← Chapters

ထာဝရဂိုဏ်း၏ မသေမျိုးရတနာများ

Vol. 14 Ch. 208

ထာဝရဂိုဏ်း၏ မသေမျိုးရတနာများ

Vol. 14 Ch. 208

"ပြန်လာပြီလား အမယွမ်"

လုယန် ကောင်းကင်ဂိတ်သို့ ပျော်ရွှင်စွာ ပြန်လာသည်။

ယွမ်ကျိမျက်နှာက ခါတိုင်းလိုပင် အေးစက်စက်။

"ဟုတ်တယ်။ ကိစ္စတစ်ခုဆွေးနွေးစရာရှိလို့ နန်းတော်ကိုသွားတာ။ မင်းအခု အခြေတည်နောက်ဆုံးအဆင့်ကို ရောက်ပြီလို့ ကြားလို့ပါ"

ရုပ်သေးက ပြောပြခြင်းဖြစ်မည်ကို လုဘန် တွေးလိုက်သည်။

ယွမ်ကျိက လုယန်ကို တစ်ချက်စိုက်ကြည့်သည်။ တစ်ကိုယ်လုံးကို ဖောက်ထွင်းကြည့်နေသယောင် ထင်ရသည်။

"အခု အခြေတည်နောက်ဆုံးအဆင့်ကို ရောက်ပြီဆိုတော့ နောက်တစ်ဆင့်က မင်းရဲ့ရွှေသန္ဓေကို ဘယ်လိုတည်ဆောက်မလဲဆိုတာ အစီအစဉ်ချရမယ်။

ရွှေသန္ဓေတည်ဆောက်တဲ့အဆင့်က ကျင့်ကြံသူတစ်ယောက်အတွက် အရေးကြီးတယ်။ လှေပျံလို ပျံသန်းယာဉ်တွေမပေါ်သေးတဲ့ ရှေးခေတ်တုန်းက ရွှေသန္ဓေကြောင့် ကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တဲ့စွမ်းရည်ကို သေမျိုးနဲ့မသေမျိုးကြားမှာ ခြားထားတဲ့စည်းတစ်ခုလို့ ယူဆကြတယ်။ တစ်ချို့က ရွှေသန္ဓေကို မဟာတာအိုလို့တောင် ရည်ညွှန်းတယ်။ ဒီအဆင့်ဘယ်လောက်အရေးပါလဲဆိုတဲ့ သက်သေပဲ။ အဆင့်မြင့်ရွှေသန္ဓေကို တည်ဆောက်နိုင်ရင် နတ်ဝိညာဉ် ချော‌ချောမွေ့မွေ့တည်ဆောက်နိုင်ဖို့ လမ်းခင်းပြီးသွားဖြစ်သွားတယ်။

မင်းရဲ့ဓားဝိညာဉ်မြစ်နဲ့ ထူးခြားတဲ့ပါရမီကြောင့် ထိပ်တန်းရွှေသန္ဓေတစ်ခုတည်ဆောက်ဖို့ကတော့ ခက်မှာမဟုတ်ဘူး။ မင်းစဉ်းစားရမှာက ဘယ်လိုသန္ဓေအမျိုးအစား တည်ဆောက်မလဲဆိုတာပဲ။

ငါတို့ဂိုဏ်းက ဂိုဏ်းတပည့်တွေ တည်ဆောက်ခဲ့တဲ့ ရွှေသန္ဓေအမျိုးမျိုးကို ကျမ်းစာတိုက်မှာ မှတ်တမ်းတင်ထားတယ်။ အသိအမြင်ကျယ်အောင် မင်းသွားဖတ်လို့ရတယ်"

"နားလည်ပါပြီ"

"ပြီးတော့ ဒါလေးယူသွားပါ။ မင်းအတွက် အကူအညိဖြစ်လိမ့်မယ်"

