ဗျူဟာလေ့ကျင့်မှုများသည် သူ့ကောင်းကွက်သူရှိသည်။
Vol. 14 Ch. 201
သူ့နောက်လိုက်များ၏မှတ်ဉာဏ်များ ပိုင်ဆိုင်ခွင့်ရထားသည်ကို ထာဝရအရှင် အတော်ကျေးဇူးတင်နေသည်။ အထူးသဖြင့် ဂိုဏ်းချုပ် ကိုယ်စားပြုထားသည့် ဥပဒေကျွမ်းကျင်သည့်နောက်လိုက်များ၏ မှတ်ဉာဏ်ဖြစ်သည်။
များစွာအကူအညီရသည်။
သူ့အမှုက ထူးခြားသည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူလောကတွင် ကလေးများသည် မြန်မြ်ရင့်ကျက်ကြသည်။ မဟာရှားရာဇဝတ်ဥပဒေ၏ ပြစ်ဒဏ်ကျခံရမည့် အသက်အရွယ်သတ်မှတ်ချက်က အတော်နိမ့်သည်။ သို့သော် မည်မျှနိမ့်သည်ဖြစ်စေ ပြစ်မှုကျူးလွန်သည့် ငါးရက်သားကလေးတစ်ယောက်အတွက်တော့ ဥပဒေပြဌာန်းထားခြင်းမရှိ။
အမှန်တကယ်လည်း သူသည် လွန်ခဲ့သည့်ငါးရက်ကမှ မွေးလာခြင်းဖြစ်သည်။ မွေးကတည်းက အဆင့်မြင့်စွမ်းအားများနှင့် အသိဗဟုသုတများ ရလာသည့်တစ်ချက်သာထူးခြားသည်။ လက်ရှိတွင် ရှားနိုင်ငံရာဇဝတ်ဥပဒေက သူ့လိုလူတစ်ယောက်အား မည်သို့စီရင်ဆုံးဖြတ်ရမည်ဟု သီးခြားပြဌာန်းချက်မျိုး ထုတ်မထထား။
ပုံမှန်အားဖြင့် သီးခြားဥပဒေမရှိလျှင် ရာဇဝတ်ဥပဒေစည်းမျဉ်းအတိုင်းသာ ဆုံးဖြတ်ရသည်။ အသက်မပြည့်သေးသူများကို ကာကွယ်ပေးသည့် စည်းမျဉ်းအရ သူသည် ရာဇဝတ်မှုကျူးလွန်ဖို့ သတ်မှတ်ချက်မမီသေး။
ထို့ပြင် ပြစ်မှုကျူးလွန်သည်ဆိုလျှင်ပင် ခန္ဓာကိုယ်ပူးကပ်ဖို့ကြိုးစားရာတွင် မအောင်မြင်ခဲ့သည့်အတွက် သေဒစ်ကျခံရမည်မဟုတ်။
ဤလမ်းမှန်ဂိုဏ်းများသည် ဥပဒေကို လိုက်နာကြသည်။ စိတ်ထင်ရာသတ်ဖြတ်၍ သဲလွန်စဖျောက်ဖျက်တတ်သည့် နတ်ဆိုးဂိုဏ်းများနှင့်မတူ။
ထာဝရနတ်မယ် မျက်မှောင်ကျုံ့သွားသည်။ ထာဝရအရှင်ပြောသည့်စကား နည်းနည်းယုတ္တိရှိသည်ဟု တွေးနေသည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း တစ်ခုခုတော့လွဲနေသည်။ ဘယ်နေရာလွဲနေသည်ကို ထောက်မပြတတ်။
ခေတ်သစ်ဥပဒေများအကြောင်း သူသိပ်မသိ။
လုယန် ခဏစဉ်းစားပြီးနောက် တွေးတွေးဆဆလေသံဖြင့်
"ခင်ဗျားပြောတာ အဓိပ္ပါယ်ရှိပါတယ်။ ဒါပေမယ့် ဘယ်သူမှမသိအောင် ခင်ဗျားကို ဒီနေရာမှာသတ်လိုက်ရင် ရာဇဝတ်ဥပဒေက ကျုပ်တို့ဆီ ရောက်မလာလောက်ဘူးထင်တယ်"
မသိသည့်ကိစ္စကို မဟာရှားရုံးတော်က စီမံနိုင်မည်မဟုတ်။
"အိုး.. ဒါဆိုငါတို့ ဒီလိုလုပ်လို့ရသားပဲ။ လုယန်၊ နင်သိပ်တော်တယ်"
ထာဝရနတ်မယ် လုယန်ကို ချီးကျူးသည်။ သူရွေးချယ်ထားသည့်ဂိုဏ်းချုပ် ပီသသည်။ အမြဲတမ်း စဉ်းစားဉာဏ်ထက်မြက်နေသည်။
ထာဝရအရှင် - "..."
