မဟာနတ်ဆိုးဂိုဏ်းသုံးဂိုဏ်း
Vol. 14 Ch. 205
ထာဝရအရှင်ပေါ်လာသည်နှင့် အားလုံးဝိုင်းကြည့်ကြသည်။
"မျက်နှာကလေးတဲ့လား"
အသက်ငါးရက်သားဖြစ်သော်လည်း ငါးရက်သာအသက်ရှင်တော့မည်လူကဲ့သို့ ထာဝရအရှင်၏မျက်နှာက အိုမင်းရင်ရော်နေသည်။ "ကလေးမျက်နှာ"ဟူသည့်နာမည်နှင့် လုံးဝမလိုက်ဖက်။
"မသေမျိုးတွေအားလုံးက ဒီလိုပဲယဉ်ကျေးကြတာလား"
ရိုသေညွှတ်ကျိုးသည့် ထာဝရအရှင်၏အပြုအမူကို ချိုးကျင်အန်း အကဲခတ်နေသည်။ နည်းနည်းမူမမှန်။
"သူ့အဆင့်က မသေမျိုးအဆင့်တော့ မဟုတ်လောက်ဘူး"
ယခုရှိနေသူများထဲ၌ ယွမ်ကျိပြီးလျှင် စွန်စီးကျောင်းထိုင်ကိုယ်တောက ကျင့်စဉ်စွမ်းအားအမြင့်ဆုံးဖြစ်သည်။
သူ့ဝိညာဉ်အာရုံဖြင့် ထာဝရအရှင်ကို စစ်ဆေးကြည့်သည်။ မသေမျိုးအဆင့်မရောက်သေး။ အလွန်ဆုံး သူနှင့်တန်းတူအဆင့်လောက်သာရှိမည်။ သူ့ထက်လည်း လျော့နိုင်သည်။
အင်ပါယာရှား တွေဝေနေသည်။ ထာဝရအရှင်ထံမှ သူရင်းနှီးနေသည့်အရာတစ်ခုကို ခံစားမိသည်။
"ဒါက...ယုံကြည်ကိုးကွယ်မှုစွမ်းအားလား"
ရှားနိုင်ငံ၏အခြေခံစွမ်းအားသည်လည်း ထိုစွမ်းအားနှင့်ဆင်တူသည်။ သို့သော် အယူအဆအရ ကွဲပြားသည်။ "ပြည်သူ့ဆန္ဒစွမ်းအား"ဟုခေါ်သည်။
ထို့ကြောင့် ထာဝရအရှင်၏ဖြစ်တည်မှုကို သူနားအလည်ဆုံးဖြစ်သည်။ တစ်ခြားခေါင်းဆောင်များက ခန့်မှန်းနားလည်ရုံသာရှိသည်။
"သူက ထာဝရဂိုဏ်းနောက်လိုက်တွေရဲ့ အတွေးစွမ်းအင်ကနေ အသစ်မွေးဖွားလာတဲ့ ဝိညာဉ်လား"
ယွမ်ကျိ ခေါင်းငြိမ့်သည်။
"ဟုတ်တယ်။ သူပဲမဟုတ်ဘူး။ သူ့အရိယဖလပုံပွားကလည်း ဒီလိုနည်းလမ်းနဲ့ မွေးဖွားလာတာ"
"သူ့မှာ အရိယဖလပုံပွားတစ်ခုရှိတယ်ပေါ့"
အားလုံး အံ့အားသင့်သွားသည်။
ထာဝရနတ်မယ်အမြင်အရ အရိယဖလပုံပွားသည် အညံ့စားစွမ်းအားသာဖြစ်သည်။ လူရှေ့သူရှေ့ ထုတ်ပြဖို့ မထိုက်တန်။ သူကိုယ်တိုင်က မသေမျိုးတစ်ယောက်ဖြစ်ပြီး ထာဝရအရိယဖလကိုလည်း ပိုင်ဆိုင်ထားသဖြင့် ထိုသို့မြင်ခြင်းဖြစ်သည်။
အရိယဖလဆိုသည်မျာ မသေမျိုးတစ်ယောက်၏ အဓိပဓိရတနာနှင့် တန်းတူအဆင့်ရှိသည်။
မပြည့်စုံသည် အရိယဖလဖြစ်သည့် အရိယဖလပုံပွားသည် အလွန်တရာအဖိုးထိုက်တန်သည်။ အဓိပဓိရတနာများကိုသာ မမီခြင်းဖြစ်သည်။ ရှေးဟောင်းခေတ်တွင် ထိုအရိယဖလမျိုးလိုချင်၍ ကြယ်ကမ္ဘာများပျက်စီးနိုင်သည့် စစ်ပွဲများများပင် ဖြစ်ပွားနိုင်သည်။
