← Chapters

ဘယ်သူဖြစ်နိုင်သနည်း

Vol. 14 Ch. 199

ဘယ်သူဖြစ်နိုင်သနည်း

Vol. 14 Ch. 199

ယွမ်ကျိကို မယှဉ်နိုင်မှန်း သူသိသည်။ သူတို့ကြားတွင် ကွာဟချက်က ကြီးမားလွန်းသည်။ ထွက်ပြေးလွတ်မြောက်နိုင်ခြေလည်း အလွန်နည်းသည်။ သရုပ်မှန်ဖော်ထုတ်ခံရမည်ထက် သူ့ခန္ဓာကိုယ်အစစ် လုံခြုံစေရန် သူ့ကိုယ်သူဖျက်ဆီးလိုက်ခြင်းက ပို၍ကောင်းသည်။

သူပုန်းအောင်းနေသည့်နေရာကိုသာ ယွမ်ကျိ ရှာတွေ့သွားလျှင် မဟာကပ်နှင့် သူ့ခန္ဓာကိုယ်အစစ် ဆက်စပ်နိုင်တော့မည်မဟုတ်။ သောက်ရမ်းကံဆိုးလှသည်။ ဘာကြောင့် အလယ်ပိုင်းတိုက်နယ်တွင် ထိုကဲ့သို့လူမျိုး ရှိနေရသနည်း။

လောက၏ကံကောင်းမှုအားလုံးက အလယ်ပိုင်းတိုက်တိုက်နယ်တွင်သာ စုနေလေသလော။ ဘာကြောင့် ထာဝရနတ်မယ် ပြန်ရှင်သန်လာရသနည်း။

နာမည်အစစ်ကို မဆိုထားနှင့်။ ထာဝရနတ်မယ်၏ဖြစ်တည်မှုကိုပင် လူနည်းစုလောက်သာ သိကြသည်။ ဘယ်လိုပြန်ရှင်သန်လာသနည်း။

သူ့မသေမျိုးဘွဲ့နှင့် နာမည်စစ်ကို ရွတ်ဆိုမှသာ သူပြန်ရှင်သန်နိုင်သည်။ ဘယ်သူက ရွတ်ဆိုခဲ့သနည်း။

မသေမျိုးအရိယဖလသည် ထာဝရမသေမျိုးအမှန်ဖြစ်သည်။ အပြည့်အဝဖျက်ဆီးခံရသည့်တိုင် ပြန်ရှင်သန်နိုင်သည်။

အနက်ရောင်အရိပ် ကိုယ့်ကိုယ်ကိုဖျက်ဆီးရင်း သူ့စိတ်ထဲတွင် အဖြေမသိသည့် မေးခွန်းများစွာပေါ်လာသည်။

သူ့ကိုယ်သူဖျက်ဆီးလိုက်သည်က ဘာသံမှမထွက် သူ့ခန္ဓာကိုယ် မြူမှုန်အဖြစ်ပြောင်းသွားသည်။ မြူမှုန်များက ဝိညာဉ်စွမ်းအင်အသွင်ပြောင်း၍ စကြာဝလာထဲသို့ ပြန်ရောက်သွားသည်။

"သူထွက်ပြေးသွားတာလား"

လုယန်နားမလည်။ ထိုအနက်ရောင်အရိပ်၏ နည်းလမ်းများက အဆင့်မြင့်လွန်းသည်။

ယွမ်ကျိခေါင်းခါသည်။ သူ့မျက်လုံးတွင် လူသတ်ရိပ်နှင့်စိတ်ပျက်သည့်အရိပ် ရောထွေးနေသည်။

"သူထွက်မပြေးဘူး။ သူ့ကိုယ်သူ အဆုံးသတ်လိုက်တာ"

"ဒါဆို သူ့ခန္ဓာကိုယ်အစစ်က ဒီကအခြေအနေကို သိနိုင်လား။ ထာဝရနတ်မယ်အကြောင်း သိသွားနိုင်လား"