ထိုစကားသည် လမ်းမှန်ဂိုဏ်းဝင်တစ်ယောက် ပြောသင့်သည့်စကားလား။
လုယန်သည် တာအိုလမ်းစဉ်ဂိုဏ်းဝင်ဖြစ်ကြောင်း သိပြီးနောက်တွင် နတ်ဆိုးဂိုဏ်း အခြေတည်အဆင့်ပြိုင်ပွဲမှ သူ့လုပ်ရပ်အားလုံးသည် ဟန်ပြလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထာဝရအရှင် တွေးခဲ့သည်။
ယခုမှ သူသဘောပေါက်လာသည်။ ထိုလုပ်ရပ်များသည် လုယန်၏စရိုက်အမှန်သာဖြစ်ရမည်။
ထာဝရအရှင်ကိုကိုင်တွယ်ဖြေရှင်းဖို့ ယွမ်ကျိတွင် စိတ်ကူးအမျိုးမျိုးရှိသည်။
"မသေမျိုးငါးဂိုဏ်းလုံးမှာ ဥပဒေပြုအဖွဲ့တွေရှိတယ်။ လုပ်ထုံးလုပ်နည်းအရဆိုရင်လည်း ရှင့်ကိုတရားစီရင်ဖို့ ကျွန်မတို့တာအိုလမ်းစဉ်ဂိုဏ်းကို လွှဲပေးရမှာ။ ရှင့်နောက်လိုက်တွေအားလုံးရဲ့မှတ်ဉာဏ်ကို ရှင်သိထားတယ်။ အဲဒါက ကျွန်မတို့ဂိုဏ်းအတွက် အထောက်အကူဖြစ်နိုင်တယ်။ ရှင်ရိုးရိုးသားသားဝန်ခံမယ်ဆိုရင် တာအိုလမ်းစဉ်ဂိုဏ်းမှာ ရှင့်ကိုအကျဉ်းချထားမယ်"
သေစရာမလိုကြောင်း ကြားသည်နှင့် ထာဝရအရှင် အပျော်လုံးဆို့သွားသည်။ ထိုလုပ်ရပ်သည် လမ်းမှန်ဂိုဏ်း၏စရိုက်အစစ်ဖြစ်သည်။ အကျဉ်းချခံရမည့်ကိစ္စက အသေးအဖွဲပြဿနာလေးသာဖြစ်သည်။
"ဒါပေမယ့် ရှင်ပေးတဲ့အချက်အလက်တစ်ခုခု မှားသွားရင်တော့ ကျွန်မတို့ ရှင့်ဝိညာဉ်ကို ထုတ်လိုက်ရုံပဲရှိတယ်"
တာအိုဂိုဏ်းကိုသစ္စာခံပြီး မေးခွန်းအားလုံးဖြေပါမည်၊ ကိုယ့်ကိုယ်ကို ပြုပြင်ပါမည်ဟု ထာဝရအရှင် ချက်ချင်းကတိပေးသည်။
မသေမျိုးအစစ်ဖြစ်သည့် ပဲဝါကိုပင် သူကျိန်တွယ်၍ပြောသည်။
"စီနီယာ၊ အရိယဖလပုံပွားကို သူ့ဆီပြန်ပေးလိုက်ပါ"
ထာဝရနတ်မယ် ယွမ်ကျိရည်ရွယ်ချက်ကို ရိပ်မိသဖြင့် ခေါင်းငြိမ့်လိုက်သည်။ အရိယဖလကို ထာဝရအရှင်၏ ဝိညာဉ်ထဲသို့ ပြန်ထည့်သွင်းပေးသည်။
အရိယဖလပြန်ရသည်နှင့် သူ့စွမ်းအားများ တဖြေးဖြေးပြန်ရလာသည်ကို ထာဝရအရှင် ခံစားရသည်။ အစောပိုင်းက အရိုက်ခံထားရသည့်ဝေဒနာများလည်း သက်သာသွားသည်။
အရိယဖလကိုပင် သူ့ဆီပြန်ပေးသည်။ အမှန်တကယ်ပင် လောကတွင် လူကောင်းများစွာ ရှိပေသည်။
ယွမ်ကျိထပ်ပြောသည်။
"စီနီယာက မသေမျိုးမျိုးဆက်ရဲ့ထိန်းချုပ်သူဆိုတော့ ပုံပွားအရိယဖလပိုင်ဆိုင်တဲ့လူတွေကို ထိန်းချုပ်ပါ။ ရှင်ရှိနေရင် ထာဝရအရှင်ကို ကျွန်မတို့ ထိန်းချုပ်နိုင်ပါတယ်။
ထာဝရအရှင် - "..."
