ဘာကြောင့်လူများနေသနည်း
Vol. 14 Ch. 196
သိစိတ်နယ်မြေတွင်လူနှစ်ယောက်ရှိလျှင် မူလပိုင်ရှင်တစ်ယောက်၊ အားကောင်းသည့်ဝိညာဉ်တစ်ယောက် ဖြစ်မည်။ စွမ်းအားမြင့်ဝိညာဉ်က ခန္ဓာကိုယ်ကို အပိုင်သိမ်းယူဖို့ မဆုံးဖြတ်ရသေးခြင်းဖြစ်မည်။
သို့သော် သုံးယောက်ရှိနေသည်က များလွန်းသည်။ ထိုမျှလူမများသင့်။ ယခု သူ့ကိုယ်သူပါထည့်တွက်လျှင် သိစိတ်နယ်နေမြတွင် လူလေးယောက်ရှိနေသည်။
အတွေ့အကြုံနည်းသည့် ထာဝရအရှင်သည် လူတစ်ယောက်၏သိစိတ်နယ်မြေတွင် လူလေးယောက်ရှိသည်ဟု တစ်ခါမှမကြားဖူးခဲ့။ ယွမ်ကျိက စာအုပ်ကိုပိတ်၍ ထာဝရအရှင်ကို အသံတိတ်ကြည့်နေသည်။
အကြီးကိုလေးစားသည့်အနေဖြင့် ထာဝရနတ်မယ်ကို အရင်တိုက်ခိုက်ခွင့်ပေးခဲ့သည်။ ယခု သူ့အလှည့်ဖြစ်သည်။
"အရိယဖလမရှိရင်တောင် ငါကပြိုင်ဘက်ကင်းပဲ"
ထာဝရအရှင် ယုံကြည်မှုပြန်ရလာသည်။ ကျနေသည့်စိတ်ဓာတ်ကို ပြန်မြှင့်ပြီး တိုက်ပွဲပြန်ဝင်သည်။
"လောကကိုသိမ်းပိုက်မယ့်နတ်ဆိုးစွမ်းအား"
အဆုံးစမဲ့အနက်ရောင်နတ်ဆိုးစွမ်းအင်များ ထာဝရအရှင်ကိုယ်ထဲမှထွက်လာသည်။ စွမ်းအင်ရောင်ထဲတွင် နတ်ဆိုးဦးခေါင်းများ လူးလွန်လှုပ်ရှားနေသည်။ စူးရှည်သည့်အော်ဟစ်သံများ သိစိတ်နယ်မြေတစ်ခုလုံးပြည့်သွားသည်။ နတ်ဆိုးစွမ်းအင်များ ယွမ်ကျိထံ ပြေးဝင်လာသည်။
ယွမ်ကျိက ကြည့်ပင်မကြည်။ ဖြူဖွေးသည့်သူ့လက်တစ်ဘက်ကို မြှောက်လိုက်သည်။ လက်ကောက်ဝတ်မှ ခေါင်းလောင်းငယ်များ အသံမည်လာသည်။ သူ့စကားသံက တိတ်ဆိတ်သည့်လနန်းတောမှ နတ်သမီးတစ်ပါးကဲ့သို့ အေးဆေးတည်ငြိမ်သည်။
"တိမ်ဆင်းလက်ဝါး"
လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ တိမ်ဖြူများ သူ့နောက်တွင် ပေါ်လာသည်။ ပင်လယ်ရေလှိုင်းကဲ့သို့ ကြွတက်လာသည်။ နတ်ဆိုးစွမ်းအင်များအားလုံးကို ဖုံးလွှမ်းဝါးမျိုသွားသည်။ တိမ်စိုက်များက မြင့်မားသည့်လှိုင်းများအသွင်ပြောင်း၍ ထာဝရအရှင်ဆီ လွင့်ပျံလာသည်။
မြစ်ကြမ်းပြင်မှ ကျောက်စရစ်ခဲတစ်လုံးလို ထာဝရအရှင်ခံစားရသည်။ ခုခံနိုင်သည့်စွမ်းအားမရှိ။
