အားအကောင်းဆုံးရွှေသန္ဓေ
Vol. 14 Ch. 210
ယွမ်ကျိ၏ လမ်ညွှန်ချက်အတိုင်း လုယန် ကျမ်းစာတိုက်သို့သွားသည်။
ကျမ်းစာတိုက် အဝင်တံခါးတွင် စီနီယာအမကျိုးလုလုကို တွေ့သည်။ ဈေးတန်းသို့ လက်နက်ဝယ်ဖို့ သူ့ကိုခေါ်သွားပေးပြီးနောက်ပိုင်း ကျိုးလုလုနှင့် မဆုံဖြစ်တော့။
"အမကျိုးလုလု၊ မမြင်တာကြာပြီနော်"
ကျိုးလုလုက စာအုပ်များကြားတွင် ဈာန်ဝင်နေသည်။ လုယန်အသံကိုကြားမှ မော့ကြည့်လာပြီး ပြုံးပြသည်။
"ဪ မောင်လေးလုယန်။ ငါ့ကိုမမြင်တာက မင်းပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက မင်းဂိုဏ်းချုပ်လုပ်တော့ အားလုံးက မင်းကိုမြင်ခဲ့တာပဲမဟုတ်လား"
လုယန် ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ ဘယ်လိုပြန်ပြောရမှန်းမသိ။ ဂိုဏ်းချုပ်လုပ်ခဲ့သူက သူမဟုတ်ဘဲ သူ့ကိုယ်ထဲမှ ဆယ်ခြောက်နှစ်သမီး ပဲဝါနတ်မယ်ပါဟု ပြော၍လည်းမရ။
"ငါကျမ်းစာတိုက်ကို မလာဖြစ်တာ နှစ်လသုံးလောက်ရှိပြီ။ မင်းက ဘာစာအုပ်တွေ လာရှာတာလဲ"
"ရွှေသန္ဓေတည်ဆောက်နည်းစာအုပ်တွေ ရှာချင်လို့ပါ"
ကျိူးလုလု သဘောပေါက်သွားသည်။
"ဪ ဟုတ်သားပဲ။ မင်းကအခု အခြေတည်နောက်ဆုံးအဆင့်ရောက်နေပြီ။ ရွှေသန္ဓေတည်ဆောက်ဖို့ စဉ်းစားရတော့မယ့်အချိန်ပဲ"
"အမရဲ့ရွှေသန္ဓေကို ဘယ်လိုတည်ဆောက်ခဲ့တာလဲ"
ကျိုးလုလု အတိတ်ကအကြောင်းကို ပြန်စဉ်းစားနေသည်။
"မိုးရွာတဲ့ နေ့တစ်နေ့မှာပေါ့။ တံစက်မြိတ်အောက်မှာ ငါစာဖတ်နေတာ။ ဘယ်လိုဖြစ်သွားတယ်မသိဘူး။ စာဖတ်နေရင်းနဲ့ စာအုပ်ထဲက စာလုံးတွေ ခုန်ထွက်လာပြီး ငါ့စိတ်အာရုံထဲမှာ တံဆိပ်လိုစွဲကပ်သွားတယ်။ စကားလုံးတွေ ငါစိတ်ထဲကနေ စီးဆင်းလာတယ်။ ကိုယ်တွင်းအင်္ဂါတွေကိုဖြတ်ပြီး ဒန်ထန်ကိုရောက်တယ်။ ဝိညာည်စွမ်းအင်တွေက မြူငွေ့အဖြစ်ကနေ အရည်ဖြစ်လာတယ်။ ဖြေးဖြေးချင်းစီးနေတဲ့ စမ်းချောင်းတစ်ခုဖြစ်လာတယ်။ နောက်တော့ စာလုံးတွေနဲ့ ပေါင်းစပ်သွားပြီး ရွှေသန္ဓေတစ်ခု ဖြစ်လာတာပဲ"
"အမကျိုးပါရမီက တကယ်ထူးခြားတာပဲ"
လုယန် အံ့အားသင့်သွားသည်။ ထူးခြားပါရမီရှင်များသည် သိပ်အားစိုက်စရာမလိုဘဲ ရွှေသန္ဓေတစ်ခု အလိုလိုဖြစ်ပေါ်လာသည်ဟု သူကြားဖူးသည်။ တစ်ချို့ပါရမီရှင်များဆိုလျှင် တစ်ရေးအိပ်လိုက်ရုံနှင့် အောင်မြင်သွားသည်။
