ဂိုဏ်းဝင်ပြီးနှစ်လ ဂိုဏ်းပျက်
Vol. 14 Ch. 202
လုယန်ကိုယ်ထဲမှထွက်လာသည့် ယွမ်ကျိကိုမြင်သည်နှင့် ဂိုဏ်းချုပ် ကြက်သီးထသွားသည်။
အစောပိုင်းက ထာဝရအရှင် လုယန်ကို အောင်မြင်စွာပူးကပ်နိုင်ပြီဟု ထင်ခဲ့သည်။ အစောပိုင်းက အပြုအမူအားလုံး သရုပ်ဆောင်မျုသက်သက်ဟု ထင်ခဲ့သည်။ ယခု ထာဝရအရှင်လည်း အဆုံးသတ်သွားပုံရသည်။
"ဪ...လက်စသပ်တော မင်းရယ်၊ မုန်ကျင်းကျိုးရယ်၊ အရိုးရိုင်းရယ်။ အားလုံးက တာအိုလမ်းစဉ်ဂိုဏ်းကပဲ"
ဂိုဏ်းချုပ် ဉာဏ်နည်းသူမဟုတ်ပါ။ အခြေတစ်ခုလုံးကို ချက်ချင်းနားလည်သွားသည်။
လုယန်တို့သုံးယောက်ကို တာအိုလမ်းစဉ်ဂိုဏ်းသို့ သူလျှိုအဖြစ် လွှတ်နိုင်ခဲ့ခြင်းမဟုတ်။ တာအိုလမ်းစဉ်ဂိုဏ်းကသာ သူတို့ကို ထာဝရဂိုဏ်းထဲသို့ သူလျိုလွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။
အောက်တန်းကျသည့် တာအိုလမ်းစဉ်ဂိုဏ်း။
လုယန်ကို သူစိုက်ကြည့်နေသည်။ လမ်းမှန်ဂိုဏ်းသားက နတ်ဆိုးကျင့်ကြံသူအဖြစ် ဟန်ဆောင်ခဲ့သည်က ပီပြင်လွန်းသည်။ သူတို့အပြုအမူက ဟာကွက်လုံးဝမရှိ။ ပါးနပ်လွန်းသည်။
မိန်စုန့် လက်ဝှေ့ယမ်းပြ၍ ဂိုဏ်းချုပ်ကိုခေါ်သွားရန် အမိန့်ပေးလိုက်သည်။
"ဒီလှုပ်ရှားမှုအောင်မြင်ခဲ့တာ တာအိုရှင်ယွမ်ကျိက သတင်းပို့ခဲ့လို့ပါ။ မဟုတ်ရင် ထာဝရဂိုဏ်းကို ဘယ်အချိန်ကျမှ ဖမ်းမိမယ်မသိဘူး။ နန်းတော်ကိုပြန်ရောက်ရှင် တာအိုရှင်ယွမ်ကို ဆုချီးမြှင့်ဖို့ မင်းကြီးကို ကျုပ်အကြံပြုလိုက်ပါ့မယ်"
"အသေးအဖွဲအားထုတ်မှုလေးပါ။ တကယ်ပင်ပန်းတာက ရှင်တို့ပါ။ ကျွန်မက ဘာမှသိပ်မလုပ်လိုက်ရပါဘူး။ ဒီတော့ ဆုလာဘ်ကိစ္စကို မပြောဘဲနေရအောင်"
ယွမ်ကျိလေသံက ပေါ့ပါးသည်။
"အင်ပါယာရှားကို ရှင်သတင်းပို့ဖို့မလိုပါဘူး။ ခဏနေရင် ကျွန်မကိုယ်တိုင် သူ့ကိုသွားတွေ့မှာပါ"
ယွမ်ကျိသဘောထားက ခိုင်မာသဖြင့် မိန်စုန့်ဆက်မပြောတော့။ အားလုံးကို ဦးညွှတ်နှုတ်ဆက်ဆက်၍ ပြောသည်။
"အခု ဌာနချုပ်ကို ဖမ်းပြီးပြီဆိုတော့ ဂိုဏ်းခွဲတွေအားလုံးကို အမြန်ရှာဖွေပြီး ထာဝရဂိုဏ်းကို အမြစ်ပြတ်ရှင်းလင်းဖို့လိုပါတယ်။ အချိန်က တန်ဖိုးရှိတယ်။ ဂိုဏ်းခွဲတွေသာ ဒီသတင်းရသွားရင် ဒုက္ခများနိုင်ပါတယ်။ ကျုပ်အရင်သွားနှင့်တော့မယ်"
