ရွှေသန္ဓေတည်ဆောက်နည်းများ
Vol. 15 Ch. 211
လုယန် ယွမ်ကျိ၏စာမျက်နှာကို ကျော်လိုက်သည်။ တစ်ခြားအကိုအမများ ရွှေသန္ဓေတည်ဆောက်ပုံကို ဆက်ကြည့်သည်။ ယွမ်ကျိ၏ ရွှေသန္ဓေတည်ဆောက်နည်းသည် အတုခိုး၍ရနိုင်သည့်အရာမဟုတ်ဟု လုယန်နားလည်လိုက်သည်။
ယွမ်ကျိသည် အဆင့်တိုင်းတွင် အဆုံးစွန်သို့ရောက်ခဲ့သည်ဟု သူကြားဖူးသည်။ သန္ဓေကိုခွဲ၍ နတ်ဝိညာဉ်တည်ဆောက်ချိန်တွင် ကြောက်စရာကောင်းကင်ဆင်းရဲလျှပ်စီး ဆင်းလာသည်ဟုဆိုသည်။
ပုံမှန်အားဖြင့် နတ်ဝိညာဉ်အဆင့်မှ ဝိညာဉ်ပြောင်းအဆင့်သို့ တက်မှသာ ကောင်းကင်လျှပ်စီးကို ရင်ဆိုင်ကြရသည်။ နတ်ဝိညာဉ်အဆင့်တက်ချိန် ရင်ဆိုင်ရခြင်းမျိုး အရင်ကမဖြစ်ဖူး။
စီနီယာအကိုတစ်ယောက်က သူ့နည်းလမ်းကို အတုခိုးရန် ကြိုးစားခဲ့သည်။ ကောင်းကင်လျှပ်စီးကို ဆွဲဆောင်နိုင်သည့် နတ်ဝိညာဉ်မျိုး တည်ဆောက်လိုသည်။ အကြိမ်ကြိမ်ကြိုးစားအားထုတ်သည်။ အခြေခံခိုင်ခံ့အောင် ရွှေသန္ဓေအဆင့်စွမ်းအားကို အထပ်ထပ်ဖိနှိပ်ထားခဲ့သည်။ နောက်ဆုံးတွင် အောင်မြင်သွားသည်။ ကောင်းကင်လျှပ်စီးဆွဲဆောင်သည့် နတ်ဝိညာဉ်ကို တည်ဆောက်နိုင်ခဲ့သည်။
အားလုံးအံ့ဩကြရသည်။ သူ့နတ်ဝိညာဉ်က အားမန်တက်ကြွစွာ ကောင်းကင်လျှပ်စီးကို ခုခံရင်ဆိုင်သည်။
နတ်ဝိညာဉ်တစ်ခု သူ့ဘာသာလွတ်လပ်စွာ လှုပ်ရှားသည့်အဖြစ်မျိုးကို ယွမ်ကျိပင် မစွမ်းဆောင်နိုင်ခဲ့။ စွမ်းအားမြင့်ကိုယ်ပွားတစ်ခု ရလာသည်နှင့်သဘောချင်းတူသည်။ တိုက်ခိုက်စွမ်းအားကို သိသိသာသာတိုးမြှင့်နိုင်သည်။
သမိုင်းတွင်တော့မည်ဟု အားလုံးက ထင်နေကြစဉ်မှာပင် ထိုအကို၏ နတ်ဝိညာဉ်က သခင်ကိုဆန့်ကျင်လာသည်။ အတင်းကြိုးစားခုခံသော်လည်း နတ်ဝိညာဉ်က သူ့ကိုအပြတ်အသတ်အနိုင်ယူသည်။
သူကိုယ်တိုင် နတ်ဝိညာဉ်အဆင့်ရောက်နေသည့်တိုင် သူ့နတ်ဝိညာဉ်သူ မနိုင်တော့။
အမှန်တကယ် သမိုင်းတွင်သွားခြင်းဖြစ်သည်။
တာအိုရှင်ဝစီပိတ်က သူ့ကိုကူညီ၍ နတ်ဝိညာဉ်ကိုထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ လေးငါးကြိမ်ကျရှုံးပြီးနောက်တွင် ထိုနတ်ဝိညာဉ်ကို ဖျက်ဆီးလိုက်ရသည်။ တစ်ခြားနည်းလမ်းဖြင့် ရွှေသန္ဓေကိုခွဲ၍ နတ်ဝိညာဉ်ပြန်တည်ဆောက်ဖို့ ကွဲပြားသည့်လမ်းစဉ်လိုက်ပြီး မလိုအပ်ဘဲကိုယ့်ဒုက္ခကိုယ်မရှာဖို့ ဝစီပိတ်က သူ့ကိုအကြံပေးသည်။
