← Chapters

တော်ဝင်လမ်းကို ကာကွယ်ခြင်း

Vol. 14 Ch. 204

တော်ဝင်လမ်းကို ကာကွယ်ခြင်း

Vol. 14 Ch. 204

မုန်ကျင်းကျိုး ရုန်းရင်းကန်ရင်း ဒရွတ်တိုက်ပါသွားသည်။ သိပ်မကြာမီ အော်သံများကြားရသည်။

လုယန်နှင့်မုန်ကျင်းကျိုးက ပစ္စည်းစာရင်းကို အာရုံစိုက်နေသည်။

"အရိုးရိုင်း၊ မင်းဘာဝယ်မှာလဲ"

"လက်ရေးပန်ချီလေ့ကျင့်တဲ့ စာအုပ်တစ်အုပ်ဝယ်မယ်လို့ စဉ်းစားထားတယ်။ ငါ့လက်ရေးက မကောင်းဘူးလို့ ဆရာက‌ပြောတယ်။ ထပ်ပြီးလေ့ကျင့်ဖို့လိုတယ်တဲ့"

ပစ္စည်းစာရင်းထဲမှ လက်ရေးပန်းချီစာအုပ်ကို အရိုးရိုင်း စိတ်ဝင်စားနေသည်။

"'မိုးကြိုးလက်ရေးပန်းချီစာအုပ်' ဆိုပါလား။ အတော်စွမ်းအားကြီးတဲ့နာမည်ပဲ။ ဝယ်မယ်ကွာ"

အရိုးရိုင်းကို သေချာပြန်စဉ်းစားဖို့ လုယန်အကြံပေးချင်သည်။ သို့သော် အရိုးရိုင်းက ဝယ်လိုက်ပြီးဖြစ်သည်။

မိုးကြိုးလက်ရေးပန်ချီစာအုပ်အဖုံးတွင် ကြီးမားသည့်လျှပ်စီးတန်းရုပ်ပုံတစ်ခုပါသည်။ ပထမစာမျက်နှာက အသုံးပြုနည်းလမ်းညွှန်ဖြစ်သည်။

"ဤစာအုပ်တွင် စာရေးဖို့ စုတ်တံကိုသုံးပါ။ ဘေးမျဉ်းနေရာကို လွန်သွားလျှင် စာအုပ်ထဲမှ မိုးကြိုးစွမ်းအားတစ်ခု ထွက်လာမည်။ သတိထား၍သုံးပါ။

မှတ်ချက် - စာအုပ်ကိုရေထဲမစိမ်ပါနဲ့။ ဓာတ်လိုက်နိုင်သည်"

အရိုးရိုင်း - "..."

ယခုခေတ် စာရေးသည့်အလုပ်သည် ထိုမျှအန္တရာယ်များနေပြီလော။

အရိုးရိုင်း တစ်ခြားဘာမှမဝယ်တော့။ ကျန်နေသည့်ကျိုးဆောင်မှတ်များဖြင့် သန့်စင်ခြင်းတောင်ထိပ်သို့သွား၍ သူ့သံတူကို စွမ်းအားမြှင့်ရန် ရည်ရွယ်ထားသည်။

တိုက်ခိုက်ချိန်တွင် သူတော်စင်ကျမ်းစာရွတ်ရုံဖြင့် စာပေကျင့်ကြံသူတစ်ယောက်၏ဟန်ပန် မပေါ်လွင်သေး။ 'သူတော်စင်အဆိုအမိန့်များ'ကို သံတူပေါ်တွင် ရေးထွင်းထားချင်သည်။ ထိပ်နှစ်ဘက်တွင် ဆူးချွန်နှစ်ခု ထပ်ထည့်ချင်သည်။ သို့မှသာ ထုလိုက်သည့်အချိန်တွင် ချိုင့်ဝင်သွားမည်။

သို့မှသာ ပြည့်စုံမည်။

.....

