ကလေးပါ
Vol. 14 Ch. 200
"နန်းတော်ထဲကကောင်က တားမြစ်နယ်မြေမှာနေတာ။ လှုပ်ရှားခဲတယ်။ သူမဟုတ်လောက်ဘူး။ ဒါဆို တာအိုလမ်းစဉ်ဂိုဏ်းက ယွမ်ကျိလား။
ဒါလည်းမဟုတ်သေးဘူး။ ငါ့ကိုယ်ပွားက ထာဝရအရှင်အနီးအနားမှာ ပုန်းနေတာ။ ထာဝရဂိုဏ်းက အမြဲတမ်းသတိရှိတယ်။ သူတို့ကို ဘယ်သူအလစ်ဝင်တိုက်နိုင်မှာလဲ။
ထာဝရအရှင်ရဲ့သိစိတ်နိုးထလာလို့ လမ်းမှားကနေ လမ်းမှန်ဘက်ပြောင်းပြီး ရှားနိုင်ငံ ဒါမှမဟုတ် တာအိုလမ်းစဉ်ဂိုဏ်းကို သူ့ဆန္ဒအလျောက် အညံ့ခံပြီး သက်ညှာခွင့်တောင်းခဲ့တာလား"
အလယ်ပိုင်းတိုက်နယ်မှ ထိုလူနည်းစုအကြောင်းတွေးတိုင်း သူအခက်တွေ့ရသည်။
ရှေးဟောင်းခေတ် အဆုံးသတ်ပြီးကတည်းက သူအကွက်ချစီစဉ်နေခဲ့သည်။ အရာအားလုံး သူ့အစီအစဉ်အတိုင်း သွားနေခဲ့သည်။ ဘာပြဿနာမှမရှိ။
မဟာချန်ခေတ် မဟာယုခေတ်တို့တွင်လည်း သူ့အစီအစဉ်အောက်မှ မသွေဖီခဲ့။ အနာဂတ်မျိုးဆက်များ မသေမျိုးဖြစ်ခွင့်ရှိသည်ဟု ကြေငြာခဲ့သည်။ အာရုံလွှဲရန်အတွက် မဟာကပ်အတွင်း အိပ်မောကျနေသများ နိုးထလာအောင်လုပ်ခဲ့သည်။
သို့သော်ယခု မဟာရှားနိုင်ငံခေတ်ရောက်မှ သူ့အစီအစဉ်အတိုင်းမဟုတ်သည့်လူများ ပေါ်လာသည်။ မသေမျိုးများ ဖြစ်လာသည်။
မသေမျိုးဖြစ်လာသူများသည် အသုံးချခံ နယ်ရုပ်များမဟုတ်တော့။ သူနဲ့အဆင့်တူ ကစားသမားများဖြစ်လာသည်။ သူ့အစီအစဉ် ထပ်တလဲလဲ ပြန်ပြင်ဆင်နေရသည်။
"အထူးသဖြင့် အဲဒီ့ယွမ်ကျိပဲ။ ဒီလောက်အသက်ငယ်ငယ်နဲ့ ပါရမီက ထိပ်တန်းရောက်နေတယ်"
"သခင်၊ ကျုပ်မေးပါရစေ။ ဒီယွမ်ကျိဆိုတာက.."