ယွမ်ကျိ ဆေးပုလင်းငယ်တစ်လုံး ထုတ်ပေးသည်။

ရွှေသန္ဓေတည်ဆောက်မှု မအောင်မြင်ခဲ့လျှင် ကျင့်စဉ်အခြေခံမထိခိုက်အောင် ကာကွယ်နိုင်သည့်ဆေးလုံးဖြစ်မည်ဟု လုယန်တွေးနေသည်။ သို့မဟုတ် အဆင့်မြင့်ရွှေသန္ဓေ တည်ဆောက်နိုင်အောင် အားဖြည့်ပေးသည့်ဆေးလုံးလည်း ဖြစ်နိုင်သည်။

အမယွမ်သည် ထိုကဲ့သို့ အဖိုးတန်ပစ္စည်းများကိုပင် ရယူထားနိုင်သည်မှာ မဆန်းလှ။

"ဒါကဘာလဲ"

"မျက်စဉ်းပါ။ မင်းစာဖတ်တာများသွားတဲ့အချိန် သုံးပေါ့"

"..."

"ကျေးဇူးပါ အမယွမ်"

"စီနီယာ၊ ရှင်အပြင်ကို ခဏထွက်လာပေးလို့ရမလား"

ထာဝရနတ်မယ်ကို ယွမ်ကျိ ခေါ်ထုတ်သည်။

"ဘာကိစ္စရှိလို့လဲ'

ထာဝရနတ်မယ် နည်းနည်းလန့်နေသည်။ တစ်ခုခုအမှားလုပ်မိသလားဟု အမြန်ပြန်စဉ်းစားနေသည်။

အခုရက်ပိုင်း သူကောင်းကောင်းနေခဲ့သည်။ လုယန်ကိုလည်း ဒုက္ခမပေးခဲ့။ လုယန်ကျင့်ကြံနေချိန်များတွင် သူအိပ်နေသည်။

ယွမ်ကျိ မသေမျိုးရတနာများစွာ ထုတ်လိုက်သည်။ ပုံစံအမျိုးမျိုးရှိသည်။ မသေမျိုးစွမ်းအင်ရောင် တောက်ပနေသည်။ သာမန်ပစ္စည်းများမဟုတ်မှန်း သိသာသည်။

"ဒါတွေက ထာဝရဂိုဏ်းကနေ သိမ်းယူလာတဲ့ မသေမျိုးရတနာတွေပဲ။ ရှင်လိုချင်တာတစ်ခုခုရှိလား"

ထိုပစ္စည်းများကို မူလပိုင်ရှင်ထံ ပြန်ပေးရန် ယွမ်ကျိ ရည်ရွယ်ထားသည်။

ထာဝရနတ်မယ် တစ်ချက်ကြည့်ပြီး နှုတ်ခမ်းစူသည်။

"မရှိဘူး။ ဘာမှမလိုချင်ပါဘူး"

"စီနီယာ၊ ဒါက ဘာပစ္စည်းလဲ"

ဝါးအပ်တစ်ချောင်းကို ယွမ်ကျိ ကောက်ကိုင်၍မေးသည်။ ထိုရတနာများထဲတွင် ဘယ်လိုအသုံးပြမှန်းမသိသည့် ပစ္စည်းများစွာရှိနေသည်။ သူနှင့်ရှားနန်းတော်မှလူများ အတော်ကြာအောင် လေ့လာခဲ့သော်လည်း မမှန်းဆနိုင်ခဲ့။ ယခု မူလပိုင်ရှင်ကို မေးသင့်သည့်အချိန်ဖြစ်သည်။

ထိုဝါးအပ်က စိတ်ဖြင့်အလွယ်တကူ ထိန်းချုပ်နိုင်သည်။ လျင်မြန်စွာ အသုံးပြုနိင်သည်။ အကာအကွယ်များကို ထိုးဖောက်နိုင်သည်။ လက်နက်ပုန်းဘုရင်ဟု ခေါ်ထိုက်သည်။

"သွားကြားထိုးတံပါ"

"ပြီးတော့ ဒါကရော.."

