← Chapters

ခိုးဖော်ခိုးဖက်

Vol. 15 Ch. 225

ခိုးဖော်ခိုးဖက်

Vol. 15 Ch. 225

မလိုအပ်ဘဲ အခြေအနေကို သူအကျယ်မချဲ့ချင်ပါ။ ထိုကိစ္စကို ဝိညာဉ်ကျောက်များဖြင့် ဖြေရှင်းနိုင်လျှင် ထိုနည်းလမ်းကိုသာသုံးမည်။ အဓိကစီးပွားရေးလုပ်ငန်းအဖြစ် မိုင်းတွင်းတူးဖော်မှုကို အဓိကအားပြုသည့် လော်ဖုန်းကောင်တီ၏ နယ်စားဖြစ်၍ ဓနပင်လယ်ဟုခေါ်နိုင်သည့် ဝိညာဉ်ကျောက်တုံးများစါာကို သူထိန်းချုပ်ထားသည်။

တာအိုလမ်းစဉ်ဂိုဏ်း၏ အခြေတည်တပည့်တစ်ယောက်က သူနှင့်ကြွယ်ဝမှုချင်းယှဉ်နိုင်မည်ဟု သူမယုံကြည်။ သိုသော်ယခု သူ့ကိုယ်သူ အထင်ကြီးလွန်းခဲ့မှန်း နားလည်လာသည်။ မုန်မိသားစု၏ အကြီးဆုံးသားနှင့်ယှဉ်ဖို့ သူအဆင့်မမီ။

သူကိုယ်တိုင် သွားခိုးခြင်းက ပိုကောင်းသည်။ ပိုဈေးသက်သာသည်။ ပိုအကျိုးရှိသည်။

"ဝိညာဉ်ကျောက်ဆယ်သန်းပေးရင် မုန်မိသားစုရဲ့အကြီးဆုံးသားကို ဆွဲဆောင်နိုင်မယ်လို့ မင်းတို့ထင်လား"

သူမေးလိုက်သည်။

ရွှေသန္ဓေကျင့်ကြံသူနှစ်ယောက် တုံ့ဆိုင်းဆိုင်းဖြစ်သွားပြိးနောက် ခေါင်းခါကြသည်။

"မထင်ဘူး။ မရလောက်ဘူး"

"ကောင်းပြီလေ။ ဒါဆိုလည်း ဝိညာဉ်ကျောက်ဆယ်သန်းတန်တဲ့ ငါ့လှုပ်ရှားမှုကို လုပ်ရတော့မှာပေါ့"

ကိုယ့်ကိုယ်ကို စိတ်ဓာတ်မြှင့်တင်ရန်ကြိုးစားရင်း သူကြေညာလိုက်သည်။

ခေါင်မိုးပေါ်တွင် လုယန်က မုန်ကျင်းကျိုးကို လှည့်မေးသည်။

"ဝိညာဉ်ကျောက်ဆယ်သန်းဆိုရင် မင်းဒါကိုရောင်းမှာလား"

မုန်ကျင်းကျိုး မျက်ခွံလှန်၍ကြည့်သည်။

"ငါးသောင်းဆိုရင်ကို ရောင်းမှာပါ။ ယောက်ျားအားမြှင့်တင်ဖို့သုံးတဲ့ပစ္စည်းကို ငါကဘာလို့သိမ်းထားမှာလဲ"

"မင်းစိတ်ဓာတ်ခိုင်မာအောင်လေ့ကျင့်လို့ရတာပေါ့"

"တော်စမ်းပါကွာ"

........