ရွှေရောင်အရိယဖလပုံပွားကို အားလုံးရှေ့သို့ ချပြလိုက်သည်။ 'ထာဝရ'ဖြစ်တည်မှု၏ အမြင်ဆုံးစည်းမျဉ်းစွမ်းအင်များ အရိယဖလထဲတွင် အဆက်မပြတ်တောက်ပနေသည်။
အဓိပဓိထာဝရစည်းမျဉ်းများက နက်နဲလွန်းသည်။ အခြေခံမခိုင်မာသူများ ကျင့်စဉ်အဆင့်နိမ့်သူများ တစ်ချက်ကြည့်ရုံဖြင့် စိတ်ဝိညာဉ်ကိုထိခိုက်၍ အနာဂတ်ကျင့်စဉ်လမ်း အဟန့်အတားဖြစ်နိုင်သည်။
ထို့ကြောင့်လည်း ထာဝရနတ်မယ်က လုယန်ကို ကြည့်ခွင့်မပေးခြင်းဖြစ်သည်။
ယခုရှိနေသူများက အနည်းဆုံး စုစည်းခြင်းအဆင့်ပြိုင်ဘက်ကင်းများဖြစ်သည်။ လမ်းကြောင်းကိုယ်စီ ရှိသည်။ ထာဝရစည်းမျဉ်းကြောင့် လမ်းပျောက်သွားစရာအကြောင်းမရှိ။
"ဒါက ထာဝရအရိယဖလပုံပွားပါ"
"ထာဝရအရိယဖလတဲ့လား"
ထာဝရနတ်မယ်၏ဖြစ်တည်မှုကို သူတို့မသိကြ။
အပြင်လူတစ်ယောက်အမြင်အရ ထာဝရနတ်မယ်သည် ရှေးဟောင်းခတ်၏အလျှို့ဝှက်ဆုံးပဟေဠိဖြစ်သည်။ သမိုင်းမြူမှုန်ကြားတွင် ဖုံးကွယ်ထားသည့်အရာဖြစ်သည်။ မသိနိုင်။ ခြေရာမခံနိုင်။ ထာဝရနတ်မယ်အကြောင်း ဖော်ထုတ်လိုက်လျှင် ကမ္ဘာပျက်လောက်သည့်ကိစ္စများ ဖြစ်လာနိုင်သည်။
သို့သော် လုယန်ရော ထာဝရနတ်မယ်ပါ ထိုအချက်ကို မသိကြ။
နတ်မယ်အကြောင်း ထုတ်ပြောဖို့ ယွမ်ကျိရည်ရွယ်ချက်မရှိ။
ယခုရှိနေသူများသည် ယုံကြည်ရပါသည်။ ခိုးနားထောင်သည့်လူ ရှိနေမည်ကိုလုည်း စိုးရိမ်စရာမလို။ သို့သော် ရှေးဟောင်းမသေမျိုးများ စုံစမ်းလိုလျှင် ယခုရှိနေသူများကို ဝိညာဉ်မှတ်ဉာဏ်ရှာဖွေနည်းလို အစွန်းရောက်နည်းလမ်းများ သုံးနိုင်သည်။ ထိုသို့ဖြစ်လာလျှင် ထာဝရနတ်မယ်အကြောင်း သိသွားကြမည်။
သိသွားလျှင် ထိုရှေးဟောင်းမသေမျိုးများ မည်သို့တုံ့ပြန်မည်ကို ယွမ်ကျိ သေချာမသိ။
"ကျွန်မခန့်မှန်းချက်အရ ထာဝရအရိယဖလဆိုတာ သူ့နာမည်အတိုင်းပဲ ထာဝရရှင်သန်မှုကို ပေးနိုင်တယ်လို့ယူဆတယ်"
"မသေမျိုးဖြစ်တာနဲ့ ထာဝရရှင်သန်တာက ဘာကွာလဲ"
အင်ပါယာရှားကမေးသည်။
သူသိထားသလောက် မသေမျိုးတစ်ယောက်ဖြစ်လာသည်နှင့် သက်တမ်းအကန့်အသတ်များကို ကျော်လွှားနိုင်သည်။ အိုမင်းသေဆုံးခြင်းမရှိတော့။ အဆုံးမဲ့ဘဝအစစ်ကို ရသည်။
ပြီးခဲ့သည် မသေမျိုးငါးဂိုဏ်းလျှို့ဝှက်ဆွေးနွေးပွဲတွင် ထာဝရအရှင်ကို အသက်သွင်းနိုင်သည့်နည်းလမ်းအကြောင်း ပြောခဲ့သည်။ မသေမျိုးဂိုဏ်းခေါင်းဆောင်များ မသေမျိုးဟူသည့် အယူအဆကို နားလည်ကြသည်။
