း စကားပြောနေတာ...’ ကလိုင်းဟာ ချောင်းဟန့်ပြီး စာရွက်တချို့ ကောက်ယူကာ သာမန်ကာလျှံကာ ကောက်ဖတ်လိုက်ပါတယ်။

မကြာခင်မှာပဲ သူတို့ဟာ သုံးယောက် ရွေးလိုက်ပါတယ်။ ဒီသုံးယောက်က တစ်ပတ်လုပ်ခကို ၄ ဆိုလီ ၈ ပဲနိကနေ ၅ ဆိုလီ ၂ ပဲနိထိ တောင်းထားပါတယ်။

ဘန်ဆင်ဟာ အိမ်ဖော်တွေရဲ့ လုပ်ခကို ဈေးဆစ်မနေဘဲ အဆင်းကို ပေးရမဲ့ ပွဲစားခကို ဆွေးနွေးပါတယ်။

တရင်းတနှီး ဈေးတစ်ပြီးတဲ့နောက်မှာတော့ အိမ်ဖော်ရဲ့ နှစ်ပတ်လုပ်ခအစား တစ်ပတ်စာပဲ ပေးဖို့ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ သို့ပေမဲ့ ဟင်းစမ်းချက်မဲ့ အိမ်ဖော်တွေ ပို့ပေးဖို့အတွက် ခရီးစရိတ် တစ်ဆိုလီ ထပ်ပေးရပါတယ်။

အဲဒီနောက် အဲလစ်ဇဘတ်ဟာ ကလိုင်းတို့ သုံးယောက်ကို နှုတ်ဆက်ပြီး ထွက်သွားပါတယ်။ ကလိုင်းတို့ သုံးယောက်လည်း အများသုံး မြင်းလှည်းစီးပြီး ဒက်ဖဒိုလမ်းဆီ ပြန်ပါတယ်။ အပြန်လမ်းမှာ မလီဆာက သူ့ကို စေ့စေ့စပ်စပ် ကြည့်နေတဲ့အတွက် ကလိုင်းကို တော်တော်လေး နေရထိုင်ရ ခက်စေပါတယ်။

အိမ်ပြန်ရောက်တာနဲ့ ကလိုင်းဟာ ဒုတိယထပ်ကို တန်းတက်ပါတယ်။

“ကလိုင်း”

မလီဆာဟာ သေချာစဉ်းစားပြီးနောက် လေးနက်တဲ့ လေသံနဲ့...။

“အစ်ကို အဲလစ်ဇဘတ်နဲ့ စေ့စပ်ချင်ရင် ကြိုးစားဖို့ လိုတယ်... သူ့အဖေက အရေးပါ အရာရောက်တဲ့ စီးပွားရေးသမား... သူ့အမေကလည်း မြို့စားရဲ့သမီး...”

‘နေပါဦး... စေ့စပ်တယ်... ဘယ်တုန်းက စေ့စပ်လိုက်တာလဲ’ ကလိုင်းဟာ သူ့ညီမကို နားမလည်တဲ့ မျက်နှာနဲ့ ကြည့်လိုက်ပါတယ်။

‘နင်က ရှေ့ရေးကို ဘယ်လောက်တောင် ကြိုတွေးထားတာလဲ’

All Chapters