← Chapters

ပေးသနားမှုနဲ့ ယဇ်ပူဇော်မှု

Vol. 16 Ch. 159

ပေးသနားမှုနဲ့ ယဇ်ပူဇော်မှု

Vol. 16 Ch. 159

အညိုရောင် သိုးသားရေစာရွက်ပေါ်မှာ ရှုပ်ယှက်ခတ်နေတဲ့ တရုတ်စာကြောင်းတွေကို ရေးခြစ်ထားပါတယ်။

“ဩဂုတ်လ ၂ ရက်... ဒါက ငါ ထင်ထားတာထက် ပိုပြီးတော့ နက်ရှိုင်းတယ်... သမိုင်းက တကယ်ကို အလွယ်လေး ကြိုးကိုင်ခြယ်လှယ်လို့ရတဲ့ အရာပဲ”

“ဩဂုတ်လ ၅ ရက်... ငါ ဒီနေ့ အဆင့်မြင့် သာလွန်သူရဲ့ အစွမ်းကို တပ်အပ်မြင်ခဲ့ရတယ်... တကယ်ကို ကြောက်ဖို့ကောင်းတယ်... သူတို့က ကဏ္ဍတစ်ခုခုမှာ အရည်အသွေး ပြောင်းလဲသွားတယ်... နတ်ဖြစ်သွားသလိုပဲ... သူတို့ကို နတ်တစ်ပိုင်းလို့ ပြောကြတာ မဆန်းပါဘူး... ဒါပေမဲ့ ငါကတော့ သူတို့ကို ဒဏ္ဍာရီသက်ရှိတွေလို့ပဲ ခေါ်ချင်တယ်”

“ဩဂုတ်လ ၆ ရက်... ထူးဆန်းတာတစ်ခုခု ဖြစ်နေတယ်... ဘုရားကျောင်းကြီး ၇ ကျောင်းက ဆေးရည်တွေကို ဘာဖြစ်လို့ အဲဒီလိုမျိုး ထူးထူးဆန်းဆန်း သဘောထားရတာလဲ... သူတို့တွေက အနိမ့်တန်းနဲ့ အလတ်တန်း ဆုံမှတ်တွေမှာ အဆင့် ဆက်တက်နိုင်အောင် အဓိကပါဝင်ပစ္စည်းတွေ ထောက်ပံ့ပေးရုံတင် မကဘူး... ဖော်မြူလာကို မျှဝေသလို ဆေးရည်ကို ဘယ်လို ဖန်တီးရလဲ ဆိုတာလည်း လက်တွေ့ပြပေးတယ်... ဆေးရည်ကို ဖော်စပ်ဖို့ အစီအရင် လိုအပ်ရင်လည်း အသေးစိတ် ရှင်းပြတယ်... ဒါပေမဲ့ အထက်တန်း ဆုံမှတ်တွေလည်း ရောက်ရော သူတို့က ဖော်စပ်ပြီးသား ဆေးရည်ပဲ ပေးတော့တယ်”

“ဒါ ယုတ္တိမရှိဘူး... ငါတို့တွေ အနိမ့်တန်း ဆုံမှတ် ဆေးရည် ဖော်မြူလာကို လျှို့ဝှက်ထားပြီး အဆင့်တက်မဲ့ သာလွန်သူတွေကို ဖော်စပ်ပြီးသား ဆေးရည် မပေးသင့်ဘူးလား... ဒီလိုဆို လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ စုဆောင်းရတာ လွယ်မသွားဘူးလား... အထက်တန်း ဆုံမှတ် ဆေးရည်တွေကျတော့ ဖော်မြူလာ မျှဝေပြီး အလားအလာရှိတဲ့ အဖွဲ့ဝင်တွေကို ရဖို့ခက်ခဲတဲ့ အဓိကပါဝင်ပစ္စည်းတွေ ရှာခိုင်းတာက ပိုမကောင်းဘူးလား”

“ဒီကိစ္စမှာ သေချာပေါက် လျှို့ဝှက်ချက် ရှိရမယ်”

