ဝန်ခံသူအတွက်သက်ညှာခြင်း
Vol. 14 Ch. 197
"မဟုတ်ပါဘူး။ ငါ့နာမည်က 'အရှက်''မဲ့'ပါ။ အရှက်ရတဲ့အဖြစ်မျိုး ငါမလိုချင်ဘူးလို့ ဆိုလိုတာပါ"
ယခု ထာဝရအရှင် တကယ်အပိုးကျိုးသွားသည်။ မေးသမျှအားလုံးကို ရိုရိုသေသေဖြေသည်။
(**ပုယော်လျန် ဖြစ်သည်။ 'ပု'သည် မျိုးရိုးနာမည်ဖြစ်သလို 'အငြင်းပြ'စကားလုံးလည်းဖြစ်သည်။ ယော်လန်သည် 'မျက်နှာလိုချင်သည်"ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ပုယော်လန်သည် ပုံမှန်နာမည်အပြင် 'မျက်နှာမလိုချင်'သို့မဟုတ် 'အရှက်မရှိ' 'အရှက်မဲ့'ဟုလည်း အဓိပ္ပါယ်ရပါသည်။ အဓိပ္ပါယ်နှစ်ခွဖြစ်နေသည့်စကားလုံးကို ကစားထားခြင်းဖြစ်သည်။)
ထာဝရနတ်မယ် မျက်မှောင်ကျုံ့သွားသည်။
"နာမည်ကဘာလို့ ဒီလောက်ထူးဆန်းနေတာလဲ"
လုယန်စိတ်ထဲတွင်
'သူများနာမည်တွေကို ထူးဆန်းတယ်လို့ ခင်ဗျားမှာဝေဖန်ပိုင်ခွင့်ရှိလို့လား'
ထာဝရအရှင် သက်ပြင်းချသည်။
"ဒီနာမည်ကို ငါ့ဘာသာရွေးချယ်ခဲ့တာမဟုတ်ပါဘူး။ ပြောရရင်အရှည်ကြီးပဲ"
"ဖြေးဖြေးပဲပြောပါ"
ထာဝရနတ်မယ် ခွေးခြေခုံပုတစ်ခု ဆွဲယူ၍ထိုင်သည်။ လက်နှစ်ဘက်ပေါ်မေးတင်၍ နားထောင်ရန်အသင့်ပြင်သည်။
ယွမ်ကျိနှင့်လုယန်တို့လည်း ဘေးမှ နားထောင်နေကြသည်။
ထာဝရအရှင် အမှန်အတိုင်းပြောပြသည်။
"ငါ့သိစိတ်ဝိညာဉ် ဘယ်ကရောက်လာလဲ ငါမသိဘူး။ ငါဘယ်လိုဖြစ်တည်လာတယ်ဆိုတာလည်း မသိဘူး။ လွန်ခဲ့တဲ့အချိန်အတော်အကြာက ငါ့ကိုယ်ပိုင်ဖြစ်တည်မှုကို ပထမဆုံးသတိထားမိခဲ့တယ်။ ဝိုးတဝါးပဲမှတ်မိတာပါ။ သိပ်မရှင်းလင်းဘူး။
ဘာမှန်းမသိတဲ့ အင်အားတစ်ခုက ငါ့ဘေးပတ်လည်မှာ အဆက်မပြတ်စုစည်းနေတယ်။ ငါတဖြေးဖြေး သန်မာလာတယ်။ ဒါပေမယ့် ငါ့သိစိတ်က ဝေဝါးနေတုန်းပဲ။ မရှင်းလင်းဘူး။ အပြင်လောကကို ခွဲခြားမသိနိုင်သေးဘူး။
ပြီးတော့ မှတ်ဉာဏ်တွေအများကြီး ငါ့ခေါင်းထဲဝင်လာတာကို ခံစားရတယ်။ ဒါပေမယ့် အဲဒီတုန်းက စဉ်းစားသုံးသပ်နိုင်စွမ်းမရှိသေးပါဘူး။ စီစစ်ခွဲခြားတာမျိုးမလုပ်နိုင်ဘဲ ဒီမှတ်ဉာဏ်တွေကို လက်ခံခဲ့တာပါ။
