အခြေတည်နောက်ဆုံးအဆင့်သဘောတရား
Vol. 14 Ch. 203
တစ်ညနားပြိးနောက် လုယန် သူ့ဂူထဲမှ ထွက်လာသည်။ အကြောတစ်ချက်ဆန့်၍ သမ်းဝေလိုက်သည်။ သူ့မျက်နှာ လန်းဆန်းတက်ကြွ၍ အားပြည့်နေသည်။
"အသက်ပြန်ဝင်လာသလို ခံစားရတယ်"
သူ့ခန္ဓာကိုယ်ကို လှုပ်ရှားသည်။ လည်ပတ်နေသည့်စွမ်းအားကို ခံစားသည်။
တစ်ညတာ ကောင်းစွာအနားယူရခြင်းသည် တကယ်အကျိုးရှိသည်။
ထာဝရဂိုဏ်းကို ပျက်ဆီးခဲ့သည့်အကြောင်းများ ပြန်စဉ်းစားသည် မနေ့ကဖြစ်ခဲသလို သူ့မှတ်ဉာဏ်တွင် ထင်ရှားနေဆဲဖြစ်သည်။
သိစိတ်နယ်မြေတွင် ထာဝရနတ်မယ် နှစ်ခြိုက်စွာအိပ်စက်နေသည်ကို သူသတိထားမိသည်။ အိပ်နေချိန်တွင် နတ်မယ်သည် ကြည်လင်နူညံ့မှုတို့၏ စံနမူနာဖြစ်သည်။ သူ့အလှက ပြိုင်ဘက်ကင်းသည်။ သူ့ခန္ဓာကိုယ်ကောက်ကြောင်းများက 'နတ်မယ်'ဟူသည့်ဝေါဟာရနှင့် ကွက်တိကျသည်။
အသံတိတ်နေချိန်တွင် ထာဝရနတ်မယ်ကို အကြောင်းမသိသူများ အထင်မှားသွားနိုင်သည်။
ရှားပါးသည့် ကြည်လင်အေးချမ်းမှုမျိုးဖြစ်သည်။
"ဝိညာဉ်ခန္ဓာတွေလည်း အိပ်ဖို့လိုလား"
အိပ်မက်ခေါင်းအုံးကို ထာဝရနတ်မယ်သုံးခဲ့သည်ကို လုယန်မှတ်မိသည်။ ထို့ကြောင့် သူအိပ်စက်ခြင်းသည် ဝါသနာအရလုပ်ခြင်းဖြစ်မည်ကို ကောက်ချက်ချလိုက်သည်။
"ငါအခြေတည်နောက်ဆုံးအဆင့်ကို နီးလာပြီ"
လုယန် သူ့ဘာသာရေရွတ်၍ ထိုနေရာမှာပင် တင်ပျဉ်ခွေထိုင်သည်။ နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ်ကို လည်ပတ်လိုက်သ်ည။
ဝိညာဉ်စွမ်းအင်များက ကျင့်စဉ်က သတ်မှတ်ထားသည့်လမ်းကြောင်းများအတိုင်း စီးဆင်းသည်။ အရှိန်မြန်လာသည်။ လုယန်၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို အဆက်မပြတ်သန့်စင်နေသည်။
ထိုအခွင့်အရေးကို အသုံးချ၍ ဆံပင်ကိုသန်မာအောင်ကြိုးစားကြည့်သည်။ သို့သော်မရ။
"မုန်ကျင်းကျိုးက သူ့ဆံပင်ကို ဘယ်လိုများလေ့ကျင့်တာလဲ"
ဓာတ်ငါးမျိုးဂိုဏ်းသားတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်စဉ်က မုန်ကျင်းကျိုး ဆံပင်ကိုသုံးခဲ့သည်။ ထူးခြားသည့် အကျိုးသက်ရောက်မှုရှိသည်။