“ဩဂုတ်လ ၉ ရက်... ပြီးခဲ့တဲ့ နှစ်ရက်မှာ ဖြစ်ပျက်ခဲ့တာတွေက ငါ့ကို စိတ်မသက်မသာ ဖြစ်စေတယ်... စက်မှုတော်လှန်ရေးကို စတင်ခဲ့တာက ငါ... ရေနွေးငွေ့နဲ့ စက်ယန္တရားခေတ် ရောက်အောင် ရှေ့ကနေ ဦးဆောင် လမ်းညွှန်ခဲ့တာကလည်း ငါပဲ... ဒါပေမဲ့ ဒါက ဒီလောကကို မကောင်းဆိုးဝါး နတ်ဘုရား ဆင်းသက်နိုင်အောင် လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးပေးလိုက်သလို ဖြစ်နေတယ်”

‘သူက ဘာကို ဆိုလိုချင်တာလဲ... မကောင်းဆိုးဝါး နတ်ဘုရား ဒီလောကဆီ ဆင်းသက်ဖို့ လိုအပ်တဲ့ အခြေအနေ...’ ကလိုင်းဟာ မျက်မှောင်ကြုတ်သွားပြီး လက်ညှိုးနဲ့ ရှေးဟောင်းစားပွဲစွန်းကို တောက်လိုက်ပါတယ်။

‘မစ္စတာအရူးက ခက်ခဲတဲ့ ပြဿနာတစ်ခု တွေ့လို့လား... သူ့ကို ပြဿနာပေးနိုင်တဲ့ ဘယ်ဟာမဆို နောက်တစ်ဆင့်မှာ ရှိနေတဲ့ အရာတစ်ခုခု ဖြစ်လိမ့်မယ်...’ အော်ဒရီဟာ ထူထဲတဲ့ မြူခိုးတွေ လွှမ်းမိုးနေတဲ့ အရူးကို ကြည့်ပြီး သူ့ကိုယ်ဟန် အမူအရာကနေ သူ့အခြေအနေကို အဓိပ္ပာယ်ကောက်ယူဖို့ ကြိုးစားပါတယ်။

ကလိုင်းဟာ တကယ်ကို အထက်လူကြီးတွေနဲ့ ပတ်သက်တဲ့ ပြဿနာကို စဉ်းစားနေတာပါ။ ဒါပေမဲ့ သူ အဖြေမရပါဘူး။ အဲဒါကြောင့် သူဟာ နိမိတ်တချို့ရအောင် တွက်ချက်ဖို့ စဉ်းစားပါတယ်။

ဒါပေမဲ့ ဒီလောက်ရိုးရှင်းတဲ့ စာကြောင်းနဲ့ တစ်စုံတစ်ခုကို တွက်ချက်ဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။ သူက ရှေးဖြစ်ဟောဆရာ မဟုတ်ပါဘူး။

‘မကောင်းဆိုးဝါး နတ်ဘုရား ဒီလောကဆီ ဆင်းသက်ဖို့ လိုအပ်တဲ့ အခြေအနေဆိုပြီး ငါ တွက်ချက်ကြည့်ရင်ရော... ဒါပေမဲ့ ဒီဟာက စွန့်စားမှု များလွန်းတယ်... မကောင်းဆိုးဝါး နတ်ဘုရားက အနှိုင်းမဲ့တောက်ပတဲ့ နေမင်းလောက် ကြောက်ဖို့ မကောင်းဘူးဆိုရင်တောင် သူ့စွမ်းအားက ပိုပြီးတော့ လျှို့ဝှက်ဆန်းကြယ်လောက်တယ်... တွက်ချက်မှုကို နောက်ကြောင်းလိုက်ပြီး ငါ့ဆီတောင် ရောက်လာနိုင်တယ်... အဲဒီစာကြောင်းကို တွက်ချက်ရင် စွန့်စားမှု ဘယ်လောက်ကြီးမလဲ ဆိုပြီး တွက်ချက်လို့ရတာလည်း မဟုတ်ဘူး... ဘယ်လိုပဲဖြစ်ဖြစ် နတ်ဘုရားတွေ ပါလာရင် အကုန်လုံးက အန္တရာယ်ကြီးတာချည်းပဲ...’