ပုံပွားအရိယဖလ၏အဆင့်အတန်းက တကယ်ထိုမျှနိမ့်နေသလားမသိ။
ထိုအချက်ကို လုယန်ရော ထာဝရအရှင်ပါ မသိနိုင်။
လုယန် လျှို့ဝှက်ခန်းမှ ထွက်လာချိန်တွင် မဟာရှားတပ်ဖွဲ့က စတင်လှုပ်ရှားနေပြီဖြစ်သည်။
ယွမ်ကျိပို့သည့် သတင်းကို မဟာရှားနိုင်ငံ အရေးကြီးကိစ္စအဖြစ် သတ်မျတ်သည်။ အင်ပါယာရှားထံ တိုက်ရိုက်အကြောင်းကြားသည်။ သတင်းကိုဖတ်ပြီးနောက် အင်ပါယာရှားလည်း ပျော်ရွှင်သွားသည်။
တာအိုလမ်းစဉ်ဂိုဏ်းက နတ်ဆိုးဂိုဏ်းတစ်ခု၏ ဌာနချုပ်တစ်ခုကို တွေ့ထားသည်။ နတ်ဆိုးဂိုဏ်းက ထိုအဖြစ်ကို လုံးဝသတိမထားမိသေး။ တကယ့်ရှားပါးအခွင့်အရေးဖြစ်သည်။
နတ်ဆိုးဂိုဏ်းလေးဂိုဏ်းသည် အတော်မသတ်နိုင်အောင် ဒုက္ခပေးခဲ့သည်။ ယခု ဂိုဏ်းတစ်ခုကို အမြစ်ပြတ်ရှင်းလင်းခွင့်ရတော့မည်။ ထိုအခွင့်အရေးကို အင်ပါယာရှား လက်လွတ်မခံနိုင်။ စစ်တပ်များ ချက်ချင်းစေလွှတ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းနှင့်ပူးပေါင်း၍ နတ်ဆိုးဂိုဏ်းသားများကို တစ်ယောက်မကျန်ဖမ်းဆီးရန် အမိန့်ထုတ်သည်။ ရှားနိုင်ငံတပ်ဖွဲ့များက ထွက်ပေါက်အားလုံးကိုပိတ်သည်။ စုစည်းခြင်းအဆင့်တစ်ချို့ဦးဆောင်၍ နတ်ဆိုးဂိုဏ်းဝင်အားလုံးကိုဖမ်းရန် လက်အောက်ငယ်သားများကို ညွှန်ကြားသည်။
ယခုလို အရေးပေါ်အခြေအနေ လက်တွေ့ကြုံရချိန်တွင် ထာဝရဂိုဏ်းသားများ အလွန်တရာ စည်းကပ်သေဝပ်ကြောင်း သိသာလာသည်။ လေ့ကျင့်ထားသည့်အတိုင်း လက်နက်များကိုချ၍ အညံ့ခံသည်။
"ကျုပ်တို့အညံ့ခံပါတယ်"
ဘယ်လေ့ကျင့်မှုမဆို သူ့ကောင်းကွက်နှင့်သူရှိသည်။ အသုံးမဝင်ဟုထင်ရသည့် အညံ့ခံဗျူဟာလေ့ကျင့်မှုသည် ယခုလိုအချိန်တွင် အလွန်အကျိုးရှိသည်။
ရှားနိုင်ငံကလည်း အပြည့်အဝပြင်ဆင်မထားဘဲ သူတို့ကိုမ ဖမ်းဆီးရဲ။ စုစည်းခြင်းအဆင့် တစ်ဒါဇင်ခန့်က အများမြင်သာသည် အင်အားသာဖြစ်သည်။ ကူးဖြတ်ခြင်းအဆင့် စွမ်းအားရှင်များ နောက်ကွယ်တွင် ပုန်းခိုနေသည်။
