ကြိုတင်ပြင်ဆင် အောင်ပွဲဝင်
Vol. 16 Ch. 158
‘မစ္စတရားမျှတမှုက အမြဲတမ်း ရွှင်လန်း တက်ကြွနေတာပဲ... ဘယ်လောက်တောင် အားကျစရာကောင်းလိုက်လဲ... ငါလည်း အဲဒီလို ဖြစ်ချင်လိုက်တာ...’ သူမရဲ့ ရွှင်ပျတဲ့ နှုတ်ဆက်သံကို ကြားလိုက်ရတဲ့အခါ ကလိုင်းဟာ တသသနဲ့ သက်ပြင်းချမိလိုက်ပါတယ်။
အဲဒီနောက် သူဟာ မစ္စတရားမျှတမှုက ပေါင်တစ်ထောင်ကို အလွယ်လေး ထုတ်သုံးနိုင်တာ သတိရသွားပြီး သူမလိုမျိုး ရွှင်ရွှင်လန်းလန်း နေဖို့က ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ သဘောပေါက်သွားပါတယ်။
နေမင်းဖြစ်တဲ့ ဒဲရစ်ဘာ့ဂ်ဟာ လူငယ်လေးမလို့ သူ့ဂုဏ်သတင်းကို တော်တော် ဂရုစိုက်ပါတယ်။ အဲဒါကြောင့် ချက်ချင်း ပြန်ဖြေပါတယ်။
“ကျွန်တော် မနောဆက်သမား ဖော်မြူလာကို ရထားပြီးပြီ”
ပြီးခဲ့တဲ့အပတ်မှာ သူဟာ သူ့မိဘတွေ ချန်ထားခဲ့တဲ့ အမွေကို ရှင်းလင်းခဲ့ပါတယ်။ မြေအိမ်ရာ အဆောက်အအုံ၊ ပရိဘောဂနဲ့ အမှတ်တရ ပစ္စည်းတချို့ကလွဲရင် ကျန်တဲ့ တန်ဖိုးရှိ ပစ္စည်းအကုန်လုံးကို ငွေမြို့တော်ရဲ့ မှောင်ခိုဈေးဆီ ယူသွားပြီး မနောဆက်သမား ဖော်မြူလာ၊ ကဗျာစာဆို ဆေးရည်ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ လဲလှယ်ခဲ့ပါတယ်။ အခုအချိန်မှာ သူ့အတွက် စားစရာက ခွဲတမ်းရတဲ့ ရိက္ခာပဲ ရှိပါတော့တယ်။
သို့ပေမဲ့ သူဟာ ဒီအခြေအနေက သိပ်မကြာဘူးလို့ ယုံကြည်ပါတယ်။ သူ တိုက်ခိုက်ရေး စာမေးပွဲကို အောင်မြင်တာနဲ့ မြို့စွန် အမှောင်ထုထဲက အရာတွေကို ရှင်းလင်းတဲ့ အဖွဲ့ထဲ ဝင်မှာပါ။ အဲဒီမှာက လုပ်ခ တော်တော်လေး ကောင်းပါတယ်။
‘ငါ စွမ်းအား ပိုကြီးလာတဲ့အခါကျရင် လက်ရွေးစင်အဖွဲ့ထဲဝင်ပြီး အမှောင်ထုရဲ့ နက်ရှိုင်းတဲ့ အပိုင်းကို စူးစမ်းလေ့လာရမယ်... ကျိန်စာကို ဖယ်ရှားဖို့ နည်းလမ်းရှာရမယ်...’ ဒဲရစ်ဟာ မျှော်လင့်ချက်နဲ့ ရှေ့ရေးကို တွေးရင်း မြူခိုးတွေ ဖုံးအုပ်နေတဲ့ အရူးကို ကြည့်လိုက်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ တစ်ကြိမ်တုန်းက မစ္စတရားမျှတမှုဟာ မစ္စတာအရူးကို တောင်းဆိုမှု လုပ်ပြီးတာနဲ့ အမျိုးအမည်မသိ ရစ်ဆဲလ် ဒိုင်ယာရီ တစ်ရွက်ကို လေထဲကနေ ပေါ်လာအောင် လုပ်ခဲ့တယ်ဆိုတာ သတိထားမိပါတယ်။ ဒဲရစ်ဟာ ဘာဖြစ်သွားလဲဆိုတာ နားမလည်ပေမဲ့ မစ္စတာအရူးကို လှမ်းကြည့်တာက ပိုကောင်းတယ်လို့ ခံစားမိပါတယ်။
“ပထမဆုံး ဖော်မြူလာကို ခေါင်းထဲမှာ ပြန်တွေးချည်... ပြီးရင် မင်းရှေ့က ဖော့ပင်ကို ယူပြီး မင်းရဲ့ အတွေးတွေကို ချရေးချင်တယ်လို့ စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ တွေးယူ” ကလိုင်းဟာ ကုလားထိုင်မှာ အေးအေးလူလူ နောက်မှီလိုက်ပါတယ်။
နေမင်းက နတ်ဘုရား စွန့်ပစ်နယ်မြေ ဖြစ်နိုင်တဲ့ ငွေမြို့တော်ကနေ လာတာ ဖြစ်တဲ့အတွက် သူ့ရှေ့မှာပေါ်လာတဲ့ ဖော့ပင်က ဖောင်တိန်ဖော့ပင် မဟုတ်ပါဘူး။ ငန်းမွေး ကလောင်တံပါ။
အဲဒီလိုဆိုပေမဲ့ မှင်ကတော့ လုံးဝ မရှိပါဘူး။
ဒဲရစ်ဟာ အရူးရဲ့ စကားကို သံသယ မဝင်ရဲတဲ့အတွက် သူ့လက်နားမှာ ပေါ်လာတဲ့ ငန်းကလောင်တံကို ချက်ချင်း ဆုပ်ကိုင်လိုက်ပါတယ်။ အဲဒီနောက် သူဟာ အရူးရဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်တဲ့အခါ သူ့ရှေ့က အညိုရောင် သိုးသာရေ စာရွက်မှာ စက္ကန့်ပိုင်းအတွင်း မနောဆက်သမား ဖော်မြူလာ ပေါ်လာတာ တွေ့လိုက်ရပါတယ်။
ဒဲရစ်ဟာ ဖော်မြူလာကို နှစ်ကြိမ် စစ်ဆေးပြီးနောက် မစ္စတရားမျှတမှုဆီ တွန်းပို့လိုက်ပါတယ်။
အော်ဒရီဟာ ဝမ်းသာအားရနဲ့ သိုးသားရေ စာရွက်ကို ယဉ်ယဉ်ကျေးကျေး ယူပါတယ်။ သူမဟာ သိုးသားရေ စာရွက်ကို တစ်ချက် ကြည့်လိုက်တဲ့အခါ ကလိုင်း ဘာသာပြန်ပေးထားတဲ့ စကားလုံးတွေက သူမရဲ့ မြင်ကွင်းထဲမှာ ပေါ်လာပါတယ်။
“အဓိက ပါဝင်ပစ္စည်း - ငရဲတစ္ဆေဒရိတ်ရဲ့ ပစ်ကျူထရီဂလင်း၊ ဟက်စပက်တာယုန် ၁၀ မီလီလီတာ”
“ဖြည့်စွက်ပစ္စည်း - ...”