"ငရဲမသေမျိုးမီးတောက်"
"ရွှေခေါင်းလောင်းဆယ်ရှစ်ခုဒိုင်းကာ"
ထာဝရအရှင်၏ရင်ဘတ်မှ အနီအနက်မီးတောက်များ ထွက်လာပြီး လျင်မြန်စွာ ပျံ့နှံ့သွားသည်။ သူ့ကိုယ်ပေါ်တွင် ပါးလွှာသည့် အကာအကွယ်တစ်ခုဖြစ်လာသည်။ ရွှေခေါင်းလောင်းဆယ့်ရှစ်ခု မြည်ဟိန်း၍ ကျဆင်းလာသည်။ ထာဝရအရှင်ကို ဖုံးလွှမ်းသွားသည်။ တစ်လွှာပေါ်တစ်လွှာဆင့်၍ ယွမ်ကျိ၏တိုက်ခိုက်မှုကို ကာကွယ်ရန်ကြိုးစားသည်။
လှိုင်းများကလည်း ရပ်နားခြင်းမရှိ။ ထာဝရအရှင်ကို အပြင်းအထန်ရိုက်ခတ်သည်။ ရွှေခေါင်းလောင်းအလွှာဆယ့်ရှစ်ခု တစ်လွှာပြီးတစ်လွှာ ကြေမွပျက်စီးသွားသည်။ မီးတောက်ဒိုင်းကာအလွှာလည်း လှိုင်းနှင့်ထိသည်နှင့် အငွေ့ပျံသွားသည်။ အားသက်ရောက်မှုဒဏ်ကို ထာဝရအရှင်ခံလိုက်ရသည်။ ဝိညာဉ်နယ်မြေအစွန်သို့ လွင့်ထွက်သွားသည်။
ယွမ်ကျိ ထိုင်ရာမှထလာသည်။ ပေါ့ပါးသည့်ခြေလှမ်းများဖြင့် လျှောက်လာသည်။ ခြေတစ်လှမ်းတိုင်း ကြာပွင့်တစ်ပွင့်ပွင့်သည်။
"ရပ်လိုက်။ ရပ်လိုက်စမ်း၊ ရပ်လိုက်လို့ပြောနေတယ်လေ"
ထာဝရအရှင် မျက်ကလူးဆန်ပြာ အော်ဟစ်နေသည်။ ယခုတိုက်ခိုက်မှုကြောင့် သူ့ယုံကြည်ချက်များ ကြေမွပျက်စီးသွားသည်။
"ရွှေခွဲကျောက်ခွဲလက်ဝါး"
မြူဆိုင်းသည့် လက်ဝါးရိပ်တစ်ခု အပေါ်မှဆင်းလာသည်။ တောင်ကိုဖြို မြေကိုခွဲ၍ ရတနာဖျက်နိုင်သည့် စွမ်းအားရှိသည်။ ကျင့်ကြံသူလောကတွင် လူသိများသည့် စွမ်းအားမြင့်တိုက်ကွက်ဖြစ်သည်။
ယွမ်ကျိ လက်ကိုအသာဝှေ့ယမ်းလိုက်သည်။ မြူလက်ဝါးက မီးခိုးငွေ့ကဲ့သို့ လွင့်ပျောက်သွားသည်။
"မဖျက်ဆီးနိုင်တဲ့ဗောဓိခန္ဓာ"
ထာဝရနအရှင် နတ်ခန္ဓာစွမ်းအားကို အသုံးချပြန်သည်။
အပြင်လောကရောက်လျှင် သူ့နတ်ခန္ဓာသည် ပေသောင်းချီမြင့်သည်။ ကြယ်များကိုမီလုမတတ်ဖြစ်သည်။ ဘယ်တိုက်ခိုက်မှုမျိုးမှ မသက်ရောက်။ သူ့တိုက်ခိုက်မှုကသာ မိုးမြေကိုဖျက်ဆီးနိုင်သည်။
