← Chapters

မြေတိုက်အကျဉ်းထောင်

Vol. 14 Ch. 206

မြေတိုက်အကျဉ်းထောင်

Vol. 14 Ch. 206

မသေမျိုးငါးဂိုဏ်းခေါင်းဆောင်များကို နှုတ်ဆက်ပို့ဆောင်ပြီးနောက် ရှားဘိုးဘေး၏ခေါ်သံကို အင်ပါရာရှား ကြားရသည်။ အရေးကြီးကိစ္စဆွေးနွေးစရာရှိ၍ တာမြစ်နယ်မြေသို့ ချက်ချင်းလာရန် သူ့ကိုညွှန်ကြားသည်။

တားမြစ်နယ်မြေသို့ရောက်ပြီးနောက် အင်ပါယာရှား ဘိုးဘေးကို အရိုအသေပေးသည်။

"ဘာကိစ္စရှိလို့လဲ ဘိုးဘေး"

အတော်ကြာအောင်စောင့်နေသော်လည်း ဘိုးဘေးထံမှ တုံ့ပြန်သံမကြားရ။ ထို့ကြောင့် သတိထား၍ ခေါင်းမော့ကြည့်လိုက်သည်။

ဘိုးဘေးမျက်နှာတွင် အပြုံးတုတစ်ခုပေါ်နေသည်ကို မြင်လိုက်ရသဖြင့် သူအလိုလိုခြေလှမ်းဆုတ်မိသည်။

"ခုနက ငါ့ကိုသင်ခန်းစာပေးဖို့ ယွမ်ကျိကို မင်းတိုက်တွန်းနေတာ ငါကြားလိုက်သလားလို့"

အင်ပါယာရှား ထိတ်လန့်သွားသည်။ နန်းတော်ကို မသေမျိုးမှော်စက်ဝန်းဖြင့် လွှမ်းခြုံထားသည်။ သူနှင့်ယွမ်ကျိ နှစ်ယောက်သာ ရှိခဲ့သည်။ ဘိုးဘေးက ဘယ်လိုသိသွားသနည်း။

"အဓိပ္ပါယ်မရှိတာတွေ တွေးမနေနဲ့။ ဒီမှော်စက်ဝန်းကို ငါကိုယ်တိုင်တည်ဆောက်ထားတာ။ ငါကြားချင်တာရှိရင် နားထောင်နိုင်တာပေါ့။

ကောင်လေး၊ မင်းငယ်ငယ်က ငါမင်းကိုရိုက်ခဲ့တာ မလုံလောက်သေးဘူးထင်တယ်"

ဘိုးဘေးက ကြီးမားသည့် သူ့လက်ကိုဆန့်ထုတ်၍ အင်ပါယာရှားကို တားမြစ်နယ်မြေထဲသို့ ဒရွတ်တိုက်ဆွဲသွားသည်။

"ဘိုး..ဘိုးဘေး။ ကျုပ်ကို သနားပါဦး။ ဘိုးဘေးမျက်စိအောက်မှာ ကျုပ်ကြီးလာတာပါ။ ကျုပ်ကိုရိုက်ရင် ဘိုးဘေးလည်း စိတ်ထိခိုက်ရမှာ"

"မပူပါနဲ့။ ငါ့စိတ်က သံမဏိလိုမာကျောပါတယ်"

မကြာမီ တားမြစ်နယ်မြေမှ မချိတင်ကဲအော်ဟစ်သံများ ပဲ့တင်ထပ်၍ပေါ်လာသည်။

တားမြစ်နယ်မြေတွင် မသေနိုင်သည့် သတ္တဝါဆိုးကြီးတစ်ကောင်ကို ချုပ်နှောင်ထားသည်ဟု နန်းတော်ထဲတွင် ကောလဟာလ‌ပြောနေကြသည်မှာ မဆန်းတော့။ စိတ်မသက်သာစရာအော်သံများ မကြာခဏထွက်ပေါ်လာသည်။ မှော်စက်ဝန်းဖြင့် ထိန်းချုပ်ထား၍သာ အသံသိပ်မထွက်ခြင်းဖြစ်သည်။

သို့သော် တစ်ချို့ကုန်းကုန်းများနှင့် အစေခံများက ထိုအော်သံများသည့် အင်ပါယာရှား၏အော်သံဟု ခန့်မှန်းကြသည်။ သို့သော် ထိုခန့်မှန်းချက်မျိုးက ဘုရင်ကို မရိုသေရာကျသဖြင့် အပြင်သို့ သတင်းလုံးဝမဖြန့်ကြ။

သတင်းပြန့်လျှင် လူအများက ကောလဟာလဟုသာ ထင်ကြလိမ့်မည်။

........