မိန်စုန့် ထာဝရဂိုဏ်းကို ဆက်လက်ရှင်းလင်းရန် အမြန်ထွက်သွားသည်။ ယွမ်ကျိလည်း ဘာမှသိပ်မပြောတော့။ ထာဝရအရှင်ကို လှမ်းဆွဲလိုက်သည်။ ထာဝရအရှင် ထိတ်လန့်သွားသည်။ ယွမ်ကျိ စိတ်ပြောင်းသွားပြီလားဟု တွေးနေသည်။
"ရှင်က အရေးကြီးတဲ့မျက်မြင်သက်သေပဲ။ အင်ပါယာရှားနဲ့ မသေမျိုးလေးဂိုဏ်းက ခေါင်းဆောင်တွေကို သွားတွေ့ဖို့ ကျွန်မနဲ့လိုက်ခဲ့ပါ"
ထာဝရအရှင်ကိုခေါ်သွားလျှင် ထာဝရဂိုဏ်း၏ အခြေအနေကိုရှင်းပြဖို့ ပိုလွယ်ကူသွားမည်။ ထာဝရအရှင် စိတ်သက်သာရာရသွားသည်။ သူသန့်စင်မခံရသရွေ့ အားလုံးအဆင်ပြေသည်။
တာအိုလမ်းစဉ်ဂိုဏ်းသည် စွမ်းအားမြင့်ဝိညာဉ်များကို သန့်စင်၍ ဝိညာဉ်ရတနာများအဖြစ် သန့်စင်လေ့ရှိကြောင်း သိစိတ်နယ်မြေတွင် လုယန်ထံမှ သူသိခဲ့ရသည်။ ထိုလုပ်ရပ်က လမ်းမှန်ဂိုဏ်း၏လုပ်ရပ်နှင့် သိပ်မတူလှ။
သူ့နောက်လိုက်များ၏မှတ်ဉာဏ်ကို ယုံသင့်မယုံသင့် သူသံသယဖြစ်မိသည်။ မသေမျိုးငါးဂိုဏ်းသည် အတူချီတက်ပြီး တော်ဝင်လမ်းကို ကာကွယ်သင့်သည်မဟုတ်လား။
"မင်းရယ်၊ မုန်ကျင်းကျိုးရယ် အရိုးရိုင်းရယ် အရင်ပြန်နှင့်လိုက်။ တိုင်ပုဖန်က အပြင်ဘက်မှာ မင်းတို့ကိုစောင့်နေတယ်"
ယွမ်ကျိ ထိုသို့မှာကြားပြီး ထာဝရအရှင်ကို ကြက်ပေါက်လေးတစ်ကောင်လို ခေါ်သွားသည်။
လုယန် မုန်ကျင်းကျိုးတို့နှစ်ယောက်နှင့် သွားတွေ့သည်။ မုန်ကျင်းကျိုးက ပျော်ရွှင်နေသည့်လေသံဖြင့်
"နောက်ဆုံးတော့ ငါတို့တွေ ထာဝရဂိုဏ်းကို ရှင်းပစ်နိုင်ပြီပေါ့။ ဒါငါတို့ရဲ့ နောက်ထပ်အောင်မြင်မှုပဲ"
အရိုးရိုင်းက တုံ့ဆိုင်းဆိုင်းလေသံဖြင့် ထပ်ပြောသည်။
"ငါတို့လှုပ်ရှားတာ မြန်လွန်းမနေဘူးလား။ ထာဝရဂိုဏ်းကိုရောက်တာ နှစ်လတောင်မပြည့်သေးဘူး။ ဂိုဏ်းက ဖြိုခွဲခံလိုက်ရပြီ"
ထာဝရဂိုဏ်းသည် နှစ်ပေါင်းတစ်သောင်းလေးထောင်ကြာအောင် တည်တံ့ခဲ့သည့် နတ်ဆိုးဂိုဏ်းကြီးဖြစ်သည်။ လုယန်တို့သုံးယောက်ဝင်လာမှ ဂိုဏ်းက အပျောက်ရှင်းခံရသည်။