မိုမိသားစုအိမ်‌တော်၊

"ခေါင်းဆောင်၊ အဆင့်နိမ့်တွင်းသားတွေရဲ့ဆိုင်က သတင်းပို့လာပါတယ်။ ဒီနေ့ အလွန်ထူးခြားတဲ့ ဖီးနစ်သွေးကျောက်တစ်လုံးနဲ့ လူတစ်စုဝင်လာပြီး အဲလိုကျောက်တွေ ရှိသေးလားလို့မေးတယ်တဲ့"

လက်ထောက်တစ်ယောက်က အစီရင်ခံသည်။

"သူတို့ပြောပုံအရဆို ကျုပ်တို့ရှာနေတဲ့ ဖီးနစ်သွေး‌ကျောက်မျိုး ဖြစ်လောက်တယ်"

"ဟုတ်လား"

မိုမိသားစုခေါင်းဆောင်၏မျက်လုံးများ အရောင်တောက်လာသည်။ နောက်ဆုံးတွင် ထိုကျောက်တုံးမျိုး တွေ့ရပြီဖြစ်၍ သူပျော်ရွှင်နေသည်။

စီးပွားရေးလုပ်ငန်းများသည် အရာရှိများနှင့် မယှဉ်နိုင်ဟု ဆိုကြသည်။ မိုမိသားစုသည် ဓနအင်အားတောင့်တင်းပြီး ဩဇာညောင်းသော်လည်း နယ်စားနှင့်ယှဉ်လျှင် နိမ့်ကျနေဆဲဖြစ်သည်။ ထိုဝိညာဉ်သွေးကျောက်ကို သူတို့ရလျှင် နယ်စားကိုဆန့်ကျင်ဖို့ သက်သေအထော်အထားအဖြစ် သုံးနိုင်မည်။ သူတို့အသာစီးရလာမည်။

"ဒီည ဝိညာဉ်သွေးကျောက်ကိုခိုးဖို့ ကျုပ်စီစဉ်ထားပါတယ်"

လက်ထောက်က အကြံပြုသည်။

"ဒီညတဲ့လား။ ငါ့ကိုပြောစမ်းပါဦး။ ဒီကျောက်တုံးကို ဘယ်သူဝယ်သွားတာလဲ။ သူ့နောက်ခံနဲ့ ကျင့်စဉ်အဆင့်ကရော ဘာလဲ။ ဝိညာဉ်ပြောင်းအဆင့်ဆိုရင် ဘယ်လိုလုပ်မလဲ"

ခေါင်းဆောင် မေးလိုက်သည်။

လက်ထောက် စကားထစ်နေသည်။ ခေါင်းဆောင်ကို မျက်နှာချိုသွေးဖို့ စိတ်အားထက်သန်လွန်းပြီး အလျင်စလို စီစဉ်မိကြောင်း နားလည်လာသည်။

မိုခေါင်းဆောင် နှာခေါင်းရှုံ့သည်။

"ဒီကိစ္စကို ပေါ့ပေါ့လေးသဘောထားလို့မရဘူး။ မနက်ဖြန် ဝိညာဉ်သွေးကျောက်ကို ဘယ်သူရသွားသလဲ စုံစမ်းပါ။ အားလုံး အဆင်ပြေရင် မနက်ဖြန်ည ငါကိုယ်တိုင် သွားခိုးမယ်"

"ခေါင်းဆောင်ကိုယ်တိုင်လုပ်မှာလား"

လက်ထောက် အံ့အားသင့်သွားသည်။ ထိုအလုပ်မျိုးကို ခေါင်းဆောင်ကိုယ်တိုင်လှုပ်ရှားဖို့ တကယ်ထိုက်တန်သလား သူမပြောတတ်တော့။

"ဒါပေါ့။ ဒါက နယ်စားနဲ့ယှဉ်ဖို့ ငါတို့လိုအပ်တဲ့ အင်အားတစ်ခု ဖြစ်လာနိုင်တယ်လေ။ ငါကိုယ်တိုင် အာရုံစိုက်ဖို့ ထိုက်တန်ပါတယ်"

ခေါင်းဆောင် စိတ်လှုပ်ရှားမှုကြောင့် ပြုံးရွှင်နေသည်။

နယ်စားနှင့်ယှဉ်သည့်တိုက်ပွဲတွင် အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ အချိန်ကျလာပြီဖြစ်သည်။

.......