ထိုအင်အားမျိုးဖြင့် လာဖမ်းဆိးသည်ဖြစ်၍ ထာဝရဂိုဏ်းသားများ တစ်ယောက်မှမလွတ်။ ခုခံခြင်းထက် ငြိမ်းငြိမ်းချမ်းချမ်း အညံ့ခံလိုက်ခြင်းက ပိုကောင်းသည်။ ကံကောင်းလျှင် အသက်ချမ်းသာရာရနိုင်သည်။
"လုယန်၊ မင်းက ထာဝရဂိုဏ်းကို သစ္စာဖောက်ရဲတယ်ပေါ့"
လုယန်ကိုမြင်သည်နှင့် ဂိုဏ်းချုပ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ လုယန်ကို တစ်စစီဆွဲဖြဲချင်စိတ်ပေါက်နေသည်။ သို့သော်ယခု သူချိတ်ပိတ်ခံထားရသည်။ သူ့မှော်စွမ်းအားများ ထုတ်သုံး၍မရ။ ကျင့်စဉ်စွမ်းအားများ ဆုံးရှုံးသွားသည်။ လုံးဝမလှုပ်နိုင်။
လုယန်သည် တာအိုလမ်းစဉ်ဂိုဏ်းမှလွှတ်လိုက်သည့်သူလျိုဖြစ်ကြောင်း အခုထိ သူသဘောမပေါက်သေး။
"ဂိုဏ်းချုပ်ကြီး၊ ခင်ဗျားအတွေးမှားနေတာ အဲဒါပဲ။ သစ္စာဖောက်ပြီး ပုန်ကန်တယ်ဆိုတာ ကျုပ်တို့နတ်ဆိုးဂိုဏ်းရဲ့ ထုံးစံပဲလေ"
နတ်ဆိုးဂိုဏ်းအနှစ်သာရကို ဂိုဏ်းချုပ် အပြည့်အဝနားမလည်သေးဟု ယူဆသဖြင့် လုယန် ရှင်းပြလိုက်သည်။ ထိုဂိုဏ်းချုပ်မျိုးက ထာဝရဂိုဏ်းကို ဘယ်လိုဦးဆောင်နိုင်မည်နည်း။
ဂိုဏ်းချုပ်ကိုခေါ်လာသည့် စုစည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက် မျက်ခုံးတွန့်သွားသည်။ လုယန်သည် နတ်ဆိုးဂိုဏ်းနှင့် တကယ်အံဝင်ခွင့်ကျဖြစ်သည်။ နေရာလုံးဝမလွဲ။
ရုတ်တရက် လေဟာနယ်တုန်ခါသွားသည်။ လူတစ်ယောက် လေဟာနယ်လမ်းကြောင်းမှထွက်၍ လုယန်ဆီလျှောက်လာသည်။
အရပ်မြင့်ပြီး ခံ့ညားသည့်လူငယ်ဖြစ်သည်။ လုယန်ကို ဦးညွှတ်နှုတ်ဆက်သည်။
"ကျုပ်နာမည် မိန်စုန့်ပါ။ ကျုပ် ယွမ်ကျိနဲ့ တွေ့ချင်ပါတယ်"
ယွမ်ကျိ လုယန်၏သိစိတ်နယ်မြေမှ ထွက်လာသည်။ ပြန်လည်ဦးညွတ်နှုတ်ဆက်သည်။
"သခင်မိန်"
မိန်စုန့်က အမြန်ပြန်ပြောသည်။
"မလုပ်ပါနဲ့။ မိတ်ဆွေယွမ်ကျိရှေ့မှာ ကျုပ်ကိုယ်ကျုပ် သခင်လို့ အခေါ်မခံဝံ့ပါဘူး"
မိန်စုန့်သည် ရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ဖြစ်သည်။ ဤမစ်ရှင်အတွက် တာဝန်ယူထားသည်။ မျက်နှာက ငယ်ရွယ်ပုံပေါက်သော်လည်း တာအိုရှင်ဝစီပိတ်ထထက် အသက်ပိုကြီးသည်။