တော်ဝင်နန်းတော်။

အင်ပါယာရှားကို နှစ်လေးဆယ်ကျော် အလုပ်အကျွေးပြုခဲ့သည့် ခေါင်းဆောင်ကုန်းကုန်းသည် သူ့သခင်အကြောင်း ကောင်းကောင်းသိသည်။ သို့သော် သူလုံးဝနားမလည်နိုင်သည့် မြင်ကွင်းတစ်ခု ပေါ်လာသည်။

အင်ပါယာရှား ပလ္လင်ထက်တွင် ထိုင်နေသည်။ ယွမ်ကျိက ဖြေးညှင်းစွာ ဝင်လာသည်။ အင်ပါယာရှား ထရပ်ပြီး ပြုံး၍နှုတ်ဆက်သည်။

"တာအိုရှင်ယွမ်ကျိ ရောက်လာပြီလား။ ထိုင်ပါဗျာ"

သူကိုယ်တိုင် ယွမ်ကျိအတွက် ထိုင်ခုံတစ်ခု ရွှေ့ပေးသည်။ ထို့နောက် သူလည်း ယွမ်ကျိဘေးတွင်ထိုင်သည်။ ပလ္လင်ပေါ်ပြန်မသွား။

"တောင်ပိုင်းကနေ လူတစ်ယောက်က တာအိုရှင်ယွမ်အတွက် သစ်သီးတွေလက်ဆောင်ပို့လိုက်တယ်။ မြည်းကြည့်ပါဦး"

မကြာမီ ကုန်းကုန်းငယ်တစ်ယောက် သစ်သီးမျိုးစုံပါသည့်ဗန်းတစ်ခု ယူလာသည်။ တစ်ချို့က လိုင်ချီးသီးနှင့်တူသည်။ တစ်ချို့က ငှက်ပျော်သီးနှင့်တူသည်။

လိုင်ချီးသီးနှင့်တူသည့် အသီးတစ်လုံး ယွမ်ကျိ ရွေးလိုက်သည်။ သစ်သီးအတွင်းသားက ရွှေရောင်သန်းသည်။ အံ့ဩဖွယ်ကောင်းသည့် သဘာဝစွမ်းအင်များပါဝင်သည်။ တစ်လုံးစားရုံဖြင့် ချီအဆင့်တစ်ယောက်ကို အခြေတည်အလတ်တန်းဆင့်သို့ တိုးမြှင့်ပေးနိုင်သည်။

"အရသာအတော်ကောင်းတာပဲ"

ယွမ်ကျိ ယဉ်ယဉ်ကျေးကျေး ချီးကျူးသည်။ အင်ပါယာရှား ဝမ်းသာသွားသည်။ ကုန်းကုန်းကို လှည့်ပြောသည်။

"တာအိုရှင်ယွမ် ပြန်တဲ့အခါ ယူသွားဖို့ သစ်သီးပုံးတစ်ခု မြန်မြန်သွားယူခဲ့"

ပုံမှန်ဆိုလျှင် အလွန်တည်ငြိမ်သည့် ခေါင်းဆောင်ကုန်းကုန်းပင် အမူအရာနည်းနည်းပြောင်းသွားသည်။

အင်ပါယာရှား လူတစ်‌ယောက်ကို ထိုမျှအရေးတယူဆက်ဆံသည်ကို သူမမြင်ဖူး။

ယွမ်ကျိက အင်ပါယာကို တားသည်။

"မင်းကြီး၊ ဒီလိုလောကဝတ်တွေမလိုပါဘူး။ တောင်းဆိုချင်တာရှိရင် ပြောသာပြောပါ"

ခေါင်းဆောင်ကုန်းကုန်းအပါအဝင် နန်းတွင်းအစေခံအားလုံး အင်ပါယာရှား အခန်းထဲမှ ထွက်သွားခိုင်းသည်။

ထို့နောက် လက်နှစ်ဘက်ကိုပွတ်လျက် နည်းနည်းစိတ်လှုပ်ရှားနေဟန်ဖြင့်

"တာအိုရှင်ယွမ်ရဲ့ ကျင့်စဉ်စွမ်းအားက ကျုပ်တို့ရှေးဘိုးဘေးထက် အများကြီးမြင့်နိုင်တယ်လို့ ကျုပ်ကြားဖူးတယ်"

