← Chapters

အခွင့်အရေးကို အမိဖမ်းခြင်း

Vol. 16 Ch. 160

အခွင့်အရေးကို အမိဖမ်းခြင်း

Vol. 16 Ch. 160

အင်္ဂါနေ့ မနက်ခင်း။

ဂမ္ဘီရသင်ခန်းစာတွေ ပြီးသွားပြီမလို့ ကလိုင်းဟာ ထောင့်တစ်နေရာမှာ “ခေတ်ဟောင်းနှင့် ခေတ်သစ် အမည်များ နှိုင်းယှဉ်ချက်” “ညသိမ်းငှက် အမှုတွဲပေါင်းချုပ်” စတဲ့ စာအုပ်တွေကို ဖတ်မနေဘဲ နားနေခန်းထဲမှာ လန်နာ့ဒ်၊ ကင်လီ၊ ရိုင်ရွယ်တို့နဲ့ ဖဲကစားနေပါတယ်။

‘ငါက ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို အပြင်ထုတ်လို့ ရအောင် မစ္စတာအက်ဇစ်ကို အခွင့်အရေးပဲ ဖန်တီးခိုင်းထားတာ... ဒီအခွင့်အရေးကို အမိဖမ်းဖို့က ငါ့ရဲ့ အရည်အချင်းပေါ် မူတည်တယ်...’

သူ့စိတ်က ဖဲချပ်တွေပေါ်မှာ ရှိမနေတဲ့အတွက် ကလိုင်းဟာ ပွဲတိုင်းနီးပါး ရှုံးပြီး တစ်နာရီအတွင်း ငါးဆိုလီ ကုန်သွားပါတယ်။ အဲဒါကြောင့် သူဟာ ရင်ထဲမှာ တဆစ်ဆစ် နာကျင်သွားပြီး ပြန်နိုင်အောင် ကစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူဟာ မနေ့က နေ့လည်ခင်းက နေမီးတောက် အဆောင်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းအမျိုးမျိုးကို ဝယ်ယူခဲ့တဲ့အတွက် သူ့ကိုယ်ပိုင်ငွေက တစ်ပေါင်အောက်ကို ထပ်ပြီးတော့ ရောက်သွားပါတယ်။ အဲဒါအပြင် သူဟာ မီးခိုးခေါင်းတိုင်နီအိမ်ကို ရှာဖို့အတွက် မြင်းလှည်းခ နှစ်ဆိုလီလည်း နေ့တိုင်း ကုန်ပါတယ်။

သူတို့တွေဟာ ကင်လီ ဖဲချိုးနေတာကို စောင့်ရင်း ကလိုင်းဟာ ကြေးပဲနိ တစ်ပြားကို ကောက်ယူကာ အမှတ်မထင် လှည့်လိုက်ပါတယ်။ ရုတ်တရက်ဆိုသလို ကလိုင်းဟာ ရိုင်ရွယ်ရဲ့ အကြည့်ကို ခံစားမိလိုက်ပါတယ်။ တော်တော် စူးရှတဲ့ အကြည့်ပါ။

‘ဘာလဲ...’ ကလိုင်းဟာ ပထမတော့ ကြက်သေသေသွားပြီး လဲကျလုနီး ကြေးပဲနိကို ကြည့်လိုက်ပါတယ်။

‘သူက ငါ ဗေဒင်တွက်ပြီး ခိုးဆော့မှာကို သတိထားနေတာလား... ငါတို့က ဒီအတိုင်း အပျင်းပြေ ကစားနေတာလေ... အဲဒီလောက် လေးလေးနက်နက် သတိထားစရာ လိုလို့လား...’ သူဟာ ရုတ်တရက် သဘောပေါက်သွားပြီး ‌ခြောက်ခြောက်ကပ်ကပ် ရယ်ကာ ကြေးပဲနိကို လက်နဲ့အုပ်လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ဒန်းစမစ်ဟာ တံခါးခေါက်ပြီး အခန်းထဲဝင်လာပါတယ်။ သူဟာ တစ်ခန်းလုံးကို ဝေ့ဝိုက်ကြည့်ပြီး...။