"ဒီကျောက်တုံးက ဘာတွေထူးခြားနေလို့လဲ"

လီဟော်ရန်အိမ်သို့ ပြန်ရောက်ပြီးနောက် မုန်ကျင်းကျိုး ဖီးနစ်သွေးကျောက်ကိုထုတ်၍ သေချာစစ်ဆေးကြည့်သည်။ ဘာထူးခြားမှုမှမတွေ့။

"စီနီယာစု၊ ဒီကျောက်တုံးမှာ တစ်ခုခုမူမမှန်တာတွေ့လား"

စုယီရန် ခေါင်းခါသည်။

"ဝိညာဉ်သွေးကျောက်တွေအကြောင်း ငါသိပ်မသိဘူး။ ကွဲပြားချက်ရှိမရှိ အတည်ပြုဖို့ လက်မှုပညာရှင်တစ်ယောက် လိုလိမ့်မယ်"

အားလုံး၏အကြည့်က လီဟော်ရန်ဆီရောက်လာသည်။

လီဟော်ရန် မျက်ခုံးလှုပ်သွားသည်။

"ခင်ဗျားတို့ကျုပ်ကို အထင်ကြီးလွန်းနေပြီထင်တယ်။ ကျုပ်ဆရာကတော့ ခွဲခြားကောင်းခွဲခြားနိုင်မှာပေါ့။ ကျုပ်တော့ မခွဲခြားတတ်ဘူး"

"နတ်မယ်၊ ခင်ဗျားတစ်ခုခု သတိထားမိလား"

လုယန် နတ်မယ်ကိုမေးသည်။

ထာဝရနတ်မယ် မျက်မှောင်ကျုံ့သွားသည်။

"ဒီကျောက်မှာ သွေးနံ့ရှိတယ်။ အရမ်းလတ်ဆတ်တဲ့သွေးနံ့ပဲ။ အဲဒီ့အနံ့ကို ငါမကြိုက်ဘူး"

"လတ်ဆတ်တဲ့ သွေးနံ့တဲ့လား"

လုယန် စိတ်လေးလာသည်။

ဤကျောက်တုံးသည် သေသွားသည့်လူတစ်ယောက် ချန်ခဲ့သည့် သဲလွန်စလားမသိ။

"နတ်မယ်၊ လော်ဖုန်းကောင်တီထဲက ဒီနေရာမှ ဖီးတစ်တစ်ကောင် တကယ်သေခဲ့တာလား"

နတ်မယ် ခေါင်းငြိမ့်သည်။

"ဟုတ်တယ်၊ ဒါပေမယ့် ဟော်ရန်ပြောတဲ့နေရာမှာ သေတာမဟုတ်ဘူး။ ငါတို့ခြေထောက်အောက် တည့်တည့်မှာပဲ"

နတ်မယ်အောက်ဘက်သို့ လက်ညှိုးထိုးပြသည်။

"စုစည်းခြင်းအဆင့်ဖီးနစ်အလောင်းတစ်ခု လော်ဖုန်းကောင်တီမြို့ရဲ့ အောက်မှာရှိနေတယ်"

"ကျုပ်တို့ဘာလုပ်သင့်လဲ'

လီဟော်ရန်ကမေးသည်။ အိမ်ပြန်လာချိန်တွင် နယ်စားကိုယ်တိုင်လှုပ်ရှားရလောက်အောင် အာရုံစိုက်ခံရသဖြင့် သူအံ့ဩနေသည်။

လော်ဖုန်းကောင်တီသည် အရေးပါသည့် ကောင်တီကြီးတစ်ခုဖြစ်သည်။ ကောင်တီနယ်စားက ဝိညာဉ်ပြောင်းအဆင့်ရှိသည်။

"သူ့ကိုဒီအတိုင်းဖမ်းလိုက်ကြမလား"

ယခုရှိနေသူများထဲတွင် ကျင့်စဉ်စွမ်းအားအမြင့်ဆုံးဖြစ်သည့် စုယီရန်က ပြဿနာရှာသူကို ဖမ်းဆီးဖို့သာ အကြံပြုသည်။