ဥပမာ ရှေးခေတ်ပါရမီရှင် ပဲဝါသည် အိပ်နေချိန်တွင် ရွှေသန္ဓေဖြစ်ပေါ်ခဲ့သည်။
ကျိုးလုလုက နည်းနည်းရှက်သွားဟန်ဖြင့် လက်ကိုအတင်းဝှေ့ယမ်းပြသည်။
"အဲလိုမပြောပါနဲ့ မောင်လေးလု၊ ငါ့ထက်ပါရမီအများကြီးသာတဲ့ စီနီယာအကိုအမတွေ ဂိုဏ်းထဲမှာ အများကြီးရှိပါတယ်။ သူတို့ရွှေသန္ဓေကို တည်ဆောက်ဖို့ အခက်အခဲတွေ အများကြီးဖြတ်ကျော်ခဲ့ရတာ။ ရွှေသန္ဓေလွယ်လွယ်တည်ဆောက်နိုင်တာကိုကြည့်ပြီး ပါရမီကို ဆုံးဖြတ်လို့မရဘူး။ အကိုတိုင်ပုဖန်နဲ့ အကိုကျိဟုန်ဝမ်တို့ဆို ရွှေသန္ဓေမတည်ဆောက်ခင် ဂိုဏ်းကနေအကူအညီယူပြီး ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့တာလို့ ကြားဖူးတယ်။
မင်းလိုအပ်တဲ့ စာအုပ်တွေ ကျမ်းစာတိုက်ပထမထပ်က အရှေ့ဘက်အစွန်ဆုံး စာအုပ်စင်မှာ ရှိတယ်"
လုယန် ကျေးဇူးတင်စကားပြောပြီး ကျမ်းစာတိုက်ထဲသို့ ဝင်သွားသည်။ နည်းနည်းတော့ တွေးရခက်နေသည်။ ကျမ်းစာတိုက်သည် အတော်ကျယ်ဝန်းသည်။ နံရံတစ်လျှောက် စာအုပ်စင်များစွာ ရှိသည်။ အရင်က သူစာအုပ်လာရှာလျှင် ကျိုးလုလုက စာအုပ်စင်နံပတ် စာအုပ်တန်းနံပတ် အတိအကျပြောလေ့ရှိသည်။ ယနေ့ဘာကြောင့် မရှင်းမလင်းပြောသည်မသိ။
မကြာမီ အဖြေသိလိုက်ရသည်။
ကျမ်းစာတိုက် အရှေ့ဘက်နံရံတစ်ခုလုံး ရွှေသန္ဓေတည်ဆောက်သည့် အတွေ့အကြုံစာအုပ်များ ပြည့်နေသည်။ အပြင်လောကမှစာအုပ်တစ်ချို့ပါသည်။ အများစုက တာအိုလမ်းစဉ်ဂိုဏ်း၏ နှစ်တစ်သိန်းနှစ်သောင်းကျော် စုစည်းထားသည့်စာအုပ်များဖြစ်သည်။
လွန်ခဲ့သည့် နှစ်တစ်သိန်းနှစ်သောင်းက စာအုပ်များကတော့ ဤနေရာတွင် မရှိတော့။ ယခုရှိနေသည်က မိတ္တူများဖြစ်သည်။
"နတ်မယ်၊ ရွှေသန္ဓေတည်ဆောက်တာနဲ့ပတ်သက်ပြီး အကြံတစ်ခုခုပေးစရာရှိလား"
ရှေးဟောင်းခေတ် မသေမျိုးငါးယောက်၏ခေါင်းဆောင်ဟု ကိုယ့်ကိုယ်ကိုကြွေးကြောာ်ထးသည့် ထာဝရနတ်မယ်ကို မေးလိုက်သည်။
"ရှေးဟောင်းခေတ်မှာ အားအကောင်းဆုံးပထမအဆင့်ရွှေသန္ဓေလို့ ခေါ်နိုင်တဲ့ ရွှေသန္ဓေတစ်မျိုး ငါမြင်ဖူးတယ်။ ငါရဲ့ရွှေသန္ဓေထက်တောင်သာတယ်"