“မို့စ်မြို့မှာ ကိစ္စတစ်ခုပေါ်တယ်... လန်နာ့ဒ်... မင်း သွားဖြေရှင်းလိုက်”

‘မို့စ်မြို့...’ ကလိုင်းဟာ ဆတ်ခနဲ ဖြစ်သွားပြီး သိချင်ယောင် ဆောင်ကာ စပ်စုပါတယ်။

“ကပ္ပတိန်... အဲဒီမှာ ဘာဖြစ်လို့လဲ”

ဒန်းစမစ်ဟာ တစ်ချက် လှမ်းကြည့်ပြီး ရှင်းပြပါတယ်။

“အဲဒီမှာ ဒီရက်ပိုင်း သာမန်မဟုတ်တဲ့ ဖြစ်ရပ်တွေ ဖြစ်လို့... ပထမဆုံး လူတွေ သင်္ချိုင်းကို ဖြတ်လျှောက်တဲ့အခါ ငိုရှိုက်သံတွေ ကြားရပြီး လျှပ်တပြက် ‌ပေါ်လာတဲ့ ဝိုးတိုးဝါးတား ပုံရိပ်တွေကို မြင်ရတယ်... ပြီးတော့ မုဆိုးမ တစ်ယောက်က သန်းခေါင်ယံမှာ တစ်ရေးနိုးလို့ သန့်စင်ခန်းသွားတာ ဆုံးသွားတဲ့ သူ့ယောက်ျားနဲ့ တွေ့တယ်... အဲဒီမုဆိုးမ ကြောက်လန့်ပြီး သတိလစ်လုနီးပဲ... အဲဒါတွေအပြင် တစ်ယောက်တည်းနေတဲ့ အဘိုးအိုတစ်ယောက်က အိမ်ထဲမှာ တစ်ချိန်လုံး လမ်းလျှောက်သံတွေကို စပြီးတော့ ကြားလာရတယ်... ဒါပေမဲ့ သူ ဖယောင်းတိုင် ထွန်းလိုက်ရင်ပဲ ဖြစ်ဖြစ် ဓာတ်ငွေ့မီးအိမ် ထွန်းလိုက်ရင်ပဲ ဖြစ်ဖြစ် အဲဒီခြေသံတွေက ပျောက်သွားတယ်... အဲဒီမြို့မှာနေတဲ့ လူတွေက အရှင်မကို ယုံကြည်တဲ့လူတွေ... အဲဒါကြောင့် နယ်ခံဘုန်းတော်ကြီးက ငါတို့ဆီ သတင်းပို့တာ”

‘တစ်ယောက်မှ မထိခိုက်ဘူး... နောက်ပြောင်ကျီစယ်တာပေါ့... ဒါ မစ္စတာအက်ဇက်ရဲ့ လက်ချက်ပဲ...’

ကလိုင်းဟာ သူ အကြိမ်များစွာ အစမ်း လေ့ကျင့်ထားတဲ့ အမူအရာကို ထုတ်သုံးပါတယ်။

“ကပ္ပတိန်... ဒီသဘာဝလွန် ဖြစ်ရပ်တွေက ရုတ်တရက်ကြီး ထဖြစ်တာဆိုတော့ သူတို့ကြားမှာ လျှို့ဝှက် ဆက်သွယ်မှု တစ်ခုခု ရှိရမယ်... ဒီလိုအခြေအနေမျိုးမှာ တွက်ချက်တာက အရေးကြီးတဲ့ သဲလွန်စကို ရှာပေးနိုင်တယ်... လန်နာ့ဒ်ကို ကျွန်တော် ကူညီပေးနိုင်လောက်တယ်”

ဒီစကားကို ကြားလိုက်ရတဲ့ လန်နာ့ဒ်ရဲ့ မျက်လုံးစိမ်းတွေဟာ ကလိုင်းဆီကို ချက်ချင်း ကျရောက်သွားပါတယ်။ သူဟာ ကလိုင်းရဲ့ မျက်နှာကနေ သဲလွန်စတွေ ရှာဖွေဖို့ ကြိုးစားပါတယ်။

ဒန်းစမစ်ဟာ ပထမဆုံး ခေါင်းညိတ်ပြီး အဲဒီနောက် တိတ်ဆိတ်ကာ ချီတုံချတုံ ဖြစ်သွားပါတယ်။