ငါ့သိစိတ်ဝိညာဉ် တဖြေးဖြေးအားကောင်းလာတယ်။ ငါ့သိစိတ်အာရုံမှာ 'ထာဝရအရှင်'လို့ အော်နေတဲ့အသံတွေ ငါကြားတယ်။ ဒါပေမယ့် ဒီမှတ်ဉာဏ်တွေ ဘာမှန်းမသိသေးဘူး။ ထာဝရအရှင်ဆိုတာကိုလည်း နားမလည်သေးဘူး။
အချိန်ဘယ်လောက်ကုန်သွားလည်းတော့မသိဘူး။ နှစ်တစ်ရာဖြစ်ချင်ဖြစ်မယ်။ နှစ်တစ်ထောင်ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် နောက်ဆုံးတော့ ငါ့သိစိတ်အာရုံ ရုတ်တရက်ကြည်လင်လာတယ်။ ရေနစ်နေတဲ့သူကို ရေထဲက ဆွဲတင်လိုက်သလိုပဲ။ အပြင်လောကကြောင်း ငါမှတ်ဉာဏ်ပြန်ရလာတယ်။
ငါ့သိစိတ်ကြည်လင်လာပြီးတဲ့အချိန် ပထမဆုံးကြားလိုက်ရတဲ့စကားက 'ကြီးမြတ်တဲ့ထာဝရအရှင် အရှက်မဲ့၊ သင့်ကိုယုံကြည်တဲ့ နောက်လိုက်တွေကို ကူညီပါ။ ဒီလောကကို ကယ်တင်ပေးပါ'တဲ့။
'အရှက် မဲ့'ဟာ ငါ့နာမည်ဖြစ်လာတယ်။ အစက ငါ့မှာနာမည်မရှိဘူး။ ငါ့ကို အရှက်မဲ့လို့ခေါ်တာ ထာဝရဂိုဏ်းချုပ်ပဲ။ ဒီလိုနဲ့ ငါ့နာမည်ကို ရလာတာ။
နာမည်ရပြီးတော ကျယ်ပြန့်တဲ့ငါ့မှတ်ဉာဏ်တွေကို သုံးသပ်နိုင်လာတယ်။ အဓိပ္ပါယ်တွေကို နားလည်လာတယ်။
မှတ်ဉာဏ်ထဲမှာ လူတစ်ယောက်ကိုမြင်တယ်။ လျှို့ဝှက်နယ်မြေတစ်ခုကို အမှတ်မထင်တွေ့ပြီး သူဝင်သွားတယ်။ လူသားမျိုးနွယ်ကို ကာကွယ်ခဲ့တဲ့ ထာဝရအရှင်ဆိုတဲ့ ရှေးဟောင်းမသေမျိုးတစ်ယောက်အကြောင်း သူသိသွားတယ်။ ပြန်ရှင်သန်နိုင်တဲ့ အရိယဖလပိုင်ဆိုင်ထားတဲ့ မသေမျိုးပါ။ လျှို့ဝှက်မြေက သူထွက်လာပြီးတော့ ထာဝရဂိုဏ်းကို တည်ထောင်တယ်။ ထာဝရအရှင်ကို ပြန်အသက်သွင်းဖို့ကြိုးစားတယ်။
ထာဝရဂိုဏ်း တဖြေးဖြေးအားကောင်းလာတယ်။ နောက်လိုက်တွေတိုးလာတယ်။ လူသတ်ပြီးတော့ ထာဝရအရှင်ကို ပူဓေဇာ်ကြတယ်။ သူ့ကိုပြန်အသက်သွင်းဖို့ မသေမျိုးနာမည်စစ်ကို တိုင်တည်ကြတယ်။
အဲဒီတော့မှ ငါနားလည်လာတယ်။ ငါဟာ ထာဝရဂိုဏ်းက ပြန်အသက်သွင်းခဲ့တဲ့ ထာဝရအရှင်ဆိုတာကိုပေါ့။ တစ်ယောက်ယောက်က ငါ့ကိုတကယ်ယုံကြည်လို့ ဆုတောင်းပူဇော်ရင် သူတို့မှတ်ဉာဏ်တွေကို ငါရတယ်လေ။