"အဲလိုရွှေသန္ဓေမျိုးရှိတယ်ပေါ့"
လုယန် အံ့အားသင့်သွားသည်။ ထာဝရနတ်မယ်သည် အမြဲတမ်း ကြွားဝါနေသူဖြစ်သည်။ ရှေးခေတ်ရွှေသန္ဓေငါးယောက်တွင် အညံ့ဆုံးဟု ဘယ်တော့မှ ဝန်မခံ။ တစ်ခြားတစ်ယောက်၏ရွှေသန္ဓေက သူ့ထက်သာကြောင်း အသိအမှတ်ပြုမည်ဟု ထင်မထား။
ထို့ပြင် ရွှေသန္ဓေများသည် ကိုယ်ပိုင်စွမ်းရည်အမျိုးမျိုးရှီသည်။ ဘယ်ဟာကို အကောင်းဆုံးဟု သတ်မှတ်နိုင်မည်နည်း။
"ရှေးဟောင်းခေတ်မှာ ဘယ်သူမှမသေမျိုးမဖြစ်ခင် လမ်းကြောင်းစုံက ပါရမီရှင်တွေ ယှဉ်ပြိုင်ကြတယ်။ သူတို့စွမ်းရည်တွေ နောက်ခံတွေ ပါရမီတွေကို ထုတ်ပြကြတယ်။ အဲဒီတုန်းက လောကမှာ ငါအတော်ဆုံးပဲ။ ယင်ထန်တို့ ကိုးဆတို့က ငါ့လောက်မတော်ဘူး။ ငါသူတို့ကို အပြတ်အသတ် အနိုင်ယူခဲ့တာ။
အဲဒီတုန်းက ချစ်သူရည်းစားပေါတဲ့ ပါရမီရှင်တစ်ယောက်ရှိတယ်။ ရွှေသန္ဓေ တည်ဆောက်တော့ သူ့လူယုံမိန်းကလေးခုနစ်ယောက်လည်းအတူပါတယ်။ အားလုံးက ပါရမီရှင်မိန်းကလေးတွ နတ်ဆိုးမတွေ သူတော်စင်တွေချည်းပဲ။ သူနဲ့မိန်းကလေးခုနစ်ယောက်လုံး ပထမအဆင့်ရွှေသန္ဓေတွေ တည်ဆောက်ကြတယ်။ သူ့ရွှေသန္ဓေက အဓိကပေါ့။ မိန်းကလေးခုနစ်ယောက်ရဲ့ သန္ဓေတွေက အရံပေါ့။ ကြယ်ခုနစ်တန်းရွှေသန္ဓေ ဖြစ်လာတယ်။ တိုက်ပွဲမှာ ဒီပါရမီရှင်က သူ့လူယုံတွေရဲ့ ရွှေသန္ဓေတွေကို သူ့သန္ဓေနဲ့ ပေါင်းစပ်လိုက်တယ်။ သူ့တိုက်ခိုက်စွမ်းအားက ခုနစ်ဆမြင့်သွားတယ်။ အဲဒါ ငါသိခဲ့သမျှ အားအကောင်းဆုံး ရွှေသန္ဓေပဲ"
"ကျေးဇူးတင်ပါတယ်။ ဒါကတော့ ကျုပ်အတွက် လုံးတအကူအညီမဖြစ်ပါဘူး"
လုယန် မျက်လုံးထောင်ကပ်ကြည့်သည်။ နတ်မယ်၏စကားများကို ပုံပြင်ဟုသာ သဘောထားလိုက်သည်။ လူယုံမိန်းကလေးခုနစ်ယောက်ကို သူဘယ်မှာသွာားရှာမည်နည်း။
ညီအကိုခုနစ်ယောက်ကို ဆင့်ခေါ်သလို ခေါ်လို့ရမည်ဟု ထင်နေသလားမသိ။
"ပြီးတော့ အတော်အားကောင်းတဲ့ နောက်ထပ်ရွှေသန္ဓေတစ်ခုလည်း ရှိသေးတယ်။ ဒါပေမယ့် ကြားပဲကြားဖူးတာ။ ဟုတ်မဟုတ်တော့ သေချာမသိဘူး။ ငါ့ခေတ်မတိုင်ခင်က ပေါ်ခဲ့တာ။