ကလိုင်းဟာ ကပ္ပတိန်ရဲ့ တုံ့ပြန်မှုကို မြင်တဲ့အခါ ချက်ချင်း ဖြည့်ပြောပါတယ် “ဒီအရာတွေကို အစီအရင်သုံးပြီး သန့်စင်ရကောင်း သန့်စင်ရလောက်တယ်”

“ဟုတ်တယ်” ဒန်းစမစ်ဟာ တွေးပြီး ပြောပါတယ် “အဲဒါဆို မင်းနဲ့ လန်နာ့ဒ် မို့စ်မြို့ကို အတူတူသွားချည်”

ဘယ်သူမှ ဘာမှ ထပ်မပြောခင်မှာဘဲ သူက ထပ်ဖြည့်ပြောပါတယ်။

“အင်း... မင်း နေ့ခင်း တိုက်ခိုက်ရေး လေ့ကျင်တာကို မီမှာ မဟုတ်ဘူး... ငါ ဂဝန်းကို လူလွှတ်ပြီး ပြောလိုက်မယ်”

‘ဟူး... ပထမခြေလှမ်းတော့ အောင်မြင်သွားပြီ...’ ကလိုင်းဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး သူ့ပိုက်ဆံတွေကို သိမ်းပါတယ်။

အဲဒီနောက် သူဟာ ရုတ်တရက် ရပ်ပြီး ဒန်းစမစ်ကို လှမ်းကြည့်ကာ အလေးအနက် ပြောပါတယ်။

“ကပ္ပတိန်... ကျွန်တော်တို့တွေ အဆိုးဆုံးကို ကြိုတင် ပြင်ဆင်ထားသင့်တယ်လို့ ထင်တယ်... ဒီသဘာဝလွန် ဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ စွမ်းအားကြီးတဲ့ တစ္ဆေတစ်ကောင် ရှိနေရင် ကျွန်တော်နဲ့ လန်နာ့ဒ် နှစ်ယောက်တည်းဆို တော်တော်လေး အန္တရာယ်များလိမ့်မယ်... နောက်ပြီး မို့စ်မြို့ကို ရောက်ဖို့က ၂ နာရီ... အင်း... ၃ နာရီလောက် ကြာတယ်မလား... ကျွန်တော်တို့တွေ ကြေးနန်းပို့ပြီး အကူအညီ လှမ်းတောင်းရင်တောင် ဒီကြားထဲမှာ ကျွန်တော်တို့တွေ တောင့်ခံထားရမှာမလား...”

“အဲဒီတော့...” ဒန်းစမစ်က ဖြတ်ပြောပါတယ်။

“ကျွန်တော် နောက်ထပ် အဖွဲ့ဝင်တစ်ယောက်ကို ခေါ်သွားချင်တယ်” ကလိုင်းဟာ တစ်ခဏ တွေးတောဟန်ဆောင်ပြီးနောက်...။

“စည်းကမ်းအရဆိုရင် ညသိမ်းငှက် သုံးယောက် ဒါမှမဟုတ် သုံးယောက်ထက် ပိုတဲ့ တာဝန်တွေမှာ အဆင့် ၃ ရှိတဲ့ ချိပ်ပိတ်လက်နက်ကို အသုံးပြုဖို့ တင်ပြတောင်းခံနိုင်တယ်... အင်း... အဲဒီတော့ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ က ဒီတာဝန်အတွက် အသင့်တော်ဆုံးပဲ”

ဒါကို ကြားလိုက်ရတဲ့ လန်နာ့ဒ်ဟာ ရယ်ပြီး ပြောပါတယ် “မင်းလို့ မပြောရဘူး... စေ့စပ်သေချာပြီး သတိကြီးတယ်... စွန့်စားမှုဆို နည်းနည်းမှ မလုပ်ဘူး”

‘မင်းက ငါ့ကို သူရဲဘောကြောင်တယ်လို့ ပြောနေသလိုပဲ... ငါက အနှိုင်းမဲ့ တောက်ပတဲ့ နေမင်းကို တိုက်ရိုက် ကြည့်ရဲတဲ့ လူပါနော်’ ကလိုင်းဟာ လန်နာ့ဒ် စကားကို မကြားချင်ယောင် ဆောင်ပြီး ဒန်းစမစ်ကိုသာ လေးလေးနက်နက် ကြည့်လိုက်ပါတယ်။

