အချိန်အကြာကြီး မျှော်လင့်ထားတဲ့အရာ
Vol. 16 Ch. 157
“မဟုတ်ဘူး... အစ်ကိုတို့က ညီမ ထင်သလို မဟုတ်ဘူး...”
ကလိုင်း ရှင်းပြဖို့ အခွင့်အရေး မရခင်မှာဘဲ ဘန်ဆင်က အပြုံးနဲ့ ဝင်ပြောပါတယ်။
“အဲလစ်ဇဘတ်က နည်းနည်း ငယ်သေးပေမဲ့ သူ့မိသားစုက ငါတို့ထက် အများကြီး ချမ်းသာတယ်... မင်းတို့နှစ်ယောက်က လိုက်ဖက်ပါတယ်... ဒါပေမဲ့ မင်း နည်းနည်းတော့ စောင့်ရလိမ့်မယ်... သူက ကျောင်းတက်နေတုန်း... တက္ကသိုလ်လည်း ဆက်တက်မှာ သေချာတယ်... လက်ထပ်ဖို့ကို လေးငါးခြောက်နှစ်ကြာမှ စဉ်းစားသင့်တယ်... အဲဒီလိုဆိုပေမဲ့ စေ့စပ်တာကိုတော့ အဲဒီမတိုင်ခင် လုပ်လို့ရတယ်”
‘... အစ်ကိုတို့တွေ အဲဒီလောက် အဝေးကြီး မတွေးလို့ မရဘူးလား’ ကလိုင်းဟာ အသက်အရှည်ကြီး ရှူလိုက်ပါတယ်။
“ကျွန်တော် အဲလစ်ဇဘတ်ကို မကြိုက်ဘူး... ပိုပြီးတော့ တိတိကျကျ ပြောရရင် ကျွန်တော့်ထက် အများကြီးငယ်တဲ့ မိန်းကလေးတွေကို မကြိုက်ဘူး... ကျွန်တော်က ကျွန်တော့်ထက် ရင့်ကျက်တဲ့ မိန်းကလေးတွေကို သဘောကျတာ”
‘အမှန်အတိုင်းဆို အသက် သိပ်မကွာရင် ကျွန်တော် လက်ခံနိုင်ပါတယ်... ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ ဖြည့်ပြောပါတယ်။
“အစ်ကိုက အစ်ကိုထက် ရင့်ကျက်တဲ့ မိန်းကလေးတွေကို သဘောကျတာလား” မလီဆာဟာ မျက်မှောင်ကြုတ်သွားပါတယ် “အဲဒါဆို အစ်ကို မြန်မြန် လက်ထပ်သင့်ပြီ”
‘ဟင်...’ ကလိုင်းဟာ သူ့ညီမရဲ့ စဉ်းစားတွေးခေါ်ပုံကို နားမလည်နိုင်အောင် ဖြစ်သွားပါတယ် “ဘာဖြစ်လို့လဲ”
မလီဆာက အလေးအနက် ရှင်းပြပါတယ်။
“အစ်ကို လက်ထပ်ဖို့အတွက် ပိုက်ဆံစုပြီးရင် ၂၅ နှစ်ထဲ ရောက်သွားလိမ့်မယ်... အဲဒီကျ အစ်ကိုထက် ပိုပြီးတော့ ရင့်ကျက်တဲ့ မိန်းကလေးတွေက လက်ထပ်ရင်ထပ် မဟုတ်ရင် စေ့စပ်ပြီးသား ဖြစ်နေလိမ့်မယ်... အစ်ကိုက မုဆိုးမကို လက်ထပ်ချင်လို့လား”
‘ငခွမ်း...’ ကလိုင်းဟာ မျက်နှာဗလာ ဖြစ်သွားပါတယ်။
ဘန်ဆင်ဟာ ပြုံးပြီး သူ့ညီမရဲ့ စကားကို ကန့်ကွက်ပါတယ်။