ရှေးခေတ်က ကျင့်ကြံသူလင်မယားနှစ်ယောက်ရှိတယ်။ အစပိုင်းမှာ မိန်းမရဲ့ရွှေသန္ဓေက ဘာမှမထူးခြားဘူး။ သာမန်ပထမအဆင့်ရွှေသန္ဓေပဲ။ ဒါပေမယ့် အချိန်ကြာလာတော့ သူ့သန္ဓေက တဖြေးဖြေး ကြီးသထက်ကြီးလာတယ်။ အဲဒီမိန်းမ ကိုယ်ဝန်ရှိသလိုပုံစံမျိုးဖြစ်လာတယ်။
သုံးနှစ်ကြာတော့ ရွှေသန္ဓေက သူ့ကိုယ်ထဲကနေ သူ့ဘာသာထွက်လာပြီး ကွဲသွားတယ်။ ကလေးတစ်ယောက်ပေါ်လာတယ်။ ဒီမိန်းမရဲ့ အပြင်သန္ဓေဝိညာဉ်ဖြစ်လာတယ်"
"ပြီးတော့ရော"
"နောက်တော့ ဒါက သန္ဓေဝိညာဉ်မဟုတ်ဘူးဆိုတာ သူသိသွားတယ်။ အဲဒါက သူ့သားလေ"
"...နတ်မယ်၊ ခင်ဗျားပြန်အိပ်သင့်ပြီထင်တယ်"
"ဒါက ရှေးဟောင်းလျှို့ဝှက်ချက်တွေပါ။ တော်ရုံတန်ရုံဆို ငါဘယ်သူ့ကိုမှပြောပြတာမဟုတ်ဘူး"
လုယန်သဘောထားကြောင့် ထာဝရနတ်မယ် အတော်မကျေမနပ်ဖြစ်သွားသည်။
သူသည် သိက္ခာရှိသည့် ရှေးဟောင်းမသေမျိုးဖြစ်သည်။ ထာဝရအရိယဖလသခင်ဖြစ်သည်။ တန်ဖိုးရှိသည့် အကြောင်းအရာများကို ပြောပြနေသည်။ ကျေးဇူးတင်သင့်သည်။
ထာဝရနတ်မယ်၏ဇာတ်လမ်းများက လုယန် သူ့အပေါ် အမြဲတမ်းမြင်ခဲ့သည့် အမြင်နှင့် ကိုက်ညီနေသည်။...ယုံကြည်အားကိုး၍မရ။
နတ်မယ်ကို အားကိုး၍မရသဖြင့် ဖြတ်လမ်းရှာဖွေသည့်ကိစ္စကိုရပ်၍ အကို၊အမ၊ဦးလေး၊ဘိုးဘေးများ၏ ရွှေသန္ဓေတည်ဆောက်သည့် အတွေ့အကြုံများကိုသာ အာရုံစိုက်၍ဖတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ထာဝရနတ်မယ်၏ လမ်းညွှန်ချက်သည် ဖြတ်လမ်းလား လမ်းမှားလား သေချာမသိနိုင်။
"တစ်ကိုယ်တော် ရွှေသန္ဓေ။ ပထမအဆင့်ရွှေသန္ဓေဖြစ်သည်။ နေကဲ့သို့ တောက်ပသည်။ ဖြောင့်မတ်သည်။ တရားမျှတသည်။ ဒန်ထန်၏အလယ်ဗဟိုတွင်နေသည်။ အရပ်ဆယ်မျက်နှာကို စောင့်ကြပ်သည်။ မကောင်းဆိုးဝါးသတ္တဝါများ နတ်ဆိုးများ မချဉ်းကပ်နိုင်။ မိန်းမလိုက်စားလျှင် သန္ဓေပျက်စီး၍ ကျင့်ကြံသူ သေမည်"
လုယန် အတော်ကံကောင်းသည်။ ကြုံရာစာအုပ်တစ်အုပ် ရွှေးလိုက်ခြင်းဖြစ်သည်။ သုံးလေးမျက်နှာလှန်ဖတ်ကြည့်ပြီးနောက် မုန်ကျင်းကျိုး၏ ရွှေသန္ဓေနှင့်ပတ်သက်သည့် အကြောင်းအရာများဖြစ်ကြောင်း သိလိုက်ရသည်။
စာအုပ်ပိတ်လိုက်ချန်တွင် စာအုပ်အဖုံးပေါ်မှ ခေါင်းစီးကိုမြင်ရသည်။
"ရွှေသန္ဓေအတွေးအမြင်။ တစ်ကိုယ်တော်တာအိုရှင် ရေးသားသည်"