တော်ဝင်လမ်းကိုကာကွယ်ခြင်းဟုဆိုလျှင်ပင် ထိုစွမ်းဆောင်ရည်မျိုးက မြင့်လွန်းနေသလိုရှိသည်။
လုယန်က အလေးအနက်လေသံဖြင့်
"အရိုးရိုင်း၊ မင်းတစ်ခုတော့ နားလည်ထားဖို့လိုတယ်။ ထာဝရဂိုဏ်းကို ငါတို့ဖျက်ဆီးခဲ့လို့လား။ မဟုတ်ဘူး၊ အဲလိုမဟုတ်ဘူးလေ။
ဒီနေ့ဖြစ်သွားတာအားလုံးဟာ ထာဝရဂိုဏ်းရဲ့ မကောင်းတဲ့လုပ်ရပ်တွေကြောင့် ပြန်ပေးဆပ်ရတာပဲ။ ငါတို့က မဆိုစလောက်လေးပဲ ပါဝင်လှုပ်ရှားခဲ့တာပါ"
မုန်ကျင်းကျိုး အလေးအနက်ခေါင်းငြိမ့်သည်။ ထာဝရဂိုဏ်းက သူတို့ဘယ်သူမှန်းသေချာမသိဘဲ ဂိုဏ်းထဲသို့ ဖိတ်ခေါ်သည်။ ဤကိစ္စသည် သူတို့အမှားမဟုတ်။
အရိုးရိုင်း သဘောပေါက်သွားသည်။
"ဒီနေ့ငါ အသစ်တစ်ခု သင်ယူလိုက်ရပြီပဲ"
သုံးယောက်သား ရယ်မော၍ ဌာနချုပ်မှထွက်သည်။ တိုင်ပုဖန်က သူတို့ကိုစောင့်နေသည်။
"ထွက်လာကြပြီလား။ မင်းတို့သုံးယောက် ကောင်းကောင်းစွမ်းဆောင်ခဲ့တာပဲ"
တိုင်ပုဖန်က ပြုံး၍ပြောသည်။ တစ်ယောက်ချင်းစီ၏ပုခုံးကိုပုတ်သည်။ အတော်ကျေနပ်နေဟန်ရှိသည်။
နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်း လျော့သွားခြင်းသည် သူ့အတွက် စိတ်ပူစရာကိစ္စကြီးတစ်ခု လျော့သွားခြင်းပင်ဖြစ်သည်။ သူနည်းနည်း စိတ်သက်သာရာရသည်။
နည်းလမ်းတစ်မျိုးသုံး၍ သစ်ပင်တစ်ပင်မှ သစ်ရွက်တစ်ရွက် သူဆွတ်ယူလိုက်သည်။ သစ်ရွက်က လှေငယ်တစ်ခုစာခန့် ပြန့်ကားလာသည်။
"တက်ကြ"
သစ်ရွက်စိမ်းယာဉ်ပျံဖြင့် တိုင်ပုဖန်က သူတို့ကို ဂိုဏ်းသို့ ပြန်ခေါ်သွားသည်။
အောက်သို့ငုံ့ကြည့်ရင်း လုယန်တုန်လှုပ်နေသည်။ အချိန်မရွေး ပြုတ်ကျသွားနိုင်သည်ဟု ခံစားရသည်။ ထိုအဖြစ်ကိုကြည့်၍ တိုင်ပုဖန်က တဟားဟားရယ်မောနေသည်။
"လုယန်၊ မင်းက အမြင့်ကြောက်တယ်ပေါ့။ ဒါဆို ဓားကျင့်ကြံသူ ဘယ်လိုဖြစ်နိုင်မှာလဲကွ"
မစ်ရှင်ခန်းမသို့ ပြန်ရောက်ပြီးနောက် တိုင်ပုဖန်နှင့် သူတို့သုံးယောက် မစ်ရှင်အတွက် ဆုကြေးများ တွက်ချက်ကြသည်။
"အမယွမထွက်မသွားခင် ငါ့ကို ပြောသွားတယ်။ အခြေတည်အဆင့်တစ်ယောက်အတွက် အမြင့်ဆုံးဆုကြေးက ကျိုးဆောင်မှတ်တစ်ထောင်ဆိုပေမယ့် ထာဝရဂိုဏ်းကို ရှင်းလင်းတဲ့ကိစ္စမှာ မင်းတို့က ထူးထူးခြားခြား စွမ်းဆောင်ခဲ့တော့ တစ်ယောက်ချင်းစီ အပိုဆုကြေးတွေရမယ်တဲ့။