“ကပ္ပတိန်... ကျွန်တော် ပြောတာကို ဘယ်လို သဘောရလဲ”

“အင်း... ငါတို့တွေ ဘယ်လို မတော်တဆမှုမျိုးမှ မဖြစ်အောင် ပိုပြီးတော့ ဂရုစိုက်သင့်တယ်... ဒီအတောအတွင်းမှာ တိုက်ဆိုက်မှုတွေက များလွန်းတယ်...” ဒန်းစမစ်ဟာ ခေါင်းညိတ်ပြီး တခြား လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကို ကြည့်ပါတယ်။

“ကင်လီ... မင်း သူတို့နဲ့ မို့စ်မြို့ကို လိုက်သွားချည်... အို မေ့တော့မလို့... လျှောက်လွှာတစ်စောင် မြန်မြန် ရေးလိုက်ဦး... ငါ လက်မှတ်ထိုးပြီးရင် ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို ချန်စီဂိတ်ကနေ သွားထုတ်ချည်”

“ဟုတ်ကဲ့” အရပ်နည်းနည်းပုတဲ့ ကင်လီဟာ လက်ထဲက ဖဲချပ်တွေကို ချလိုက်ပါတယ်။

‘ဒါပဲ...’ ကလိုင်းဟာ အပြင်ပန်းမှာ စိုးရိမ်ပြီး တည်ကြည် လေးနက်နေပေမဲ့ စိတ်ထဲမှာတော့ လက်သီးဆုပ်ပြီး အောင်ပွဲခံပါတယ်။

အဲဒီအချိန်မှာ စီကာထရွန်က ဟွတ်ယူဂျင်ကို စောင့်ကြည့်နေပြီး ဖရိုင်းကတော့ ချန်စီဂိတ်မှာ တာဝန်ကျနေပါတယ်။

ကလိုင်းဟာ ဖျော်ဖြေရေးခန်းထဲက ထွက်ပြီး ထက်စီဒိုကို ဝတ်ပါတယ်။ အဲဒီနောက် ဦးထုပ်နဲ့ လက်ကိုင်တုတ်ကို ယူပြီး မြေအောက်ထပ်နဲ့ ဆက်ထားတဲ့ လှေကားမှာ လန်နာ့ဒ်နဲ့အတူ ကင်လီကို စောင့်ပါတယ်။

ဒီနေရာမှာ ဘယ်သူမှ မရှိတဲ့အတွက် တော်တော်လေးကိုမှ တိတ်ဆိတ်နေပါတယ်။ လန်နာ့ဒ်ဟာ သူ့ကို ရုတ်တရက် လှည့်ကြည့်ပြီး...။

“မဖြစ်နိုင်တာကို အိပ်မက် မမက်ချင်စမ်းပါနဲ့ကွာ”

“ဟင်... ဘာပြောတာလဲ” ကလိုင်းဟာ ခေါင်းရှုပ်သွားပါတယ်။

လန်နာ့ဒ်ဟာ ရှေ့ကို လျှောက်သွားပြီး လှေကားစွန်းမှာ မတ်တတ်ရပ်လိုက်ပါတယ်။ သူဟာ လှေကားရဲ့ အမှောင်ထုထဲကို စိုက်ကြည့်ပြီး...။

“တာဝန်ထမ်းဆောင်တဲ့ အချိန်မှာတောင် မင်း ငါ့ရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ပြီး ငါ့ရဲ့ ထူးခြားမှုကို နားလည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

‘ဟေ့ကောင်... မင်းကိုယ်မင်း အထင်ကြီးနေတာ ရပ်စမ်းပါကွာ... ငါ ဒီတာဝန်ကို လုပ်ချင်တာက မင်းကို ထောက်လှမ်းဖို့ ထင်နေတာလား... ငါ့မှာ အဲဒီလို အတွေးမျိုး တစ်စက်မှ မရှိဘူး’ ကလိုင်းဟာ ရယ်လိုက်ပါတယ်။