အစေခံက အလယ်ပိုင်းတိုက်နယ်မှ နာမည်ကျော်ပုဂ္ဂိုလ်များကို ပြန်စဉ်းစားသည်။ ယွမ်ကျိဟူသည့်နာမည်နှင့်လူ မရှိ။
သူ့သခင်သည် လူတကာကို လွယ်လွယ်ချီးကျူးတတ်သူမဟုတ်။ ထိုယွမ်ကျိ၏ပါရမီသည် မည်မျှထူးခြားနေသနည်း။
အနက်ရောင်သဏ္ဌာန်က အရေးမစိုက်သည့်လေသံဖြင့်
"တာအိုလမ်းစဉ်ဂိုဏ်းက ကောင်မလေးတစ်ယောက်ပါကွာ။ လွန်ခဲ့တဲ့နှစ်တစ်ရာက အလယ်ပိုင်းတိုက်နယ်ကို ငါသွားတယ်။ သူကိုယ်တိုင်ထွက်လာပြီး ငါ့ကိုနှုတ်ဆက်တယ်။ ငါ့ကို ဘယ်ကလာတာလဲလို့တောင် ဖော်ဖော်ရွေရွေမေးသေးတယ်။ ငါကသူ့ကို အရေးမလုပ်တော့ သူစကားပြောခွင့်မသာဘူးပေါ့။
နောက်တော့ သူ့မှာစွမ်းရည်တစ်ချို့ရှိတာမြင်လို့ သူနဲ့တိုက်ကွက်လေးငါးခုလောက် ဖလှယ်ပြီး သူ့ကိုလမ်းညွှန်ပေးခဲ့တယ်။ အဲဒါပြီးတော့ ငါထွက်သွားတော့မယ်လုပ်တဲ့အချိန်မှာ သူနောက်က အတင်းလိုက်လာတယ်။ နောက်ထပ်လမ်းညွှန်ပေးဖို့ တောင်းဆိုတယ်။ ကျင့်ကြံသူတွေကြားက ဆက်ဆံရေးဆိုတာမျိုးက ခပ်ပါးပါးပဲရှိသင့်တယ်လို့ ငါယူဆတယ်။ ဘာလို့ အတင်းတွယ်ကပ်နေမှာလဲ။ ကိုယ့်လမ်းကိုယ်လျှောက်ကြတာ အကောင်းဆုံးပဲလေ။ လမ်းညွှန်ချက်တွေ အများကြီးပေးလိုက်ရင် သူ့လမ်းကြောင်းမှာ အဟန့်အတားဖြစ်လာနိုင်တယ်။ ဒါကြောင့် သူနဲ့မပတ်သက်ချင်တော့လို့ မှော်စွမ်းအားတစ်ခုသုံးပြီး ငါချက်ချင်းထွက်လာခဲ့တယ်"
"သခင့်ရဲ့ ကျင့်ကြံမှုဟာ ခေတ်အဆက်ဆက်မှာ ပြိုင်ဘက်ကင်းပါပဲ"
အစေခံက ချီးကျူး၍ ဦးညွှတ်အရိုအသေပြုသည်။ အနက်ရောင်အရိပ် သဘောကျသွားပြီး တဟားဟားရယ်နေသည်။
အစေခံစိတ်ထဲတွင် သူ့ကိုယ်သူ ကံကောင်းသည်ဟု ခံစားနေရသည်။ မဟာကပ်တွင် ပါဝင်ပတ်သက်ခြင်းသည် ခြေလှမ်းတစ်ချက်မှားသည်နှင့် အပြီးသတ်နိဂုံးချုပ်သွားနိုင်သည်။ ဤသခင်နောက်သို့လိုက်သည်က အန္တရာယ်ကင်းသည်။
သူ့သခင်၏ အဓိပဓိကျင့်စဉ်စွမ်းအားနှင့် တါက်ချက်တတ်သည့်ဉာဏ်ပညာကြောင့် မဟာကပ်တွင် လွှမ်းမိုးနိုင်လိမ့်မည်။ သခင့်နောက်သို့လိုက်၍ အကျိုးအမြတ်နည်းနည်းရလျှင်ပင် သူ့အတွက် တစ်သက်တာပျော်ရွှင်ဖို့ လုံလောက်သည်။ ကံနည်းနည်းကောင်းလျှင် မသေမျိုးဘဝကိုပင် ရောက်နိုင်သည်။
လွန်ခဲ့သည့်နှစ်တစ်ရာက ယွမ်ကျိနှင့်ရင်ဆိုင်ခဲ့ရသည့်အဖြစ်ကို ပြန်တွေးရင်း အနက်ရောင်အရိပ် ရှက်နေသည်။