"အလိုလု၊ ကျင့်စဉ်ပညာအသစ်တစ်ခု မသင်ချင်ဘူးလား။ အကိုကျိဟုန်ဝမ်က သင်ပေးမယ်တဲ့"

လုယန် အဖြူရောင်ဝတ်စုံဖြင့် ဓားရေးလေ့ကျင့်နေချိန်တွင် အရိုးရိုင်း ရောက်လာသည်။ မုန်ကျင်းကျိုးလည်း ပါလာသည်။

"ငါ့ကိုလည်း အရိုးရိုင်းလာခေါ်တာကွ။ နောက်ထပ်ပညာတစ်ခု သင်ခွင့်ရတာပေါ့"

မုန်ကျင်းကျိုးက ပြုံး၍ပြောသည်။

"အကိုကျိဟုန်ဝယ်က ဘာလို့ငါတို့ကို သင်ပေးတာလဲ"

လုယန် စဉ်းစားသည်။

ကျိဟုန်ဝမ်သည် စတုတ္ထအကြီးအကဲ၏ ခေါင်းဆောင်တပည့်ဖြစ်သည်။ စာပေကျင့်ကြံသူဖြစ်ပြီး ပန်းချီပညာကျွမ်းကျင်သည်။ ကျင့်စဉ်အဆင့်က တိုင်ပုဖန်နှင့် တန်းတူဖြစ်သည်။

"ဪ...ဒါက ဒီလိုပါ။ စာပေသမားတွေတိုက်ခိုက်တာက ပိုပြီးနူးညံ့သင့်တယ်ထင်လို့လေ။ ကျုပ်တိုက်ခိုက်သလို သံတူကြီးကိုင်ပြီး တိုက်ခိုက်တာက စာပေကျင့်ကြံသူတစ်ယောက်အတွက် မသင့်တော်ဘူး။ ဒါကြောင့် သိမ်မွေ့နူးညံ့တဲ့ ပညာတစ်ခု သင်ချင်တာပါ"

လုယန် အရိုးရိုင်းကို တအံ့တဩကြည့်သည်။ အတော်ထူးခြားသည့်ကောင်ဟု တွေးနေသည်။

အရိုင်းမျိုးနွယ်အပေါ်ထားခဲ့သည့် ထာဝရနတ်မယ်၏ကျိန်စာကို အရိုးရိုင်း ချိုးဖျက်တော့မည်ထင်သည်။ ဝမ်းသာစရာပင်ဖြစ်သည်။

(**အရိုးမျိုးနွယ်သွေးဆက်သည် ထာဝရနတ်မယ်ထောက်ပံ့ပေးခဲ့သည့် ကြမ်းတမ်းသည့်စစ်သည်တော်မျိုးနွယ်ဖြစ်သည်)

"ပြီးတော့ ကျုပ်ရဲ့သံတူကို လီဟောရန်က အဆင့်မြှင့်ပေးနေတယ်။ ဒီတော့ လောလောတယ် တူပညာ လေ့ကျင့်လို့မရသေးဘူး။ ဒါကြောင့် တစ်ခြားလေ့ကျင့်စရာနည်းလမ်းတစ်ခုရှာရင် ကောင်းမယ်လို့ တွေးမိလို့ပါ။ အကိုကျိဆီကို စာပေကျင့်စဉ်ပညာတစ်ခုနှစ်ခုလောက် သင်ပေးနိုင်မလားလို့ သွားမေးတယ်။ သူက သင်ပေးမယ်တဲ့။ အကိုလုနဲ့အကိုမုန်ကို ခေါ်လာလို့ရောရမလားလို့ ကျုပ်ပြန်မေးတယ်။ သူက ရတယ်တဲ့။ ဒါကြောင့် လာခေါ်တာပါ"

လုယန်ခေါင်းငြိမ့်သည်။

"မင်းကအတော်သဘောကောင်းတာပဲ"

အရိုးရိုင်းက ချက်ချင်းပြန်ပြောသည်။

"ဒါကဘာမှမဟုတ်ပါဘူး အကိုလု။ အကိုလုနဲ့အကိုမုန်တို့နောက်ကိုလိုက်တုန်းက ကျုပ်အများကြီးသင်ယူခဲ့ရတာပဲ။ အခုကိစ္စက ကူညီတယ်လို့တောင် ပြေလို့မရပါဘူး။ ကျုပ်ကိုသင်ရင်း အကိုတို့နှစ်ယောက်ကိုလည်း သင်ပေးဖို့ အကိုကျိကို တောင်းဆိုခဲ့တာပါ"

မုန်ကျင်းကျိုး အရိုးရိုင်းပုခုံးကို ပုတ်လိုက်သည်။

"ဒါက အခြေအနေကြည့်လှုပ်ရှားတယ်လို့ ခေါ်တယ်ကွ"

"အကိုမုန်က တကယ်ဗဟုသုတကြွယ်တာပဲ"

မုန်ကျင်းကျိုး - "..."