ကူးဖြတ်ခြင်းအဆင့်ဖြစ်၍ သာမန်လူများထက် ပိုအသိအမြင်ကျယ်သည်။ ယွမ်ကျိ၏စွမ်းအားကိုလည်း သိထားသည်။
ရှားနိုင်ငံဝင်မစွက်လျှင်ပင် ထာဝရဂိုဏ်းတစ်ခုလုံးကို ယွမ်ကျိတစ်ယောက်တည်း ရှင်းပစ်နိုင်စွမ်းရှိကြောင်း သူသိသည်။
စွမ်းအားအရရော ဤလှုပ်ရှားမှု၏ စွမ်းဆောင်မှုအရရော ယွမ်ကျိကို သူမယှဉ်နိုင်။
မိန်စုန့် စကားပြောရန်ပြင်နေစဉ် လက်အောက်ငယ်သားတစ်ယောက် အစီရင်ခံစာတစ်ခုကိုင်၍ ရောက်လာသည်။
"သခင်၊ ထာဝရဂိုဏ်းသားနှစ်ယောက် ဖမ်းမိထားပါတယ်။ သူတို့က အခြေတည်အဆင့်ပဲရှိပေမယ့် ဂိုဏ်းသခင်ရာထူးကို ရထားပါတယ်။ ထာဝရဂိုဏ်းအကြီးအကဲတွေ ဂရုတစိုက်လေ့ကျင့်ပေးထားတဲ့ နတ်ဆိုးလမ်းစဉ်ရဲ့ ပါရမီရှင်တွေဖြစ်မယ်ထင်တယ်။ ဒါပေမဘ့် သူတို့နှစ်ယောက်လုံးက ထာဝရဂိုဏ်းသားအစစ်မဟုတ်ပါဘူးလို့ အတင်းငြင်းနေကြတယ်။ လမ်းမှန်ဂိုဏ်းကလွှတ်လိုက်တဲ့ သူလျိုပါတဲ့။
ပြီတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ထာဝရဂိုဏ်းမှာ အခြေတည်အဆင့်ပြိုင်ပွဲတစ်ခုလုပ်တယ်လို့ သတင်းရထားပါတယ်။ ဒီနှစ်ယောက်က ဒုတိယနေရာနဲ့ တတိယနေရာတွေ ရထားတာပါ။ ဒီလောက်စွမ်းဆောင်ရည်မြင့်တဲ့လူတွေဟာ လမ်းမှန်ဂိုဏ်းသားအစစ်ဆိုတာ ယုံဖို့ခက်ပါတယ်"
လုယန်- "..."
ဘာကြောင့် လမ်းမှန်ဂိုဏ်းသားဟု မယုံကြသနည်း။
မိန်စုန့် နားထင်နှစ်ဘက်ကို လက်ဖြင့်ပွတ်လျက် စိတ်ပျက်လက်ပျက် သက်ပြင်းချသည်။
"အဲဒီ့နှစ်ယောက်ထဲမှာ တစ်ယောက်က မုန်ကျင်းကျိုးလို့ ခေါ်တယ်မဟုတ်လား။ သူက မုန်မိသားစု သခင်လေးပဲ။ သူတစ်လပြည့် ဂုဏ်ပြုပွဲတုန်းကိုတောင် ငါတက်ခဲ့သေးတယ်။ နှစ်ယောက်လုံးက တာအိုလမ်းစဉ်ဂိုဏ်းက သူလျိုတွေပါ။ မုန်မိသားစုဝင်လည်းဖြစ် တာအိုလမ်းစည်ဂိုဏ်းဝင်လည်းဖြစ်တော့ မုန်ကျင်းကျိုးက ထာဝရဂိုဏ်းထဲမှာ အောင်မြင်မှုရတာ ဘာဆန်းလဲ။ သူတို့ကို လွှတ်ပေးလိုက်"
"ဟုတ်ကဲ့"
********************************