စိတ်အတွေးများကို ရျင်းလိုက်သည်။ အာရုံစိုက်သည်။ သဘာဝနျင့် ပေါင်းစပ်သည်။ မိုးမြေဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ဆွဲယူပြီး ဘေးပတ်လည်သို့ ပြန်ထုတ်သည်။
ထိုဖြစ်စဉ်အတင်း သူ့ကျင့်စဉ်အဆင့် အဆက်မပြတ် တိုးတက်နေသည်။
"နင်ဘာလုပ်နေတာလဲ။ ကျင့်ကြံနေတာလား"
နတ်မယ်နိုးလာပြီး အိပ်မှုံစုံမွှားဖြင့် မျက်လုံးများကိုပွတ်နေသည်။
လုယန်ကျင့်စဉ်စွမ်းအား တိုးတက်နေသည်ကို သူအာရုံခံမိသည်။ သို့သော် တစ်ခုခု လွဲနေသည်။
"မဟုတ်ဘူး၊ အဆင့်တက်နေတာ"
လုယန် အလေးအနက်ရှင်းပြသည်။
"ကျုပ်အခု အခြေတည်နောက်ဆုံးအဆင့်ရောက်ဖို့ ခြေလှမ်းတစ်ဝက်ပဲ လိုတော့တယ်"
"ဪ..ဒါဆို နင်ကနောက်ဆုံးအဆင့်ကို ရောက်တော့မှာပေါ့"
"မကြာတော့ဘူး။ ဒါပေမယ့် ပြဿနာတစ်ခုတွေးမိတယ်"
"ဘာပြဿနာလဲ"
"ကျုပ်အခု ခြေလှမ်းတစ်ဝက်ရဲ့ တစ်ဝက်ကိုယူလိုက်ရင် နောက်ဆုံးအဆင့်နဲ့ ပိုနီးသွားမယ်မဟုတ်လား"
"အင်း"
"ခြေလှမ်းတစ်ဝက်ရဲ့ တစ်ဝက်ရဲ့ တစ်ဝက်ကိုယူလိုက်ရင် အရင်ထက်ပိုနီးသွားမယ်မဟုတ်လား"
"မှန်တယ်"
"အဲဒီတစ်ဝက်တွေရဲ့ တစ်ဝက်ကိုယူရင် ပိုလို့တောင် နီးသွားမယ်မဟုတ်လား"
ထာဝရနတ်မယ် ခေါင်းတစ်ဝက်ငြိမ့်သည်။
"ကျုပ်အဆင့်တက်နေတာ။ ဒါပေမယ့် အခြေတည်နောက်ဆုံးအဆင့်ကို ဘယ်တော့မှရောက်မယ့်ပုံမျိုးမရှိဘူး။ အခြေတည်နောက်ဆုံးအဆင့်ဆိုတာ ဘယ်သူမှတကယ်မရောက်ဖူးတဲ့ ပုံရိပ်ယောင်အဆင့်တစ်ခုသက်သက်များလား"
ထာဝရနတ်မယ် မျက်မှောင်ကျုံ့၍ ခဏစဉ်းစားနေသည်။ ထို့နောက် သူအိပ်မက်မက်နေခြင်းဖြစ်မည်ဟုတွေး၍ မျက်လုံးမှိတ်၍ ပြန်အိပ်သည်။
သူ့ခေါင်းက တစ်ဘက်သို့စောင်းသွားသည်။ ပြန်အိပ်ပျော်သွားသည်။
လုယန် သူ့ဒဿနမေးခွန်းကို ဆက်၍စဉ်းစားနေသည်။
'ဒီပြဿနာရဲ့အဖြေကဘာလဲ။ ငါဆက်တိုက်အဆင့်တက်နေတာ အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်လား။ အခြေတည်နောက်ဆုံးအဆင့်ဆိုတာ တကယ်မရှိဘူးလား'