လုယန် ခဏစဉ်းစားသည်။

"သက်သေမရှိဘဲ တိုက်ရိုက်လှုပ်ရှားရင် မသင့်တော်လောက်ဘူး။ ကျုပ်တို့က တာအိုလမ်းစဉ်ဂိုဏ်းကို ကိုယ်စားပြုတယ်။ ကျုပ်တို့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်လို့မဖြစ်ဘူး။ စောင့်ကြည့်ကြတာပေါ့။ မနက်ဖြန်ည နယ်စားပစ္စည်းခိုးဖို့လာတဲ့အခါ မှော်ဖန်လုံးနဲ့ အားလုံးကို မှတ်တမ်းယူမယ်။ ပြီးတာနဲ့ စီနီယာစု လှုပ်ရှားလို့ရပြီ။ သူ့ကိုလက်ပူးလက်ကြပ်ဖမ်းပြီး ဝန်ခံလာအောင်လုပ်ကြမယ်။ အဲဒီ့အချိန်ရောက်ရင် ဝန်ခံရုံကလွဲလို့ သူတစ်ခြားရွေးချယ်စရာမရှိဘူး"

"ကောင်းပြီလေ"

စုယီရန် လက်ခံသည်။

လုယန် အားလုံးကို သတိပေးသည်။

"ဒီကိစ္စကို ကျုပ်တို့ကြားမှာပဲ လျှို့ဝှက်ထားမယ်။ ...ညီလေးလီ၊ မင်းမိဘတွေကို မပတ်သက်စေချင်ဘူးမဟုတ်လား"

နည်းနည်းစိတ်ပျက်နေဟန်ဖြင့် လီဟော်ရန် ခေါင်းငြိမ့်သည်။

"ဒီကိစ္စ သူတို့မသိတာ အကောင်းဆုံးပါပဲ"

"ကျွန်မလည်း ယန်ယန်မသိအောင် လျှို့ဝှက်ထားပါ့မယ်"

စုယီရန် ထပ်ပြောသည်။

လီဟော်ရန် စိတ်သက်သာရာရသွားသည်။

"စီနီယာစုရှိနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် မနက်ဖြန်ည ကျုပ်တို့ဒုက္ခရောက်မှာ"

မုန်ကျင်းကျိုးက တဟက်ဟက်ရယ်သည်။

"ဘာတွေစိတ်ပူနေတာလဲ။ ငါတို့လုယန်ကြီး ဒီမှာရှိနေတာပဲ။ သူက အခြေတည်အဆင့်နဲ့ ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူထားတာ။ သူရှိနေရင် နယ်စားကို ငါတို့ကြောက်စရာမလိုပါဘူး"

လီဟော်ရန်အခေါ်အဝေါ်ကို ပြင်ပေးဖို့စဉ်းစားနေသည့် စုယီရန် ထိုစကားကြောင့် မင်သက်မိသွားသည်။

အခြေတည်အဆင့်က ဝိညာဉ်ပြောင်းအဆင့်ကို နိုင်သည်တဲ့။ သူတစ်ခါမှ မကြားဖူး။ ရွှေသန္ဓေတည်ဆောက်သည့်ကိစ္စ လုယန်ကို သူလမ်းညွှန်ပေးခဲ့သည်မှာ ကိုယ့်ကိုယ်ကို အထင်ကြီးရာရောက်သွားသလားမသိ။

"မင်းပါးစပ်ပိတ်ထားစမ်းပါ"

လုယန် မုန်ကျင်းကျိုးကိုစိုက်ကြည့်သည်။ ခုနက မုန်ကျင်းကျိုးကို သူလှောင်ခဲ့သဖြင့် ပြန်လက်စားချေနေမှန်းသိသည်။

စုယီရန် စိတ်ဝင်စားနေသဖြင့် တိုက်ပွဲအကြောင်း အသေးစိတ်ပြောပြဖို့ တောင်းဆိုသည်။ သို့သော် လုယန်က ငြင်းသည်။ ထိုကိစ္စတစ်ခုလုံးကို သူရှက်သောကြောင့်ဖြစ်သည်။ မုန်ကျင်းကျိုးနှင့် လီဟော်ရန်ကိုလည်း တစ်ခွန်းမှမဟရန် စိုက်ကြည့်၍ သတိပေးသည်။

နေ့ခင်းပိုင်းတွင် သူတို့အားလုံး မနေ့ညက ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်၍ ပျော်ရွှင်စွာ စားသောက်၍ အနားယူကြသည်။