ဝါးတောအုပ်သို့ သူတို့ရောက်လာသည်။ ကျိဟုန်ဝမ်က လေသာဆောင်တွင် ငိုက်မျဉ်းနေသည်။ လုယန်တို့ ဝါးတောထဲခြေချလိုက်သည်နှင့် သူနိုးလာသည်။

လုယန် ခေါင်းခါလိုက်သည်။ အိပ်နိုင်သည့်အရည်အသွေးက ထာဝရနတ်မယ်ကိုမီဖို့ အများကြီးလိုသေးသည်။

ယခုပင် ထာဝရနတ်မယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

"ရောက်လာကြပြီလား"

ကျိဟုန်ဝမ်က ပြုံး၍နှုတ်ဆက်သည်။

"မင်္ဂလာပါ အကိုကျိ"

သုံးယောက်လုံး လက်ဆုပ်အရိုသေပြု၍ ပြိုင်တူပြောသည်။

ကျိဟုန်ဝမ်က လေးနက်သည့်အမူအရာဖြင့်

"ညီလေးအရိုးရိုင်းက စာပေကျင့်စဉ်ပညာတစ်ခု သင်ပေးဖို့ငါ့ကိုလာပြောတယ်။ သင်ပေးတာက အဆင်ပြေပါတယ်။ ဒါပေမယ့် စာပေကျင့်စဉ်ပညာတွေက သင်ယူဖို့ခက်တယ်ကွ။ မင်းတို့သုံးယောက်က ပါရမီရှင်တွေပါ။ ဒါပေမယ့် မသင်နိုင်လည်း မင်းတို့စိတ်ဓာတ်မကျနဲ့"

အရိုးရိုင်းက လုယန်အပေါ် ယုံကြည်မှုအပြည့်ရှိသည်။

"အလိုလုရဲ့ ကျင့်စဉ်ပါရမီက ကျုပ်ထက်သာပါတယ်။ သူသေချာပေါက် သင်နိုင်မှာပါ"

ကျိဟုန်ဝမ် ခေါင်းခါ၍ ရယ်နေသည်။ အရိုးရိုင်းစကားက ချဲ့ကားလွန်းသည်ဟု ယူဆသည်။

အမယွမ်မှလွဲလျှင် ပညာတစ်ခုကို စသင်သင်ချင်းတတ်ပါမည်ဟု ဘယ်သူအာမခံနိုင်သနည်း။

"ငါမင်းတို့ကို 'မြေပြင်ထောင်ဆွဲ'ပညာ သင်ပေးမယ်။ ဒီပညာက ရန်သူကို ချုပ်နှောင်ဖို့ မြေပေါ်မှာ စက်ဝိုင်းတစ်ခုဆွဲရတယ်။ မြန်ဆန်ပြင်းထန်တဲ့ တိုက်ခိုက်နည်းတွေနဲ့ ပေါင်းစပ်လိုက်ရင် မင်းတို့ရန်သူ ထွက်မပြေးနိုင်တော့ဘူး။ မင်းတို့တိုက်ခိုက်တာကိုပဲခံရတော့မှာ"

သုံးယောက်လုံး မျက်လုံးအရောင်လက်လာသည်။ အလွန်နာမည်ကျော်သည့် ထိုပညာမျိုးကို သင်ရမည်ဟု ထင်မထား။ စက်ဝိုင်းတစ်ခုဆွဲရုံဖြင့် ရန်သူကို ထိန်းချုပ်နိုင်သည့်ပညာသည် ထိပ်တန်းမသေမျိုးပညာဖြစ်သည်။ သိမ်မွေ့နူးညံ့သည်။

"ငါလက်တွေသရုပ်ပြမယ်"

ကျိဟုန်ဝမ် လက်ညှိုးကိုဆန့်ထုတ်၍ စုတ်တံအဖြစ်သုံးပြီး လုယန်တို့သုံးယောက်ပတ်လည်တွင် စက်ဝိုင်းတစ်ခု ပေါ့ပါးလျှင်မြန်စွာ ဆွဲလိုက်သည်။ မမြင်နိုင်သည့် အတားအဆီးတစ်ခုဖြင့် ထိန်းချုပ်ခံထားရကြောင်း သူတို့နားလည်လာသည်။ လုံးဝထွက်မရ။