ထိုကိစ္စက ရှက်စရာကောင်းသည်ဖြစ်၍ ဂိုဏ်းတွင်းမှလူများသာ သိကြသည်။
ထိုစီနီယာအကို၏ နာမည်ကိုလည်း လျှို့ဝှက်ထားကြသည်။
သို့သော် မုန်ကျင်းကျိုးဆီမှ လုယန် သတင်းကြားသည်။ ရှက်စရာကောင်းသည့် ထိုအကိုဆီုသည်မှာ တာအိုရှင်ဝစီပိတ်၏ ဒုတိယတပည့်ဖြစ်သည်။ တစ်နည်းအားဖြင့် လုယန်၏ ဒုတိယဂိုဏ်းတူအကိုဖြစ်သည်။
ယခု အနောက်ပိုင်းရွှေဗုဒ္ဓနယ်မြေတွင် လေ့ကျင့်ရေးဆင်းနေသည်။ လုယန် ယခုချိန်ထိ သူ့ကိုမတွေ့ဖူးသေး။ ကောင်းကင်ဂိတ်တောင်ထိပ် ခန်းမထဲမှ ဖြူမည်းပုံတူပန်းချီကိုသာ မြင်ဖူးသည်။
တစ်ခါတစ်ရုံ အကိုနှစ်လေ့ကျင့်ရေးအောင်မြင်စေဖို့ မွှေးတိုင်ပူဇော်၍ သူဆုတောင်းပေးသည်။
တတိယဂိုဏ်းတူအမအတတွက်လည်း ဆုတောင်းပေးပါသည်။ မျက်နှာလိုက်သလို ဖြစ်မည်စိုးသောကြောင့်ဖြစ်သည်။
"အကိုတိုင်ပုဖန်ရဲ့ ရွှေသန္ဓေတည်ဆောက်နည်းကို ကြည့်သေးတာပေါ့။ ရေအထူးပြုရွှေသန္ဓေ၊ ထိပ်တန်းရွှေသန္ဓေ။ သန့်စင်ပြီး အနံ့မွှေးတယ်။ ဝိညာဉ်စွမ်းအင်ပြည့်တယ်။ ဒါပေမယ့် မအေးဘူး။ ရွှေရောင်အလယ်မှာ အပြာရောင်သန်းနေတယ်။ ဒန်ထန်မှာ သူ့ဘာသာလည်ပတ်ပြီး ကျင့်ကြံတယ်။ ဝိညာဉ်စွမ်းအင်ကို လှိုင်းအဖြစ်ပြောင်းပြီး ဖြန့်ကျက်တယ်။ ဝိညာဉ်စွမ်းအားက အမြဲတမ်း အပြည့်ဝဆုံးအခြေအနေမှာရှိတယ်"
"ကျင့်ကြံနည်း - နေ့တိုင်း ရေဆိပ်သင့်သည်အထိ ရေသောက်ပါ။ ရေကန်ထဲမှာ ခေါင်းမဖော်ဘဲ ဆယ်ရက်ငုပ်နေပါ။ ကိုယ့်ကိုယ်ကို လွတ်လပ်စွာကူးခတ်နေတဲ့ ငါးတစ်ကောင်လို့ စိတ်ကူးယဉ်ကြည့်ပြီး ခန္ဓာကိုယ်နှင့်ရေ တစ်သားတည်းဖြစ်နေတယ်လို့ သဘောထားပါ။ နောက်ဆုံးအဆင့်မှာ ဒန်ထန်ကို သိုလှောင်လက်စွပ်အဖြစ်သုံးပါ။ လေဟာနယ်စွမ်းအားကိုအသုံးချပြီး ကန်ရေကို ဗိုက်ထဲစုပ်ယူလိုက်ပါ။ ကိုယ်တွင်းဝိညာဉ်စွမ်းအင်နှင့် ပေါင်းစပ်ပါ။ ပြီးရင် ရွှေသန္ဓေတစ်ခုဖြစ်အောင် ဖိနှိပ်လိုက်ပါ"
"မှတ်စု ၁။ ကိုယ့်ကိုယ်ကို ငါးအဖြစ်သဘောထားတဲ့အခါ အရမ်းစိတ်ကူးယဉ်မလွန်ပါနှင့်။ ငါးမျှားချိတ်ကို သွားကိုက်မိနိုင်သည်"