‘ငါ တစ်ခါမှာ မကြားဖူးတဲ့ အဓိက ပါဝင်ပစ္စည်းပဲ... အင်း... ငါ ဗဟုသုတ နည်းသေးတာပဲ’ ဖာ့စ်နဲ့ ဇီယိုဆီကနေ သာလွန်ပါဝင်ပစ္စည်း အမျိုးမျိုးရဲ့ နာမည်တွေကို ကြိုးစားလေ့လာနေတဲ့ အော်ဒရီဟာ အတွေးထဲ မျောသွားပါတယ်။
သူမဟာ ဒီလိုအချိန်မျိုးမှာဆိုရင် ပွဲကြည့်သမားတစ်ယောက်က ဘယ်လို နေထိုင်သင့်လဲ ဆိုတာတောင် မေ့သွားပါတယ်။
အော်ဒရီဟာ ရုတ်တရက် တတောက်တောက်သံ ကြားလိုက်ရတဲ့အတွက် ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးထိုင်ခုံကို လှမ်းကြည့်မိလိုက်တဲ့အခါ မစ္စတာအရူးက စားပွဲစွန်းကို လက်ညိုးနဲ့ တောက်ပြီး သူမကို ခေါင်းတစ်ချက် ညိတ်ပြတာ တွေ့လိုက်ရပါတယ်။
‘ဘာလဲဟ...’ အော်ဒရီဟာ ခေါင်းရှုပ်ပြီး ငေးကြောင်ကြောင် ဖြစ်သွားပါတယ်။
သူမဟာ အကျိုးအကြောင်း မေးဖို့ ပြင်လိုက်စဉ်မှာပဲ မနောဆက်သမား ဖော်မြူလာက အနည်းငယ် ပြောင်းလဲသွားတာကို မျက်လုံးထောင့်ကနေ မြင်လိုက်ရပါတယ်။ ပါဝင်ပစ္စည်းတချို့ရဲ့ ဘေးမှာ မှတ်ချက် တချို့ ပေါ်လာပါတယ်။
“အဓိကပါဝင်ပစ္စည်း - ငရဲတစ္ဆေဒရိတ်ရဲ့ ပစ်ကျူထရီဂလင်း (သက်တန့် ကင်းလိပ်ချောလို့လည်း ခေါ်တယ်)၊ ဟက်စပက်တာယုန် ၁၀ မီလီလီတာ (ဖာ့စ်မန်းယုန်လို့လည်း ခေါ်တယ်)”
“ဖြည့်စွက်ပစ္စည်း...”
‘ငါ ဒါတွေအကုန်လုံးကို သိတယ်’ အော်ဒရီဟာ ပထမတော့ ကြက်သေသေသွားပြီးနောက် စိတ်ထဲနှလုံးထဲကနေ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပါတယ်။
“မစ္စတာအရူး ကျေးဇူးပါပဲ... လူကြီးမင်းက တကယ်ကို အသိပညာ ဗဟုသုတ ကြွယ်ဝပါပေတယ်” သူမဟာ ထိပ်ဆုံးထိုင်ခုံကို လှမ်းကြည့်ပြီး စိတ်ရင်းနဲ့ ချီးကျူးပါတယ်။
လူဇောက်ထိုး အယ်ဂျာဟာ ဘာဖြစ်သွားလဲ မသိပေမဲ့ တရားမျှတမှု ပြောတဲ့ စကားအပေါ် တော်တော်လေးကိုမှ သဘောမတူနိုင်အောင် ဖြစ်သွားရပါတယ်။
‘နတ်ဘုရားလိုမျိုး တည်ရှိမှုကို ဘယ်လိုလုပ်ပြီး ဗဟုသုတ ကြွယ်တယ်လို့ သုံးနှုန်းရတာလဲ’
‘သူ့တည်ရှိမှု တစ်ခုတည်းနဲ့တင် အသိပညာ ဗဟုသုတနဲ့ အတိုင်းအတာ တစ်ခုအထိ ညီမျှနေပြီ’
ကလိုင်းဟာ မစ္စတရားမျှတမှုရဲ့ ချီးမွမ်းထောပနာ ပြုမူကို စိတ်စနိုးစနောင့် မဖြစ်ဘဲ လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ ဒီလိုလုပ်နိုင်တာက စိတ်ပညာ အဂ္ဂိရတ်သမားတွေဆီကနေ မနောဆက်သမား ဖော်မြူလာကို တိုက်တိုက်ဆိုင်ဆိုင် ရလာခဲ့လို့ မဟုတ်ပါဘူး။ ကြိုတင် လေ့လာထားတာကြောင့်ပါ။