ယွမ်ကျိ ခေါင်းခါသည်။

"မဆိုစလောက်ပဲကွာတာပါ။ အဲလောက်လည်းမဟုတ်ပါဘူး မင်းကြီး"

"ဒါပေမယ့် ကျုပ်တို့ဘိုးဘေးက အခုတလော သူ့ကိုယ်သူ ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတယ်။ အဲဒါ သူ့ကျင့်ကြံမှုအတွက် မကောင်းဘူး။ သူ့ကို စိန်ခေါ်နိုင်တဲ့လူတစ်ယောက်ရှာပေးရင် အကျိုးရှိလောက်တယ်လို့ ကျုပ်တွေးနေတာ။ ကျုပ်စဉ်းစားကြည့်လိုက်တော့ တာအိုရှင်ယွမ်က အသင့်တော်ဆုံးလူပဲဖြစ်မယ်"

"မင်းကြီး၊ မင်းကြီးနဲ့ ဘိုးဘေးကြားမှာ မကျေလည်တဲ့ကိစ္စတစ်ချို့ ရှိနေလို့လား"

အင်ပါယာရှား၏ဘိုးဘေးသည် ထိုကဲ့သို့လူစားမျိုးမဟုတ်မှန်း ယွမ်ကျိမှတ်မိနေသည်။

"ဟား တာအိုရှင်ယွမ်က နောက်တတ်တာပဲ။ ကလေးဘဝကတည်းက သူကျုပ်ကို ရိုက်လာတာ။ ဘယ်လိုလုပ် မကျေလည်တာရှိနိုင်မှာလဲ"

"..."

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကျုပ်က တမင်စနောက်လိုက်တာလေးပါ။ တာအိုရှင်ယွမ် ဒါကို စိတ်ထဲမထားပါနဲ့"

အင်ပါယာက ပြောသည်။ သူ့မျက်နှာမှအပြုံးက အရောင်မှိန်သွားသည်။

အင်ပါယာ၏အမူအရာက စနောက်သည့်ပုံမျိုးမဟုတ်ကြောင်း ထုတ်မပြောသင့်ဟု ယွမ်ကျိတွေးလိုက်သည်။ ဆက်ဆံရေးပျက်စီးသွားနိုင်သည်။

ထိုကဲ့သို့ ရိုးရှင်းသည့် ပြောဆိုဆက်ဆံရေးနည်းဗျူဟာမျိုးကို ယွမ်ကျိနားလည်သည်။

"တာအိုရှင်ယွမ်က ကျုပ်နဲ့ မသေမျိုးလေးဂိုဏ်းခေါင်းဆောင်တွေကို ဒီမှာတွေ့ဆုံဖို့ ဖိတ်ခေါ်ထားတယ်နော်။ ထာဝရဂိုဏ်းကို ရှင်းလင်းတုန်းက အရေးကြီးတဲ့ကိစ္စတစ်ခုခု တွေ့ခဲ့လိုများလား"

"ဟုတ်တယ်"

ယွမ်ကျိ ခေါင်းငြိမ့်သည်။ သို့သော် ဘာမှထပ်မပြောတော့။

သူတစ်ခုခုစိုးရိမ်နေသည်ဟု အင်ပါယာရှား တွေးလိုက်သည်။

"ဒီကနေ သတင်းပေါက်ကြားမှာကို စိုးရိမ်လို့လား။ စိတ်မပူပါနဲ့။ ဒီနေရာကို ကျုပ်တို့ဘိုးဘေးက မသေမျိုးအဆင့်မှော်စက်ဝန်းနဲ့ ကာကွယ်ထားတာပါ။ မသေမျိုးတွေတောင် ခိုးပြီးနားမထောင်နိုင်ဘူး။

ဒါမှမဟုတ် လျှို့ဝှက်တွေက အရေးကြီးလို့ စကားနဲ့မပြောဘဲ အပြုအမူနဲ့ ညွှန်ပြသင့်တယ်လို့ ခင်ဗျားယူဆလို့လား"

