မှားသည့်နေရာ
Vol. 14 Ch. 207
ပြန်ထွက်ရမည့်နည်းလမ်းကို လုယန်စဉ်းစားနေစဉ် ထာဝရနတ်မယ် အိပ်ယာနိုးလာသည်။
လုယန် မြေတိုက်ခန်းထဲ ပိတ်လှောင်ခံထားရသည်ကိုမြင်သဖြင့် သွားဖြဲရယ်သည်။
"လုယန်၊ နင်မကောင်းတာတစ်ခုခုလုပ်မိလို့ အပြစ်ပေးခံထားရတာလား"
"...နတ်မယ်၊ တစ်ခါတစ်လေလောက် ကောင်းတဲ့ဆုမျိုးလေး တောင်းမပေးနိုင်ဘူးလား"
"ဒါဆိုကောင်းပြီလေ၊ နင့်ပြစ်ဒဏ်သတ်မှတ်ကာလ လျော့ပါစေလို့ ငါဆုတောင်းပါတယ်"
လုယန် ပင့်သက်တစ်ချက်ရှိုက်၍ စိတ်ပျက်လက်ပျက် ရှင်းပြလိုက်သည်။
"ကျုပ်အခု မှော်ပညာတစ်ခု လေ့ကျင့်နေတာ။ နည်းနည်းလွဲချော်မှုလေး ဖြစ်သွားလို့ပါ"
"ဘယ်လိုပညာမျိုးလေ့ကျင့်နေတာလဲ"
မြေတိုက်ခန်းထဲ ပို့နိုင်သည့်ပညာကို နတ်မယ်စိတ်ဝင်စားသွားသည်။
"မြေပြင်ထောင်ဆွဲပညာပါ"
"နားလည်ပါပြီ"
ထိုစဉ် ကြီးမားသည့်လက်တစ်ဘက်ပေါ်လာပြီး လုယန်ကို မြေထဲမှ ဆွဲထုတ်သည်။ ကျိဟုန်ဝမ်ဖြစ်သည်။
ခုနက လုယန် မြေထဲအောင်းသွားပြီး သူ့ဘာသာ မြေတိုက်ခန်းတစ်ခု တည်ဆောက်သည်ကို ကျိဟုန်ဝမ် စောင့်ကြည့်နေခဲ့သည်။
သူစဉ်းစားရကြပ်သွားသည်။ သူသင်ပေးသည့်မှော်ပညာသည် လုယန်သင်ယူနေသည့်ပညာနှင့် လုံးဝမတူ။
နာမည်သာတူသည်။
ထိုအဖြစ်ကပင် ပို၍တွေးရခက်နေသည်။
ကျိဟုန်ဝမ်၏ စိတ်ပျက်သည့် အကြည့်ကြောင့် လုယန် အရိုးခံမျက်နှာနှင့် မျက်တောင်တဖျတ်ဖျတ်ခတ်နေသည်။
"အကိုကျိ၊ ကျုပ်ရဲ့ မြေပြင်ထောင်ဆွဲပညာကို ပြုပြင်ပေးလို့ရနိုင်လား"
ကျိဟုန်ဝမ် ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းငြိမ့်သည်။
"သင်ကြားတဲ့အခါ ခွဲခြားမဆက်ဆံရဘူးလို့ သူတော်စင်ကဆုံးမခဲ့တယ်။ နည်းလမ်းသာမှန်ရင် သင်မရတဲ့ကျောင်းသားမရှိဘူးတဲ့။ ငါမင်းကို သင်ပေးနိုင်မှာသေချာပါတယ်"
လုယန် ဝမ်းသာလုံးဆို့သွားသည်။ ဤအကိုကျိသည် တကယ်အားကိုးထိုက်သည်။
"နောက်တစ်ခါ ပြန်လုပ်ပါဦး။ ဒီတစ်ခါ ငါ့ဘေးပတ်လည်မှာ စက်ဝိုင်းဆွဲပါ။ ဘယ်နေရာမှားနေလဲ ငါကြည့်ချင်တယ်"
"ဟုတ်ကဲ့"
အစောပိုင်းက မှော်ပညာအသက်သွင်းသည့်ဖြစ်စဉ်ကို ပြန်စဉ်းစားရင်း ကျိဟုန်ဝမ်ပတ်လည်တွင် လုယန် စက်ဝိုင်းဆွဲလိုက်သည်။
စက်ဝိုင်းက အချိုးအစားကျ၍ ပြည့်စုံသည်။
ထို့နောက်တွင် ကျိဟုန်ဝမ် အလေးချိန်တစ်ခု သူ့အပေါ်ကျလာသလို ခံစားလိုက်ရသည်။ မြေတိုက်ခန်းထဲတွင် သူပိတ်မိသွားသည်။
"..."
