ထာဝရမျိုးဆက်၏ ဒုတိယခေါင်းဆောင်
Vol. 15 Ch. 219
"သူတို့ငါ့ကို အကြောင်းပြချက်နှစ်ခုနဲ့တားတယ်။ ပထမတစ်ခုက လူတွေဟာ ရှင်သန်ဖို့အတွက်ပဲ အထောက်အပံ့ရင်းမြစ်တွေကို လုယက်တိုက်ခိုက်နေတာမဟုတ်ဘူး။ ပိုကောင်းတဲ့ဘဝမျိုးနဲ့ နေချင်ကြလို့တဲ့။
လူတိုင်း ထာဝရအသက်ရှင်ပြီး ရင်းမြစ်ပမာဏတွေ အများကြီးသိုလှောင်ထားရင် အသစ်မွေးဖွားလာတဲ့လူတွေအတွက် အရမ်းခက်ခဲသွားမယ်။ သက်တမ်းရင့်ဘိုးဘေးကြီးတွေဆီကနေ မကောင်းကြံဖို့ ကြိုးစားရမယ်။ အဲလိုမဟုတ်ရင် သူတို့လက်ကြားကထွက်ကျလာတဲ့ အကြွင်းအကျန်တွေကို တောင်းခံရမယ်။ အချိန်ကြာလာတာနဲ့အမျှ မျိုးဆက်သစ်တွေ ပိုပိုပြီးခက်ခဲလာမယ်။ ဘဝကိုပျော်ရွှင်ဖို့မဟုတ်ဘဲ ဒုက္ခခံဖို့ မွေးဖွားလာရသလိုဖြစ်မယ်။ အပြောင်းအလဲမရှိတဲ့ လောကကြီးတစ်ခုဖြစ်လာမယ်တဲ့။
ဒုတိယအကြောင်းပြချက်က...သက်ရှိတိုင်းရဲ့သက်တမ်းကို ကန့်သတ်ထားတယ်။ ဒါကို စည်းမျဉ်းတစ်ခုလို့ မြင်ရမယ်တဲ့။ လူအားလုံးကို မသေမျိုးအဖြစ် ဖန်တီးပေးရင် သက်တမ်းစည်းမျဉ်းနဲ့ ဆန့်ကျင်ဘက်ဖြစ်မယ်။ ထာဝရအရိယဖလရဲ့အုတ်မြစ် ယိုင်နဲ့လာမယ်တဲ့။
သူတို့ပြောတာမှန်တယ်လို့ တွေးမိတယ်။ သူတို့က ငါ့လောက် ဉာဏ်မထက်ကြပေမယ့် သူတို့ထောက်ပြတဲ့အချက်တွေက ယုတ္တိကျတယ်။ ဒါကြောင့် သူတို့သုံးသပ်ချက်ကိုပဲ လက်ခံလိုက်တယ်။
ဒါပေမယ့် စိတ်မပူပါနဲ့ လုယန်။ လူတိုင်းကို မသေမျိုးဖြစ်အောင် လုပ်မပေးနိုင်ပေမယ့် နင့်ကိုတော့ ထာဝရအရိယဖလပုံပွားတစ်ခုပေးပြီး မသေမျိုးဖြစ်အောင် ချီးမြှောက်နိုင်ပါတယ်"
ထာဝရနတ်မယ် ရက်ရောစွာကမ်းလှမ်းသည်။
"ကဲ ဘယ်လိုလဲ။ ငါ့ရဲ့ထာဝရမျိုးဆက်ကို ဝင်ချင်လား။ ငါနဲ့သာနေပါတ။ ဘဝကိုဇိမ်ကျကျနေရမယ်လို့ ငါကတိပေးတယ်။ နင်လိုချင်တာမှန်သမျှရမယ်။ ငါရဲ့ထာဝရမျိုးဆက်မှာ နင်ကဒုတိယခေါင်းဆောင်ဖြစ်လာမယ်"
"သိချင်လို့မေးပါဦးမယ်။ ဒီထာဝရမျိုးဆက်မှာ လူဘယ်နှယောက်ရှိလဲ"
"သုံးယောက်လေ။ ငါရယ်၊ နင်ရယ်၊ အရှက်မဲ့ရယ်ပေါ့။ နင့်အဆင့်က အရှက်မဲ့ထက် ပိုမြင့်မယ်။ မသေမျိုးဖြစ်မယ်။ ဒီကမ်လှမ်းချက်က အရမ်းတန်ဖိုးကြီးတယ်နော်"
ထာဝရနတ်မယ် ဣန္ဒြေမဲ့စွာ တဟက်ဟက်ရယ်နေသည်။
ရှေးခေတ်မသေမျိုးလေးယောက်သည် လူယုံကိုယ်စီ တပည့်ကိုယ်စီရှိကြသည်။ မများသော်လည်း မသေမျိုးတစ်ယောက်၏မျိုးဆက်တွင် လူတစ်ယောက်တည်းရှိသည့်အဖြစ်ကို တစ်ခါမှမကြားဖူး။
ထာဝရနတ်မယ်က ချွင်းချက်ဖြစ်သည်။
ထာဝရမျိုးဆက်တွင် သူတစ်ယောက်သာရှိသည်။ အရှက်မဲ့ကို သူ့လက်အောက်သို့ အတင်းသွပ်သွင်းသည်။ ယခု လုယန်ကို လုယန်ကိုစည်းရုံးဖို့ ကြိုးစားနေပြန်သည်။
လုယန် ခဏငြိမ်၍ စဉ်းစားသည်။ ထို့နောက် ပြတ်ပြတ်သားသားခေါင်းခါသည်။
"ကျုပ်ရဲ့ကိုယ်ပိုင်အားထုတ်မှုကိုပဲ အားကိုးပါ့မယ်"