သူဟာ နေမင်းကို တဲရော့ကလပ်ထဲ ဆွဲသွင်းပြီးကတည်းက ဒီလိုပြဿနာမျိုးတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်တဲ့အနေနဲ့ ရှေးဟောင်း ဝေါဟာရတွေကို အဆက်မပြတ် လေ့လာခဲ့ပါတယ်။ အဲဒါကြောင့် ဒက်တာ ဂျူဒေးရီယန်က မနောဆက်သမား ဖော်မြူလာကို အချိန်မီ မရခဲ့ရင်တောင် သူဟာ ဒီမှတ်ချက်ကို အလွယ်လေး ပေးနိုင်ပါတယ်။ နောက်ပြီးတော့ အရင်က တွက်ချက်မှုနဲ့ အခု နှိုင်းယှဉ်မှုအရ မနောဆက်သမား ဖော်မြူလာ နှစ်ခုစလုံးက မှန်ကန်တယ်ဆိုတာ သေချာပါတယ်။
‘အဲဒါကြောင့် ကြိုတင်ပြင်ဆင် အောင်ပွဲဝင် ဆိုပြီး ဆိုရိုး ရှိတာ...’ ကလိုင်းဟာ ဘဝင်ခိုက်သွားပါတယ်။
အော်ဒရီဟာ မနောဆက်သမား ဖော်မြူလာကို သုံးလေးခါ ထပ်ကြည့်ပြီးနောက် သူမအကြည့်ကို စိတ်မပါဘဲ ဇက်ကြိုးသတ်လိုက်ပါတယ်။ အဲဒီနောက် သူမဟာ ရစ်ဆဲလ် ဒိုင်ယာရီကို စာရွက်တစ်ရွက်ပေါ်မှာ လှိုက်လှိုက်လှဲလှဲ တွေးယူလိုက်ပါတယ်။
အဲဒီနောက် သူမဟာ ဖော့ပင်ကို အောက်ချပြီး မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ အရူးကို ကြည့်လိုက်ပါတယ်။
“ဒီဒိုင်ယာရီစာရွက်အပြင် ကျွန်မ နောက်ထပ် ပေါင် ၃၀၀ ထပ်ပေးပါ့မယ်... ပေါင် ၃၀၀ ဆို အဆင်ပြေမလား မသိဘူး”
သူမဟာ မျက်နှာ နည်းနည်း ပူနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမအတွက် ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီ စာရွက်သုံးရွက်က ပေါင် ၂၀ ပဲ ကျပြီး ဆုံမှတ် ၈ ချင်းတူတဲ့ ကိုယ်စားပြုအရာရှိ ဖော်မြူလာက ပေါင် ၄၅၀ ကျလို့ပါပဲ။
တခြားစကားနဲ့ ပြောရရင် သူမဟာ ဒိုင်ယာရီ သုံးရွက်အပြင် နောက်ထပ် ပေါင် ၄၃၀ ထပ်ပေးရပါမယ်။
သို့ပေမဲ့ အော်ဒရီဟာ သူမ ရစ်ဆဲလ် ဒိုင်ယာရီရဲ့ စာရွက်သုံးရွက်ကို ဒီဈေးနဲ့ ရခဲ့တာက ကံကောင်းတယ်လို့ ယူဆပါတယ်။ ရောင်းသူက ဈေးမသိလို့ အနိမ့်ဈေးနဲ့ ဝယ်နိုင်ခဲ့တာပါ။
‘ဧကရာဇ်ရစ်ဆဲလ် ဒိုင်ယာရီက တစ်ရွက်ကို အနည်းဆုံး ပေါင် ၅၀ ကျတယ်’ အော်ဒရီဟာ လက်သီးဆုပ်ပြီး သူ့ကိုယ်သူ အားပေးပါတယ်။
‘ပေါင် ၃၀၀... ဒီနေ့အထိ ငါ အဲဒီလောက်ပိုက်ဆံကို လူကြီးမင်း ဒူဝီဗိုဆီမှာပဲ မြင်ဖူးသေးတယ်...’ ကလိုင်းဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပေမဲ့ အပြင်ပန်းမှာတော့ ပိုက်ဆံကို ဂရုမစိုက်ဟန်ဆောင်ကာ ခေါင်းညိတ်လိုက်ပါတယ်။
“သင့်လျော်တဲ့ အပေးအယူပဲ”
“ဒါက ငါ့ကို ယုံကြည်လေးစားသူရဲ့ သတင်းအချက်အလက်ပဲ”