“ငါ့ရဲ့ ထူးခြားမှုက မင်းရဲ့ လျှို့ဝှက်ချက်ကို ဖော်တဲ့နေရာမှာ မကူညီနိုင်ဘူးလို့ ထင်နေတာလား”

လန်နာ့ဒ်ရဲ့ မျက်နှာဟာ တည်သွားပါတယ်။ အဲဒီနောက် သူဟာ ပြုံးလိုက်ပါတယ်။

“အဲဒီလိုလား... အင်း... အဲဒါဆို မင်း ရှာတွေ့တာကို ငါ စောင့်နေမယ်”

‘ငါ သတင်းအချက်အလက်တွေနဲ့ ပစ္စည်းတွေ စုဆောင်းမိတဲ့အခါကျရင် မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကဆီ သွားပြီး မင်းအတွက် ဗေဒင်တွက်ပေးမယ်’ ကလိုင်းဟာ စိတ်ထဲမှာ ငေါ့ပြောလိုက်ပါတယ်။

မကြာခင်မှာပဲ ကင်လီဟာ မျိုးပြောင်း နေမင်းတံဆိပ်တော်မြတ် ယူပြီး ရောက်လာပါတယ်။

ကလိုင်းဟာ ထူးခြားတဲ့ နွေးထွေး သန့်စင်မှုကို ခံစားမိတာနဲ့ တိတ်တဆိတ် သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ သူဟာ အနှိုင်းမဲ့ တောက်ပတဲ့ နေမင်းရဲ့ သွေးကနေ စွမ်းအား ထုတ်ယူဖို့ ပထမဆုံးနဲ့ အခက်ခဲဆုံး ခြေလှမ်းကို အောင်မြင်စွာ လှမ်းနိုင်လိုက်ပြီဆိုတာ သိလိုက်ပါတယ်။

အဲဒီနောက် သူတို့သုံးယောက်ဟာ ဆူးနက် လုံခြုံရေးကုမ္ပဏီကနေ ထွက်ပြီး ဇိုးတလန်လမ်းဆီ လျှောက်သွားပါတယ်။ သူတို့တွေဟာ ညသိမ်းငှက်တွေပိုင်တဲ့ မြင်းလှည်းဆီ လျှောက်သွားပါတယ်။

“သန့်စင်တာက မြင်းတွေကိုရော သက်ရောက်မှု ရှိလား” ကင်လီဟာ ရုတ်တရက် စိုးရိမ်စိတ်နဲ့ မေးပါတယ် “ငါ မြင်းလှည်းဆွဲဖို့ နေမင်းကို ချီးကျူးဖို့ပဲ သိတဲ့ မြင်းတွေ မလိုချင်ဘူး...”

သူဟာ ကလိုင်းထက် ညသိမ်းငှက် ဖြစ်တာ ပိုကြာပေမဲ့ အတွေ့အကြုံ သိပ်မရှိပါဘူး။

“မသက်ရောက်ဘူး... ချိပ်ပိတ်လက်နက် ၃-၀၇၈၂ က အသိဉာဏ်မြင့်မားတဲ့ သက်ရှိ တည်ရှိမှုတွေကိုပဲ သက်ရောက်မှုရှိတာ” ကလိုင်းဟာ အသံတိုးတိုးနဲ့ ပြန်ဖြေပါတယ်။

‘မဟုတ်ရင် ငါ ပိုးကောင်တွေ ကိုက်တာ ခံရမှာ မဟုတ်ဘူး...’ သူဟာ စိတ်ထဲမှာ ဖြည့်ပြောလိုက်ပါတယ်။

“အို... အဲဒီလိုလား... ဟားဟား... ငါ ဒီအကြောင်းကို သေသေချာချာ ဖတ်မထားဘူး” ကင်လီဟာ အနက်ရောင် ပိုးဦးထုပ်ကို လက်နဲ့ဖိဆောင်းပြီး ရယ်ပါတယ်။

ကလိုင်းဟာ မြင်းလှည်း မမောင်းတတ်သေးတာမလို့ နောက်သုံးနာရီကြာအောင် မြင်းလှည်းထဲမှာပဲ ထိုင်ရမှာပါ။ သူဟာ လန်နာ့ဒ်နဲ့ ကင်လီ အလှည့်ကျ မြင်းလှည်းမောင်းတာကို ကြည့်ရင်း လက်ထဲက ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို ပွတ်သပ်ပါတယ်။