“မလီဆာ... နင် နားမလည်ပါဘူး... ဒီနေ့ခေတ်မှာ အသက်သုံးဆယ်ကျော်ပြီး လက်မထပ်ရသေးတဲ့ အမျိုးသမီးတွေ မရှားဘူး... အဲဒီအရွယ်ကျမှ စေ့စပ်တဲ့ အမျိုးသမီးတွေလည်း လူလတ်တန်းစားထဲမှာ ရှိတယ်... သူတို့တွေက များသောအားဖြင့် အရှင်မကို ကိုးကွယ်တဲ့လူတွေချည်းပဲ... သူတို့အကုန်လုံးက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ကြတယ်... သူတို့တွေက မကြိုက်တဲ့လူနဲ့ လက်ထပ်မဲ့အစား တစ်ကိုယ်တည်းပဲ နေကြတယ်... ငါ ဒီအကြောင်းတွေကို မိသားစု မဂ္ဂဇင်းက ဖတ်ထားတာ”
“အဲဒီလိုလား” မလီဆာဟာ ၁၆ နှစ်ပဲ ရှိသေးတဲ့ မိန်းကလေး တစ်ယောက်မလို့ ဒီလိုကိစ္စတွေကို ဂဃနဏ နားမလည်ပါဘူး။
ဘန်ဆင်နဲ့ မလီဆာ စိတ်နည်းနည်း ငြိမ်သွားတာကို တွေ့လိုက်ရတဲ့အတွက် ကလိုင်းဟာ ချောင်းဟန့်ပြီး ပြောပါတယ်။
“ကျွန်တော်ပြောတဲ့ ရင့်ကျက်မှုဆိုတာက သူတို့ရဲ့ စိတ်အခြေအနေကို ပြောတာ... ကျွန်တော်ထက် အသက်ကြီးစရာ မလိုပါဘူး... နောက်ပြီး လက်ထပ်ဖို့ စိတ်ပူရမှာက ကျွန်တော် မဟုတ်ဘူး... ဘန်ဆင်ပဲ”
‘တောင်းပန်ပါတယ် အစ်ကို... ကျွန်တော့်မှာ ရွေးချယ်စရာ မရှိလို့ပါ...’ ကလိုင်းဟာ စိတ်ထဲကနေ တောင်းပန်လိုက်ပါတယ်။
“...” မလီဆာဟာ တစ်ခဏ အေးခဲသွားပြီး လေးလေးနက်နက်ကို ခေါင်းညိတ်ပါတယ် “ဟုတ်တယ်”
လူလတ်တန်းစားရဲ့ အိမ်ထောင်ရေး ပြဿနာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတော့မဲ့ ဘန်ဆင်ဟာ ရုတ်တရက် တဆတ်ဆတ် တုန်သွားပါတယ်။ သူဟာ သူ့ကို စိုက်ကြည့်နေတဲ့ သူ့ညီမကို ကြည့်ပြီး...။
“အစ်ကိုက အခု အစ်ကိုဘဝကို ပြောင်းလဲပေးနိုင်တဲ့ လမ်းဆုံကို ရောက်နေတာ... အဲဒီတော့ အစ်ကိုရဲ့ အင်အား အကုန်လုံးကို စာလေ့လာဖို့ပဲ သုံးချင်တယ်... အစ်ကို ကျေနပ်တဲ့ အလုပ်တစ်ခုနဲ့ စုငွေ အသင့်အတင်ရှိမှ အစ်ကို ကြိုက်တဲ့ မိန်းကလေးကို လိုက်ဖို့ ယုံကြည်ချက်ရှိမှာ... အဲဒီအချိန်ကျမှ အစ်ကိုက သူ့ကို တင့်တောင်းတင့်တယ် ထားနိုင်မှာ”
ကလိုင်းနဲ့ မလီဆာဟာ အေးခဲသွားပြီးနောက် ပြိုင်တူ မေးပါတယ် “အစ်ကို ကြိုက်တဲ့ မိန်းကလေး တွေ့ပြီလား”
ဝတ်ကျေတမ်းကျေ အဖြေပေးတဲ့ ဘန်ဆင်ဟာ လန့်သွားပြီး ခေါင်းကို ရမ်းနေအောင် ခါပါတယ်။
“ဘယ်ကလား... အစ်ကိုက ဥပမာ ပြောတာ”
...