သံတုတ်ငယ်တစ်ချောင်းကို ယွမ်ကျိကောက်ကိုင်သည်။ ပြင်းထန်သည့်အဆိပ်များ တုတ်ပေါ်တွင်ကပ်နေသည်။ ရှေးကျမ်းစာများတွင်သာ မှတ်တမ်းရှိသည့် ပျောက်ကွယ်နေသည့် အဆိပ်များ၊ ဆေးပညာနယ်တွင် မသိကြသေးသည့်အဆိပ်များ ပါဝင်သည်။

ရှေးဟောင်းမသေမျိုးများ အဆိပ်ဖော်စပ်ရာတွင် ထိုသံတုတ်ငယ်ကို မွှေစရာတုတ်တံအဖြစ် သုံးခဲ့ခြင်းဖြစ်မည်ဟု မဟာရှားနိုင်ငံ ပညာရှင်များက ခန့်မှန်းသည်။ အဆိပ်မျိုးစုံနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ခဲ့သဖြင့် ယခုလိုအခြေအနေ ရောက်နေခြင်းဖြစ်သည်။

"ထမင်းစားတူပါ"

"ဒါကရော..."

ရေကရားတစ်ခု၏အဖုံးကို ယွမ်ကျိဖွင့်လိုက်သည်။ ပြင်းထန်သည့်အနံ့ဆိုးတစ်ခု ဝေ့ဝဲတက်လာသည်။ ရေကရားထဲတွင် အနက်ရောင်အရည်များပြည့်နေသည်။ မကောင်းသည့်ဝိညာဉ်များစွာကို အချဉ်ဖောက်ထားသလို ဖြစ်နေသည်။

"ဟင်..ဒါက ငါအချဉ်ဖောက်ထားတဲ့ ရှာလကာရည်ပဲ။ ဒီလိုပစ္စည်းကောင်းမျိုး ထာဝရဂိုဏ်းမှာ ရှိနေဦးမယ်လို့ ထင်မထားဘူး။ ငါ့ကိုပြန်ပေးလိ့ရမလား"

ယွမ်ကျိခဏစဉ်းစားသည်။ အန္တရာယ်ကင်းစေရန်အတွက် တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည်။

"နင့်က နင့်ကတိကိုမတည်ဘူးပဲ"

ထာဝရနတ်မယ် ခါးထောက်၍ ယွမ်ကျိကို ရန်တွေ့သည်။

ယွမ်ကျိ မကြားချင်ယောင်ဆောင်နေသည်။

"ဒါက ဘာအတွက်သုံးတာလဲ"

အလျားအနံ ပေတစ်ရာကျော်ရှိသည့် အဝတ်စတစ်ခုကို ယွမ်ကျိ လက်ညှိုးထိုးပြသည်။

ထာဝရဂိုဏ်းချုပ်၏စကားအရ ထိုအဝတ်စတွင် လေဟာနယ်စွမ်းအားပါသည်။ ဘယ်အရာကိုမဆို ရစ်ပတ်ဖုံးအုပ်နိုင်သည်။ သက်ရှိလူများကိုပင် ဖုံးအုပ်နိုင်သည်။ လူတစ်ယောက် ထိုအဝတ်စအလယ်တွင် ရပ်နေလျှင် တစ်ဘက်စွန်းကို ခြေလှမ်းအနည်းငယ်သွားရုံဖြင့် ရောက်မည်ဟု ထင်စရာရှိသည်။ သို့‌သော် ဘယ်လောက်စွမ်းအားသုံးသုံး ထိုအဝတ်စပေါ်မှ ထွက်သွားနိုင်မည်မဟုတ်။

"အိပ်ယာခင်းပါ။ ကုတင်နေရာမှာ အစားထိုးသုံးဖို့ ငါသေချာသန့်စင်ထားတာ။ ငါအိပ်တဲ့အခါ အောက်ပြုတ်မကျဘဲ ကြိုက်သလောက်လူးလှိမ့်နိုင်အောင်လို့ပါ။ အခုငါ့မှာ ရုပ်ခန္ဓာမရှိတော့ ဒီပစ္စည်းက ငါ့အတွက်အသုံးမဝင်ဘူး။ နင်သိမ်းထားလို့ရပါတယ်"