လုယန် တွေးနေသည်။ အရိပ်သဏ္ဌာန် သူ့ကိုယ်သူမဖျက်ဆီးမီ သူ့ခန္ဓာကိုယ်အစစ်က ဤနေရာမှမသိနိုင်တော့ဟု နောက်ဆုံးပြောသွားသည်။

တမင်အာရုံလွှဲခြင်းလား တကယ်အမှန်လား။

"သူ့ခန္ဓာကိုယ်အစစ်က မသိဘူး။ သူ့ကိုယ်ပွားက ခန္ဓာကိုယ်အစစ်ကို အသိမပေးရဲဘူး။

တကယ်လို့ ကိုယ်ပွားက ဒီကအခြေအနေကို ခန္ဓာကိုယ်အစစ်ဆီ သတင်းပို့ရင် သူတို့ဆက်သွယ်တဲ့လမ်းကြောင်းကို ခြေရာခံပြီး ခန္ဓာကိုယ်အစစ်ကို ငါရှာနိုင်တယ်လေ"

ယွမ်ကျိ၏စွမ်းရည်ကိုလည်း လုယန်နားမလည်။

"ဒါပေမယ့်..."

ယွမ်ကျိ၏မျက်လုံးတွင် သံသယရိပ်တစ်ချို့ရှိနေသည်။ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ရှိသည်။

"ဒါပေမယ့်ဘာလဲ"

"ဒီအနက်ရောင်သဏ္ဌာန်ကို ငါအတော်ရင်းနှီးနေသလိုပဲ။ ငါသူနဲ့ အရင်က တိုက်ခိုက်ဖူးခဲ့တယ်ထင်တယ်"

လုယန်ရောထာဝရနတ်မယ်ပါ အံ့အားသင့်သွားကြသည်။

ယွမ်ကျိ ဆက်ပြောသည်။

"လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က မသေမျိုးတစ်ယောက် အလယ်ပိုင်းတိုက်နယ်မှာပေါ်လာတာကို ငါအာရုံခံမိတယ်။ သူ့သရုပ်မှန်ကို ထုတ်ပြဖို့ ငါပြောတယ်။ ဒါပေမယ့် သူကထုတ်မပြဘူး။ အဲဒါပြီးတော့ ငါတို့တိုက်ခိုက်ကြတယ်။

သူက ငါစွမ်းအားရှိမယ်လို့ ထင်မထားတဲ့ပုံပဲ။ တိုက်ပွဲစစချင်းမှာပဲ သူအရေးနိမ့်တယ်။ ငါက အသာစီးယူပြီး သူ့ကိုဒဏ်ရာရအောင် တိုက်ခိုက်တယ်။ ရေရှည်တိုက်ခိုက်ရင် အဆုံးသတ်မလှနိုင်မှန်းသိလို့ အောက်ဘက်က မြို့တစ်မြို့ကို တိုက်ခိုက်ဖျက်ဆီးတော့မလိုဟန်ဆောင်တယ်။ ငါက မြို့ကိုကာကွယ်နေတဲ့အချိန် သူထွက်ပြေးသွားတယ်။ ငါဆက်လိုက်ချင်ပေမယ့် သူကပျောက်သွားတယ်။

ဒီလူက သူ့သရုပ်မှန်ကိုဖုံးကွယ်ဖို့ မြူအစွမ်းကိုသုံးတာ။ သူနည်းလမ်းတွေက အတော်လေးလူသုံးများတယ်။ အတုအစစ်ခွဲခြားလို့မရဘူး။ ဒီနေ့ငါတို့တွေ့ခဲ့တဲ့ အနက်ရောင်အရိပ်နဲ့ အတော်ဆင်တယ်"

ယနေ့တွေ့ခဲ့သည့် အနက်ရောင်အရိပ်သည် လွန်ခဲ့သည့်နှစ်တစ်ရာကလူဟု ယွမ်ကျိယုံကြည်သည်။

လုယန်စဉ်းစားသည်။ အမယွမ်ပြောသည့်အတိုင်း အမှန်ဖြစ်လျှင် ထိုအရိပ်ပြောသွားသည့် "မင်းစွမ်းအားက အပြင်လောကကို ထုတ်ပြတာထက် တကယ်ပိုနေတာပဲ"ဟူသည့်စကားသည် တမင်မသိချင်ယောင်ဆောင်သွားခြင်းဖြစ်မည်။