ယခုရက်ပိုင်းအတွင်း ပျောက်နေသည့် သို့မဟုတ် သေသွားသည့်ကျင့်ကြံသူများရှိမရှိ လုယန် အချိန်တစ်ချို့ယူ၍ စုံစမ်းသည်။ သို့သော် တစ်ယောက်မှမရှိ။

နေဝင်သွားပြီး တဖြေးဖြေးညာဉ့်နက်လာချိန်တွင် လူတစ်ယောက် အမှောင်ထုနှင့်ရောယှက်၍ လီဟော်ရန်အိမ်ထဲသို့ ခိုးဝင်လာသည်။

နယ်စား အပြည့်အဝ ကြိုတင်ပြင်ဆင်ထားသည်။ အနက်ရောင်ညဝတ်စုံဝတ်ထားသည်။ မျက်နှာဖုံးတပ်ထားသည်။ သူ့ဝတ်စုံက သူ့ဖြစ်တည်မှုကို ဖုံးကွယ်နိုင်သည်။ သူ့အသံနှင့် ဝိညာဉ်စွမ်းအင်လှိုင်းလှုပ်ရှားမှုကို ပြောင်းလဲနိုင်သည်။ သူ့မိန်းမပင် သူ့ကိုမှတ်မိမည်မဟုတ်။

"ဟာကွက်မရှိလောက်ပါဘူး"

ထိုအလုပ်မျိုး ပထမဆုံးလုပ်ဖူးခြင်းဖြစ်၍ သူစိုးရိမ်ပူပန်နေသည်။ သို့သော် ဝိညာဉ်ကျောက်ဆယ်သန်း ဆုံးရှုံးမည့်အရေးကိုတွေးပြီး သူ့ကိုယ်သူ အားတင်းလိုက်သည်။

ဝိညာဉ်အာရုံဖြန့်လိုက်သည်။ ဖီးနစ်သွေးကျောက်ကို မုန်ကျင်းကျိုးကုတင်ဘေးတွင် တွေ့လိုက်ရသည်။ မုန်ကျင်းကျိုးက နှစ်ခြိုက်စွာ အိပ်မောကျနေသည့်အသွင်မျိုးရှိသည်။ လုံးဝမသိသာ။

အမှန်တော့ သူအပြည့်အဝ နိုးနေပါသည်။ အချိန်ကြာမြင့်စွာ သရုပ်ဆောင်နေရသဖြင့် သူစိတ်ပျက်နေသည်။ တစ်ခြားတစ်နေရာတွင် အိပ်လျှင်လည်း နယ်စားက သံသယဝင်သွားနိုင်သည်။ ထို့ကြောင့် အိပ်ချင်ယောင်ဆောင်၍ လုယန်သတင်းပို့သည်ကို နားထောင်နေရသည်။

"တွေ့ပြီ"

နယ်စား ဆက်လှုပ်ရှားရန်ပြင်သည်။ ထိုစဉ် နောက်ထပ်လူတစ်ယောက် နံရံစည်းရိုးကို ကျော်ဝင်လာသည်။

မိုမိသားစုခေါင်းဆောင်ဖြစ်သည်။

သူလည်း နယ်စားလို ဝတ်ဆင်ထားသည်။ ပြည့်စုံအောင် ရုပ်ဖျက်ထားသည်။ ဘယ်သူမှမမှတ်မိနိုင်။

နှစ်ယောက်လုံး ကျောက်ရုပ်လိုဖြစ်သွားသည်။ ခိုးဖော်ခိုးဖက်တစ်ယောက်တွေ့၍ အံ့အားသင့်နေသည်။ ဤနေရာသည် ထိုမျှမက်မောစရာကောင်းနေသလားမသိ။

'မဟုတ်သေးဘူး။ ငါကနယ်စားပဲ။ သူခိုးအလုပ်ကို ခဏပဲလုပ်နေတာ'

'မဟုတ်သေးဘူး။ ငါကမျိုးနွယ်ခေါင်းဆာင်ပဲ။ သူခိုးအလုပ်ကို ခဏပဲလုပ်နေတာ'

**************************************

All Chapters