ဝိညာဉ်နယ်မြေက ကျဉ်းမြောင်းသဖြင့် ဗောဓိခန္ဓာအသွင်ကို အပြည့်အဝထုတ်သုံးဖို့ခက်သည်။ သို့သော် စွမ်းအားက လျော့မသွား။
"သေလိုက်စမ်း"
ယွမ်ကျိကို ဖိနင်းချေရန် ကြိုးစားသည်။
ယွမ်ကျိက မော့မကြည့်ဘဲ လက်ကို နှစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ ကြောက်စရာနတ်ခန္ဓာ ချက်ချင်းကြေမွသွားသည်။
"ကြာနီကြွေဆင်း"
"ဓားငါးမျိုးပြောင်းပြန် လူသတ်မှော်စက်ဝန်း"
"ဗုဒ္ဓလက်သီး"
"တော်ဝင်လမ်းမှော်အဆောင်"
ထာဝရအရှင် လုံးဝထိန်းချုပ်မထားတော့။ သူတတ်ထားသမျှ ပညာအားလုံး ထုတ်သုံးသည်။ လက်ဝါးစွမ်းအား၊ လက်သီးစွမ်းအား၊ မှော်စက်ဝန်းများ၊ မှော်အဆောင်များ။ တိုက်ခိုက်မှုတိုင်း ကျွမ်းကျင်အဆင့်ဖြစ်သည်။ နှစ်ရာချီထောင်ချီ လေ့ကျင့်ထားသလိုပင်ဖြစ်သည်။
ထိုတိုက်ခိုက်မှုမျိုးကို သာမန်ကျင့်ကြံသူများ ကြောက်လန့်ကြမည်။ သို့သော် ယွမ်ကျိအတွက် မပြောပလောက်။
လုယန်၏သိစိတ်နယ်မြေက သူ့ကိုယ်ပိုင်နယ်မြေ ဖြစ်လာသယောင်ရှိသည်။ ယင်ခြောက်သလို လက်တစ်ဘက်ဝှေ့ယမ်းရုံဖြင့် တိုက်ခိုက်မှုအားလုံး ပျောက်ကွယ်သွားသည်။
"မသေမျိုးဖြစ်ဖို့ အဝေးကြီးလိုပါသေးတယ်"
ထာဝရနတ်မယ်၏ မှော်စက်ဝန်းတိုက်ခိုက်မှုကို ယွမ်ကျိ မှတ်ချက်ပေးသည်။ စွမ်းအားနည်းသည်သာမဟုတ်။ အမြင်လည်းမရှိ။
ထာဝရနတ်မယ် ထိုနည်းလမ်းကိုသုံးပြီး တိုက်ခိုက်လျှင်ပင် ပို၍အကျိုးရှိဦးမည်။
"ဒါတွေက လူသိများတဲ့ တိုက်ခိုက်နည်းတွေပဲမဟုတ်လား။ ရှေးဟောင်းခေတ်က ကျင့်စဉ်ပညာတစ်ခုခု မသုံးဘူးလား"
ထာဝရအရှင် နည်းလမ်းမျိုးစုံ တိုက်ခိုက်ခဲ့သော်လည်း အားလုံးက ခေတ်သစ်ပညာရပ်များ၊ မပျောက်ကွယ်သေးသည့် ပညာရပ်များသာဖြစ်သည်။
ထူးဆန်းသည်။
ရှေးဟောင်းခေတ်မဟာကပ် အဆုံးသတ်ချိန်တွင် ပညာရပ်များစွာ ပျောက်ဆုံးသွားသည်။ ယနေ့ခေတ်ကျင့်စဉ်ပညာအများစုက နောက်မျိုးဆက်များ တီထွင်ခဲ့ခြင်းဖြစ်သည်။
ထာဝရအရှင်သာ ရှေးခေတ်မသေမျိုးဖြစ်လျှင် ထာဝရနတ်မယ်လို ရှေးဟောင်းခေတ်မှ အဆင့်မြင့်ကျင့်စဉ်ပညာတစ်ခုခု ထုတ်သုံးသင့်သည်။ ဥပမာ ရေဓာတ်အားလုံး တွန်းထုတ်သည့် ရေကွင်းပညာ။ သိုမဟုတ် အတော်ရှက်စရာကောင်းသည့် သေဟန်ဆောင်သည့်ပညာ။