‘ငါ ဒီမေးခွန်းကို စိတ်ထဲမှာ စွဲနေအောင် မှတ်ထားပြီး ပိုပြီးတော့ လေ့လာစောင့်ကြည့်ရမယ်’

‘ဘုရားကျောင်းတွေရဲ့ ဆေးရည်အပေါ် သဘောထားက တကယ်ကို ဆန်းကြယ်လွန်းတယ်... သူတို့တွေ ဘယ်လို လျှို့ဝှက်ချက်မျိုးကို လျှို့ဝှက်ထားတာလဲ မသိဘူး... နတ်ဝင်သည် ဒေလီ... မဟုတ်ဘူး... ဝိညာဉ်လမ်းပြ ဒေလီ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒါမှမဟုတ် အဆင့်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီး ဖြစ်လာပြီး ဘုရားကျောင်းရဲ့ ဗဟိုထဲ ဝင်သွားရင် ငါ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အရိပ်အမြွက် သိရလောက်တယ်...’

‘ရစ်ဆဲလ် ရေးထားတာ ဖတ်ပြီး ငါ အဆင့်မြင့် သာလွန်သူ ဖြစ်ချင်သွားပြီ’

ကလိုင်းရဲ့ စိတ်ထဲမှာ အတွေးမျိုးစုံ ယှက်သမ်းသွားပါတယ်။ သူဟာ ရှေးဟောင်းစားပွဲကို တောက်နေတာ ရပ်ပြီး တရားမျှတမှု၊ လူဇောက်ထိုးနဲ့ နေမင်းကို ကြည့်လိုက်ပါတယ်။

“မင်းတို့တွေ လွတ်လွတ်လပ်လပ် စဆွေးနွေးလို့ ရပြီ”

အယ်ဂျာဟာ ချက်ချင်းပဲ ပြောပါတယ်။

“မစ္စတာအရူး... မစ္စတရားမျှတမှု... ကျွန်တော် သတင်း အသစ်တစ်ခု ထပ်ရထားတယ်... နောက်တန်းဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ် ဘက်ကလင်ထဲ ခိုးဝင်တာက ခက်ခဲတဲ့ တာဝန်တစ်ခုကို ဆောင်ရွက်ဖို့ပဲ... သူ အဲဒီမှာ အချိန်တစ်ခုအထိ နေပြီး တုန်လှုပ် ချောက်ချားစရာကောင်းတဲ့ အဖြစ်ဆိုးကို ဖန်တီးကောင်း ဖန်တီးနိုင်တယ်... ဒီကိစ္စမှာ တော်တော်လေး အရေးကြီးတဲ့ ပစ္စည်းတစ်ခုလည်း ပါဝင် ပတ်သက်နေတယ်... အဲဒီပစ္စည်းက ခီးလုံဂို့စ်ကို အဆင့်မြင် သာလွန်သူ လျင်လျင်မြန်မြန် ဖြစ်လာအောင် လုပ်ပေးနိုင်တယ်”

“အဆင့်မြင့် သာလွန်သူ မြန်မြန် ဖြစ်လာအောင် လုပ်ပေးနိုင်တယ်... သူက စိတ်လွတ်မှာ မကြောက်ဘူးလား” အော်ဒရီဟာ ပွဲကြည့်သမား တစ်ယောက်ရဲ့ အမူအရာနဲ့ မေးပါတယ်။

ခီးလုံဂို့စ်က ဆုံမှတ် ၆ လေဆုမွန်ပဲ ရှိပါသေးတယ်။ အဲဒါကြောင့် ဆုံမှတ် ၄ ရောက်ဖို့ဆိုရင် ကြားမှာ ဆုံမှတ် ၅ ရှိပါသေးတယ်။

အယ်ဂျာဟာ ဒီမေးခွန်းကို မျှော်လင့်ထားပြီးသားမလို့ ရိုးရိုးသားသား ဖြေပါတယ် “အဲဒါကြောင့် အဲဒီအရာဝတ္ထုက သူ့အတွက် အရေးကြီးတာ”