မုန်ကျင်းကျိုးနဲ့ အရိုးရိုင်း။ မင်းတို့နှစ်ယောက်က ကျိုးဆောင်မှတ်နှစ်ထောင်စီရမယ်။
လုယန်၊ ထာဝရဂိုဏ်းပြိုင်ပွဲမှာ မင်းကအထူးခြားဆုံးစွမ်းဆောင်ခဲ့တာဖြစ်လို့ ကျိုးဆောင်မှတ်နှစ်ထောင့်ငါးရာရမယ်"
ပြီးခဲ့သည့်တစ်ခေါက်က ကျိုးဆောင်မှတ်များ သူတို့ထံတွင် ကျန်သေးသည်။ ယခု အများကြီး ထပ်ရသဖြင့် သုံးယောက်လုံး အတော်ပျော်သွားကြသည်။ အခြေတည်အဆင့်များကြားတွင် သူတို့သည် ကျိုးဆောင်မှတ်အများဆုံးဖြစ်သည်။
"အကိုတိုင်၊ ဒီဓားကို ကျိုးဆောင်မှတ်နဲ့ လဲလို့ရမယ်ထင်လား"
တိုင်ပုဖန် အကဲဖြတ်နိုင်ရန် လုယန် နတ်ဆိုးဓားကို ထုတ်လိုက်သည်။
တိုင်ပုဖန် နတ်ဆိုးဓားကို စစ်ဆေးသည်။ လက်ချောင်းဖြင့် ညင်သာစွာခေါက်၍ တုန်ခါသံကို နားထောင်သည်။
"တကယ်ရှားပါးတဲ့ ဓားကောင်းတစ်လက်ပဲ။ မင်းဘာသာသုံးဖို့ သိမ်းမထားဘူးလား။
ဪ..ဟုတ်သားပဲ။ မင်းမှာ အမယွမ်ပေးထားတဲ့ ချင်ဖုန်းဓားရှိတာပဲ။ ဒီနတ်ဆိုးဓားကို မလိုတော့ဘူးပေါ့။
ဒီဓားကိုလုပ်ထားတဲ့ ကုန်ကြမ်းပစ္စည်းက ကောင်းတယ်။ ဒါပေမယ့် ဓားသွန်းတဲ့နည်းလမ်းက ညံ့နေတယ်။ ဆက်တိုက်လူသတ်ထားတော့ ညစ်ညမ်းတဲ့ ဝိညာဉ်စွမ်းအင် သွေးစွမ်းအင်တွေ ပြည့်လျှ့နေတယ်။ ဒါကြောင့် ကုန်ကြမ်းပစ္စည်းရဲ့ မူလဂုဏ်သတ္တိ ပျက်စီးသွားတယ်။
ဒီဓားအတွက် ငါမင်းကို ကျိုးဆောင်မှတ်ခုနစ်ရာပေးမယ်"
ကျိုးဆောင်မှတ်များ သတ်မှတ်ပြီးနောက် ကိစ္စအားလုံးပြီးသွားသည်။ မစ်ရှင်ကြောင့် စိတ်ရောကိုယ်ပါ အားစိုက်ခဲ့ရသဖြင့် ခြေကုန်လက်ပမ်းကျပြီး သုံးယောက်လုံး အဆက်မပြတ်သမ်းဝေနေသည်။
"ပြန်အိပ်ရအောင်ကွာ။ ဆုကြေးလဲလှယ်ဖိုကိစ္စ မနက်ဖြန်မှပြောရအောင်။
ခဏခဏသမ်းဝေရလွန်းသဖြင့် မုန်ကျင်းကျိုး မျက်လုံးပင် မဖွင့်ချင်တော့။
အရိုးရိုင်းလည်း လဲကျမတတ်ဖြစ်နေသည်။
လုယန်လည်း သိပ်မထူး။ သိစိတ်နယ်မြေတွင် တိုက်ပွဲဖြစ်ခဲ့သဖြင့် သူကအပင်ပန်းဆုံးဖြစ်သည်။ သို့သော် သူအာရုံမစူးစိုက်နိုင်သည်က တစ်ခြားအကြောင်းရှိသည်။