ယွမ်ကျိအပြုအမူက ဘာကိုရည်ညွှန်းလိုသည်ကို အင်ပါယာရှား သုံးသပ်နေသည်။

ရန်သူများက နေရာတိုင်းရှိနေသည်ဟု အကြုံပြုလိုခြင်းလား။ အသံတိတ်နေခြင်းသည် ရန်သူများကို ရင်ဆိုင်ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းဟု ပြောလိုခြင်းလား။ သို့မဟုတ် ပြဿနာဖြေရှင်းဖို့အဓိကလူက တာအိုရှင်ဝစီပိတ်ဖြစ်နေ၍လား။

ယွမ်ကျိ ခဏတုံ့ဆိုင်းနေပြီးနောက် ပြန်ပြောသည်။

"မဟုတ်ပါဘူး။ မင်းကြီးနဲ့ မသေမျိုးလေးဂိုဏ်းခေါင်းဆောင်တွေကို တစ်ယောက်ချင်းစီ ထပ်ကာထပ်ကာ မပြောချင်လို့ပါ"

အင်ပါယာရှား - "..."

သိပ်မကြာမီ မသေမျိုးလေးဂိုဏ်းခေါင်းဆောင်များ နန်းတော်သို့ရောက်လာသည်။ ဓာတ်ငါးမျိုးဂိုဏ်းခေါင်းဆောင် ချိုးကျင်အန်းလည်းပါသည်။

တာအိုလမ်းစဉ်ဂိုဏ်း၏ လှုပ်ရှားမှုမြန်ဆန်ပုံကို ချိုးကျင်အန်း အံ့ဩခဲ့ရသည်။ ငါးရက်အတွင်း ထာဝရဂိုဏ်းကို ဖြိုချခဲ့သည်။ ထာဝရဂိုဏ်းချုပ် ဦးဆောင်စီမံနေသည့် မွေးမြူရေးခြံများကိုပင် ချိတ်ပိတ်ခဲ့သည်။

"တာအိုရှင်ယွမ်၊ ပြန်ဆုံကြပြန်ပြီနော်"

ချိုးကျင်အန်း ဦးညွှတ်နှုတ်ဆက်သည်။

"တာအိုလမ်းစဉ်ဂိုဏ်းက ထူးထူးခြားခြားစွမ်းဆောင်ခဲ့တာပဲ။ နတ်ဆိုးလေးဂိုဏ်းမှာ တစ်ဂိုဏ်းလျော့သွားပြီ။ ကျန်တဲ့သုံးဂိုဏ်းလည်း ဒီသတင်းကြားရင် ဘယ်လိုနေမယ်မသိဘူး။ ထွက်ပြေးချင်လောက်အောင် ကြောက်ဒူးတုန်နေကြမှာ သေချာတယ်"

ထောင်ချုပ်ဂိုဏ်းခေါင်းဆောင်က ပျော်ရွှင်စွာ ရယ်မောနေသည်။

ထိုကိစ္စအတွက် အောင်ပွဲခံဖို့ သူ့ဂိုဏ်းတွင် အားလပ်ရက်ငါးရက် သတ်မှတ်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။

"သာဓုခေါ်ပါတယ်"

စွန်စီးကျောင်းထိုင်က တည်ငြိမ်သည့်လေသံဖြင့်ပြောသည်။ စကားလုံးနည်းသော်လည်း သူ့အပျော်စိတ်ထင်ဟပ်နေသည်။

လသံလွင်နန်းတော်သခင်မ လော်ဟုန်ရှားက ယွမ်ကျိကို စကားမပြောရဲ။ လက်ထပ်ပွဲကိစ္စ ပြန်သတိရလာပြီး လုယန်နှင့်လန်ထင် အတင်းမင်္ဂလာဆောင်ပေးမည်ကို စိုးရိမ်နေသည်။

ထာဝရဂိုဏ်းမစ်ရှင်ကြောင့် တာအိုလမ်းစဉ်ဂိုဏ်းအပေါ် မသေမျိုးလေးဂိုဏ်း၏အမြင် ပြန်လည်ဆန်းသစ်လာသည်။

အစောပိုင်းအမြင်က 'မသေမျိုးလေးဂိုဏ်း တော်ဝင်လမ်းကို ကာကွယ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းက ဇယားဝင်ရှုပ်သည်'