ယွမ်ကျိက အသက်ငယ်သဖြင့် အခွင့်အရေးယူရန် စိတ်အားထက်သန်စွာ ကြိုးစားခဲ့မိ၍ ခွေးရိုက်နွားရိုက် အရိုက်ခံရပြီး ထွက်ပြေးခဲ့ရသည့်အဖြစ်ကို အစေခံရှေ့တွင် သူထုတ်မပြောနိုင်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် သူရှင်သန်နေထိုင်ခဲ့ပြီးမှ ကလေးတစ်ယောက်ကိုရှုံး၍ ထွက်ပြေးခဲ့ရသည်မှာ ရှက်စရာကောင်းလှသည်။
သူ့လက်အောက်ငယ်သားကို ထိုအကြောင်းများ သူထုတ်မပြောနိုင်။ သူ့ပုံရိပ် ထိခိုက်မည်။
လွန်ခဲ့သည့်နှစ်တစ်ရာကအဖြစ်ကို သူမှတ်မိနေသည်။ အရိယဖလပုံပွားထွက်ပေါ်ဖို့ ဘယ်လောက်နီးစပ်နေသည်ကိုစစ်ဆေးရန် ထာဝရဂိုဏ်းသို့ သူသွားခဲ့သည်။ သို့သော် ထာဝရဂိုဏ်းသို့မရောက်မီ ယွမ်ကျိက သူ့ကိုအာရုံခံမိပြီး အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည်။
ယွမ်ကျိထုတ်သုံးသည့်စွမ်းအားက အလယ်ပိုင်းတိုက်နယ်တွင် အင်အားအကြီးဆုံးဟု သတ်မှတ်နိုင်လောက်သည်။ မဟာကပ်အတွင်း အကြီးမားဆုံး အဟန့်အတားဖြစ်လာမည်ဟု သူခံစားရသည်။
ထိုကြောင့် ထိုစဉ်ကတည်းက အဖမ်းမခံရအောင် ကိုယ်ပွားများကိုသာ အလယ်ပိုင်းတိုက်နယ်သို့ သူစေလွှတ်ခဲ့သည်။
"မဟာရှားနိုင်ငံကို ကံကြမ္မာက မျက်နှာသာပေးနေတာများလား"
ကံကြမ္မာဟူသည့်အယူအဆက အသိခက်သည်။ မသေမျိုးဖြစ်လာဖို့ ပါရမီနှင့် စွမ်းအားလိုသလို ကံကောင်းဖို့လည်း လိုသည်။
တစ်ချန်က စကားလုံးမှော်ပညာတတ်မြောက်သည့် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူကို ဥပမာကြည့်နိုင်သည်။ ထိုလူသည် မသေမျိုးဖြစ်လာခဲ့သင့်သည်။ သို့သော် သူ့ကံက အားနည်းသည်။ ပဲဝါနှင့်တွေ့၍ လမ်းခုလတ်တွင် အဆုံးသတ်ရသည်။
သူအတော်ကြာအောင် စဉ်းစားနေသည်။ သို့သော် အဖြေရှာမရ။ ထို့ကြောင့် ဤပြဿနာကို ခေါင်းထဲမှထုတ်လိုက်သည်။
"ထားလိုက်ပါတော့လေ။ ဒီအကြောင်းတွေ တွေးနေဖို့မလိုပါဘူး။ ကိုယ်ပွားက အသတ်ခံလိုက်ရပြီဆိုတော့ အရိယဖလပုံပွားအကြောင်း တစ်ခြားလူတွေ သိသွားကြလောက်ပြီ။ အလယ်ပိုင်းတိုက်နယ်ကလူတွေ သူတို့နယ်ထဲ ခိုးဝင်လာမယ့် မသေမျိုးတွေကို သတိမပြတ်စောင့်ကြည့်နေကြတော့မှာ။ သူတို့ငါ့ကို ရှာတွေ့သွားရင် မလိုအပ်တဲ့ပြဿနာတွေ ပေါ်လာမယ်။ လောလောဆယ် အလယ်ပိုင်းတိုက်နယ်ကို ငါမသွားတော့ဘူး။ မသေမျိုးအရိယဖလ ပြည့်စုံခါနီးအချိန်ရောက်မှ ငါလှုပ်ရှားမယ်။ အရိယဖလကိုရရင် မဟာကပ်မှာ တစ်ပန်းသာမယ်။ သူမသေရင် မသေမျိုးအရိယဖလကို ဘယ်သူရနိုင်မှာလဲ။ မသေမျိုးအရိယဖလတည်ဆောက်နိုင်တဲ့လူက သူဖြစ်မယ်လို့ အရင်က ဘယ်တွေးမိခဲ့မှာလဲ။ တကယ်မနာလိုဖြစ်မိတယ်..."