"ငါ့ကျတော့ ဘာလို့ကျိုးဆောင်မှတ်တစ်ခုမှမရတာလဲ။ ဟိုကောင်မလေးယွမ်ကျိက နောက်တစ်ကြိမ် ငါဂိုဏ်းချုပ်ဖြစ်လာမှာကို ကြောက်နေလို့ပဲဖြစ်ရမယ်"
သိစိတ်နယ်မြေတွင် ထာဝရနတ်မယ် သောင်းကြမ်းနေသည်။
"နတ်မယ်။ ခဏလောက် တိတ်တိတ်လေးနေလို့မရဘူးလား။ ကျုပ်အိပ်ချင်တယ်"
သူ့လှိုဏ်ဂူသို့ ပြန်ရောက်ပြီးနောက် လုယန် အိပ်ချင်မူးတူးညည်းညူလိုက်သည်။ ထာဝရနတ်မယ် အသံတိတ်သွားသည်။ မကျေနပ်ချက်များကို မပြောတော့။
လုယန်တို့သုံးယောက် ထွက်သွားပြီးနောက် တိုင်ပုဖန် နတ်ဆိုးဓားကို ပြန်စစ်ဆေးကြည့်သည်။ ထိုဓားကိစ္စ ဘယ်လိုဖြေရှင်းရမှန်းမသိ။
"ထားလိုက်ပါတော့လေ။ လောလောဆယ် သိုလှောင်ခန်းမှာပဲ သိမ်းထားလိုက်မယ်။ နောက်မှ ပဥ္စမအကြီးအကဲကို မေးကြည့်မယ်"
တိုင်ပုဖန် ဓားကို ဂရုတစိုက်သယ်သွားပြီး သိုလှောင်ခန်းထောင့်တွင် ထားလိုက်သည်။
အခန်းက မှောင်နေသည်။ ဝိညာဉ်ရတနာများ၏ သဏ္ဌာန်ကို ခပ်ရေးရေးသာ မြင်နေရသည်။ နတ်ဆိုးဓားမှ စူးရှတောက်ပသည့် နတ်ဆိုးစွမ်းအင်ရောင်ကို ထုတ်လွှတ်နေသည်။
ဘယ်နေရာရောက်သည်ဖြစ်စေ နတ်ဆိုးဓားက အထက်စီးဆန်သည်။ နီညိုရောင်သူ့အလင်းက သူသည် သိုလှောင်ခန်း၏ ခေါင်းဆောင်ဖြစ်ကြောင်း ကြေငြာနေသည်။ ဆန့်ကျင်သူမှန်သမျှကို တိုက်ခိုက်ရန်အသင့်ပြင်ထားသည်။
ရတနာမီးအိမ်တစ်လုံး လေထဲတွင် လွင့်ပျံလာသည်။ ထိပ်တန်းဝိညာဉ်ရတနာစွမ်းအင်ရောင်ကို ထုတ်လွှတ်သည်။ နတ်ဆိုးဓားရောင်ကို ဖုံးလွှမ်းသွားသည်။ ကျောက်စိမ်းတုတ်တစ်ခုမှ အပြာရောင်အလင်း တောက်ပလာသည်။ နတ်ဆိုးဓားရောင်ကို ဖုံးလွှမ်းသွားသည်။
စက္ကူယပ်တောင်တစ်ခု ဖျတ်ခနဲပွင်သွားပြီး လေကို ညင်သာစွာခတ်လိုက်သည်။
တံစဉ်များ စုတ်တံများ ဗူးသီးချောက်များ ကျားခုံများ...။ ဝိညာဉ်ရတနာမျိုးစုံ အသက်ဝင်လာဟန်ဖြင့် နတ်ဆိုးဓားဘေးပတ်လည်သို့ ဝိုင်းအုံလာကြသည်။
နတ်ဆိုးဓား တုန်ခါသွားသည်။ နတ်ဆိုးစွမ်းအင်ရောင်ကို ချက်ချင်းရုတ်သိမ်းလိုက်သည်။ လူနှင့်သတ္တဝါများအတွက် အန္တရာယ်မရှိသည့် ဓားတစ်ချောင်းလို ဖြစ်သွားသည်။
ဘယ်လိုနေရာမျိုးမှန်းမသိ။ ကြောက်စရာကောင်းလှသည်။
*********************************************