"ဒါကရောဘာလဲ"

ခပ်ခုံးခုံး အဝိုင်းပြားတစ်ခုကို လုယန်ထုတ်ပြသည်။

ထိုအဝိုင်းပြားက အလွန်တရာမာကျောခိုင်ခံ့သည်။ ရှေးဟောင်းဒိုင်းကာလိုပစ္စည်းမျိုးဟု ရှားနန်းတော်ပညာရှင်များ ခန့်မှန်းသည်။ မှန်ကန်စွာအသုံးချလျှင် ထိုအဝိုင်းပြားက ရန်သူ့ဦးခေါင်းအထက်တွင် ‌ပေါ်လာပြီး မလှုပ်နိုင်အောင် ထိန်းချုပ်နိုင်လိမ့်မည်ဟု တစ်ချို့က ခန့်မှန်းသည်။

"ငါသီးသန့်ဖန်တီးထားတဲ့ ထမင်းစားပန်းကန်ပါ။ ငါတို့ခေတ်က ပန်းကန်ပြားတွေက သိပ်မကောင်းဘူး။ ခဏခဏ ယိုပေါက်စိမ့်ပေါက်တွေ ပေါ်လာတယ်။ ဒါကြောင့် ငါသုံးမယ်ပန်းကန်းခွက်ယောက်တွေကို အထူးတလည်သန့်စင်ထားတာ"

အတော်များများ မေးမြန်းပြီးချိန်တွင် ထာဝရဂိုဏ်း၏ မသေမျိုးရတနာဟုခေါ်သည့်အရာများသည် ထာဝရနတ်မယ်၏ အိမ်သုံးပစ္စည်းများဖြစ်ကြောင်း လုယန်သိလိုက်ရသည်။

မသေမျိုးတစ်ယောက်၏ ပစ္စည်းများသည် ထူးခြားသည့် ဂုဏ်သတ္တိရှိသည်ဟုသာ ပြောစရာရှိသည်။ ဥပမာ မိုင်ထောင်ချီရှည်လျားသည့် မြစ်ရေများကို ထည့်နိုင်သည့် သစ်သားရေစည်သည် နတ်မယ်၏ရချိုးကန် ဖြစ်သည်။ နတ်မယ်၏ မြက်ဝါခေါင်းအုံးကိုလည်း မဟာအကြီးအကဲက ရတနာအဖြစ်တန်ဖိုးထားနေဆဲဖြစ်သည်။

......

"အသားကင်တွေနော် လတ်ဆတ်တဲ့အသားကင်တွေ။ နူးညံ့ပြီး အရသာရှိပါတယ်"

"လျှို့ဝှက် ဟင်းချက်နည်းနော်။ စွဲသွားစေရမယ်လို့ အာမခံတယ်"

"တစ်ခုစားလိုက်တာနဲ့ နောက်တစ်ခုစားချင်လာမယ်။ နှစ်ခုစားတာနဲ့ နောက်ထပ်ဆယ်ခုစားချင်လာမယ်ဗျို့့"

တာအိုလမ်းစဉ်ဂိုဏ်း၏ ဈေးနေရာတွင် ကျယ်လောင်သည့်အော်ဟစ်သံများ လမ်းတလျှောက် ပဲ့တင်ထပ်နေသည်။ အသားကင်နံ့က လေထဲတွင် သင်းပျံ့နေသည်။ လူအတော်များများကို မြည်းစမ်းကြည့်ချင်လာအောင် ဆွဲဆောင်နေသည်။

ညမိုးချုပ်အချိန်ဖြစ်သည်။ အလုပ်များသည့်တစ်နေ့တာကို ကုန်လွန်ပြီးနောက် တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ ဤနေရာတွင် အနားယူကြသည်။ ဈေးဝယ်ကြသည်။ ကျင့်စဉ်အမြင် ဖလှယ်ကြသည်။