သူမျက်တောင်တဖျတ်ဖျတ်ခတ်နေသည်။ ဘာဖြစ်သွားသည်ကို နားမလည်။
နတ်ဝိညာဉ်အဆင့်ဖြစ်၍ သူသာခုခံလိုလျှင် လုယန်သူ့ကို အကျဉ်းချနိုင်မည်မဟုတ်။ သို့သော် ထိုသို့လုပ်ခြင်းလျှင် လုယန်မှားနေသည့်နေရာကို သိနိုင်မည်မဟုတ်။
သူသည် မကြာခဏဆိုသလို စတုတ္ထအကြီးအကဲကိုယ်စား သင်ပြပေးရသည်။ ဆရာတစ်ပိုင်းဖြစ်သည်။
ဆရာတစ်ယောက်သည် သူ့ကျောင်းသားများကို သင်ကြားပေးဖို့ တာဝန်ရှိသည်။
ကျောင်းသားများကို သင်မပေးမီ ကိုယ်တိုင်နားလည်ထားဖို့လိုသည်။
မြေဒေါက်တိုင်များကို လက်ဖြင့်ခေါက်ကြည့်သည်။ မြေတိုက်ခန်းက အခြေတည်အလတ်တန်းဆင့်တစ်ယောက်ကို ထိန်းချုပ်နိုင်လောက်အောင် ခိုင်ခံသည်။ တိုက်ခိုက်ရာတွင် သုံးနိုင်လောက်သည်။
သို့သော် လုယန်ဘယ်လို တစ်လွဲတတ်သွားမှန်း သူနားမလည်သေး။
မြေတိုက်ခန်းထဲမှ သူထွက်လိုက်သည်။
"နောက်တစ်ခါထပ်လုပ်ပါ"
လုယန် နောက်တစ်ကြိမ် စက်ဝိုင်းဆွဲပေးသည်။ ကျိဟုန်ဝမ် မြေတိုက်ထဲ ပြန်ရောက်သွားသည်။
မြေကြွက်တစ်ကောင်လို ထွက်လိုက်ဝင်လိုက်ဖြင့် ဆယ်ကြိမ်ကျော် စမ်းကြည့်သည်။ လုယန် နောက်တစ်ကြိမ်စက်ဝိုင်းဆွဲရန် ပြင်နေချိန်တွင် သူတားလိုက်သည်။
"ဘယ်နေရာမှားနေလဲဆိုတာ ငါသိပြီ"
ကျိဟုန်ဝမ် ခေါင်းတစ်ချက်ငြိမ့်၍ ပြောသည်။ သူ့အကြည့်က လေးနက်သည်။
လုယန်ပျော်သွားသည်။
"ငါမင်းကိုသင်ပေးခဲ့တာကိုက မှားတာပါ"
"ဟမ်"
ကျိဟုန်ဝမ် ကျိတ်၍သက်ပြင်းချသည်။ သူတော်စင်အဆိုအမိန့်ကို မလိုက်နာလို၍မဟုတ်။ သူ့အသိအမြင်သည် အကန့်အသတ်ရှိသည်။ ယခုကိစ္စကို သူအဖြေမရှာနိုင်။
သူတော်စင်သည်ပင် လုယန်ကို သင်ပေးနိုင်ပါ့မလားဟု သူသံသယဖြစ်မိသည်။
"အရိုးရိုင်း၊ မုန်ကျင်းကျိုး..မင်းတို့ ဝီရိယစိုက်ပြီးလေ့ကျင့်ဖို့ မမေ့ကြနဲ့"
"ဟုတ်ကဲ့"
အတော်ကြာအောင် လေ့ကျင့်ပြီးနောက် မုန်ကျင်းကျိုး မြေပြင်ထောင်ဆွဲပညာကို တဖြေးဖြေးကျွမ်းကျင်လာသည်။ တိုးတက်မှုနှုန်း သိသိသာသာမြင့်လာသည်။ အရိုးရိုင်းကတော့ ဘယ်သူ့ကိုမှ ပိတ်မလှောင်နိုင်သေးပဲ စက်ဝိုင်းဆွဲနေဆဲဖြစ်သည်။
ကျိဟုန်ဝမ် ညင်သာစွာလျှောက်လှမ်း၍ ထွက်သွားသည်။ စက်ဝိုင်းဆွဲနေသည့်သုံးယောက်ကို ချန်ထားခဲ့သည်။
"မင်းတော့ ဇာတ်လမ်းဆုံးပြီ ဟေ့ကောင်။ အကိုကျိက မင်းကိုလက်လျှော့လိုက်ပြီကွ"
မုန်ကျင်းကျိုး လုယန်ကို ဝမ်းသားအားရလှောင်ပြောင်နေသည်။