နောက်ဆုံး နေ့လည်စာ စားခါနီးအချိန်မှာ သူတို့တွေ မို့စ်မြို့ကို ရောက်ရှိသွားပါတယ်။

“ဘယ်လောက်တောင် လှပလိုက်လဲ...” ကင်လီဟာ မြင်းလှည်းပေါ်က ဆင်းတယ်ဆိုရင်ပဲ မြို့ကို ပတ်လည်ဝိုင်းထားတဲ့ တစ်မျှော်တစ်ခေါ် ရွှေရောင်စပါးခင်းကို ကြည့်ပြီး စိတ်ရင်းနဲ့ ချီးကျူးပါတယ်။

မီးတောင် တာရာကို ကိုယ်စားပြုတဲ့ နေ့ရက်တွေက ကုန်ဆုံးတော့မှာ ဖြစ်ပြီး သီးနှံကြွယ်ဝ တာရာက လူတိုင်းရဲ့ ဘဝကို အုပ်စိုးတော့မှာပါ။

မြင်းလှည်းမောင်းသမား နေရာမှာ ထိုင်နေတဲ့ လန်နာ့ဒ်ဟာ ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီး ကဗျာတစ်ပုဒ်ကို ရွတ်ဆိုမလိုမျိုး ပါးစပ်ဟလိုက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ပါးစပ်ကနေ စာကြောင်းတစ်ကြောင်းပဲ ထွက်လာပါတယ်။

“ဘယ်လောက်တောင် လှလိုက်လဲ”

ကလိုင်းဟာ ရယ်ချင်စိတ်ကို မနည်းထိန်းပြီး ဦးထုပ်ဆောင်းလိုက်ပါတယ်။ အဲဒီနောက် လက်ကိုင်တုတ်ကို ယူပြီး မြင်းလှည်းပေါ်က ဆင်းလိုက်ပါတယ်။

အဲဒီအချိန်မှာ သက်လတ်ပိုင်းအရွယ် အနက်ရောင် ဝတ်ရုံနဲ့ ဘုန်းတော်ကြီးတစ်ပါး သူတို့ဆီ လျှောက်လာပါတယ်။ ဘုန်းတော်ကြီးဟာ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ တို့ထိလိုက်ပြီး...။

“အရှင်မကို ချီးကျူးကြလော့... ဒီက လူကြီးမင်းတို့က သူတော်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်းက ကူညီဖို့ လွှတ်လိုက်တဲ့ မိတ်ဆွေတွေလား"

“ဟုတ်တယ်... ဘုန်းတော်ကြီး စီးယိုအာ အရှင်မက သင့်ကို ကောင်းချီးပေးပါစေ” လန်နာ့ဒ်ဟာ မြင်းလှည်းပေါ်ကနေ ခုန်ဆင်းပြီး အပြုံးနဲ့ ပြောပါတယ် “ဒီရက်ပိုင်း ဖြစ်သွားတဲ့ သဘာဝလွန် ကိစ္စတွေကို ရှင်းလင်းဖို့ ကျွန်တော်တို့ လာတာ”

“သင်တို့ကိုလည်း အရှင်မက ကောင်းချီးပေးပါစေ” မီးခိုးရောင် ဆံပင် အပြာရောင် မျက်လုံးနဲ့ စီးယိုအာက အပြုံးနဲ့ ပြန်ပြောပါတယ်။

အဲဒီအချိန်မှာ မြို့သူမြို့သားတွေဟာ သူတို့နား ချဉ်းကပ်လာပါတယ်။

မို့စ်မြို့က မကြီးပါဘူး။ ဘယ်ဘက်ကိုပဲသွားသွား ဆယ်မိနစ်ကျော်ရင် လွင်ပြင်တွေဆီ ရောက်သွားပါတယ်။ မြို့သူမြို့သားတွေကလည်း အချင်းချင်း သိကျွမ်းကြတဲ့အတွက် စောစောက ဖြစ်ပျက်ခဲ့တာတွေကို တစ်မြို့လုံး သိနေကြပါပြီ။