သူဟာ အရူးရဲ့ ပုံရိပ်ကို ထိခိုက်စေမှာ စိုးတဲ့အတွက် ‘ဘက်ကလင်ဘဏ်’ ‘အမည်မဲ့အကောင့်’ စတဲ့ အသုံးအနှုန်းတွေကို နှုတ်နဲ့ မပြောပါဘူး။ အော်ဒရီရှေ့က သိုးသားရေ စာရွက်ပေါ်မှာ ပေါ်လာအောင်ပဲ လုပ်လိုက်ပါတယ်။
ကလိုင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မီးခိုးခေါင်းတိုင်နီ အိမ်တွေကို စုံစမ်းရင်း ထင်းဂန်မြို့က ဘက်ကလင်ဘဏ်ခွဲကို သွားခဲ့ပါတယ်။ သူဟာ အဲဒီမှာ သူ့ကိုယ်သူ ရုပ်ဖျက်ပြီး အမည်မဲ့အကောင့် တစ်ကောင့် ဖွင့်ခဲ့ပါတယ်။
ဒီအကောင့်က ဘယ်ဘက်ကလင်ဘဏ်ခွဲကမဆို ငွေသားထုတ်ယူဖို့ ဘဏ်အကောင့် နံပါတ်နဲ့ စကားဝှက်ကို မှတ်ထားဖို့ပဲ လိုပါတယ်။
တကယ်လို့ ဒါကို မလုံခြုံဘူးထင်ရင် လက်မှတ်နဲ့ လက်ဗွေရာ အတည်ပြုတဲ့ အဆင့်ကို ထပ်ထည့်ဖို့ တောင်းဆိုလို့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် ပိုပြီးတော့ အလုပ်ရှုပ်ပါတယ်။ ကလိုင်းဟာ သူ ဘယ်သူလဲဆိုတာ လုံးဝ လျှို့ဝှက်ချင်တဲ့အတွက် စကားဝှက်ပဲ ထားပါတယ်။
စကားဝှက်က “ဒီခေတ်က မပိုင်ဆိုင်တဲ့အရူး၊ မီးခိုးရောင် မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် စိုးမိုးသူ၊ ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်” ဆိုတာကို ရှေးဟောင်း ဟာမီးနဲ့ ရေးထားတာပါ။
ရှေးဟောင်းဟာမီးဟာ သူ့ဘာသာစကားကိုက အစီအရင်တွေနဲ့ ဆုတောင်းပွဲတွေမှာ အသုံးပြုနိုင်ပါတယ်။ အဲဒါကြောင့် ဒီစကားဝှက်ကို ခိုးယူတဲ့လူက သူ့နာမည်ကို ရွတ်ဆိုတာနဲ့ အတူတူပါပဲ။ အဲဒါဆိုရင် သူဟာ အချက်ပြတာကို ချက်ချင်း လက်ခံရရှိပြီး သူ့ပိုက်ဆံတွေကို ဘယ်သူခိုးလဲ ဆိုတာ မီးခိုးရောင်မြူခိုးထက်ကနေ အေးဆေး ရှာဖွေနိုင်မှာပါ။
ကလိုင်းဟာ သူ စဉ်းစားလို့ရတဲ့ ဒီအကြံကို တော်တော်လေး ကျေနပ်အားရပါတယ်။ သို့ပေမဲ့ မကောင်းတာ တစ်ခုတော့ ရှိပါတယ်။ အဲဒါက အရူးရဲ့ တည်ရှိမှုကို မဆိုစလောက် ပေါ်သွားစေနိုင်တာပါ။ ဒါပေမဲ့ ဒီစွန့်စားမှုက လက်သင့်ခံနိုင်တဲ့ အတိုင်းအတာထဲမှာ ရှိပါတယ်။
အော်ဒရီဟာ ဒိုင်ယာရီစာရွက်ကို မစ္စတာအရူးဆီ တွန်းပေးပြီး အရူးကို ယုံကြည်လေးစားသူရဲ့ သတင်းအချက်အလက်တွေ ပါတဲ့ သိုးသားရေ စာရွက်ကို ယူလိုက်ပါတယ်။ သိုးသားရေ စာရွက်ပေါ်မှာ ရေးထားတာက ဘက်ကလင်ဘဏ်နဲ့ နံပါတ်တချို့ပါ။ ဒါကိုကြည့်ပြီး အမည်မဲ့အကောင့်ဆိုတာ အော်ဒရီ သိလိုက်ပါတယ်။