ဂိုဏ်းချုပ်က ငါ့ကိုဆုတောင်းတယ်။ ရုပ်ထုကနေတစ်ဆင့် ဒီလောကကို ငါပေါ်လာတယ်။ သူ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးတယ်။
ဂိုဏ်းချုပ်ရဲ့မှတ်ဉာဏ်ကို ငါရထားတယ်။ သူသိထားသမျှ ငါသိတယ်။ သူဒဏ်ရာအပြင်းအထန်ရပြီး နှစ်တစ်ရာလောက်ကုသဖို့လိုတာ ငါမြင်တယ်။ သူက ငါ့ကိုအယုံကြည်ဆုံး စွမ်းအားအကြီးဆုံးနောက်လိုက်ဖြစ်လို့ သူ့ကိုကူညီကုသပေးခဲ့တယ်။
ငါနာမည်တစ်ခု ရလာတဲ့အချိန်မှာ မှတ်ဉာဏ်တွေနဲ့ပေါင်းစပ်နေတဲ့ ရွှေရောင်အလင်းတစ်ခုငါပိုင်ဆိုင်ထားတာကို ခံစားမိလာတယ်။ အဲဒါအရိယဖလပဲလို့ ခန့်မှန်းမိတယ်။
အရိယဖလစွမ်းအားတစ်ချို့သုံးပြီး ဂိုဏ်းချုပ်ကို ကုသပေးခဲ့တာ။
ဒါပေမယ့် ငါဟာတကယ်ထာဝရအရှင်လားဆိုတာ ငါမသိဘူး။ ငါ့ရဲ့အစောဆုံးမှတ်ဉာဏ်တွေဟာ လွန်ခဲ့တဲ့နှစ်တစ်သောင်းကျောက ပထမဆုံးနောက်လိုက်ဆီက ရလာတာ။ ရှေးဟောင်းခေတ်အကြောင်း ငါ့မှာ ဘာမှတ်ဉာဏ်မှမရှိဘူး။
ဥပမာ ဂိုဏ်းချုပ်ကမေးတယ်။ ကြယ်ကမ္ဘာတွေကိုသန့်စင်ခဲ့တာ ဘယ်သူလဲတဲ့။ ငါမဖြေနိုင်ဘူး။ ဒါပေမယ့် ငါမသိပါဘူးလို့လည်း ပြောလို့မဖြစ်ဘူးလေ။ ဒါကြောင့် ကျင့်စဉ်အဆင့်မြင့်လာမှပြောပြမယ်လို့ ပြောထားလိုက်တယ်။
ငါ့အခြေနေမှန်ကိုသာသိရင် ငါ့ကိုယုံကြည်သူတွေ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ သေချာမသိဘူး။ ဒီတော့ လောလောဆယ် ရှေးဟောင်းခေတ်က နိုးထလာသလိုမျိုးပဲ ဟန်ဆောင်ရတာပေ့ါ။
ဝိညာဉ်အသွင်နဲ့ အကြာကြီးနေရင် ရေရှည်ခံမှာမဟုတ်ဘူး။ ဒါကြောင့် ငါ့ရဲ့အမြင့်ဆုံးစွမ်းအားပြန်ရပြီး လောကကို ကယ်တင်ဖို့ ခန္ဓာကိုယ်အသစ်တစ်ခုလိုချခင်တယ်လို့ ဂိုဏ်းချုပ်ကို ပြောလိုက်တယ်။
ဂိုဏ်းချုပ်ကလည်း ငါ့စကားကိုယုံတယ်။ ချီအဆင့် အခြေတည်အဆင့်တပည့်တွေစုစည်းပြီး ပြိုင်ပွဲကျင်းပတယ်။ အဲဒီကနေ အသင့်တော်ဆုံးလူကို ငါရွေးမလို့လေ"