တွေးလေလေ ဖြစ်နိုင်ခြေရှိသည်ဟု ထင်လာလေဖြစ်သည်။ အမယွမ်၏စွမ်းအားကိုသာ သူသိမထားလျှင် ဘာကြောင့်ထွက်မပြေးဘဲ ကိုယ့်ကိုယ်ကို ဖျက်ဆီးမည်နည်း။ အဓိပ္ပါယ်မရှိ။

ထိုအရိပ်က စကားနည်းနည်းသာ ပြောသွားသည်။ အများစုကလည်း အလိမ်အညာများသည်။ အတော်ပါးနပ်သည်။

ထာဝအရှင် ထိတ်လန့်နေသည်။ နတ်သမီးနှစ်ယောက် သူ့ကိုတိုက်ခိုက်စဉ်က မညှာခဲ့ပါ။ တစ်ယောက်ထက်တစ်ယောက် တိုက်ခိုက်မှုက ပိုပြင်းထန်သည်။ သို့သော် အနည်းဆုံးတော့ သူ့ကိုမသတ်ခဲ့။

သူသာ အနက်ရောင်အရိပ်လက်ထဲသို့ ကျသွားလျှင် အရိယဖလလုယူခံရရုံမက သူ့ကိုပင် နှုတ်ပိတ်ပစ်လောက်သည်။

"နတ်မယ်၊ သူဘယ်သူလဲ ခင်ဗျားခန့်မှန်းနိုင်လား"

လုယန် လေးလိုက်သည်။

ထာဝရနတ်မယ် မျက်မှောင်ကျုံ့နေသည်။ တုံ့ဆိုင်းဆိုင်းလေသံဖြင့်

"ကိုးဆမသေမျိုးက ကိုယ်ပွားထိန်းတဲ့စွမ်းရည်မှာ အတော်ဆုံးပဲ။ တစ်ခြားသုံးယောက်လည်း သူတို့ဆန္ဒရှိရင် ဒီလိုလုပ်နိုင်စွမ်းရှိတယ်"

"ခင်ဗျားတို့ငါးယောက်အပြင် တစ်ခြားမသေမျိုးတွေရှိနေတာရော ဖြစ်နိုင်လား"

လုယန် ဆက်မေးသ်ည။ ထာဝရနတ်မယ်ကိုယ်တိုင်လည်း ထိုမေးခွန်းကို သေချာဖြေနိုင်ပုံမရ။

ကိုးဆမသေမျိုးသည် အမှန်တကယ် ပထမဆုံးမသေမျိုး မဟုတ်ခဲ့လေသလား။

"ကိုးဆမသေမျိုး မသေမျိုးအဆင့်တက်တော့ မိုးမြေတစ်ခုလုံး မသေမျိုးအလင်းတွေ တောက်ပနေတယ်။ မသေမျိုးဂီတသံတွေ ပေါ်လာတယ်။ အရောင်ကိုးမျိုးမိုးစက်တွေ ကောင်းကင်ကကျလာတယ်။ သက်ရှိအားလုံးအကျိုးရှိတဲ့ ကောင်းချီးဆုလာဒ်တွေသယ်လာတယ်။ နောက်ပိုင်း ငါတို့လေးယောက် အဆင့်တက်တော့ ဒီလိုဖြစ်စဉ်မျိုး လုံးဝပေါ်မလာဘူး"

လုယန် အံ့အားသင့်သွားသည်။

"ပထမဆုံးမသေမျိုးမို့ ဒီလိုထူးခြားနိမိတ်မျိုးဖြစ်တာလား"