အနက်ရောင်အရိပ်၏အသံ တဖြေးဖြေးပျောက်ကွယ်သွားသည်။ ထိုနေရာမှ သူထွက်သွားချိန်တွင် ခြောက်သွေ့သည့်အရိုးပုံတစ်ခုသာ ကျန်ရစ်ခဲ့သည်။
........
"ထာဝရဂိုဏ်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ"
လုယန်က မေးသည်။ ခရီးစဉ်၏ရည်ရွယ်ချက်က ပြည့်စုံနေပြီဖြစ်သည်။ ထာဝရဂိုဏ်း၏ ဌာနချုပ်ကိုရှာတွေ့သည်။ ထာဝရအရှင်ကို ဖမ်းဆီးခဲ့သည်။ နောက်ကွယ်မှကြိုးကိုင်သူ၏ ကိုယ်ပွားကိုပင် ကိုယ့်ကိုယ်ကိုဖျက်ဆီးအောင် ဖိအားပေးနိုင်ခဲ့သည်။
ယခု ထာဝရဂိုဏ်းကို ရှင်းလင်းဖို့ကိစ္စသာ ကျန်တော့သည်။
အလျင်စလိုလှုပ်ရှားလျှင် မြွေကိုခြောက်လှန့်လိုက်သလို ဖြစ်သွားမည်။ နောက်ကွယ်မှလူလည်း တစ်ခုခုမူမမှန်ကြောင်း ရိပ်မိသွားနိုင်သည်။ ထာဝရဂိုဏ်းကိုအသုံးချပြီး နောက်ကွယ်မှလူကို မျှားခေါ်၍ရနိုင်မလားမသိ။
လုယန်အမေးကြောင့် ယွမ်ကျိက အံ့ဩဟန်ဖြင့် လှည့်ကြည့်သည်။
"ဘယ်လုပ်ရမှာလဲ။ သတင်းပို့ရမှာပေါ့"
"ဘယ်လို.."
"ဒီလောက်လူတွေအများကြီးရှိနေတာ။ ငါတို့တာအိုလမ်စဉ်ဂိုဏ်းတစ်ခုတည်း စုံစမ်းစစ်ဆေးဖို့ကိစ္စတွေကို ဘယ်လိုလုပ်နိုင်မှာလဲ။ ရှားနိုင်ငံကို တာဝန်ယူခိုင်းလိုက်တာ ပိုကောင်းတယ်လေ"
နှုတ်မှထွက်လာတော့မည့်စကားကို လုယန် အမြန်ဘရိတ်အုပ်လိုက်သည်။
'ငါတို့တာအိုလမ်းစဉ်ဂိုဏ်းက ဒီလိုတရားဝင်နည်းလမ်းတွေလည်း သုံးတယ်ပေါ့'
တာအိုလမ်းစဉ်ဂိုဏ်းသည် နှိပ်စက်ညှင်းပန်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ နတ်ဆိုးဂိုဏ်းများထဲ စိမ့်ဝင်ခြင်း၊ နတ်ဆိုးဂိုဏ်းပြိုင်ပွဲများတွင် ပထမနေရာရအောင်ယူခြင်း စသည့်အလုပ်များသာ လုပ်သည်ဟု သူထင်ထားခဲ့သည်။
မှန်သည်။ ထိုအလုပ်များထဲမှ တစ်ဝက်လောက်ကို သူလုပ်ခဲ့ခြင်းဖြစ်သည်။
"ဘယ်အချိန် သတင်းပို့မှာလဲ"
လုယန် စိတ်အားထက်သန်နေသည်။ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ဌာနချုပ်ကို ဖြိုရမည့်ကိစ္စက ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသည်။
ယွမ်ကျိခဏစဉ်းစားသည်။
"လွန်ခဲ့တဲ့လေးရက်ကလေ"
"ဘယ်လို"
"လွန်ခဲ့တဲ့လေးရက်က ဌာနချုပ်ကို ငါတို့ဝင်လာပြီးပြီးချင်း ငါ့ဝိညာဉ်ကိုခွဲထုတ်ပြီး ရှားနိုင်ငံကို သတင်းသွားပို့ခဲ့တယ်။ ချက်ချင်းမလှုပ်ရှားတာက အခြေတည်အဆင်နဲ့ ချီအဆင့်တွေအားလုံးရောက်လာအောင် စောင့်နေလို့ပါ။ ဒါမှ အားလုံးကို တစ်ပြိုင်တည်းဖမ်းမိမှာလေ။..အင်း...ဒါပေမယ့် ထာဝရအရှင်ကိုဖမ်းနိုင်ခဲ့တာကတော့ ငါမျှော်လင့်မထားတဲ့ အပိုဆုကြေးပေါ့"
ထာဝရအရှင်စိတ်ထဲတွင် အချိန်ကို အလဟဿဖြုန်းတီးခဲ့သည်ဟု ခံစားရသည်။ အမှန်တော့ ခန္ဓာကိုယ်ပူးကပ်သည့်ကိစ္စမျိုး သူဘာမှလုပ်စရာမလို။ သူသာထွက်မလာလျှင် ထာဝရဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရသည့်တိုင် ရှားနိုင်ငံက သူ့ကိုရှာတွေ့မည်မဟုတ်။
ယွမ်ကျိက ထာဝရအရှင်ကို လှည့်ကြည့်လာသည်။
"ရှင်ကတော.."