သို့သော် ထိုဆွေးနွေးပွဲတွင် အင်ပါယာရှားမပါခဲ့။
"မသေမျိုးတွေက သက်တမ်းအကန့်အသတ်မရှိနေနိုင်ပါတယ်။ ဒါပေမယ့် တိုက်ပွဲမှာ သေနိုင်သေးတယ်။ အသတ်ခံရရင် ပြန်မရှင်သန်နိုင်ဘူး။ ဒါပေမယ့် ထာဝရအရိယဖလပိုင်ဆိုင်တဲ့ မသေမျိုးကျတော့ တစ်ယောက်ယောက်က သူ့ဘွဲ့နာမည်နဲ့ နာမည်ရင်းကို ခေါ်လိုက်ရင် ချက်ချင်းပြန်ရှင်သန်နိုင်တယ်။ အမှန်တကယ် မသေနိုင်တဲ့ မသေမျိုးအစစ်ပါ"
ယွမ်ကျိက ရှင်းပြသည်။
"တစ်နည်းပြောရရင် သူ့ကိုသိနေတဲ့လူတစ်ယောက် ရှိနေသရွေ့ သူမသေနိုင်ဘူး။ တစ်ယောက်ယောက်က မထင်မှတ်ဘဲ ဘွဲ့နာမည်နဲ့မသေမျိုးနာမည်ကို ခေါ်မိရင်လည်း သူပြန်ရှင်သန်နိုင်တယ်"
အင်ပါယာရှား မျက်လုံးပြူးသွားသည်။ လောကစည်းမျဉ်းများကို ပြောင်းလဲနိုင်သည့် အရိယဖလ၏ စွမ်းအားကြီးသည့် ယုတ္တိလွန်သဘာဝကို နားလည်လာသည်။
"ဒီထာဝရအရိယလေပုံပွားကိုလည်း နောက်လိုက်တွေရဲ့ ယုံကြည်မှုနဲ့ ဖန်တီးထားတာပါ။ ဒါပေမယ့် ပြည့်စုံတဲ့အရိယဖလလောက်တော့ အာနိသင်မရှိဘူး။ လုံလောက်တဲ့အချိန်ရရင် သူလည်း ပြည့်စုံလာနိုင်တယ်"
ထောင်ချုပ်ဂိုဏ်းသခင် မျက်မှောင်ကျုံသွားသည်။
"ဒါဆို တစ်ခြားနတ်ဆိုးဂိုဏ်းသုံးဂိုဏ်းဖြစ်တဲ့ နေမင်းဂိုဏ်း၊ ကိုးငရဲဂိုဏ်းနဲ့ နှလုံးမဲ့ဂိုဏ်းတွေမှာလည်း ဒီလိုအရိယဖလပုံပွားတွေ ရှိနေနိုင်တဲ့သဘောလား"
နေမင်းဂိုဏ်းသည် နေကို အထွတ်အမြတ်ကိုးကွယ်သည်။ အရာအားလုံး၏ အစနှင့်အဆုံး၊ အရာအားလုံးကို ဖန်တီးနိုင်ဖျက်ဆီးနိုင်သည့် အဓိပဓိဖြစ်တည်မှုဟု ယုံကြည်ကြသည်။ လောကတွင် နေရာတိုင်းရှိနေသည့် ဝိညာဉ်စွမ်းအင်များသည်ပင် နေမှထွက်လာသည်ဟု ယုံကြည်ကြသည်။
ကိုးငရဲဂိုဏ်းက သေပြီးနောက်တွင် ဝိညာဉ်များ ငရဲကိုးထပ်ဟု ခေါ်သည့်နေရာသို့ ရောက်သွားပြီး အပြစ်များကို သန့်စင်၍ လောကထဲသို့ တဖန်ပြန်လည်ဝင်စားသည်ဟု ယုံကြည်သည်။
နှလုံးမဲ့ဂိုဏ်းက ထူးခြားသည်။ ဂိုဏ်းဝင်များက လူသားများဖြစ်သော်လည်း ကျင့်ကြံသူလော၏ အဓိကအဖွဲ့အစည်းများက သူတို့ကို 'နတ်ဆိုးများ'ဟု ခေါ်ကြသည်။ လူသားမျိုးနွယ်ဝင်ဟု မသတ်မှတ်ကြ။
ခံစားချက်ဆိုသည်မှာ သက်ရှိတို့၏စွမ်းရည်ကို ထိန်းချုပ်ရန် ကောင်းကင်က ပြစ်ဒဏ်ချထားသည့် နှောင်ကြိုးများဟု ယုံကြည်ကြသည်။ ထိုနှောင်ကြိုးများမှ လွတ်မြောက်ပြီး သူတို့စွမ်းရည်ကို အပြည့်အဝအသုံးချနိုင်ရန် စိတ်နှစ်ထားသည်။