“ဒီလိုဆိုပေမဲ့ ဒါက ကျွန်တော်ရဲ့ တွက်ဆမှု သက်သက်ပဲ... ကျွန်တော် ရထားတဲ့ သတင်းက ဒီလို... ခီးလုံဂို့စ်က တာဝန်အောင်မြင်တာနဲ့ အရာဝတ္ထုတစ်ခုရပြီး ပင်လယ်ငါးရပ်ဘုရင် နာ့စ်နဲ့ တန်းတူ ဖြစ်သွားလိမ့်မယ်... ပင်လယ်ဓားပြဘုရင် လေးပါးက ငါးပါး ဖြစ်သွားပြီး ပင်လယ်ဓားပြ ဗိုလ်ချုပ်ကြီး ၇ ဦးက ခြောက်ဦး ဖြစ်သွားလိမ့်မယ်”

“သာမန်လူတွေက ဒီအကြောင်းကို မသိလောက်ဘူး... ဒါပေမဲ့ သာလွန်သူတွေကတော့ ပင်လယ်ဓားပြ ဘုရင်တွေက အဆင့်မြင့် သာလွန်သူ မဟုတ်ရင် သာလွန်လှေတွေနဲ့ လျှို့ဝှက်ဆန်းကြယ် ပစ္စည်းတွေ သုံးပြီး အဆင့်မြင့် သာလွန်သူနဲ့ တန်းတူ တိုက်ခိုက်နိုင်တဲ့ သာလွန်သူတွေဆိုတာ သိထားတယ်... ခီးလုံဂို့စ်က သူတို့နဲ့ တန်းတူ ဖြစ်ဖို့ဆိုရင် အဲဒီလောက်နီးပါး အဆင့်ကို ရောက်ရလိမ့်မယ်... ဒါက ကျွန်တော်ရဲ့ တွက်ဆမှုပဲ”

‘ငါ သိတာဆိုလို့ ပင်လယ်ငါးရပ် ဘုရင် နာ့စ်က ဆုံမှတ် ၄ သာလွန်သူ ဆိုတာပဲ... သူ့ဆေးရည် နာမည်တောင် ငါ သေချာ သိတာ မဟုတ်ဘူး’ ကလိုင်းဟာ ဘာမှမပြောဘဲ တိတ်တဆိတ် နားထောင်ပါတယ်။

နေမင်း ဒဲရစ်ဘာ့ဂ်ကတော့ လူဇောက်ထိုး ပြောတာကို တစ်လုံးမှ နားမလည်ပါဘူး။ ဘယ်သူက ဘယ်သူလဲဆိုတာ မသိပေမဲ့လည်း သူဟာ အာရုံစိုက်ပြီး နားထောင်ပါတယ်။ သူ့အတွက်ကတော့ တံခါး အသစ်တစ်ချပ် ပွင့်သွားသလိုပါပဲ။

‘ပင်လယ်ဓားပြ... သူတို့နေတဲ့နေရာမှာ စာအုပ်ထဲက ပင်လယ်တွေ ရှိတယ်... အဲဒါဆို သူတို့နေတဲ့ ပတ်ဝန်းကျင်က ငွေမြို့တော်နဲ့ တော်တော်လေး ကွာခြားမှာပဲ... သူတို့တွေက ကျိန်စာကိုရော အမှောင်ထဲက အရာတွေ တိုက်ခိုက်မှာကိုရော စိုးရိမ်ပုံ မပေါ်ဘူး... ဘာဖြစ်လို့လဲဆိုတာ ငါ သိချင်လိုက်တာ... ဒါပေမဲ့ မစ္စတာအရူးက တခြားလူတွေရဲ့ လျှို့ဝှက်ချက်ကို မမေးရဘူး... အဲဒါက ရိုင်းတယ်လို့ ငါ့ကို ပြောထားတယ်...’ ဒဲရစ်ဟာ စိတ်ထဲမှာ တွေးလိုက်ပြီး လူဇောက်ထိုးနဲ့ တရားမျှတမှုကို ထပ်ပြီးတော့ အကဲခတ်ပါတယ်။