ထာဝရအရှင် အမြန်စကားဖြတ်ပြောသည်။
"ငါပူးကပ်ဖို့ကြိုးစားတာ မအောင်မြင်ခဲ့ဘူး။ ဒီတော့ လူသတ်ဖို့ကြိုးစားတဲ့ပြစ်မှုလို့ပဲ သတ်မှတ်ရမှာပါ။ သေဒဏ်မကျသင့်ပါဘူး။ ဥပဒေကို ငါအမြဲတမ်းလိုက်နာခဲ့တယ်။ တရားမဝင်တာ ဘာတစ်ခုမှမလုပ်ဖူးဘူး။ ကြည့်ပါ၊ ငါ့ရုပ်ထုတောင် ရာဇဝတ်ဥပဒေကို ဖတ်နေတာပါ"
လုယန် လှမ်းကြည့်လိုက်သည်။ မှန်သည်၊ ထာဝရအရှင်ရုပ်ထု၏ လက်တစ်ဘက်တွင် ရာဇဝတ်ဥပဒေစာအုပ်ကို ကိုင်ထားသည်။
ထာဝရဂိုဏ်းချုပ်က လုပ်ငန်းဆောင်ရွက်မျု မြန်ဆန်လှသည်။ ရုပ်ထုကို ရာဇဝတ်ဥပဒေကိုင်ထားသည့်ပုံစံသို့ ပြောင်းထားပြီးဖြစ်သည်။ နောက်လိုက်များကို ဥပဒေလေ့လာဖို့ တိုက်တွန်းအားပေးရန် ရည်ရွယ်ထားသည်။
"ပြီးတော့ ငါ့နာမည်ရတဲ့အချိန်ကျမှ ငါ့ဝိညာဉ်က ပြည့်စုံခဲ့တာပါ။ နာမည်ရတာ ငါးရက်ပဲရှိပါသေးတယ်။ ပြောရရင် ငါဟာ ငါးရက်သားကလေးတစ်ယောက်ပါ။ မဟာရှားရာဇဝတ်ဥပဒေအရ ပြစ်ဒဏ်ဝတ္တရားမရှိသေးတဲ့အရွယ်ပါ။ ရာဇဝတ်ပြစ်ဒဏ် ပြစ်မှုပြစ်ဒဏ် ကျခံဖို့မလိုပါဘူး။
ငါက ကလေးပဲရှိပါသေးတယ်။ ကျေးဇူးပြုပြီး ငဲ့ညှာပေးပါ။ မြင့်မြတ်တဲ့လက်ကိုမြှောက်ပြီး ငါ့ကိုချမ်းသာပေးပါ"
သင်္ချိုင်းတစ်ဘက်လှမ်းတော့မလို အိုမင်းရင့်ရော်နေသည့် ထာဝရအရှင်၏မျက်နှာကို လုယန်စိုက်ကြည့်နေသည်။ ထိုလူကို နာမည်ပေးမမှားဟု တွေးနေသည်။ ထိုမျှ 'အရှက်ကင်းမဲ့'သည့်စကားများကို သူမို့ပြောထွက်သည်။
**********************************