ဟော်ဟစ်ကြေ၍ငြာနေသည့်အတိုင်းပင် 'နောက်တစ်ခေါက်'စားသာက်ဆိုင်မှ အကင်များက အနံ့အရသာထူးခြားသည်။ တစ်ညလာစားပြီးသည့် ဂိုဏ်းတပည့်များ နောက်တစ်ညတွင်လည်း ထပ်လာချခင်ကြသည်။

မူးယစ်ဆေးတစ်မျိုးမျိုးသုံးထားသလားဟု တစ်ချို့က သံသယဝင်သည်။ ဆေးအိုးတောင်ထိပ်မှ သတ္တမအကြီးအကဲက စစ်ဆေးသည်။ အရသာကိုက ကောင်းခြင်းဖြစ်ကြောင်း ဆေးမသုံးထားကြောင်း အတည်ပြုခဲ့သည်။

ခေါင်းစွပ်အင်္ကျီနှင့်လူသုံးယောက် အကင်ဆိုင်ရှေ့တွေင် ငေးကြောင်၍ ခဏအတွေးလွန်နေကြသည်။ သူတို့အာရုံတွင် စည်ကားနေသည်မြင်ကွင်းက ဝေးကွာနေသည်။ ဖောက်သည်တို့၏ပုံရိပ်များက ဝေဝါးနေသည်။

တစ်ယောက်က ခေါင်းစွပ်ကိုချွတ်လိုက်သည်။ သက်ဝင်လှုပ်ရှားနေသည့် အကင်ဆိုင်ကိုကြည့်၍ သက်ပြင်းချသည်။

"ရှောင်လျို၊ ရှောင်ကောင်း၊ မင်းတို့အသက်ရှင်နေသေးတယ်ပေါ့"

ရင်းနှီးနေသည့်စကားသံကြောင့် သခင်လျိုနှင့် သခင်ကောင်းတို့ ကျောက်ရုပ်လိုဖြစ်သွားသည်။ နားကြားမှားသည်ဟု ထင်နေကြသည်။

အသံရှင်ကို သူတို့လှမ်းကြည့်သည်။ မျက်နှာကိုမြင်ပြီးနောက် မယုံနိုင်အောင်ဖြစ်သွားကြသည်။

"ဂိုဏ်းချုပ်လား"

"ပြီးတော့ ငါရောပဲကွ"

ဒုတိယခေါင်းစွပ်လူလည်း သူ့ခေါင်းစွပ်ကို ချွတ်လိုက်သည်။ ဒုဂိုဏ်းချုပ်ကျင်း၏မျက်နှာ ပေါ်လာသည်။

ထာဝရဂိုဏ်း၏ အဆင့်အမြင့်ဆုံးဖြစ်သည့် ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်သုံးယောက် ဤနေရာတွင် စုစည်းမိကြသည်။

တစ်ချိန်က ဩဇာကြီးခဲ့သူများဖြစ်သည်။ နတ်ဆိုးဂိုဏ်းကြီးလေးဂိုဏ်းမှ တစ်ဂိုဏ်း၏ အတုမဲ့စွမ်းအားကို ကိုင်စွဲခဲ့သည်။ ယခု အသားကင်ဆိုင်တွင်သာ သူတို့စုစည်းမိကြသည်။

လျိုနှင့်ကောင်းကြောင့် ထာဝရဂိုဏ်းကျဆုံးခဲ့ရသည်ဟု ဂိုဏ်းချုပ်လုံးဝမတွေးခဲ့ပါ။ တကယ်သစ္စာဖောက်က သူကိုယ်တိုင်သာဖြစ်သည်။ တစ်ခြားဘယ်သူ့ကိုမှ အပြစ်တင်၍မရ။