ထာဝရအရှင်ကို ယွမ်ကျိ တစ်ချက်တည်းရိုက်မသတ်ခြင်းမှာ ထုတ်သုံးလာမည့် တိုက်ခိုက်နည်းများကို ကြည့်လိုသေး၍ဖြစ်သည်။
"မင်းဘယ်သူလဲ"
အရိယဖလလုယူခံရစဉ်ကထက်ပင် ထာဝရအရှင် ပို၍ထိတ်လန့်တုန်လှုပ်လာသည်။ ဤစွမ်းအားက မယုံနိုင်စရာကောင်းလောက်အောင် ပြင်းထန်သည်။
ဤကောင်လေး၏ဝိညာဉ်နယ်မြေတွင် ဘယ်လိုလူစားများရှိနေသနည်း။ တစ်ယောက်က သူ့အရိယဖလကို ထူးဆန်းသည့်နည်းလမ်းဖြင့် လုယူသွားသည်။ နောက်တစ်ယောက်၏ ကျင့်စဉ်စွမ်းအားနှင့် မှော်စွမ်းအားက အတိုင်းအဆမရှိ။
"လုယန်အတွက် ကျွန်မကို အနိုင်ယူမယ်လို့ ရှင်ပြောခဲ့တယ်မဟုတ်လား"
"မင်းက လုယန်ရဲ့အမဆိုတာလား"
ထာဝရအရှင်၏အသံ ဂိတ်ဆုံးထိမြင့်တက်သွားသည်။ မျက်လုံးပြူးနေသည်။ လက်ရှိသူ့အခြေအနေကိုပင် မေ့လျော့သွားသည်။ လုယန်ကို စိတ်ထဲမှကျိန်ဆဲနေသည်။
ထိုကောင်လေး၏ဆန္ဒများက ကြောင်တောင်တောင်နိုင်လွန်းသည်။ တစ်ခုထက်တစ်ခု ပိုရူးနှမ်းသည်။ လုယန်၏အမကို လွယ်လွယ်အနိုင်ယူနိုင်မည်ဟုထင်ပြီး လုယန်ဆန္ဒကို လိုက်လျောမည်ဟု ကတိပေး၍ ဝင်ပူးကပ်ခဲ့ခြင်းဖြစ်သည်။
ယခု ထင်ထားသည်နှင့် လုံးဝဆန့်ကျင်ဖက်ဖြစ်နေသည်။
လုယန်၏အမက သူ့ကို အလွယ်တကူအနိုင်ယူနိုင်သည်။ တကယ့်ချောက်နက်ကြီးထဲ သူကျလာခြင်းဖြစ်သည်။
လုယန်သည် သူ့ကို တကယ်ယုံကြည်သူမဟုတ်မှန်း ထာဝရအရှင် နားလည်သည်။ ငါးစားဖြစ်ချင်ယောင်ဆောင်၍ သူဝင်လာချင်အောင် မျှားခေါ်ခဲ့ခြင်းသာဖြစ်သည်။
သူ့အတွက် ပြည့်စုံသည့် ခန္ဓာကိုယ်တစ်ခုကို အပိုင်သိမ်းနိုင်မည်ဟု သူထင်ခဲ့သည်မှာ ရယ်စရာကောင်းလွန်းလှသည်။ ဤကောင်လေးသည် ထာဝရဂိုဏ်းထဲဝင်လာသည် လမ်းမှန်ဂိုဏ်းသူလျှိုတစ်ယောက် ဖြစ်လေသလော။
သို့သော် ပြိုင်ပွဲတွင် လုယန်စွမ်းဆောင်ခဲ့သည်များက အတုအယောင်မဟုတ်။
အရာအားလုံးကို ထာဝရအရှင် သဘောပေါက်လာသည်။ လုယန်သည် တစ်ခြားနတ်ဆိုးဂိုဏ်းသုံးခုက လွှတ်လိုက်သည့်လူဖြစ်မည်။ ထိုသို့တွေးလျှင် အားလုံးအဓိပ္ပါယ်ရှိလာသည်။