အရိုးရိုင်းနှင့် မုန်ကျင်းကျိုးတို့က အကြမ်းနည်းသုံး၍ အတားအဆီးဖျက်ရန် ကြိုးစားသည်။ သို့သော်မရ။

လုယန် မြေအောင်းပညာဖြင့် ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် မြေပြင်က မာကျောနေသည်။ မရ။

"ဟားဟား၊ အဲဒါ မြေပြင်ထောင်ဆွဲပညာပဲ"

ကျိဟုန်ဝမ် စက်ဝိုင်းအစွမ်းကို ရုတ်သိမ်းလိုက်သည်။

"မြေပြင်ထာင်ဆွဲပညာကို ကျွမ်းကျင်ဖို့ ပထမဆုံးအနေနဲ့ စက်ဝိုင်းတစ်ခုကို လက်တန်းဆွဲနိုင်ရမယ်။ ပြီးရင် မှော်မန္တာန်ကို အလွတ်မှတ်ရမယ်"

ကျိဟုန်ဝမ် သူတို့သုံးယောက်ကို စက်ဝိုင်းဆွဲခိုင်းသည်။ သို့သော် သူတို့ဆွဲသည့် စက်ဝိုင်းမျဉ်းများက တွန့်လိမ်ကွေးကောက်နေသည်။ တီကောင်မြေစုံ့ထားသလို ဖြစ်နေသည်။

"မင်းဆွဲတာ မင်းပြန်ကြည့်ဦး။ ဘဲဥပုံပေါက်နေပြီကွ"

မုန်ကျင်းကျိုးက လုယန်ကို လှောင်သည်။

လုယန် မုန်ကျင်းကျိုး၏စက်ဝိုင်းကို တစ်ချက်လှမ်းကြည့်သည်။

"မင်းဟာကပိုဆိုးတယ်။ ဘဲဥချွန်ပုံတောင် ဖြစ်နေပြီ"

ငြင်းခုန်နေကြသဖြင့် စက်ဝိုင်းဆွဲသည့်ကိစ္စမှ အာရုံပြောင်းလာသည်။

'ထပ်လေ့ကျင့်ကြ။ ကျင့်ကြံသူတွေအတွက် ခန္ဓာကိုယ်ကိုထိန်းချုပ်ပြီး ပုံဆွဲရင် မခက်ပါဘူး"

ကျိဟုန်ဝမ် အကြံပေးသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့ ငြင်းခုန်မှုရပ်သွားသည်။

မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်သည်။ ခန္ဓာကိုယ်ကို စိတ်ဖြင့်ကြိုးစားထိန်းချုပ်ပြီးနောက် သိပ်မကြာမီ စက်ဝိုင်းများ လက်တန်းဆွဲနိုင်လာသည်။

"ကဲအခု..မှော်မန္တာန်ကိုသင်ပေးမယ်. သေချာနားထောင် စကားလုံးတွေကိုလည်းမှတ်ရမယ်။ တစ်လုံးချင်းရွတ်ဆိုတဲ့ သံနေသံထားကိုလည်း မှတ်ရမယ်။

'ခွန်အားသည် ဝင်မလာရ။ ငြင်းခုန်မှုကို ရင်မဆိုင်ရ....."

သုံးယောက်လုံး အာရုံစိုက်၍ နားထောင်သည်။ စကားလုံးနှင့်သံနေသံထားကို မှတ်မိအောင်ကြိုးစားသည်။ လေးငါးကြိမ် အထစ်အငေါ့ဖြစ်ပြီးနောက်တွင် အားလုံးကို သူတို့အလွတ်ရသွားသည်။

"နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်က မန္တာန်ကို အပြည့်အဝနားလည်ပြီး ကိုယ်တွင်းစွမ်းအင်လည်ပတ်မှုနဲ့ ပေါင်းစပ်ရမယ်။ ဒါမှ ဒီပညာကို ကောင်းကောင်းအသုံးပြုနိုင်မှာ"

မြေပြင်ထောင်ဆွဲပညာသင်ရာတွင် ဇွဲကောင်းဖို့လိုကြောင်း ကျိဟုန်ဝမ်က သတိပေးသည်။

အရိုးရိုင်း မန္တာန်ကို အသံတိတ်ရွတ်ဆို၍ မှော်သွင်းရန်ကြိုးစားသည်။ သူ့ဘေးပတ်လည်တွင် စက်ဝိုင်းများ ထပ်ကာထပ်ကာဆွဲသည်။ သို့သော် မအောင်မြင်။