"မှတ်စု ၂။ ကန်ရေကို စုပ်ယူတော့မယ်ဆိုရင် သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားပါ။ ကျုပ်ကြုံတွေ့ခဲ့ရသလို ထောင်ကျသွားနိုင်သည်"
"မှတ်စု ၃။ ရေဆိပ်သင့်သည်မှာ ပုံမှန်ကိစ္စဖြစ်သည်။ သက်ဆိုင်ရာဆေးဝါးများ ကြိုပြင်ထားပါ"
မှတ်စုသုံးခုကိုကြည့်ပြီးနောက် တိုင်ပုဖန်ကြုံတွေ့ခဲ့ရသည့်အဖြစ်များက စိတ်ကူးယဉ်ကြည့်ဖို့ပင် ခက်ခဲကြောင်း လုယန်သိလိုက်ရသည်။
"အဲ...ဒါက ရေဓာတ်ရွှေသန္ဓေပဲ"
နတ်မယ်၏အသံ ထွက်လာသည်။
လုယန်အံ့အားသင့်သွားသည်။
"နတ်မယ်၊ ခင်ဗျားမအိပ်သေးဘူးလား"
"အားရအောင်ကစားပြီးရင် အိပ်မှာပေါ့"
နတ်မယ် လက်ခါပြသည်။
"ရေဓာတ်ရွှေသန္ဓေဆိုလို့ ပြောရဦးမယ်။ ရေဓာတ်ရွှေသန္ဓေပြိုင်ဘက်နှစ်ယောက်နဲ့ ငါကြုံခဲ့ရဖူးတယ်။ နှစ်ယောက်လုံးက ထိပ်တန်းအဆင့်ရွှေသန္ဓေတွေပဲ။ ရွှေသန္ဓေအဆင့်ထဲမှာ ယှဉ်နိုင်သူရှားတယ်။ သူတို့နှစ်ယောက်ပူးပေါင်းလိုက်ရင် တားဆီးလို့မရနိုင်တော့ဘူး။
တစ်ယောက်ရဲ့ရွှေသန္ဓေက မြစ်သုံးမြစ်ကန်ငါးကန်သန္ဓေပါ။ မြစ်သုံးမြစ်ကန်ငါးကန်ရဲ့ စွမ်းအားတွေကို စုစည်းနိုင်တယ်။ မြစ်ရေကို ဆင့်ခေါ်နိုင်တယ်။ နောက်တစ်ယောက်ရဲ့ ရွှေသန္ဓေက အဆုံးမဲ့ပင်လယ်သန္ဓေတဲ့။ ပင်လယ်စွမ်းအားကို စုစည်းနိုင်တယ်။ ပင်လယ်ရေကို ဆင့်ခေါ်နိုင်တယ်"
"ဘယ်ရွှေသန္ဓေက ပိုစွမ်းအားကြီးလဲ။ အဆုံးမဲ့ပင်လယ်သန္ဓေလား"
လုယန် စိတ်ဝင်စားလာသည်။ မြစ်စွမ်းအားသည် ပင်လယ်စွမ်းအားကို မီမည်မထင်။
နတ်မယ် ခေါင်းခါသည်။
"မြစ်စွမ်းအားက ပင်လယ်ထက်သာတာအမှန်ပါပဲ။ ဒါပေမယ့် ရွှေသန္ဓေအဆင့်မှာ အပြည့်အဝထုတ်မသုံးနိုင်သေးဘူး။ အကန့်အသတ်ရှိတယ်။ ဒီရွှေသန္ဓေနှစ်ခုရဲ့ အခြေခံစွမ်းအားက အတူတူလောက်ပဲ။ သိပ်မကွာဘူး"
လုယန် ပို၍ပင် စိတ်ဝင်စားသွားသည်။ နှစ်ခုလုံးက ရေဓာတ်ထိပ်တန်းရွှေသန္ဓေများဖြစ်သည်။ အသုံးချပုံကလည်း သိပ်မကွာလောက်။ စွမ်းအားချင်းကလည်း တူညီသည်။
"ဒါဆို ဒီရွှေသန္ဓေနှစ်ခုကြားမှာ ဘာကွာခြားချက်ရှိလဲ"
"တစ်ခုက ရေချိုထုတ်လွှတ်နိုင်တယ်။ တစ်ခုက ရေငန်ထုတ်လွှတ်နိုင်တယ်လေ"
ရှင်းနေသည့်ကိစ္စကို ဘာကြောင့်မေးသည်မသိ။ လုယန် စိတ်မှမှန်ရဲ့လားဟု လုယန်ထင်မိသည်။
လုယန် - "..."