"ပြီးတော့ ခင်ဗျားကျုပ်ကို ရွေးချယ်လိုက်တယ်ဆိုပါတော့"
လုယန်ကမေးသည်။
ထာဝရအရှင် စိတ်ပျက်လက်ပျက်ခေါင်းငြိမ့်သည်။ မှန်သည်၊ တစ်ခြားဘယ်သူဖြစ်နိုင်မည်နည်။ ယခု ခန္ဓာကိုယ်အရွေးမှား၍ သူကောင်းကောင်းရိုက်ခံနေရသည်။ တစ်ခြားတစ်ယောက်ကိုသာ ရွေးခဲ့လျှင် ခန္ဓာကိုယ်သိမ်းပိုက်နိုင်ပြီးဖြစ်ပေလိမ့်မည်။
ထာဝရအရှင်စကားကြောင့် တစ်ချို့ပဟေဠိများ ရှင်းလင်းသွားသည်။ ရှေးဟောင်းခေတ်ကျင့်စဉ်စွမ်းအားများ သူမသုံးနိုင်သည့်ကိစ္စ။ လူတစ်ယောက်ကို ဝင်ပူးကပ်ရသည့်ကိစ္စ။ သူ့မျက်နှာကို ထာဝရနတ်မယ်မမြင်ဖူးသည့်ကိစ္စ။
သို့သော် မရှင်းလင်းသည့် မေးခွန်းတ်စ်ချို့လည်း ရှိနေသေးသည်။
သူဘယ်သူနည်း၊ ဘယ်ကလာသနည်း။ ဘာကြောင့် ထာဝရအရိယဖလရှိနေသနည်း။
ယွမ်ကျိနှင့် ထာဝရနတ်မယ်ကို လုယန် အားကိုးတကြီးကြည့်လိုက်သည်။ ဗဟုသုတများသည့် စီနီယာများထံမှ ရှင်းလင်းချက်တစ်ခုခု ကြားလိုခြင်းဖြစ်သည်။
ထာဝရနတ်မယ် မျက်မှောင်ကျုံ့၍ အတွေးနက်နေသည်။ မယုံနိုင်ဖြစ်နေပုံရသည်။
ယွမ်ကျိက ထာဝရအရှင် အမှန်အတိုင်းပြောနေခြင်းဟုတ်မဟုတ် သုံးသပ်နေသည်။ အများစုက အမှန်ဖြစ်မည်ဟု သူယုံကြည်သည်။
လုယန်၏ မေးခွန်းများပြည့်နေသည့်အကြည့်၊ အဖြေမျှော်လင့်နေသည့်အကြည့်ကို သူသတိထားမိသည်။
"ကောင်းကင်ပဟေဠိဂိုဏ်းရဲ့ အကြီးအကဲထောင်ယန်စာ အယူအဆတစ်ခု တင်ပြခဲ့တယ်။ အစက ထာဝရအရှင်တို့ ထာဝရအရိယဖလတို့ဆိုတာ မရှိဘူး။ ထာဝရဂိုဏ်းက မသေမျိုးတွေဖန်တီးနေတာတဲ့"
လုယန် ကျိတ်၍ခေါင်းငြိမ့်သည်။ ယွမ်ကျိသည် ယုံကြည်အားကိုးရမှန်း သူသိသည်။
ယွမ်ကျိစကားကြောင့် ထာဝရနတ်မယ် ဖျတ်ခနဲခေါင်းမော့လာသည်။
"ဒီထောင်ယန်ဆိုတဲ့လူက ငါ့ရဲ့အရိယဖလဖြစ်တည်မှုကို မယုံဘူးပေါ့။ ဒီအရိယဖလတည်ဆောက်ဖို့ ငါဘယ်လောက်အားစိုက်ခဲ့ရလဲသိလား။ ယင်ထန်နဲ့တစ်ခြားမသေမျိုးတွေအားလုံး မနာလိုဖြစ်ခဲ့ရတာ။