"မြေတိုက်ခန်းစွမ်းအား"
ဒေါသလည်းထွက် ရှက်လည်းရှက်သဖြင့် မုန်ကျင်းကျိုးပတ်လည်တွင် လုယန် စက်ဝိုင်းတစ်ခု အမြန်ဆွဲ၍ မြေတိုက်ခန်းသို့ ပို့လိုက်သည်။
မုန်ကျင်းကျိုးက ခွန်အားဖြင့်ချိုးဖျက်၍ ထွက်လာသည်။ လုယန်ပတ်လည်တွင် စက်ဝိုင်းဆွဲ၍ ပိတ်လှောင်လိုက်သည်။
"မြေတိုက်ခန်းစွမ်းအား"
"မြေပြင်ထောင်ဆွဲ"
"မြေတိုက်ခန်းစွမ်းအား"
"မြေပြင်ထောင်ဆွဲ"
"ခံလိုက်စမ်းကွာ"
"ဒါကိုစမ်းကြည့်လိုက်"
နှစ်ယောက်သား အသစ်လေ့လာထားသည့်မှော်ပညာဖြင့် တိုက်ခိုက်ကြသည်။ သူတို့စွမ်းရည် သိသိသာသာတိုးတက်လာသည်။
သူတို့အနီးမှ အရိုးရိုင်းသာ အာရုံမထွေပြားဘဲ စိတ်နှစ်ကိုယ်နှစ် စက်ဝိုင်းဆက်ဆွဲနေသည်။
သူတို့နှစ်ယောက် ခြေကုန်လက်ပမ်းကျသည်အထိ တိုက်ခိုက်ကြသည်။ နောက်ဆုံးတွင် တိုက်ခိုက်ချင်စိတ် ကုန်ခမ်းသွားသည်။
မြေပေါ်တွင်ထိုင်၍ အသက်ကိုမောပန်းစွာရှူနေသည်။ မှော်ပညာများအော်ဟစ်ခဲ့ရသဖြင့် နှစ်ယောက်လုံး အာခြောက်နေသည်။ လက်ကျန်မှော်စွမ်းအားဖြင့် လေထဲမှ ရေငွေ့များကို ရေစက်များဖြစ်လာအောင် စုစည်း၍ အငမ်းမရသောက်ကြသည်။
"အကိုအရိုးရိုင်း၊ ခင်ဗျားကို အခုမှပဲတွေ့တော့တယ်"
လူတစ်ယောက် ဝါးတောထဲ ဝင်လာသည်။
"လီဟော်ရန်"
လုယန် ချက်ချင်းမှတ်မိသည်။
"အကိုလုနဲ့အကိုမုန်တို့လည်း ရှိနေတာကိုး"
လီဟောရန် သူတို့ကို နှုတ်ဆက်သည်။
"အကိုအရိုးရိုင်း၊ အကိုခိုင်းထားတဲ့တူကို အဆင့်မြှင့်ပြီးသွားပြီ"
"ပြစမ်း ပြစမ်း"
အရိုးရိုင်း စိတ်လှုပ်ရှား၍ ကြည့်ချင်စိတ်ပြင်းပြနေသည်။
လီဟော်ရန် ဘာမှထပ်မပြော။ လူတစ်ရပ်စာမြင့်သည့် သံတူကြီးကို ကျောက်စိမ်းတံဆိပ်ထဲမှ ထုတ်ပြသည်။
တူခေါင်းနေရာက အနီရောင်ကျောက်မျက်ရွဲလုံးကြီးနှင့် ဆင်တူသည်။ အတော်လေးလံမည့်ပုံရှိသည်။ နေရောင်အောက်တွင် တောက်ပနေသည်။ လက်ကိုင်ရိုးက ဆွတ်ဆွတ်ဖြူနေသည်။ အရိုးရိုင်း၏ အဖြူရောင်စာပေသမားဝတ်စုံနှင့် လိုက်ဖက်သည်။
"မဆိုးဘူးကွ မဆိုးဘူး"
အရိုးရိုင်း တူကိုကိုင်၍ နှစ်ချက်ဝှေ့ယမ်းလိုက်သည်။ ဝှီးခနဲ ဝှီးခနဲ အသံထွက်လာသည်။ အတော်ကျေနပ်သွားသည်။
တိုက်ပွဲတွင် သူတော်စင်ကျမ်းစာရွတ်ဖတ်ပေးသည့် မှော်စွမ်းအင်ကိုလည်း လီဟော်ရန် ပြန်ထည့်ထားပေးသည်။
လုယန်နှင့်မုန်ကျင်းကျို တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