“ရှင်တွက်ဆတာက တော်တော်ကို ကျိုးကြောင်း ဆီလျော်ပါတယ်... ဒီလိုဆိုပေမဲ့ အဲဒီအရာဝတ္ထုက အဆင့်မြင် သာလွန်သူကို ရင်ဆိုင်နိုင်တဲ့ လျှို့ဝှက်ဆန်းကြယ် ပစ္စည်းလည်း ဖြစ်နိုင်တာပဲ” တရားမျှတမှုက အပြုံးနဲ့ ပြောပါတယ်။

လူဇောက်ထိုးဟာ မြူခိုးတွေ ဖုံးနေတဲ့ အရူးကို ကြည့်ပြီး ဘာပြောရမလဲဆိုတာ စဉ်းစားပါတယ်။ အဲဒီနောက် တရားမျှတမှုကို ကြည့်ပြီး အလေးအနက် ထပ်ပြောပါတယ်။

“ခုနက ကျွန်တော် ပြောတဲ့အထဲမှာ အရေးကြီးတာ နှစ်ခု ပါတယ်... ပထမတစ်ခုက ခီးလုံဂို့စ် ဘက်ကလင်မှာ အချိန်တစ်ခုအထိ နေလိမ့်မယ်... ဒုတိယက ဒီကိစ္စမှာ တော်တော် အရေးကြီးပြီး တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တဲ့ ပစ္စည်းတစ်ခု ပါဝင်ပတ်သက်လိမ့်မယ်”

‘မစ္စတာအရူး... ဒီပစ္စည်းကို မလိုချင်ဘူးလား... လူကြီးမင်းရဲ့ ယုံကြည်လေးစားသူကို စေလွှတ်ဖို့ အချိန် လုံလုံလောက်လောက် ရှိတယ်...’ အယ်ဂျာဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။ သူဟာ တဲ့တိုးကြီး ထုတ်မပြောရဲတဲ့အတွက် ကွေ့ပတ်ပြီး ပြောနေတာပါ။

‘မစ္စတာအယ်ဂျာ... ဒီကိစ္စကို ထပ်ခါထပ်ခါ ပြောစရာ မလိုပါဘူး... မင်း ဘာပြောချင်လဲဆိုတာ ငါ သိတယ်... ဒါပေမဲ့ ငါ့အစွမ်းအစနဲ့ ဒီကိစ္စမှာ ဝင်ပါဖို့ အခွင့်အရေး မရှိဘူး... နောက်ပြီး ငါက ခွင့်ပြုချက်မရှိဘဲ ထင်းဂန်မြို့ကနေ ထွက်သွားလို့ရတာ မဟုတ်ဘူး...’ ကလိုင်းဟာ စိတ်ပျက်လက်ပျက် တွေးရင် နောက်မှီလိုက်ပါတယ်။

‘ယုံကြည်လေးစားသူကို ဘေးဖယ်ထားရင် စွမ်းအား အသင့်အတင်ရှိတဲ့ သာလွန်သူ နှစ်ယောက်ကို ငါ အကူအညီ တောင်းလို့ရတယ်...’

‘တစ်ယောက်က ဆုံမှတ် ၆ ရောက်သွားတဲ့ ဒေလီပဲ... ဒါပေမဲ့ ငါ သူ့ကို အကုန်လုံး ပြောပြလို့ မဖြစ်ဘူး... နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ်က ဘက်ကလင်ထဲ စိမ့်ဝင်ပြီး ဘယ်လမ်းမှာ နေတယ် ဘာလုပ်ဖို့ ကြံနေတယ်ဆိုတာ သတင်းရထားတယ်လို့ပဲ အများဆုံး ပြောပြလို့ရမှာ... အဲဒါဆို ဒေလီက ညသိမ်းငှက်တွေဆီကနေ တန်ပြီးတော့ အကူအညီ တောင်းနိုင်တယ်... အဲဒီလိုသာ ဖြစ်သွားရင် အခြေအနေက ပိုရှုပ်ထွေးပြီး ပြဿနာ ပိုများသွားလိမ့်မယ်... အချိန်ကျလို့ မင်းတို့ အကူအညီ မရှာနိုင်ရင်တော့ အဖြစ်ဆိုးကို ကာကွယ်ဖို့ ငါ ကြိုးစားပေးမယ်...’