ယွမ်ကျိပြောသည့်စကားကို အရင်နားထောင်ပြီးမှ ထောင်ယန်နှင့်စာရင်းရှင်းရန် လုယန် အကြံပြုလိုက်သည်။
ယွမ်ကျိ ဆက်ပြောသည်။
"ကျင့်ကြံသူလောကမှာ ဝိညာဉ်တွေရဲ့ ကံကြမ္မာနဲ့မူလဇစ်မြစ်ကိစ္စဟာ အခုချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ ပဟေဠိတွေပဲ။ လူသားတွေရဲ့အတွေးဟာ စွမ်းအားတစ်မျိုးပဲလို့ ထောင်ယန်က ယုံကြည်တယ်။ လုံလောက်အောင်အားကောင်းတဲ့ အတွေးတွေရှိရင် ဝိညာဉ်တစ်ခုပေါ်လာနိုင်တယ်တဲ့"
"ဒါပေမယ့် ဒါက ယူဆက်ချက်သက်သက်ပါ။ ပထမဆုံးဝိညာဉ် ဘယ်လိုဖြစ်တည်လာလဲဆိုတာကို ဒီအယူအဆက ရှင်းမပြနိုင်ဘူး။ ဒါပေမယ့် ဒီထာဝရအရှင်ရဲ့ အခြေအနေနဲ့တော့ ဒီယူဆက်ချက်နဲ့ ကိုက်ညီတယ်။
ထာဝရဂိုဏ်း တည်ထောင်ချိန်က စတွက်ကြည့်ရင် နှစ်တစ်သောင်းလေးထောင်နီးပါးရှိပြီ။ ဒီကာလအတွင်းမှာ အနည်းဆုံး ယုံကြည်သူတစ်သန်းလောက်က မရှိတဲ့ထာဝရအရှင်ကို ဆုတောင်းခဲ့ကြတယ်။ ဒီလောက်ရှည်လျားတဲ့အချိန်အတွင်းမှာ ဒီလောက်များတဲ့အတွေးစွမ်းအင်ပမာဏနဲ့ဆိုရင် ဝိညာဉ်တစ်ခု တကယ်ဖန်တီးနိုင်တယ်။ အဲဒါ ထာဝရအရှင်ဆိုတဲ့ သူပဲ။
ဒါပေမယ့် သူပေါ်လာဖို့ တစ်ခြားလိုအပ်ချက်တစ်ခုရှိတယ်။ လူသတ်ဖို့ပေါ့"
ယွမ်ကျိ ထာဝရအရှင်ကို လှည့်ကြည့်သည်။
"ခုနက ရှင်သုံးလိုက်တဲ့ နားကျည်းဒေါသနတ်ဆိုးစွမ်းအင်တွေ ဘယ်ကရလာလဲလို့ ရှင်စဉ်းစားဖူးလား။
လူသားတွေဟာ အမြင့်မြတ်ဆုံးသတ္တဝါတွေပါ။ မိုးမြေကောင်းချီးခံ သားတော်တွေပါ။ ဝိညာဉ်သိစိတ်နဲ့မွေးလာတယ်။ နတ်ဆိုးကျင့်ကြံမှုတွေဟာ လူတစ်ယောက်ရဲ့ သိစိတ်ဝိညာဉ်ကိုဆွဲခွာဖို့ သတ်ဖြတ်ရတဲ့အလုပ်တွေပါဝင်နေတယ်။ အဲဒီဝိညာဉ်တွေကို ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲလိုက်တာ။ ရှင်စိတ်ကျေနပ်စေဖို့ နောက်လိုက်တွေက လူတွေသတ်တယ်။ အဆုံးစမဲ့ ကံဝိညာဉ်အကျိုးဆက်တွေ ပေါ်လာတယ်။ ဒီသတ်ဖြတ်မှုတွေကရလာတဲ့ စွမ်းအားက ရှင့်ရဲ့စွမ်းအားဖြစ်လာတယ်။ ကူးဖြတ်ခြင်းအဆင့်စွမ်းာအးပေါ့"
**********************************