ပုန်းနေသည့်ရုပ်သေးက ဆက်မကြည့်ရက်တော့သဖြင့် နောက်ကျောဘက်မှ အသာကပ်လာပြီး လုယန်ကို ဆောင့်ကန်လိုက်သည်။
ကန်ချက်ကြောင့် စိတ်ပြေလျော့သွားသဖြင့် နောက်ထပ်ခြေလှမ်းတစ်ဝက်ကို အောင်မြင်စွာလှမ်းနိုင်ခဲ့သည်။
အခြေတည်နောက်ဆုံးအဆင့်။
"ငါ့ကိုဘယ်သူကန်တာလဲကွ"
လုယန် နောက်သို့အမြန်လှည့်ကြည့်သည်။ သို့သော် ရုပ်သေးက ထွက်ပြေးသွားပြီးဖြစ်သည်။
သို့သော် လုယန် ခန့်မှန်းမိပါသည်။ ကောင်းကင်ဂူတောင်ထိပ်တွင် လွတ်လပ်စွာသွားလာနိုင်သူမှာ သူနှင့်ရုပ်သေးသာရှိသည်။
"ထားလိုက်ပါလေ။ ငါသူနဲ့ဖက်ပြီး ရန်မဖြစ်ချင်ပါဘူး။ မစ်ရှင်ခန်းမကိုသွားပြီး ဆုကြေးထုတ်မယ်"
ရုပ်သေးကိုရှာတွေ့လျှင်ပင် အနိုင်မယူနိုင်မှန်း သူသိသည်။ အဆင့်တက်ပြီးစအချိန်တွင် သူအရိုက်မခံချင်။
ကံဆိုးသည်။
မစ်ရှင်ခန်းမအပြင်ဘက်တွင် သူခဏစောင့်သည်။ မုန်ကျင်းကျိုးနှင့်အရိုးရိုင်း ရောက်လာသည်။
သူတို့နှစ်ယောက်လည်း ပင်ပန်းခဲ့ကြသဖြင့် ယခုမှအိပ်ရာထလာကြခြင်းဖြစ်သည်။
မစ်ရှင်ခန်းမသို့ရောက်ပြီးနောက် မုန်ကျင်းကျိုးက ထုံးစံအတိုင်း အချိုးကျစပ်ထားသည့် အဆင့်မြင့်မြင်းစာဝယ်သည်။ မြင်းအိုကိုအစာကျွေးဖို့ဖြစ်သည်။
"ရေခဲမှော်အဆောင်တွေက ဈေးချိုသားပဲ။ ကျုပ်ကို အဆောင်နှစ်ဆယ်ပေးပါ"
လုယန် မုန်ကျင်းကျိုးကို တအံ့တဩကြည့်လိုက်သည်။
"အဆင့်နိမ့်ရေခဲအဆောင်တွေ ဒီလောက်အများကြီးကို မင်းဘာလုပ်ဖို့လဲ"
ထိုရေခဲမှောင်အဆောင်များသည် ချီအလတ်တန်းဆင့် ကျင့်ကြံသူများအပေါ်သာ သက်ရောက်မှုရှိသည်။ ပစ္စည်းဖလှယ်စာရင်းတွင် အဖြည့်သက်သက်ရောင်းခြင်းဖြစ်သည်။
"ဟား...မင်းနားမလည်ပါဘူး။ အခု နွေရာသီလေ။ နွေရာသီမှာ ဘာအရေးကြီးဆုံးလဲသိလား။ အေးဖို့ပေါ့ကွ"
အရိုးရိုင်း နားမလည်။
"ဂူထဲမှာ အပူဖယ်ရှားတဲ့ မှော်စက်ဝန်းရှိတယ်မဟုတ်လား။ အဲဒါနဲ့မရဘူးလား"
မုန်ကျင်းကျိုးက လက်ညှိုးကွေး၍ခေါ်သည်။
"လာပါ၊ ငါပြမယ်"
ကျောက်စိမ်းတံဆိပ်ထဲမှ သစ်သားစည်တစ်ခုဆွဲထုတ်လိုက်သည်။ ရေအေးဖြည့်ပြီး ခုန်ဝင်လိုက်သည်။ ဦးခေါင်းသာဖော်ထားသည်။