ယွမ်ကျိ ခေါင်းငြိမ့်သည်။ ကိုးဆမသေမျိုးအဆင့်တက်သည့်မှတ်တမ်းများ ရှေးကျမ်းစားထဲတွင် ဖတ်ဖူးသည်။ ထာဝရနတ်မယ်၏ဖော်ပြချက်နှင့် ကိုက်ညီသည်။ နတ်မယ်က ကိုယ်တိုင်ကြုံတွေ့ခဲ့သူဖြစ်၍ သူ့ဖော်ပြချက်က ပိုတိကျသည်။

ပထမဆုံးဖြစ်လာသည့် မသေမျိုးသည် အမှန်တကယ် ထူးခြားရပေမည်။

ထာဝရနတ်မယ် ခေါင်းခါသည်။

'မဟုတ်ဘူး။ နောက်ပိုင်း ငါတို့ငါးယောက် အတူစားသောက်ကြတဲ့တစ်နေ့မှာ ကိုးဆမသေမျိုးက အရမ်းမူးနေတယ်။ မူးမူးနဲ့ သူပြောပြတယ်။ သူအဆင့်တက်တုန်းက ပေါ်ခဲ့တဲ့ အပြောင်းအလဲတွေအားလုံးဟာ သူကိုယ်တိုင် ကြံစည်ဖန်တီးထားတာတဲ့။ ကောင်းကင်ပစ္စည်းတွေ မြေရတနာတွေ အများကြီးသုံးခဲ့ရတယ်လို့ပြောတယ်"

လုယန် - '..."

ယွမ်ကျိ - "..."

နတ်မယ်ပြောသည့် ရှေးခေတ်ဇာတ်လမ်းတိုင်းက ဘာကြောင့် သူတို့အသိကို ပြန်လည်ဆန်းသစ်သလို ဖြစ်နေရသနည်း။

နတ်မယ်နှင့်အရိပ်လူပြောသည့် ရှေးဟောင်းခေတ်သည် တစ်ခေတ်တည်းမဟုတ်ဟုပင် လုယန်ထင်မိသည်။

....

လျှို့ဝှက်နေရာတစ်ခုတွင် အနက်ရာင်သဏ္ဌာန်တစ်ခု အရိုးပလ္လင်ပေါ်၌ ထိုင်နေသည်။

သူ့မျက်လုံးဖွင့်လိုက်သည်။ အဆုံးစမဲ့မသေမျိုးအလင်းများ မိုးမြေကြားတွင် လင်းလက်သွားသည်။

ခဏတာလင်းလက်သွားသည့် မသေမျိုးအလင်းကြောင့် မြေပြင်တစ်ခုလုံး အလောင်းများအရိုးစုများပြည့်နေသည့် ခြောက်ခြားစရာမြင်ကွင်း ပေါ်လာသည်။ အနက်ရောင်သဏ္ဌာန် ဖြေးညှင်းစွာထရပ်၍ အကြောတစ်ချက်ဆန့်သည်။ မျက်မှောင်နည်းနည်းကျုံ့နေသည်။

"ဒီထိုင်ခုံမှာထိုင်ရတာ ဘာလို့သက်တောင့်သက်သာမရှိတာလဲ။ အခုအခံမပါဘဲ အရိုးတွေကိုထိုင်ခံလုပ်ဖို့ ဘယ်သူကများ စိတ်ကူးခဲ့ပါလိမ့်"

အနက်ရောင်သဏ္ဌာန် ခေါင်းခါသည်။ အိပ်စက်ဖို့ တစ်ခြားနေရာတစ်ခုရှာရန် ဆုံးဖြတ်လိုက်သည်။

သို‌သော် ရုတ်တရက် မူမမှန်သည့်အာရုံတစ်ခု သူခံစားလိုက်ရသည်။

"ဘာဖြစ်တာလဲ သခင်"

အစေခံတစ်ယောက်က ရိုရိုသေသေမေးသည်။

"ထာဝရဂိုဏ်းကိုလွှတ်လိုက်တဲ့ငါ့ကိုယ်ပွား ပျောက်သွားပြီလား"

ကိုယ်ပွားနှင့်သူ့ကြားမှ ဆက်သွယ်မှုကို သူအမြဲတမ်းအာရုံခံနိုင်သည်။ ဘယ်ရောက်နေသည်ကို သိနိုင်သည်။