ဘက်ကလင်၊ ဟေးစတင်မြို့နယ်က မှောင်မိုက်တဲ့ အိမ်တစ်အိမ်မှာ မီးခိုးရောင် ဆံပင်တွေနဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ဦးဟာ အနက်ရောင် ဆေးတံကို လက်ထဲမှာ ကိုင်ပြီး မီးမညှိထားတဲ့ မီးလင်ဖို့ရှေ့က လှုပ်ကုလားထိုင်ပေါ်မှာ ထိုင်နေပါတယ်။ သူဟာ ဆိုဖာပေါ်က ဧည့်သည်တွေကို လှမ်းကြည့်လိုက်ပါတယ်။
သူဟာ ဒီအဆောက်အဦးရဲ့ ပိုင်ရှင် နာမည်ကြီး အလွတ်တမ်း စုံထောက် အိုက်ဆင်ဂါ့ထ် စတန်တင်ပါ။ ဒါပေမဲ့ သူဟာ ရုံးခန်းမဖွင့်ဘဲ သူ့ကို ကူညီဖို့ လက်ထောက်တစ်ယောက်ပဲ ငှားထားပါတယ်။
ရှပ်အင်္ကျီဖြူနဲ့ စွပ်ကျယ်နက်ကို ဝတ်ဆင်ထားတဲ့ အိုက်ဆင်ဂါ့ထ်ဟာ ဆေးတံကို ပါးစပ်ထဲ ထည့်ပြီး မူးမူးယစ်ယစ် ရှူရှိုက်ကာ ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပါတယ်။
“မိနစ်သုံးဆယ် ဆွေးနွေးခက တစ်ပေါင်... ငါသာဆိုရင် တစ်စက္ကန့်တောင် အချိန်ဖြုန်းမှာ မဟုတ်ဘူး”
သူနဲ့ မျက်နှာချင်းဆိုင်က ဆိုဖာပေါ်မှာ ထိုင်နေတဲ့ မိန်းမပျိုနှစ်ယောက်က ဖာ့စ်ဝေါလ်နဲ့ ဇီယိုဒါရက်ချာပါ။ သူတို့နှစ်ယောက်ဟာ နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ရှာဖွေ စုဆောင်းပြီးပြီမလို့ သူ့ရဲ့ အကျင့်နဲ့ လှုပ်ရှားမှုတွေကို သိရဖို့ ဒီစုံထောက်ဆီမှာ လာဆွေးနွေးတာပါ။
သူတို့ဟာ ခီးလုံဂို့စ်ရဲ့ နာမည်ကို ဖယ်ထုတ်ထားပြီး သဘာဝလွန်ကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ပြောင်းလဲထားပါတယ်။
ဇီယိုဒါရက်ချာဟာ စာရွက်တွေ စုထားတဲ့ ဖိုဒါကို ဆံပင်အညိုရောင် ရှိပြီး ရွှေရောင် မျက်မှန် တပ်ထားတဲ့ အိုက်ဆင်ဂါ့ထ်ရဲ့ လက်ထောက်ဆီ ပေးလိုက်ပါတယ်။
“မစ္စတာ စုံထောက်... ကျွန်မတို့ ပေးတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ပစ်မှတ်ရဲ့ အလေ့အကျင့်နဲ့ လှုပ်ရှားမှုတွေကို ဖော်ထုတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
အရပ်သိပ်မရှည်ပေမဲ့ ဇီယိုဒါရက်ချာဟာ မတ်မတ်ထိုင်ပြီး အသံနက်နဲ့ ပြောတဲ့အခါ ဩဇာအာဏာ ရှိသွားပါတယ်။
အိုက်ဆင်ဂါ့ထ်ဟာ သူမကို စိုက်ကြည့်ပြီးနောက် လက်ထောက်ဆီက ဖိုဒါကို ယူလိုက်ပါတယ်။ အဲဒီနောက် ဖိုဒါကို ဖွင့်ပြီး အထဲက စာရွက်စာတမ်းတွေကို ထုတ်လိုက်ပါတယ်။
သူဟာ ဆေးတံကို ဘေးချပြီး စာရွက်စာတမ်းတွေကို တစ်ရွက်ပြီးတစ်ရွက် သေချာ ဖတ်ပါတယ်။
ဆယ်မိနစ်ကြာတဲ့အခါ ဒီလူကြီးမင်းဟာ ကုလားထိုင် လက်ရန်းကို ဖြည်းဖြည်းချင်း တောက်လိုက်ပါတယ်။
“ပစ်မှတ်က လေကို စွဲလန်းတယ်ဆိုတော့... ဖုန်မှုန်မြို့တော် ဘက်ကလင်ရဲ့ ညစ်ညမ်းတဲ့ နေရာတွေမှာ အချိန်အကြာကြီး နေမှာ မဟုတ်ဘူး... တခြားစကားနဲ့ ပြောရရင် သူက ဧကရီမြို့နယ်၊ အနောက်ပိုင်းမြို့နယ်၊ ဟေးစတင်မြို့နယ်၊ ချာဝတ်မြို့နယ် ဒါမှမဟုတ် မြောက်ပိုင်းမြို့နယ်ရဲ့ ဆင်ခြေဖုံးမှာ ရှိနေနိုင်တယ်...”