မုန်ကျင်းကျိုးက နည်းနည်းပိုအဆင်ပြေသည်။ နားလည်မှုစွမ်းရည် ပိုကောင်း၍ဖြစ်မည်။ အကြိမ်ကြိမ်ကြိုးစားပြီးနောက် သူ့စက်ဝိုင်းများဖြင့် မမြင်နိုင်သည့် လှောင်အိမ်များ တည်ဆောက်နိုင်လာသည်။ သို့သော် လက်တွေ့တိုက်ပွဲတွင် အသုံးချနိုင်လောက်အောင် အမြန်နှုန်းမမြင့်သေး။

"စိတ်ရှည်ပါ။ ငါဒီပညာကို ရွှေသန္ဓေအဆင့်မှာ လေ့လာတော့ ငါးရက်ကြာမှ တတ်ခဲ့တာ"

စိတ်ဓာတ်ကျမည်စိုး၍ နှစ်ရက်အတွင်းတတ်ခဲ့သည်ဟု ကျိဟုန်ဝမ်မပြော။

"လုယန်ကရောဘယ်လိုလဲ"

လုယန် မျက်စိမှိတ်၍ မန္တာန်ကို စိတ်ထဲမှ ထပ်တလဲလဲရွတ်ဆိုနေသည်။ သူ့ကိုယ်သူ ထိုပညာကိုဖန်တီးသူအဖြစ် စိတ်သွင်း၍ ဖန်တီးသူ၏ရည်ရွယ်ချက်ကို စဉ်းစားနေသည်။

သူမျက်စိပွင့်လာသည်။ မျက်လုံးများက အရောင်တောက်နေသည်။

"နားလည်သွားပြီ"

ယုံကြည်ချက်အပြည့်ဖြင့် သူပြောသည်။ ထိုပညာကို နှစ်ငါးဆယ်လောက်လေ့ကျင့်ခဲ့သည့် ပညာရှင်တစ်ယောက်၏ တည်ငြိမ်မှုမျိုးရှိနေသည်။ စက်ဝိုင်းထဲသို့ ရန်သူကို သက်တောင့်သက်သာ အနိုင်ယူ‌တော့မည့် ဟန်ပန်မျိုးဖြစ်သည်။

သူ့စကားသံကြောင့် မုန်ကျင်းကျိုးနှင့်အရိုးရိုင်းတို့ လေ့ကျင့်မှုရပ်ပြီး လှည့်ကြည့်လာသည်။

ပထမဆုံးနေ့မှာပင် လုယန်အောင်မြင်တော့မည်ထင်သည်။

လုယန်၏ ပါရမီထူးကြောင်း ယုံကြည်ထားသည့် အရိုးရိုင်းပင် လုယန်ချက်ချင်းတတ်သွားသည်ကို မယုံနိုင်အောင်ဖြစ်နေသည်။

အနည်းဆုံး လေးငါးကြိမ်တော့ လေ့ကျင့်ရမည်ဟု ထင်ထားသည်။

ကျိဟုန်ဝမ်ကို အတုယူ၍ လုယန် လက်ညှိုးကိုဆန့်ထုတ်ပြီး သူ့ဘေးပတ်လည်တွင် လှပသည့်စက်ဝိုင်းတစ်ခုဆွဲသည်။

"မြေပြင်ထောင်ဆွဲ"

ရုတ်တရက် ပတ်ဝန်းကျင်အခြေအနေပြောင်းသွားသည်ကို လုယန်သတိထားမိလိုက်သည်။

မှောင်မဲတိတ်ဆိတ်နေသည်။ မြေဒေါက်တိုင်များ ဘေးပတ်လည်တွင် ရှိနေသည်။ လေးလံသည့်မြေသားထုက သူ့ဦးခေါင်းပေါ်တွင် ရှိနေသည်။

မြေတိုက်ခန်းတစ်ခုထဲတွင် သူရောက်နေသည်။

(**မြေပြင်ထောင်ဆွဲပညာသည် မြေပြင်ပေါ်တွင် ပိတ်လှောင်သည့်အကျဉ်းထောင်မျိုးဖြစ်သည်။ မြေအောက်တွင် ပိတ်လှောင်သည့်အခန်းမျိုးသည် မြေတိုက်အကျဉ်းထောင်ဖြစ်သည်)

**************************

All Chapters