တစ်ကိုယ်တော်တာအိုရှင်သည် သန့်စင်ယန်ဝိညာဉ်မြစ်ကို 'တစ်ကိုယ်တော်ဝိညာည်မြစ်'ဟု နာမည်ပေးခဲ့သည့် ကျင့်ကြံသူလောက၏ ဘိုးဘေးဖြစ်သည်။ ထိုဘိုးဘေးသည် မဟာယုခေတ်အစောပိုင်းမှ ကျင့်ကြံသူဖြစ်သည်။ သူ့သက်တမ်းကုန်၍ သေသွားသလား၊ အနာဂတ်ခေတ်တစ်ခုတွင် ပြန်နိုးထရန် ဂူအောင်းသွားသလား သေချာမသိရ။
လုယန် ဆက်ဖတ်ကြည့်ချိန်တွင် ရွှေသန္ဓေအတွေးအမြင်ဟုပြောထားသည့် ထိုစာအုပ်တွင် တစ်ကိုယ်တော်တာအိုရှင်၏ မကျေမနပ်ညည်းညူသည့်အကြောင်းအရာက ပို၍များသည်ကိုတွေ့ရသည်။
"သောက်သုံးမကျတဲ့ တစ်ကိုယ်တော်ဝိညာဉ်မြစ်။ ဘယ်တုန်းကမှမရှိဘူးတဲ့ ဒီလိုဝိညာဉ်မြစ်နဲ့ ငါဘာလို့ ကျိန်စာသင့်နေရတာလ။
အတိတ်ဘဝ အကုသိုလ်ကံများလို ဝဋ်ကြွေးဆပ်နေရတာလား။ ဒါမှမဟုတ် အရင်ဘဝက ငါမိန်းမတွေအများကြီးရှိခဲ့လို့ အခုတန်းညှိခံနေရတာလား။
ကျင့်စဉ်လမ်းရဲ့ပန်းတိုင်ဟာ မိန်းမလှတွေဝိုင်းပြီး ဇနီးမယားတွေ ကိုယ်လုပ်တော်တွေ အများကြီးရှိလာဖို့ပဲ မဟုတ်လား။ ဘာလို့ ငါ့ကျမှ တစ်ခြားလူတွေနဲ့ ကွဲပြားနေတာလဲ။ ကျင့်ကြံရတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ"
လုယန် စာအုပ်ကိုအသာပိတ်ပြီး သူ့နေရာသူပြန်ထား၍ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်သည်။ နောက်တစ်အုပ် ဆက်ဖတ်သည်။
"ဪ..ဒါက အမယွမ်ရဲ့ ရွှေသန္ဓေအတွေးအမြင်တွေလား"
ရတနာတစ်ခုရှာတွေ့သလို ခံစားလိုက်ရသည်။ စာအုပ်က အတော်ထူသည်။ စီနီယာအကိုအမများစွာ၏ ရွှေသန္ဓေတည်ဆောက်ခြင်း အတွေးအမြင်များ နည်းလမ်းများ ပါဝင်သည်။
ထုံးစံအတိုင်း ယွမ်ကျိနာမည်က ထိပ်ဆုံးတွင်ရှိနေသည်။
လှုပ်ရှားနေသည့်စိတ်ကို ထိန်းချုပ်၍ ဆက်ဖတ်သည်။ ယွမ်ကျိက ရေးထားသည်။
"ငါရွှေသန္ဓေတည်ဆောက်တဲ့နည်းလမ်းဟာ ဘာမှမှီးငြမ်းကိုးကားစရာမရှိဘူး။ အတုမခိုးသင့်ဘူး။ ငါ့ဆီက သင်ယူဖို့ကြိုးစားတဲ့လူတွေ သေမယ်။ ငါ့ကိုအတုခိုးဖို့ကြိုးစားတဲ့လူတွေ သေမယ်။ အနာဂတ်မျိုးဆက်တွေ ငါ့သန္ဓေတည်ဆောက်နည်းကို အတုခိုးကြမှာကို ကာကွယ်နိုင်ဖို့ ငါ့နည်းလမ်းရဲ့ အသေးစိတ်အချက်တွေကို ဖွင့်ချမပြတော့ဘူး"
************************************