“ပစ်မှတ်က တစ်ရက်ကျော် လူသတ်ဖို့ လိုတဲ့ ကွင်းဆက် လူသတ်သမားဆိုတော့... သူ လုပ်နိုင်တဲ့ ယုတ္တိအရှိဆုံးအရာက သွားစရာနေရာမရှိတဲ့ အိမ်ရာမဲ့တွေကို ပစ်မှတ်ထားတာပဲ... ရဲတွေတောင် ဘက်ကလင်မှာ အိမ်ရာမဲ့ ဘယ်လောက်ရှိလဲဆိုတာ မှတ်တမ်း မရှိဘူး...”
“ပစ်မှတ်က အိမ်ရာမဲ့တွေ အများဆုံး ဖြစ်တဲ့ မြောက်ပိုင်းမြို့နယ် ဒါမှမဟုတ် ဘက်ကလင် တံတားနဲ့ မနီးလွန်း မဝေးလွန်းတဲ့ နေရာမှာ နေလိမ့်မယ်... သားကောင်တွေနားမှာ နေပြီး ပစ်မှတ်ရှာတာက ပါးနပ်လိမ္မာမှု မရှိတဲ့ အပြုအမူပဲ... ဒါက မင်းတို့တွေ စောစောက ပြောတာနဲ့ ဆန့်ကျင်နေတယ်... ပစ်မှတ်က လူသတ်ဖို့ အချိန်အများကြီး သုံးပြီး သားကောင် ရှာရမယ်ဆိုရင် စိတ်မထိန်းနိုင်ဘဲ ပြစ်မှုတွေ ကျူးလွန်နိုင်တယ်... ဒီလိုဆို သူ ပေါ်ဖို့ လွယ်သွားလိမ့်မယ်...”
“ပစ်မှတ်က အတွေ့အကြုံရှိတဲ့ သင်္ဘောသား... ရေကျွမ်းတယ်ဆိုတော့... ရေနဲ့ သိပ်ဝေးတဲ့နေရာမှာ နေမှာ မဟုတ်ဘူး... ဒါမှ တစ်ခုခု ဖြစ်လာရင် အမြန်ဆုံး ထွက်ပြေးနိုင်လိမ့်မယ်...”
...
“နိဂုံးချုပ်ရရင် ငါတို့တွေ ပစ်မှတ် လှုပ်ရှားနိုင်တဲ့ နယ်ပယ်ကို အကြမ်းဖျင်း ကောက်ချက် ချနိုင်ပြီ... သူက ဘက်ကလင် တံတားနဲ့ နီးတဲ့ တစ်နေရာရာမှာ နေနိုင်တာ ဖြစ်နိုင်တယ်... ထာ့ဆစ်ကမ်းခြေနဲ့ နီးတဲ့ အနောက်ပိုင်းမြို့နယ် ဒါမှမဟုတ် ချာဝတ်မြို့နယ်ထဲမှာလည်း ဖြစ်နိုင်တယ်...”