ခင်ဗျားတို့ ရှေးဟောင်းကျင့်ကြံသူတွေဟာ အတော်လည်း အချိန်တွေအားလျားကြတာပဲ။ ရွှေသန္ဓေမှာတောင် ရေချိုနဲ့ရေငန်ခွဲကြတယ်ပေါ့။
"သူတို့က အတော်လေးစွမ်းအားကြီးပေမယ့် ငါ့ရဲ့ရေကွင်းမှော်ပညာကို မယှဉ်နိုင်ကြဘူး"
နတ်မယ်က ပုံမှန်လေသံမျိုးဖြစ်အောင် ကြိုးစား၍ပြောသည်။ ရန်သူကို အလွယ်အနိုင်ယူခဲ့သည်ဟူသည့် ဝင့်ကြွားမှုမျိုးမပါ။ သူ့သော် သူ့နှုတ်ခမ်းထောင့်ကွေးညွှတ်နေသည်ကို လုယန်မြင်သည်။
နတ်မယ်ကို သူကျိတ်လေးစားမိသည်။ နေ့စဉ်ဘဝတွင် ယုံကြည်အားကိုး၍ မရသော်လည်း တကယ်ထူးခြားသူဖြစ်သည်။ ရှေးဟောင်းခေတ်သည် ထူးခြားပါရမီရှင်များပြည့်နေသည့် သမိုင်တွင်အတောက်ပဆုံးကာလဖြစ်သည်။
ရှေးဟောင်းခေတ်မှ ကြမ်းတမ်းသည့်ယှဉ်ပြိုင်မှုများက ပို၍ပင်အထင်ကြီးစရာကောင်းသေးသည်။ ထာဝရနတ်မယ် မသေမျိုးငါးယောက်ထဲမှ တစ်ယောက်ဖြစ်လာသည်။ မသေမျိုးဘဝသို့တက်သည့်လမ်းခရီးသည် အင်အားကြီးရန်သူများကို ကြိမ်ဖန်များစွာအနိုင်ယူယူ၍ လမ်းခင်းခဲ့ရပေလိမ့်မည်။ သူ့တိုက်ခိုက်စွမ်းအား နိမ့်စရာအကြောင်းမရှိ။
ရွှေသန္ဓေများကို အဆင့်ကိုးဆင့်ခွဲခြားသတ်သည်။ ပထမဆင့်က အားအကောင်းဆုံး နဝမအဆင့်က အားအနည်းဆုံးဖြစ်သည်။ ထိပ်တန်းရွှေသန္ဓေများက သဲပြင်ထဲမှ ရွှေမှုန်ကဲ့သို့ ရှားပါးသည်။ ဂိုဏ်းတပည့်တိုင်း ပါရမီရှင်များဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းလို ဂိုဏ်းကြီးတစ်ဂိုဏ်းမှာပင် ထိပ်တန်းရွှေသန္ဓေပိုင်ရှင် အနည်းငယ်သာရှိသည်။
ထိုအချက်ကိုကြည့်လျှင် ထိပ်တန်းရွှေသန္ဓေစွမ်းအား၏ အတိမ်အနက်ကို သိနိုင်သည်။
ထိပ်တန်းရွှေသန္ဓေနှစ်ခုပူးပေါင်းတိုက်ခိုက်ခြင်းသည် ပြိုင်ဘက်ကင်းအနေအထားဖြစ်ခဲ့လိမ့်မည်။ သို့သော် နတ်မယ်က ထိုကဲ့သို့ရွှေသန္ဓေပိုင်ရှင်တစ်ယောက်ကို တစ်ချက်တည်းတိုက်ခိုက်အနိုင်ယူခဲ့သည်။ ကြောက်စရာပါရမီမျိုးဖြစ်သည်။