ခုနက ကိုယ်ပွားနှင့် ဆက်သွယ်မှုလုံးဝ ပြတ်သွားသည်။ ကိုယ်ပွားဖျက်ဆီးခံလိုက်ရသည်သဘောဖြစ်သည်။ သူအင်အားများစွာစိုက်ထုတ်ထားရသည့် ဤကိုယ်ပွားကို ဆုံးရှုံးသွားသဖြင့် သူတကယ်နာကျင်ရသည်။

"ဘယ်လို။ သခင့်ရဲ့ကိုယ်ပွား‌ပျောက်သွားတာလား"

အစေခံလည်း အံ့ဩနေသည်။

မသေမျိုးတစ်ယောက်၏ ကိုယ်ပွားတစ်ခုသည် လောကကိုလွှမ်းမိုးနိုင်သည့် စွမ်းအားမျိုးရှိသည်။ ထိုကိုယ်ပွားမျိုးက အလယ်ပိုင်းတိုက်နယ်တွင် ဘာကြောင့် ပျောက်ကွယ်သွားသည်မသိ။ အနက်ရောင်သဏ္ဌာန် စဉ်းစားသည်။

"ဒါဘယ်သူလုပ်တာလဲ"

ထာဝရအရှင်ကို သံသယစာရင်းထဲမှချက်ချင်းထုတ်လိုက်သည်။ ဆန္ဒစွမ်းအားမှ ဖြစ်ပေါ်လာသည့် ဝိညာဉ်တစ်ခု၏ စွမ်းရည်ကို သူသိသည်။ ထိုဝိညာဉ်မျိုးက သူ့ကိုယ်ပွားကို လျှို့ဝှက်သတ်ဖြတ်နိုင်စွမ်းမရှိ။

အလယ်ပိုင်းတိုက်နယ်တွင် သူ့ကိုယ်ပွားကို သတ်ဖြတ်နိုင်သူ လူနည်းစုသာရှိသည်။

ထိုလူနည်းစု သူ့ကိုရှာတွေ့သွားမည်စိုး၍လည်း ကိုယ်တိုင်မသွားဘဲ ကိုယ်ပွားတစ်ခုသာ လွှတ်လိုက်ခြင်းဖြစ်သည်။

သူ့သရုပ်မှန်ကိုထုတ်ပြဖို့ အဆင်သင့်မဖြစ်သေး။

သူ့ကိုယ်ပွားအဖမ်းခံရသည့်တိုင် ထိုကိုယ်ပွားမှ သူ့သရုပ်မှန်ကို ဖော်ထုတ်ဖို့မဖြစ်နိုင်။ တစ်ခြားမသေမျိုးများကိုပင် သံသယဝင်သွားနိုင်သည်။

သတိထားခြင်းသည် အကောင်းဆုံးဖြစ်သည်။

ထာဝရနတ်မယ်လို ပေါ့ပေါ့ဆဆနေလျင် တစ်နေ့နေ့တစ်ချိန်ချိန် မမျှော်လင့်ဘဲ အသတ်ခံရနိုင်သည်။

"နန်းတော်ထဲက ဟိုကောင်လား။ တာအိုလမ်းစဉ်ဂိုဏ်းက ယွမ်ကျိလား။ ဒါမှမဟုတ် တစ်ခြားတစ်ယောက်လား"

သူ့ကိုယ်ပွားသည် ထာဝရဂိုဏ်းထဲတွင် ပုန်းအောင်းနေခြင်းဖြစ်သည်။ ထာဝရဂိုဏ်းနှင့် အဆက်အသွယ်ရှိသူများသာ ဖြစ်လိမ့်မည်။ နတ်ဆိုးနှိပ်ကွပ်၍ မကောင်းဆိုးဝါးရှင်းလင်းသည်ဟု နာမည်ကျော်သည့် ရှားနန်းတော်နှင့် မသေမျိုးငါးဂိုဏ်းမှလူများလည်း ဖြစ်နိုင်သည်။

**********************************

All Chapters