ယခုအမြင်က 'မသေမျိုးငါးဂိုဏ်း တော်ဝင်လမ်းကို ကာကွယ်သည်'

သူတို့အတွေးများကို ယွမ်ကျိမသိ။ လာရင်းရည်ရွယ်ချက်ကို တန်းပြောသည်။

"ရှင်တို့ကို ခေါ်လိုက်တာက ထာဝရဂိုဏ်းကရလာတဲ့ သတင်းတစ်ချို့ ပေးချင်လို့ပါ။ ထာဝရဂိုဏ်းချုပ်ကိုယ်တိုင်တောင် မသိတဲ့ သတင်းပေါ့။ ကျွန်မသုံးသပ်ချက်ကို စပြောပါရစေ။

နတ်ဆိုးဂိုဏ်းလေးဂိုဏ်းရဲ့ဖြစ်တည်မှုဟာ ကျွန်မတို့အရင်က နားလည်ထားတာနဲ့ တစ်ခြားစီပါ။ ဒီဂိုဏ်းတွေဟာ နတ်ဆိုးကျင့်ကြံသူတွေကို စုစည်းရုံပဲလို့ ထင်ခဲ့ကြတယ်။ မဟာကပ်လောက် အန္တရာယ်မရှိဘူးလို့ ထင်ခဲ့တယ်။

အခု ကျွန်အမြင် ပြောင်းသွားပြီ။ နတ်ဆိုးဂိုဏ်းလေးဂိုဏ်းကို ရှေးခေတ်မသေမျိုးတွေက ထောက်ပံ့ထားတယ်လို့ ကျွန်မယုံကြည်တယ်။ သူတို့ရည်ရွယ်ချက်က အရိယဖလပုံပွားတွေ စုစည်းဖို့ပဲ။ အချိန်တန်ရင် ဒီအရိယဖလတွေကို ရှေးဟောင်းမသေမျိုးတွေက သိမ်းပိုက်ပြီး သူတို့ရဲ့ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲလိမ့်မယ်"

အားလုံး အံ့အားသင့်သွားကြသည်။

ထူးခြားသည့်နောက်ခံရှိသူများဖြစ်၍ မသေမျိုးများနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်အတော်များများ သိထားသည်။ အရိယဖလပုံပွားများအကြောင်းလည်း သိသည်။

အင်ပါယာရှားက အလေးအနက်လေသံဖြင့်

"သက်သေရှိလား"

အရိယဖလပုံပွားစုဖို့ မသေမျိုးဂိုဏ်းလေးဂိုဏ်းဖြစ်တည်နေသည် ။ ရှေးမသေမျိုးများက ထိုအရိယဖလပုံပွားများကို သိမ်းယူမည်။

ထိုသို့ဆိုလျျင် မသေမျိုးတစ်ယောက် အရိယဖလနှစ်ခု ပိုင်ဆိုင်နိုင်သည့်သဘောဖြစ်သည်။

ကြောက်စရာကောင်းသည့် အလားအလာတစ်ခုဖြစ်သည်။

"ရှိတာပေါ့။ ကျွန်မ မြက်မြင်သက်သေတစ်ယောက်ခေါ်လာတယ်"

ယွမ်ကျိ လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ရှေးခေတ်မသေမျိုးတစ်ယောက် သီးခြားလေဟာနယ်ထဲမှ ထွက်ပေါ်လာသည်။

"ဒါက ထာဝရဂိုဏ်းကိုးကွယ်တဲ့ ထာဝရအရှင်ပါ"

"မင်္ဂလာပါ လေးစားရတဲ့အကြီးအကဲများခင်ဗျာ။ ကျုပ်ကို 'ကလေးမျက်နှာ'လို့ပဲ ခေါ်ပါ"

(**ပုယော်လျန် (မျက်နှာမဲ့/အရှက်မဲ့)ကို ဂျူနီယာသဘောဖြင့် "ရှောင်"တပ်၍ (ရှောင်+မျက်နှာ) ခေါ်ခြင်းဖြစ်သည်။ နောက်လာမည့်အခန်းနှင့်ဆက်စပ်နေသည်)

*************************************

All Chapters