"ဒါနဲ့နတ်မယ်...အဲဒီတုန်းက ခင်ဗျားကျင့်စဉ်အဆင့်ကဘာလဲ"
"နတ်ဝိညာဉ်အဆင့်ပါ"
"...ထင်သားပဲ"
"နင်ဘာပြောတာလဲ"
"ဘာမှမဟုတ်ပါဘူး"
လုယန် စာဆက်ဖတ်သည်။ အကိုတိုင်ပုဖန်ပြီးလျှင် အကိုကျိဟုန်ဝမ်အကြောင်းလာသည်။
"လေးရာသီဝါးစိမ်းသန္ဓေ၊ ထိပ်တန်းရွှေသန္ဓေ။ သန္ဓေထဲမျာ ဝါးစိမ်းပုံရိပ်တွေပါတယ်။ ရာသီတွေလည်ပတ်သွားပေမယ့် ဝါးစိမ်းက မပြောင်းလဲဘူး။ အမြဲစိမ်းလမ်းပြီးလှပါတယ်။ မာကြောပြီး အလိုက်သင့်လှုပ်ရှားနိုင်တယ်။ လူရည်မွန်တစ်ယောက်လို နူးညံ့တယ်"
"ကျင့်ကြံနည်း - ဝါးတွေ အပင်စပေါက်ရင် တစ်လက်မအရှည်ပဲရှိတယ်။ ဒါပေမယ့် ဝါးဆစ်ဝါးရွက်တွေ ပိုင်ဆိုင်နေပြီ။ ဒီတော့ ဝါးကိုပန်းချီဆွဲမယ်ဆိုရင် စိတ်ထဲမှာ ပြည့်စုံတဲ့ပုံရိပ်တစ်ခု ရှိနေရမယ်။ အနီးကပ်စောင့်ကြည့်လေ့လာရမယ်။ ကိုယ့်ကိုယ်ကို ဝါးမျှစ်လို သဘောထားရမယ်။ ဝါးမျှစ်ကိုစားရမယ်။ ဝါးစိမ်းရည်ကိုသောက်ရမယ်။ သဘာဝနဲ့ နီးစပ်နေရမယ်။ သဘာဝကို နားလည်ရမယ်။ ဘယ်နေရာကြည့်ကြည့် အစိမ်းရောင်ကို မြင်နေရမယ်။ အဲလိုဆိုရင် ရွှေသန္ဓေ ဖြစ်ပေါ်လာမယ်"
"မှတ်စု ၁။ ပန်းချီပညာမကျွမ်းကျင်ရင် ဒီနည်းလမ်းကို သွားမစမ်းပါနဲ့"
"မှတ်စု ၂။ ဝါးတောထဲ ကျင့်ကြံနေတဲ့အချိန်မှာ သတိထားပါ။ ဝက်ဝံကြီးတွေ တိုက်ခိုက်လာနိုင်တယ်။ သူတို့အစာကို ခိုးနေတယ်လို့ ထင်သွားနိုင်တယ်"
"မှတ်စု ၃။ ဒီနည်းလမ်းက ဝါးစိမ်းပင်တစ်မျိုးတည်းအတွက်ပဲ သတ်မှတ်ထားတယ်။ ရှားစောင်းပင်လို ဆူးပန်းပင်လို တစ်ခြားအပင်တွေ မသက်ဆိုင်ပါ"
ရွှေသန္ဓေတည်ဆောက်မှုနှင့် ပတ်သက်၍ အကိုတိုင်ပုဖန်နှင့် အကိုကျိဟုန်ဝမ်တို့၏ အတွေ့အကြုံများက တကယ်ထူးခြားလှသည်။
*******************************************