…
“ငါ မင်းတို့ပေးတဲ့ အချက်အလက်တွေကနေ ဒီလောက်ပဲ တွက်ထုတ်နိုင်တယ်”
ဇီယိုနဲ့ ဖာ့စ်ဟာ အိုက်ဆင်ဂါ့ထ်ပြောတာ အကုန်လုံး နားမလည်ပေမဲ့ သူ့တွက်ချက်မှုက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒါကြောင့် ဇီယိုနဲ့ ဖာ့စ်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းညိတ်လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ စာရွက်စာတမ်းတွေကို ပြန်ယူပြီး ထွက်သွားဖို့ မတ်တတ် ရပ်လိုက်ပါတယ်။
သူ့လက်ထောက်က မိန်းမပျိုနှစ်ယောက်ကို လိုက်ပို့တဲ့အတွက် အိုက်ဆင်ဂါ့ထ်ဟာ စွပ်ကျယ် အိတ်ကပ်ထဲက ကြေးပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပါတယ်။ ဒီဟာက ပွင့်နေတဲ့ စာအုပ်တစ်အုပ်ပါ။ စာအုပ်ရဲ့ အလယ်မှာတော့ ဒေါက်လိုက် မျက်လုံးတစ်လုံး ရှိနေပါတယ်။
အိုက်ဆင်ဂါ့ထ်ဟာ ကုလားထိုင်ကို လှုပ်လိုက်ပြီး ဒီပစ္စည်းကို လက်နဲ့ပွတ်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။
“ခီးလုံဂို့စ်က ဘက်ကလင်ထဲ စိမ့်ဝင်လာတာလား”
...
ဖရစ်ဆိပ်ကမ်းရဲ့ မြေအောက်ခန်းတစ်ခန်း။
လူဇောက်ထိုး အယ်ဂျာဟာ ကုလားထိုင်မှာ ထိုင်ပြီး ရုန်းကန်နေတဲ့လူကို အေးစက်စွာ ကြည့်နေပါတယ်။
ဒီလူက သင်္ဘောသားလို ဝတ်ဆင်ထားပြီး အပြာဖျော့ရောင် ရေအလွှာတစ်လွှာက သူ့ခေါင်းကို လွှမ်းခြုံထားပါတယ်။ အသက်အောင့်ထားရတာကြောင့် သူ့မျက်နှာဟာ ပန်းရောင်သမ်းနေပါတယ်။
သူဟာ သူ့မျက်နှာပေါ်က ရေအလွှာကို လက်နှစ်ဖက်နဲ့ ကုတ်ခြစ်ပေမဲ့ ရေစက်တွေ စင်အောင် လုပ်နိုင်ရုံကလွဲပြီး ဘာမှ မထူးခြားပါဘူး။
နောက်ဆုံးမှာ သူဟာ အသက်အောင့်မထားနိုင်တော့ဘဲ အညံခံတဲ့ လက္ခဏာ ပြပါတယ်။
အယ်ဂျာဟာ ပြုံးပြီး လက်ခုပ်တီးလိုက်တဲ့အခါ ပါးလွှာတဲ့ ရေအလွှာဟာ ရေစက်တွေအဖြစ် ပြောင်းလဲပြီး အောက်ပြုတ်ကျသွားပါတယ်။
သင်္ဘောသားဟာ အသက်ဝအောင် ရှူပြီး ချောင်းတဟွတ်ဟွတ် ဆိုးပါတယ်။ အူတွေအသည်းတွေ အန်ထွက်မတတ်ကို ဆိုးတာပါ။
အဲဒီလူ ပုံမှန် ပြန်ဖြစ်တာကို စောင့်ပြီးနောက် အယ်ဂျာဟာ နောက်မှီလိုက်ပါတယ်။ အဲဒီနောက် အရူးရဲ့ အေးချမ်း တည်ငြိမ်တဲ့ အသံကို အတုခိုးပြီး...။
“ခီးလုံဂို့စ်က ဘက်လင်ကို ဘာကိစ္စနဲ့ သွားတာလဲ”
“သူ... သူက အဲဒီကို တာဝန်တစ်ခု သွားလုပ်တာ... အသေးစိတ်တော့ ကျွန်တော်လည်း မသိဘူး” ပင်လယ်ဓားပြဟာ ခုခံလိုစိတ် လုံးဝ မရှိတော့ပါဘူး။ သူဟာ ရိုးရိုးသားသား အဖြေပေးပါတယ်။
“ကျွန်တော် သိတာဆိုလို့ အဲဒီမှာ သူ လိုချင်တဲ့ အရာတစ်ခု ရကောင်း ရနိုင်တယ် ဆိုတာပဲ... ခီးလုံဂို့စ်က ကျွန်တော်တို့ရှေ့မှာ တစ်ခါ ကြွားဖူးတယ်... သူ ဒီတာဝန်ကို အောင်မြင်လို့ဆိုရင် သူ အချိန်အကြာကြီး မျှော်လင့်ထားခဲ့တဲ့ အရာတစ်ခုကို ရနိုင်လိမ့်မယ်တဲ့... ပင်လယ်ဓားပြဘုရင် လေးပါးက ငါးပါး ဖြစ်လာလိမ့်မယ်တဲ့”
‘သူ အချိန်အကြာကြီး မျှော်လင့်ထားခဲ့တဲ့အရာ...’ အယ်ဂျာဟာ မျက်မှောင်ကြုတ်သွားပြီး အတွေးနက်သွားပါတယ်။
...