"ညီလေးလီ၊ ဒီဟာက သံတူရောဟုတ်လို့လား"
"ဟုတ်ပါတယ်"
လီဟော်ရန် ခေါင်းငြိမ့်သည်။
မုန်ကျင်းကျိုးက စိတ်ပျက်လက်ပျက်လေသံဖြင့်
"ဘာတွေဟုတ်နေတာလဲ။ ဒါက တုတ်ထိုးသကြားလုံး အကြီးစားကြီးကွ။ အရိုးရိုင်းက တူခေါင်းကို လျှာနဲ့လျက်နေရုံပဲရှိတယ်"
"အစက တူခေါင်းရဲ့ထိပ်နှစ်ဘက်မှာ ဆူးချွန်နှစ်ခုထည့်ပေးဖို့ အကိုအရိုးရိုင်းက ပြောပါတယ်။ ဒါပေမယ့် အကိုက စာပေသမားဆိုတော့ သံတူကိုသုံးပြီး လူရိုက်တာက မသင့်တော်ဘူးလို့ ကျုပ်အကြံပြုလိုက်တယ်။ လူတွေမြင်ကြတဲ့ စာပေသမားပုံစံနဲ့ ဆန့်ကျင်နေတယ်လေ။
အကိုအရိုးရိုင်းကလည်း တူနဲ့တိုက်ခိုက်ရတာ သဘောကျနေတော့ အဆင်ပြေမည့်နည်းလမ်းတစ်ခု ကျုပ်စဉ်းစားမိတယ်။ တူကို တုတ်ထိုးသကြားလုံးအဖြစ် ပြောင်းဖို့ပေါ့။ အများအမြင်မှာလည်း ပိုပြီးနှစ်လိုဖွယ်ကောင်းတယ်လေ။ တိုက်ခိုက်တဲ့အခါ လက်နက်အဖြစ် သုံးလို့ရတယ်။ အချိန်အားနေတဲ့အခါ စားလို့လည်းရတယ်။ တုတ်ထိုးသကြားလုံးကြီးတစ်ခုကိုင်ပြီး လမ်းပေါ်လျှောက်သွားရင် ကလေးတွေက စိတ်ဝင်စားပြီး ပြေးလာချင်ကြမှာပဲ။ အများကြီး ပိုအကျိုးရှိသွားတာပေါ့"
မှန်သည်။ လူအများနှစ်လိုဖွယ်ဖြစ်မည့် လက်နက်များထဲတွင် ဘယ်လက်နက်မှ တုတ်ထိုးသကြားလုံးကို မမီနိုင်။
လုယန်စိတ်ထဲ တွေးနေသည်။
'ယုံတောင်မယုံနိုင်ဘူးကွာ။ ဒါပေမယ့် လီဟောရန်တွေးတာလည်း နည်းနည်းတော့ အဓိပ္ပါယ်ရှိပါတယ်။...ငါ့စိတ်ကို ထာဝရနတ်မယ်က လွှမ်းမိုးသွားတာများလား'
အရိုးရိုင်းက ထပ်ပြောသည်။
"ပြီးတော့ ညီလေးလီရဲ့ သကြားလုံးက မုန့်ဈေးတန်းကထက် နှစ်ဆယ်ရာနှုန်း ပိုပြီးဈေးသက်သာတယ်"
မုန့်ဈေးတန်းသည် သန့်စင်မှုတစ်ရာတောင်ထိပ်၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်ကို လုယန် ပြန်သတိရလာသည်။ လီဟောရန်က ထိုဈေးတန်းတွင် တုတ်ထိုးသကြားလုံးဆိုင်တစ်ခုဖွင့်ဖို့ ရည်ရွယ်ထားသည်ထင်သည်။ အရိုးရိုင်း၏တူကို နမူနာအဖြစ် စမ်းသပ်ကြည့်ခြင်း ဖြစ်နိုင်သည်။
"ဈေးနှုန်းကို ပြောနေတာမဟုတ်ပါဘူး...။ အင်း..ထားပါတော့လေ။ မင်းကျေနပ်ရင် ပြီးတာပဲ"
လုယန် ရှင်းပြချင်စိတ်မရှိတော့။
"ဟာ.."
လုယန်၏စိတ်အာရုံသို့ အချက်အလက်တစ်ခု ဝင်လာသည်။
"ဘာဖြစ်တာလဲ"
"အမယွမ်ပြန်လာပြီ။ ကောင်းကင်ဂိတ်တောင်ထိပ်ကိုပြန်လာဖို့ ငါ့ကိုခေါ်နေတယ်"
*********************************