‘ဒုတိယတစ်ယောက်က မစ္စတာအက်ဇစ်ပဲ... ဒါပေမဲ့ ငါ အရူးဆိုတာ သူ သိသွားလို့ မဖြစ်ဘူး... သူ့ကို ဒီကိစ္စထဲ ဝင်ပါခိုင်းဖို့ ငါ့မှာ အကြောင်းပြချက် လုံလုံလောက်လောက် မရှိသေးဘူး...’

ကလိုင်းဟာ အတွေးမျိုးစုံ တွေးရင်း တစ်လုံးချင်း ပြောလိုက်ပါတယ် “ငါ သိတယ်”

အရူးက ခီးလုံဂို့စ်နဲ့ ပတ်သက်တဲ့ ကိစ္စကို သိပ်ပြီးတော့ အလေးမထားတဲ့အတွက် အယ်ဂျာဟာ သက်ပြင်းချပြီး မျက်နှာမပျက်အောင် နေပါတယ်။ သူဟာ မစ္စတရားမျှတမှုရဲ့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စုံစမ်းရရှိခဲ့တာတွေကို စပြီးတော့ မေးမြန်းပါတယ်။

“... နိဂုံးချုပ်ရရင် ကျွန်မတို့တွေ ခီးလုံဂို့စ် နေတဲ့နေရာကို အနည်းနဲ့ အများ သိရပြီ... ကျွန်မတို့တွေ မကြာခင်မှာ ဒုတိယအဆင့် စုံစမ်းစစ်ဆေးမှုကို စမယ်” အော်ဒရီဟာ ကိစ္စကြီး လုပ်နေတဲ့ မျက်နှာထားနဲ့ ပထမဆုံး လိုတိုရှင်း ပြောပါတယ်။ အဲဒီနောက်...။

“ကျွန်မတို့တွေ ခီးလုံဂို့စ်ရဲ့ အကျင့်တွေ ဝါသနာတွေနဲ့ ပတ်သက်ပြီးတော့ ပိုသိရဖို့ လိုအပ်တယ်”

အယ်ဂျာဟာ ပြန်တွေးလိုက်ပါတယ် “သူက ငါးကြိုက်တယ်... အထူးသဖြင့် ပင်လယ်ငါးပဲ... သူက ငါးအသားကို ချဉ်ရည်နဲ့တို့ပြီး အစိမ်းစားရတာ ကြိုက်တယ်...”

“အရက်ပြင်းပြင်းလည်း ကြိုက်တယ်... ရှန်ပိန်ကိုတော့ မကြိုက်ဘူး... ပေါ့လို့ဆိုပြီး အထင်သေးတယ်...”

“သူက ကမ်းတက်တိုင်း မကြာခဏ မိန်းမတွေ ရှာပြီး ပျော်ပါးတယ်... သူ့ခန္ဓာကိုယ်က ကြံ့ခိုင်တော့ တစ်ယောက်တည်းနဲ့ အာသာမပြေဘူး...”

“သူက ဓားလှံလက်နက်တွေကို သုံးလေ့ရှိပေမဲ့ သေနတ်ကိုတော့ မသုံးဘူး”

“သူက ရေနဲ့ အချိန်အကြာကြီး ‌ဝေးနေလို့ မရဘူး... ကျွန်တော် ပြောချင်တာက သူ နှစ်ရက်ခြား သုံးရက်ခြား တစ်ခါ ရေထဲဆင်းဖို့ လိုတယ်”

...