"ရပ်ပါတော့၊ ရပ်ပါတော့။ ငါအရှုံးပေးပါတယ်။ မင်းသိချင်တာ ငါပြောပါ့မယ်။ ငါ့အသက်ကိုပဲ ချမ်းသာပေးပါ"
ထာဝရအရှင် ဒူးထောက်တောင်းပန်သည်။ သူ့စိတ်ဓာတ်အပြောင်းအလဲက မယုံနိုင်လောက်အောင်မြန်သည်။
"ပြောစမ်း၊ နင်ဘယ်သူလဲ။ ဘာလို့ ငါ့နေရာမှာ အယောင်ဆောင်တာလဲ"
အရိယဖလလေ့လာမှုကိုရပ်၍ ထာဝရနတ်မယ် စိတ်လှုပ်ရှားစွာ အပြေးရောက်လာသည်။ လုယန်လည်း နောက်မှလိုက်လာသည်။ ယွမ်ကျိက ငြိမ်သက်စွာနားထောင်နေသည်။
သုံးယောက်လုံး အဖြေကို သိချင်သည်။
"ငါက..."
သုံးယောက်လုံးအာရုံစိုက်နေသည်ကို အခွင့်ကောင်းယူ၍ စကားကိုဆွဲဆွဲငင်ငင်ပြောပြီး သူ့စွမ်းအင်အားလုံးကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ လှည့်ထွက်ပြေးသည်။ သိစိတ်နံရံကို ချိုးဖျက်၍ ဤငရဲခန်းမှ လွတ်မြောက်ရန်ကြိုးစားသည်။
"ဘုန်း"
အံ့ဩစရာမရှိပါ။ အလွန်ခိုင်ခံ့သည့်နံရံကို သူတိုက်မိသည်။ ချိုးဖျက်နိုင်စွမ်းမရှိ။ ထိုသို့ဖြစ်မည်ကို ကြိုမျှော်လင့်ထားပြီးဖြစ်၍ ယွမ်ကျိက လုယန်၏ သိစိတ်နယ်မြေ အဝိုင်းအဝန်းကို ကြိုတင်အားဖြည့်ထားသည်။
ထာဝရအရှင်၏လှည့်ကွက်က အလုပ်မဖြစ်။ ထိုလှည့်ကွက်မျိုး ယွမ်ကျိရှေ့တွင် တာအိုရှင်ဝစီပိတ် အကြိမ်ကြိမ်အခါခါသုံးဖူးသည်။
"အခုချိန်ထိ ဉာဏ်များနေသေးတယ်ပေါ့။...နတ်မယ်လက်သီးစွမ်းအား"
ပဲဝါက လက်သီးနှစ်ဘက် ထာဝရအရှင်၏မျက်နှာပေါ် ဆက်တိုက်ကျလာသည်။
"မျက်နှာကိုမထိုးနဲ့ မျက်နှာကိုမထိုးနဲ့။ အခု ငါတကယ်အားလုံးကို ပြောပြပါ့မယ်"
ထာဝရအရှင် ဉာဏ်အလင်းပေါက်သွားသည်။ စောစောစီးစီးဝန်ခံခြင်းက ပို၍ကောင်းသည်။ ပြိုင်ဘက်က အတွေ့အကြုံရှိသည်။ ဘယ်လိုလှည့်ကွက်မှ အလုပ်ဖြစ်မည်မဟုတ်။
"ပြောစမ်း၊ နင့်နာမည်ဘယ်လိုခေါ်လဲ"
ထာဝရနတ်မယ် အောင်နိုင်သူလေသံဖြင့်မေးသည်။
"ငါက အရှက်မဲ့ပါ"
"ဪ...ကိုယ့်ကိုယ်ကိုတော့ သိသားပဲ"
******************************