‘မစ္စတာအရူးကို ယုံကြည်လေးစားသူက ယောက်ျားလား မိန်းမလား... ဘယ်ဆုံမှတ်ကို ရောက်နေပြီလဲ မသိဘူး... အင်း... သူက တော်တော်လေး စွမ်းအားကြီးရမယ်... အနည်းဆုံး နောက်တန်းဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ်ထက် စွမ်းအားနည်းမှာ မဟုတ်ဘူး...’ အော်ဒရီဟာ ရောက်တက်ရာရာ လျှောက်မတွေးဘဲ မနေနိုင်ပါဘူး။
ဒါပေမဲ့ သူမဟာ အာရုံကို မြန်မြန် ပြန်စုစည်းပြီး အမည်မဲ့ ဘဏ်အကောင့်ကို အလွတ်မှတ်ပါတယ်။
အဲဒီအချိန်မှာပဲ သူမဟာ အရူးရဲ့ တိုးညင်း ညင်သာတဲ့ အသံကို ကြားလိုက်ရပါတယ်။
“အဲဒီလောက်ထိ အလုပ်ရှုပ်ခံစရာ မလိုဘူး... အိမ်ပြန်ရောက်ရင် ငါ့နာမည်ကို ရွတ်လိုက်... သတင်းအချက်အလက်တွေကို လက်တန်း ချရေးနိုင်လိမ့်မယ်”
‘ငါ မီးခိုးခေါင်းတိုင်နီ မြင်ကွင်းကို တွက်ချက်မှုနဲ့ ဆွဲသလိုပေါ့... အကောင့်နံပါတ်က အရေးကြီးတယ်... မှားသွားရင် ငါ တစ်ပြားမှ ရမှာ မဟုတ်ဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ ဖြည့်ပြောပါတယ်။
‘အဲဒီလိုလည်း လုပ်လို့ရတာပဲလား... မစ္စတာအရူးရဲ့ စကားကို နားထောင်ရတာ တော်တော် ယုံကြည်ချက်ရှိပုံပဲ... သူက နတ်ဘုရားလို တည်ရှိမှုလို့ မပြောရဘူး... ဒီလိုမျိုးတောင် လုပ်နိုင်တယ်...’ အော်ဒရီဟာ ပထမတော့ ကြက်သေသေသွားပေမဲ့ အဲဒီနောက်တော့ အရာအားလုံးက ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားလိုက်ရပါတယ်။
‘အဲဒါဆို ငါ အရင်တုန်းက ဖော်မြူလာကို ဘာဖြစ်လို့ အလွတ်မှတ်ရတာလဲ’ အော်ဒရီဟာ ရုတ်တရက်ဆိုသလို ခေါင်းရှုပ်သွားပါတယ်။
အဲဒီအချိန်မှာ ကလိုင်းဟာ ရစ်ဆဲလ် ဒိုင်ယာရီကို လက်နဲ့ ကိုင်လိုက်ပါတယ်။ ဒါပေမဲ့ သူဟာ ချက်ချင်း မဖတ်သေးဘဲ နေမင်းကို ကြည့်ကာ လေသံအေးနဲ့ မေးပါတယ်။
“နစ်နာကြေးအနေနဲ့ ဘာလိုချင်လဲ”
ဒဲရစ်ဟာ လေးလေးနက်နက် တွေးလိုက်ပြီး။
“အခု လောလောဆယ်တော့ ကျွန်တော် အသည်းအသန် လိုချင်တာ မရှိသေးဘူး... ကျွန်တော် ကဗျာစာဆို ဆေးရည်ကို သိပ်မကြာခင် ချေဖျက်နိုင်တော့မှာ... အဲဒီတော့မှ ကျွန်တော်ရဲ့ နစ်နာကြေးကို တောင်းချင်တယ်... အင်း... အဆင့်တက် ဆုံမှတ် ၈ ဖော်မြူလာ ဒါမှမဟုတ် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ရရင်တော့ လိုချင်တယ်... ကြိုပြီးတော့ ပြင်ဆင်ထားချင်လို့”