အော်ဒရီဟာ ဒီအချက်တွေကို ခေါင်းထဲ ထည့်ပြီး ခီးလုံဂို့စ် ဇာတ်ကောင်ကို စိတ်ထဲမှာ ဖန်တီးပါတယ်။

“စုံစမ်းတာ အောင်မြင်ဖို့ မျှော်လင့်ရတာပဲ... ရှင်နဲ့ တွဲလုပ်ရတာ ဝမ်းသာပါတယ်” အယ်ဂျာရဲ့ စကားဆုံးတဲ့အခါ အော်ဒရီဟာ အပြုံးနဲ့ ပြောပါတယ်။

“ကျွန်တော်လည်း ဝမ်းသာပါတယ်”

ဘက်ကလင်မှာ အာဏာ အသင့်အတင့်ရှိတဲ့ မစ္စတရားမျှတမှုကို ယုံကြည်ရုံကလွဲလို့ အယ်ဂျာမှာ တခြားရွေးချယ်စရာ မရှိပါဘူး။

ကလိုင်းဟာ တစ်ချိန်လုံးမှာ စူးစူးစိုက်စိုက် နားထောင်နေပုံ ရှိပေမဲ့ တကယ်တော့ သူ့အတွေးတွေက တခြားမေးခွန်း တစ်ခုစီ ရောက်နေပါတယ်။ အဲဒါက သူ ပါဝင်ပစ္စည်းတွေ ရရင် နေမင်းဆီကို ဘယ်လို ပို့ရမလဲဆိုတာ မေးခွန်းပါ။

အခု သူဟာ ဂမ္ဘီရနယ်ပယ်ကို တော်ရုံသင့်ရုံ နားလည်နေပြီမလို့ ပင်ကိုယ်အသိစိတ် အတိုင်း အစီအရင်မှော် သုံးဖို့ တွေးမိပါတယ်။ ဒီယုံကြည်ကိုးစားမှုက သူ အစီအရင်မှော်သုံးပြီး အောင်မြင်တာကနေ ရလာတာပါ။

‘ငါ ညသိမ်းငှက်တွေရဲ့ လျှို့ဝှက် သတင်း အချက်အလက်တွေကို ဖတ်တုန်းက နတ်ဘုရားမ သူ့နောက်လိုက်တွေကို သန့်စင်မွန်မြတ် ပစ္စည်းတွေ ပေးသနားတဲ့ မှတ်တမ်းကို တွေ့ခဲ့တယ်... မကောင်းဆိုးဝါး နတ်ဘုရားတွေ နတ်ဆိုးတွေနဲ့ ပတ်သက်တဲ့ အစီအရင်တွေမှာလည်း ပစ္စည်းတွေ ဆင်းသက်လာတဲ့ မှတ်တမ်းလည်း ရှိတယ်... ဒါကို ထောက်ဆခြင်းအားဖြင့် ဆုတောင်းသံတွေကို တုံ့ပြန်တဲ့နေရာမှာ ငါ တစ်ခုခုကို ပေးသနားလို့ ရလောက်တယ်... ပစ္စည်းတွေကိုလည်း ဒီနည်းလမ်းနဲ့ လွှဲပြောင်းရင် အဆင်ပြေမလား မသိဘူး’

‘ပြီးခဲ့တဲ့ စမ်းသပ်မှုတွေမှာတုန်းက ငါ အသံနဲ့ရုပ်ပါတဲ့ အတွေးတွေကိုပဲ တုံ့ပြန်နိုင်တယ်... ဒါပေမဲ့ အဲဒါက အမြဲတမ်း အဲဒီလို ဖြစ်နေလိမ့်မယ်လို့ မဆိုလိုဘူး... ငါ ဆုံမှတ် ၈ ကို ရောက်သွားရင် ပြောင်းလဲမှု တချို့ ရှိလာနိုင်တယ်...’

‘ဒီနေရာမှာ ထည့်စဉ်းစားရမှာ တစ်ခု ရှိတယ်... ငါ လက်တွေ့လောကမှာရှိတဲ့ ပစ္စည်းတွေကို မီးခိုးရောင်မြူခိုးထက်က ဆန်းကြယ်လောကထဲ ယူလာလို့ရလား... အင်း ဟုတ်တယ်... မကောင်းဆိုးဝါး နတ်ဘုရားတွေ နတ်ဆိုးတွေနဲ့ ပတ်သက်တဲ့ အစီအရင်တွေမှာ ယဇ်ပူဇော်တဲ့ အဆင့်တစ်ဆင့် မကြာခဏ ပါတယ်... ငါလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ ယဇ်ပူဇော်လို့ ရလောက်တယ်’

‘ဒီလိုဆို လက်တွေ့လောကမှာရှိတဲ့ ပစ္စည်းတွေကို ငါ မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကထဲ ယူလာလို့ ရလောက်ပြီ...’