အဲဒါကြောင့် မို့စ်မြို့သူမြို့သားတွေဟာ ထာဝရည နတ်ဘုရားမ ဘုရားကျောင်းက လူလွှတ်ပြီး ပြဿနာ ဖြေရှင်းတာကို စောင့်နေကြပါတယ်။ အဲဒါကြောင့် ဘုန်းတော်ကြီးက သူစိမ်းသုံးယောက်ကို နှုတ်ဆက်တာ တွေ့ရတဲ့အခါ သိချင်စိတ် စပ်စုချင်စိတ်တွေနဲ့ ဝန်းရံလာကြတာပါ။။ တချို့ဆို သူတို့ကို မြင်ရအောင် ခြေဖျားထောက်ကြည့်ပြီး တချို့ကတော့ သူတို့ပြောတာ ကြားရအောင် နားစွင့်ကြပါတယ်။

လန်နာ့ဒ်ဟာ ရယ်ပြီး...။

“ဘုန်းတော်ကြီး မစိုးရိမ်ပါနဲ့... ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်တွေပါ... ဒီမှာကြည့်... ကျွန်တော်တို့တွေ သိဒ္ဓိဝင်ရေစင်၊ ငွေဓားမြောင်နဲ့ အမှောင်ထု တံဆိပ်တော်မြတ်တွေကို ယူလာတယ်... ကြက်သွန်ဖြူလည်း ပါတယ်”

သူဟာ ပြောပြောဆိုဆို မျက်လှည့်ပြသလိုမျိုး အတွင်းအိတ်ကပ်ထဲကနေ သူပြောတဲ့ ပစ္စည်းတွေကို ထုတ်ယူလိုက်ပါတယ်။

‘ကြက်သွန်ဖြူ... မင်းက စိတ်ဝိညာဉ်တွေကို အနံ့ဆိုးနဲ့ သေအောင် သတ်မလို့လား...’ ကလိုင်းဟာ လန်နာ့ဒ်ကို ကြည့်ပြီး အဓိပ္ပာယ်မရှိဘူးလို့ ခံစားရသလို ရယ်လည်း ရယ်ချင်သွားပါတယ်။

စီးယိုအာဟာ ခေါင်းရှုပ်သွားပြီး သူတော်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်းက လူလိမ်တွေ လွှတ်လိုက်တယ်လို့တောင် သံသယ ဝင်သွားပါတယ်။

သူတို့ကို ဝန်းရံလာတဲ့ မြို့သူမြို့သားတွေကတော့ လုံခြုံသွားသလိုမျိုး ပြုံးပျော်သွားကြပါတယ်။

လန်နာ့ဒ်ဟာ ဘုန်းတော်ကြီး စီးယိုအားနား ကပ်ပြီး တိုးတိုးတိတ်တိတ် ရှင်းပြပါတယ် “သူတို့တွေက ဒါတွေကို ယုံကြတယ်လေ...”

ဘုန်း‌တော်ကြီးဆီက စကားပြန်ကို မစောင့်ဘဲ သူဟာ ဆက်ပြောပါတယ် “ဘုရားကျောင်းမှာ နေ့လည်စာ အရင်ဆုံး စားရအောင်... ပြီးတော့မှ အဲဒီကိစ္စတွေကို ရှင်းကြတာပေါ့”

‘ဟုတ်တယ်... နေ့လည်စာက အရေးကြီးတယ်... အဲဒီသဘာဝလွန် ကိစ္စတွေကို ရှင်းပြီးရင် ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို အလှည့်ကျ စောင့်ရမဲ့အချိန်ပဲ... အဲဒီအချိန်က ငါ နေမီးတောက် အဆောင်ကို စီရင်ဖို့ အခွင့်ကောင်းပဲ... အကုန်လုံး ချောချောမွေ့မွေ့ ပြီးသွားဖို့ မျှော်လင့်ရတာပဲ... အင်း... နေမီးတောက် အဆောင်ကို နေ့ဘက် လုပ်တာက အကောင်းဆုံးပဲ...’ ကလိုင်းဟာ တွေးတောရင်း စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်သွားပါတယ်။

All Chapters