ထိုနှောင်ကြိုးများမှ လွတ်မြောက်ပြီးသည့် နှလုံးမဲ့ဂိုဏ်းသားများသည် သူတို့လိုချင်သည့်အရာရဖို့ ကမ်းကုန်အောင်ရက်စက်ကြသည်။
ဖမ်းမိခဲ့သည့် နှလုံးမဲ့ဂိုဏ်းဝင်တစ်ယောက်၏စကားအရ ခံစားချက်နှောင်ကြိုးများမှ လွတ်မြောက်သွားချိန်တွင် ပိုပေါ့ပါးလာပြီး လောကတစ်ခုလုံး ပို၍အဖိုးတန်လာသလိူ ခံစားရသည်ဟု ဆိုသည်။
ဆွေမျိုးများ၊ မိတ်ဆွေများ၊ ချစ်သူများ...။ ထိုအရာများသည် သူ့ကျင့်စဉ်လမ်းကို နောက်ထပ်မချုပ်ချယ်နိုင်တော့ဘဲ သူ့ကျင့်ကြံမှုအတွက် အထောက်အပံ့အဖြစ် အသုံးချနိုင်လာသည်ဟု ပြောသည်။
"ကျန်နေတဲ့ နတ်ဆိုးဂိုဏ်းသုံးဂိုဏ်းမှာ အရိယဖလပုံပွားတွေရှိနိုင်တယ်ဆိုတာ ကျွန်မရဲ့ခန့်မှန်းချက်သက်သက်ပါ။ တကယ်ရှိချင်မှလည်းရှိမယ်"
သူ့ခန့်မှန်းချက် တကယ်မှန်မည်ဟု ယွမ်ကျိ အာမမခံနိုင်။ ဥပမာ ထာရဂိုဏ်း၏ဖြစ်တည်မှုနှင့်ပတ်သက်၍ ကောင်းကင်ပဟေဠိဂိုဏ်းမှ တာအိုရှင်ထောင်ယန်နှင့် ဆွေးနွေးဖူးသည်။ ထောင်ယန်၏သုံးသပ်ချက်က သူ့ခန်မှန်းချက်ထက် အမှန်တရားနှင့်ပိုနီးစပ်သည်။
"ဘယ်လိုပဲပြောပြေ၊ ထာဝရဂိုဏ်းကို ရှင်းလိုက်လို့ ဒီကိစ္စကို အချိန်မီသိရတာပါ။ တစ်ခြားနတ်ဆိုးဂိုဏ်းသုံးဂိုဏ်းအပေါ် ကျုပ်တို့ အမြင်သစ်တွေရလာတယ်လေ"
အင်ပါယာရှားက နိဂုံးချုပ်သည်။
ထို့နောက် နတ်ဆိုးဂိုဏ်းများကို တိုက်ဖျက်ဖို့ နည်းဗျူဟာအစီအစဉ်များကို သူတင်ပြသည်။ မသေမျိုးငါးဂိုဏ်းခေါင်းဆောင်များကလည်း ခေါင်းငြိမ့်လက်ခံသည်။
ထိုအပိုင်းတွင် အင်ပါယာရှားက ပိုကျွမ်းကျင်သည်။
ဆွေးနွေးပွဲအဆုံးမသတ်မီ ယွမ်ကျိက တစ်ခုတောင်းဆိုသည်။
"မင်းကြီး၊ ထာဝရဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်းချုပ်ကို စစ်ဆေးမေးမြန်းပြီးလို့ သတင်းအားလုံးရပြီးရင် ဒီနှစ်ယောက်ကို တာအိုလမ်းစဉ်ဂိုဏ်းဆီ လက်လွှဲပေးနိုင်မလား"
အင်ပါယာရှား ခဏမင်သက်မိသွားသည်။ ထို့နောက် ခေါင်းငြိမ့်သည်။ တကယ်တမ်းပြောရလျှင် ထာဝရဂိုဏ်းတစ်ခုလုံးသည် ယွမ်ကျိအပိုင်ဖြစ်သည်။ သို့သော် သူမတောင်းခဲ့။ မဟာရှားနိုင်ငံကို ပေးခဲ့သည်။ သူဆန္ဒရှိလျှင် တောင်းခံနိုင်သည်သာဖြစ်သည်။
"တာအိုရှင်ယွမ်၊ ကျုပ်မေးချင်တာတစ်ခုရှိတယ်။ ဒီနှစ်ယောက်ကို ဘာလို့လိုချင်တာလဲ"
"ကျွန်မတို့ဂိုဏ်းမှာ သားသတ်ရုံမရှိသေးလို့ပါ"
"ဟမ်.."
**********************************