ကလိုင်းဟာ တနင်္လာ မနက်ခင်းမှာ မနားပါဘူး။ သူ့အစီအစဉ်အတိုင်း ထင်းဂန်မြို့ထဲက မီးခိုးခေါင်းတိုင်နီ အိမ်တွေကို ဆက်ပြီးတော့ စုံစမ်းပါတယ်။ ကံမကောင်းချင်တော့ သူ ရှာချင်တဲ့အိမ်ကို ရှာမတွေ့ပါဘူး။
သူဟာ နေ့ခင်းရောက်ခါနီးမှာ အိမ်ပြန်ပါတယ်။ မနေ့က ညစာအကျန်တွေကို ပြန်နွေးပြီး ပေါင်မုန့်နဲ့ စားကာ တစ်နာရီ မှေးပါတယ်။
သုံးနာရီထိုးဖို့ မိနစ်နှစ်ဆယ် အလိုမှာ ကလိုင်းဟာ စာအုပ်ကို အောက်ချပြီး သူ့အိပ်ခန်းကို စိတ်ဝိညာဉ်တံတိုင်းနဲ့ ချိပ်ပိတ်ကာ မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကထဲ ဝင်ပါတယ်။
သူဟာ ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးမှာ ထိုင်ပြီး သူ့နှလုံးခုန်သံကို ဂရုမစိုက်ဘဲ နေမင်းကို ကိုယ်စားပြုတဲ့ ကြက်သွေးရောင်ဆီ လက်ဆန့်လိုက်ပါတယ်။
ငွေမြို့တော်။
ဒဲရစ်ဘာ့ဂ်ဟာ လေ့ကျင့်ရေးကွင်းမှာ ချွေးသံတရွှဲရွှဲနဲ့ လေ့ကျင့်နေပါတယ်။ ရုတ်တရက်ဆိုသလို သူ့မြင်ကွင်းဟာ ဝေဝါးသွားပြီး မြူခိုးတွေ ပေါ်လာပါတယ်။ သူဟာ မြူခိုးတွေရဲ့ နက်ရှိုင်းတဲ့ တစ်နေရာက အထက်စီးမှာ ထိုင်နေတဲ့ အရူးကို မြင်လိုက်ရပါတယ်။
သူဟာ အေးခဲသွားပြီး သူလုပ်နေတာ အကုန်လုံး ရပ်ကာ ဦးညွှတ်လိုက်ပါတယ်။
ပုံရိပ်ယောင် ပျောက်ကွယ်သွားတဲ့အခါ သူဟာ သူ့နှလုံးခုန်သံကို တိတ်တဆိတ် ရေတွက်ပြီး ငွေဓားကို ဆွဲကာ နားတဲ့နေရာဆီ ခပ်သုတ်သုတ် လျှောက်သွားပါတယ်။
နှလုံးခုန်ကြိမ် တစ်ထောင် ပြည့်သွားတဲ့ အခါမှာတော့ သူဟာ ရေချိုးခန်းထဲဝင်ပြီး တစ်ယောက်တည်း ဖြစ်သွားပါတယ်။
အသက်ရှူကြိမ် ဆယ်ကြိမ် ကြာတဲ့အခါမှာတော့ အနီရောင်အလင်းဟာ ကြီးထွားလာပြီး သူ့ကို ရုတ်ခြည်း ဝါးမျိုသွားပါတယ်။
မီးခိုးရောင်မြူခိုးထက်မှာ ကလိုင်းဟာ နောက်မှီထိုင်ပြီး ဘယ်အံသွားကို နှစ်ချက်ကိုက်ကာ စိတ်ဝိညာဉ်အာရုံ ဖွင့်လိုက်တဲ့အခါ နေမင်းရဲ့ အီသာခန္ဓာကိုယ်ထဲက နက်ရှိုင်းတဲ့ တစ်နေရာမှာ ရှိနေတဲ့ စွန်းထင်းအရောင်က အရုဏ်ဦးလိုမျိုး သန့်စင်သွားတာ တွေ့လိုက်ရတာကြောင့် ပြုံးပြီး...။