ထို့နောက် ရေခဲမှော်အဆောင်တစ်ခု အသက်သွင်းလိုက်သည်။ ရေစည်ထဲမှရေများ ရေခဲတုံးကြီးအဖြစ်ပြောင်းသွားသည်။ မုန်ကျင်းကျိုးက ရေခဲတုံးထဲပိတ်မိနေသည်။
"မိုက်တယ်ဟ"
မုန်ကျင်းကျိုး အော်လိုက်သည်။ ရေခဲတုံးထဲမှ သူဦးခေါင်းသာ ထွက်နေသည်။ ထိုခံစားချက်မျိုးက စိတ်လှုပ်ရှားစရာကောင်းသည်။
ကျင့်ကြံသူများသာ ထိုအဖြစ်မျိုးကို ခံနိုင်ရည်ရှိကြသည်။ သာမန်လူများဆိုလျှင် အအေးမိရောဂါရပေလိမ့်မည်။
လုယန်မျက်လုံးများ အရောင်လက်လာသည်။ မုန်ကျင်းကျိုးကို ရေခဲတုံးနှင့်အတူ စည်ထဲမှဆွဲထုတ်လိုက်သည်။ ထို့နောက် မစ်ရှင်ခန်းမပတ်လည်၍ လှိမ့်နေသည်။
ထိုဖျော်ဖြေမှုမျိုးက အဆင့်မြင့်သည့် တာအိုလမ်းစဉ်ဂိုဏ်းမှာပင် မြင်ရခဲသဖြင့် စီနီယာအကိုအမများ စိတ်ဝင်တစားလှည့်ကြည့်လာကြသည်။
"လုယန်၊ ခွေးမသား"
မုန်ကျင်းကျိုး အော်ဆဲသည်။ လူကချာချာလည်နေသဖြင့် အောက်ဘက်မှ မော့ကြည့်၍မပြောနိုင်။
လုယန်က ရေခဲတုံးလှိမ့်ရင်း ရှင်းပြသည်။
"မင်းနားမလည်ပါဘူး။ ငါတို့ရဲ့ ခန္ဓာကိုယ်ပေါင်းစပ်တိုက်ကွက်မှာ အကြီးဆုံးပြဿနာက ချာချာလည်ရလွန်းလို့ ခေါင်းမူးတာပဲ။ ဒီနည်းလမ်းနဲ့ လေ့ကျင့်လို့ပြီး အသားကျအောင်လုပ်လို့ရတယ်လေ"
အရိုးရိုင်း ခေါင်းငြိမ့်ထောက်ခံသည်။ လုယန် အတော်စိတ်ကူးကောင်းသည်ဟု ယူဆသည်။ လုယန်က မုန်ကျင်းကျိုးအား တမင်နှိပ်စက်နေသည်ဟု သူမတွေး။
မုန်ကျင်းကျိုးက အမြင်မတူ။
"ပြောရတာကလွယ်တယ် လုယန်။ မင်းဒီလောက်စွမ်းတယ်ဆိုရင် ငါတို့နေရာချင်းလဲမယ်လေ။ ငါမင်းကို လှိမ့်မယ်"
"မင်းက အရင်ရေခဲတာလေ။ မင်းအရင် လေ့ကျင့်လိုက်ပါ။
လုယန် ထောင်ချောက်ထဲမဝင်။
ကလေးအထာလေးသာဖြစ်သည်။
နောက်ဆုံးတွင် မစ်ရှင်ခန်းမတွင် တာဝန်ကျနေသည့် ဂိုဏ်းတူအကိုက မျက်နှာတင်းတင်းဖြင့် လုယန်နှင့် မုန်ကျင်းကျိုးကိုတားသည်။
ထိုအချိန်ကျမှ နှစ်ယောက်လုံး အပိုးသေသွားသည်။ သူတို့ရမည့် ဆုကြေးများကို ထုတ်ယူသည်။
"ကျွဲဆယ်ကောင်အားဆေးတစ်လုံးယူမယ်"