"ထိုင်ကြပါ။ နောက်ဆုံးမှာထားတဲ့ အသားတစ်ချို့ကင်ပြီးတာနဲ့ ဆိုင်ပိတ်မှာပါ"

ဆိုင်ရှေ့တွင် လူတန်းရှည်ကြီး ရှိနေဆဲဖြစ်သည်။ သခင်လျိုနှင့် သခင်ကောင်းက နောက်ဘက်မှလူများကို ဆက်ပြီးတန်းစီစောင့်မနေကြတော့ဖို့ ပြောသည်။ နောက်ထပ် အော်ဒါငါးခုပြီးလျှင် ဆိုင်ပိတ်တော့မည်ဟု ကြေညာသည်။

စားပွဲသုတ်ရင်း စားပြီးသားသည့်အကင်တုတ်ချောင်းများ သိမ်းနေသည့်လူသည် ဂိုဏ်းအကြီးအကဲတစ်ယောက်ဖြစ်ကြောင်း သတိထားမိသဖြင့် ထာဝရဂိုဏ်းချုပ်ခေါင်းကို လေးပင်စွာခါယမ်းနေသည်။ ဖော်မပြနိုင်သည့် ခံစားချက်မျိုး သူ့ရင်ထဲတွင် ခံစားနေရသည်။

နောက်ဆုံးမှာထားသည့်အော်ဒါကို ရောင်းပြီးနောက် သခင်လျိုနှင့်သခင်ကောင်းက ဆိုင်ပိတ်ပြီဖြစ်ကြောင်း ကြေညာသည်။ ဆိုင်တံခါးကိုပိတ်ပြီး ဂိုဏ်းချုပ်နှင့်စကားပြောရန် လာထိုင်သည်။

"ဂိုဏ်းချုပ်တို့ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ"

ထာဝရဂိုဏ်းချုပ် ဖြိုခွဲခံရသည့်အကြောင်း အတော်လူသိနည်းသည်။ သခင်လျိုနှင့်သခင်ကောင်းက သာမန်အသားကင်ဆိုင်ရှင်များသာ ဖြစ်သည်။ အပြင်လောကအကြောင်း မသိကြတော့။

"ပြောရရင် အရှည်ကြီးပါပဲ"

ဂိုဏ်းချုပ် သက်ပြင်းရှည်တစ်ချက်ချသည်။ စိတ်အပျက်ကြီးပျက်နေမှန်း သိသာသည်။

လုယန်တို့သုံးယောက် ထာဝရဂိုဏ်းဌာနချခုပ်သို့ သူလျိုအဖြစ်ဝင်ခဲ့ပုံ၊ မဟာရှားနိုင်ငံက ဂိုဏ်းကိုဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ပုံများ အသေးစိတ်ပြောပြလိုက်သည်။

ထာဝရဂိုဏ်းကျဆုံးသည့်သတင်းက အရှိုက်ကိုထိသည့်သတင်းဖြစ်သည်။ ခဏအသံတိတ်သွားပြီးနောက် သခင်လျို လက်တွေ့အခြေအနေကို လက်ခံလိုက်သည်။ ထို့နောက် သူ့စိတ်ဓာတ်များ ပြန်တက်ကြွလာသည်။

"ဂိုဏ်းချုပ်တို့ရောက်လာတာ ကံကောင်းတာပဲ။ လက်ရှိမှာ တာအိုလမ်းစဉ်ဂိုဏ်းက အဖွဲ့တွေအများကြီးကွဲနေတယ်။ ကျုပ်တို့အင်အားကိုပြဖို့ အချိန်ကောင်းပဲ။ လူအင်အားလိုနေတဲ့အချိန်မှာ ဂိုဏ်းချုပ်တို့ ရောက်လာတာပါ"

သခင်လျိုက ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်ကို စိတ်အားထက်သန်သည့် အကြည့်ဖြင့် ကြည့်နေသည်။

ဂိုဏ်းချုပ်၏မျက်လုံးများ အရောင်လက်လာသည်။

***********************************

All Chapters