“ဂုဏ်ယူပါတယ် မစ္စတာ ကဗျာစာဆို”
တစ်ချိန်တည်းမှာပဲ နေမင်းရဲ့ ကုလားထိုင်နောက်က ကြယ်တွေဟာ လျင်လျင်မြန်မြန် ရွှေ့လျားပြီး နေမင်းသင်္ကေတ ဖြစ်သွားတာ တွေ့လိုက်ရပါတယ်။
‘ငါ့စိတ်ဆန္ဒမပါဘဲ ပြောင်းလဲသွားတယ်... နေမင်းရဲ့ ရောင်ပြန်လိုပဲ... ငါ ဖန်တီးထားတဲ့ နန်းတော်၊ စားပွဲ၊ ကုလားထိုင်နဲ့ ပစ္စည်းတွေကလွဲရင် တခြားဟာတွေက ငါ ဒီလောကကနေ ထွက်သွားတာနဲ့ ပျောက်ကွယ်သွားတယ်... ဒါပေမဲ့ ဒီသင်္ကေတတွေက မပျောက်ဘူးဆိုတော့ တော်တော်လေး ထူးခြားတယ်... ဒီမီးခိုးရောင်မြူခိုးထက်က ဆန်းကြယ်လောကမှာ သေချာပေါက် လျှို့ဝှက်ချက်တွေ ရှိနေတယ်’ ကလိုင်းဟာ ဟန်မပျက်ထိုင်ရင်း စဉ်းစားသုံးသပ်ပါတယ်။
ဒဲရစ်ဟာ ခေါင်းငုံ့ပြီး ခြေသုတ်ပုဆိုးလို ဖြေပါတယ်။
“ဒါတွေ အကုန်လုံးက အရှင်ရဲ့ ကူညီမှုကြောင့်ပါ... ဒါက အစပဲ ရှိပါသေးတယ်”
သူဟာ အရူးက သူ ဆေးရည် သောက်ထားတယ်ဆိုတာ သိနေလို့ မအံ့ဩပါဘူး။
ကလိုင်းဟာ ငွေရောင် အိတ်ဆောင်နာရီကို ထုတ်ပြီး နာရီကြည့်ကာ တစ်ချက် ရယ်ပါတယ်။
“အဲဒါဆို ငါတို့ရဲ့ တွေ့ဆုံပွဲကို စလိုက်ကြရအောင်... ကြိမ်နှုန်းကို မှတ်ထားချည်... တွေ့ဆုံပွဲတွေကြားက ကွာဟမှုက နောက်လည်း အတူတူလောက်ပဲ”
စကားပြောနေရင်းနဲ့ ကလိုင်းဟာ တရားမျှတမှုနဲ့ လူဇောက်ထိုးကို ကိုယ်စားပြုတဲ့ ကြယ်သွေးရောင် ကြယ်တွေနဲ့ ဆက်သွယ်ပြီး သူတို့ကို ခမ်းနားထည်ဝါတဲ့ နန်းတော်ထဲ ဆွဲသွင်းလိုက်ပါတယ်။
အော်ဒရီဟာ သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီးနောက် ချက်ချင်း နှုတ်ဆက်ပါတယ်။
“မင်္ဂလာ နေ့လည်ခင်းပါ မစ္စတာအရူး... ကျွန်မဆီမှာ ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီ တစ်ရွက် ပါတယ်”
“မင်္ဂလာ နေ့လည်ခင်းပါ မစ္စတာ နေမင်း... မနောဆက်သမား ဖော်မြူလာကို ရပြီလား မသိဘူး”