ရွှေသန္ဓေအဆင့်ကျွဲဆယ်ကောင်အားဆေးကို လုယန်မြင်သည်။ ကျိုးဆောင်မှတ် ငါးရာပေး၍ ချက်ချင်းဝယ်သည်။
ဈေးကတန်သည်။
"ဟ..ရွှေသန္ဓေအဆင့်အတွေ့အကြုံကူပွန်တဲ့။ ဒါကဘာလဲ"
နည်းနည်းထူးဆန်းသည့်အရာတစ်ခုကို မုန်ကျင်းကျိုး သတိထားမိသည်။ ဖော်ပြချက်ကလည်း သိပ်မရှင်းလင်းလှ။
"ဒါက အခြေတည်အဆင့်ကျင့်ကြံသူတွေ ရွှေသန္ဓေအဆင့်ကို ခဏရောက်ပြီး အတွေ့အကြုံယူတာမျိုးလား"
တစ်ချို့စွမ်းအားမြင့်ကျင့်ကြံသူများက သူတို့တပည့်များကို ပိုမြင့်မားသည့်ကျင့်စဉ်အဆင့်ကို ကြိုတင်ခံစားခွင့်ပေးတတ်ကြသည်ဟု သူကြားဖူးသည်။ နောက်ထပ်ကျင့်ကြံမှုများအတွက် အကျိုးရှိသည်။
"တစ်ခုလောက်ဝယ်ပြီးစမ်းကြည့်ပေါ့။ အရှုံးမရှိပါဘူး"
လုယန်က ဘေးမှအားပေးသည်။
မှန်သည်ဟု မုန်ကျင်းကျိုးတွေးလိုက်သည်။ ကူပွန်က သိပ်လည်းဈေးမကြီး။ ထို့ကြောင့် တစ်ခုဝယ်လိုက်သည်။
ရှေ့ကောင်တာသို့ သူပြေးသည်။ တာဝန်ကျနေသည့်အကိုကို ပြောသည်။
"အကို၊ ကျုပ်ဒီကူပွန်ကို သုံးချင်တယ်"
ကူပွန်အစစ်ဟုတ်မဟုတ် အတည်ပြုပြီးနောက် ထိုအကို ခေါင်းငြိမ့်သည်။
"မင်းဒါကို အခုချက်ချင်းသုံးလို့ရပါတယ်"
မုန်ကျင်းကျိုး စိတ်ဝင်တစားပြန်မေးသည်။
"ဒီကူပွန်က ဘာလုပ်ပေးတာလဲ အကို"
တာဝန်ကျအကိုက လူတစ်ယောက်ကို လှမ်းဆက်သွယ်ရင်း ခပ်အေးအေးပြန်ပြောသည်။
"မင်းကို ရွှေသန္ဓေအဆင့်တိုက်ခိုက်စွမ်းအား ခံစားခွင့်ပေးတာ"
မုန်ကျင်းကျိုးစိတ်ထဲ စနိုးစနောင်ဖြစ်သွားသည်။ သူပြန်မေးရန်ပြင်နေချိန်မှာပင် လူတစ်ယောက်က သူ့ပုခုံးကိုလာပုတ်သည်။
မုန်ကျင်းကျိုးလှည့်ကြည့်သည်။ ကြင်နာသည့်မျက်နှာဖြင့် သွားတန်းပေါ်အောင်ပြုံးနေသည့် ရွှေသန္ဓေအဆင့် ခေါင်းပြောင်အကိုတစ်ယောက်ကို မြင်လိုက်ရသည်။
"ညီလေး၊ ရွှေသန္ဓေအဆင့်စွမ်းအားကို မင်းခံစားကြည့်ချင်တယ်လို့ကြားတယ်။ လာကွာ၊ အပြင်ဘက်လေ့ကျင့်ကွင်းကိုသွားပြီး တိုက်ခိုက်ကြစို့"
မုန်ကျင်းကျိုး - '...'
ခွေးသူတောင်းစားလုယန် သူ့ကိုလှည့်စားသွားသည်။
************************************