‘ဆုံမှတ် ၈ အလင်းတောင်းသမားက ငါ့ဆီမှာ ရှိတယ်... ဒါပေမဲ့ ပါဝင်ပစ္စည်းတွေက... ငါ့ဆီမှာ ရှိရင်တောင် မင်းကို ဘယ်လိုပေးရမှာလဲ... နေဦး... ဒီကောင်လေး ချေဖျက်တယ်လို့ ပြောလိုက်တာလား... ငွေမြို့တော်က သရုပ်ဆောင်တဲ့ နည်းလမ်းကို သိနေတာပဲ... အင်း... သူတို့ဆီမှာရှိတဲ့ အဆင့်အမြင့်ဆုံး သာလွန်သူက ဆုံမှတ် ၄ ပဲရှိတယ်... ပါဝင်ပစ္စည်းတွေ ရှားပါးလို့လား’
ကလိုင်းဟာ သေချာစဉ်းစားရင်း ခေါင်းညိတ်ပြီး အပေးအယူကို သဘောတူလိုက်ပါတယ်။
အော်ဒရီဟာ “ချေဖျက်တယ်” ဆိုတဲ့ စကားလုံးကို သတိထားမိသွားတာကြောင့် သေချာစဉ်းစားပြီး မေးပါတယ်။
“မစ္စတာနေမင်း... ရှင်ကလည်း သရုပ်ဆောင်တဲ့နည်းလမ်းကို သိနေတာလား”
ဒဲရစ်ဟာ မစ္စတရားမျှတမှုကို နားမလည်တဲ့မျက်နှာနဲ့ ကြည့်ပြီး တဲ့တိုးမေးပါတယ်။
“ဘာထူးဆန်းလို့လဲ... ငွေမြို့တော်က အထွေထွေ ဗဟုသုတ အတန်းမှာ သရုပ်ဆောင်တဲ့ နည်းလမ်းအကြောင်း သင်ပေးတာပဲဟာကို”
‘သရုပ်ဆောင်တဲ့ နည်းလမ်းကို အထွေထွေ ဗဟုသုတ အတန်းမှာ သင်ပေးတယ်...’ အော်ဒရီဟာ လူဇောက်ထိုးကို လှမ်းကြည့်လိုက်တဲ့အခါ လူဇောက်ထိုးကလည်း သူ့ကို ပြန်ကြည့်နေတာ တွေ့လိုက်ရပါတယ်။ ရုတ်တရက်ဆိုသလို သူတို့နှစ်ယောက်ဟာ တိတ်ဆိတ်သွားပါတယ်။
‘နေမင်းရဲ့ ဇာစ်မြစ်က တကယ်ကို ဆန်းကြယ်တယ်... မစ္စတာအရူးက သူ့ကို ဘယ်ကနေ တဲရော့ကလပ်ထဲ ဆွဲသွင်းလိုက်လဲ မသိဘူး... တွေးကြည့်လေလေ ငါ သူ့ကို ပိုပြီးတော့ လေးစားမိလေလေပဲ...’ အော်ဒရီဟာ စိတ်ငြိမ်သွားပြီး ဘာပဲဖြစ်ဖြစ် မတုန်လှုပ်တဲ့ အရူးကို ကြည့်မိလိုက်ပါတယ်။
အယ်ဂျာကတော့ နေမင်းဆီကနေ စကားနှိုက်ပါတယ်။
“မစ္စတာနေမင်း... သရုပ်ဆောင်တဲ့ နည်းလမ်းနဲ့ ပတ်သက်ပြီး သတိထားရမဲ့ အရာရော ရှိလား”
“ရှိတယ်” ဒဲရစ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ခေါင်းညိတ်ပါတယ် “ကျွန်တော်တို့ရဲ့ အထွေထွေ ဗဟုသုတ အတန်းမှာ သရုပ်ဆောင်တဲ့ နည်းလမ်းရဲ့ တစ်ခုတည်းသော သတိထားရမဲ့အချက်ကို သင်ပေးတယ်... အဲဒါက သရုပ်ဆောင်နေတယ်ဆိုတာ သတိရဖို့ပဲ”
‘ထင်တဲ့အတိုင်းပဲ... ငါတို့က ကြံရည်ဖန်ရည်ကောင်းတဲ့ နည်းလမ်းသုံးပြီး အတားအဆီးကို ကွေ့ပတ်သွားတာပဲ... ဆေးရည်ရဲ့ လက်ကျန်စိတ်ဝိညာဉ်ဆီမှာ အညံမခံဘဲ လုံးဝ ဖြိုခွဲပစ်တာပဲ... နေမင်း... မင်းက ကတယ်ကို ရိုးသားတဲ့ ကောင်လေးပဲ... ဒီလောက် အရေးကြီးတဲ့ သတင်းအချက်အလက်ကို အလွယ်လေး ထုတ်ပြောတယ်’ ကလိုင်းဟာ ပြုံးလိုက်ပြီး သူ့ရှေ့က ဒိုင်ယာရီစာရွက်ကို ကြည့်လိုက်ပါတယ်။