‘ဒီစမ်းသပ်မှုသာ အောင်မြင်ရင် ငါ တရားမျှတမှု နေမင်းနဲ့ လူဇောက်ထိုးဆီကနေ ပစ္စည်းတွေကို တိုက်ရိုက်ယူပြီး သူတို့ကိုလည်း ပစ္စည်းတွေ တိုက်ရိုက် ပေးသနားလို့ ရပြီ’

‘ဟုတ်တယ်... ယဇ်ပူဇော်တာက ပိုပြီးတော့ အဆင့်မြင့်တဲ့ အစီအရင်ပဲ... အဲဒီတော့ လောလောဆယ်မှာ ငါ အဲဒါကို သင်ယူနိုင်ဦးမှာ မဟုတ်သေးဘူး...’

‘အခုအချိန်မှာ ငါ့အတွက် အရေးအကြီးဆုံးက စွမ်းအား ကြီးလာအောင် လုပ်ဖို့ပဲ’

ကလိုင်းဟာ အတွေးတွေကို ဇက်ကြိုးသတ်ပြီးနောက် တခြားအဖွဲ့ဝင်တွေ ပြောနေတာကို ပြန်နားထောင်ပါတယ်။ သူတို့ပြောနေတာတွေက ခီးလုံဂို့စ်ကနေ နောက်ဆုံး မွန်းစတားတွေရဲ့ စရိုက်လက္ခဏာအထိ ရောက်သွားပါတယ်။

အချိန်တစ်ခု အကြာမှာတော့ သူဟာ ပြုံးလိုက်ပါတယ်။

“ဒီနေ့တော့ ဒီလောက်ပဲ”

“အရှင်ရဲ့ အလိုအတိုင်းပါ” နေမင်း၊ တရားမျှတမှုနဲ့ လူဇောက်ထိုးဟာ တစ်ချိန်တည်းမှာ မတ်တတ်ရပ်လိုက်ပါတယ်။

အဖွဲ့ဝင်တွေရဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ပြီးနောက် ကလိုင်းဟာ မြူခိုးထက်ကနေ လျင်လျင်မြန်မြန် ဆင်းသက်ပြီး ဆန်းကြယ်လောက,ကနေ ထွက်ခွာပါတယ်။

သူ့အခန်းဆီ ပြန်ရောက်တဲ့အခါ စိတ်ဝိညာဉ် တံတိုင်းကို ပယ်ဖျက်ပြီး လိုက်ကာကို ဆွဲဖွင့်လိုက်တဲ့အခါ နေရောင်ခြည်က အခန်းထဲ တိုးဝင်လာပါတယ်။

ဒီတစ်ပတ်မှာ သူ အရေးကြီးလုပ်စရာ နှစ်ခု ရှိပါတယ်။ တစ်ခုက အစစ်ဆေးခံပြီး ဆုံမှတ် ၈ ဆီ တက်ဖို့ပါ။ နောက်တစ်ခုကတော့ နေမီးတောက် အဆောင် လုပ်ဖို့ပါ။ ဒီအဆောင်ရဲ့ စွမ်းအားက ဆုံမှတ် ၇ ဆုံမှတ် ၆ ထက်တောင် ပိုကြီးကောင် ပိုကြီးနိုင်ပါတယ်။ သူဟာ ဒီအဆောင်ကို တော်တော်လေးလည်း မျှော်လင့်ထားပါတယ်။

‘မနက်ဖြန်ကျရင် မစ္စတာအက်ဇစ်ရဲ့ သဘာဝလွန် နှောင့်ယှက်မှု သတင်းကို ကြားရလောက်ပြီ’

All Chapters