"ငြီးငွေ့ဖို့ကောင်းလိုက်တာ"
ထာဝရနတ်မယ် နှုတ်ခမ်းစူသည်။ လုယန်ဆုံးဖြတ်ချက်ကို စိတ်ပျက်သွားသည်။
လုယန်ကို ထာဝရအရိယဖလကိုယ်ပွား တကယ်ပေး၍ သူနှင့်ပူးပေါင်းစေချင်သည်။
ရှေးဟောင်းခေတ်က လူပေါင်းများစွာ ထာဝရမျိုးဆက်သို့ ဝင်ချင်ခဲ့ကြသည်။ သူအားလုံးကို ငြင်းခဲ့သည်။ မရိုးသားသည့်အကြံနှင့်လာသူများကို လုံးဝလျစ်လျူရှုထားခဲ့သည်။
ရှေးဟောင်းခေတ်မှ ယခုအချိန်ထိ သူတွေ့ဖူးသမျှတွင် လုယန်သည် သူသဘောအကျဆုံး ကျင့်ကြံသူဖြစ်သည်။ လူတစ်ယောက်ကို သူ့မျိုးဆက်သို့ဝင်ဖို့ ဖိတ်ခေါ်သည်မှာ ယခုပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် သူငြင်းပယ်ခံရသည်။
"လီဟော်ရန်က လူဝင်စားအရိယဖလပိုင်တာလား ပုံပွားပိုင်တားလားဆိုတာ ခင်ဗျားခန့်မှန်းနိုင်လား"
ထိုကိစ္စကို လုယန် အဓိကစိုးရိမ်သည်။
ထာဝရနတ်မယ် ခေါင်းခါသည်။
"မပြောတတ်ဘူး။ ငါ့နယ်ပယ်ထဲကမဟုတ်ဘူးလေ"
"ဟုတ်ပါပြီ"
.....
လုယန်နှင့် ထာဝရနတ်မယ်တို့ ပြောဆိုဆွေးနွေးနေသည်က အတော်ကြာသယောင်ရှိသည်။ သို့သော် စိတ်ထဲတွင် ပြောဆိုသည်က အပြင်မှာထက် များစွာပိုမြန်သည်။
အပြင်ဘက်တွင် လီဟော်ရန်က သူနှင့်ချင်ဟော်ရန် ဘာမှမပတ်သက်ကြောင်း အကြောက်အကန်ငြင်းနေဆဲဖြစ်သည်။
ချင်ဟောရန်လူဝင်စားပါဟု ဝန်ခံလိုက်လျှင် ဘာဆက်ဖြစ်လာမည်နည်း။
လှပသည့် စုစည်းခြင်းအဆင့် ဇနီးတစ်ယောက်ရမည်။
ချစ်စရာသမီးတစ်ယောက်ရမည်။
ဝိညာဉ်ကျောက်၊ ဆေးလုံး၊ လက်နက်၊ ရှားပါးရတနာ။ အဆုံးစမရှိသည့် ရင်းမြစ်များရမည်။
စုစည်းခြင်းအဆင့် ကာကွယ်သူတစ်ယောက် ရှိလာမည်။
ချင်ဟော်ရန်လူဝင်စားပါဟု ဝန်ခံခြင်းသည် သိပ်မဆိုးလောက်။
မဟုတ်သေး၊ မဟုတ်သေး။ သူထို့သို့တွေး၍မဖြစ်။ ချို့ယွင်းချက်များကို စဉ်းစားရမည်။
အတော်ကြာအောင် စဉ်းစားနေသော်လည်း ချို့ယွင်းချက် လုံးဝရှာမတွေ့။
"ဒီမှာခင်ဗျ။ ကျုပ်ရည်ရွယ်ချက်က ကိုယ့်ပါရမီကိုယ်အားကိုးပြီး အမြင့်ဆုံးအဆင့်ရောက်အောင် ကြိုးစားကျင့်ကြံဖို့ပါ။ အကိုလုလို ကျင့်ကြံမှုပါရမီရှင် ဖြစ်လာဖို့ပါ"
အကိုလုကိုကြည့်ပါ။ သူနှင့်သက်တူရွယ်တူဖြစ်ပြီး ယာယီဂိုဏ်းချုပ်ဖြစ်လာသည်။ သူက မိန်းမတစ်ယောက်၏ အရိပ်အောက်တွင်သာ နေရမည်။
"ဒီနေ့ ဒီလောက်နဲ့ပဲ တော်ကြစို့။ အနားယူကြရအောင်"
လီဟော်ရန်မိဘများက အကြံပြုသည်။ ထိုကိစ္စက ချက်ချင်းဖြေရှင်း၍ရမည်မဟုတ်။
"ကျွန်မတို့မှာ ဧည့်သည်တွေအတွက် အခန်းတွေအများကြီးရှိပါတယ်။ ရှောင်လုနဲ့ရှောင်မုန်၊ မင်းတို့လည်း တာအိုလမ်းစဉ်ဂိုဏ်းကနေ လာခဲ့ရတာဆိုတော့ လော်ဖုန်းကောင်တီမှာ ရက်နည်းနည်းလောက်နေကြပါဦး။
..ပြီးတော့ ယီရန်နဲ့ယန်ယန်။ မင်းတို့လည်း တည်းခိုခန်းမှာမနေနဲ့။ ငါတို့နဲ့ ဒီမှာအတူနေပါ"
လုယန်နှင့်မုန်ကျင်းကျိုးတို့ လက်ခံလိုက်သည်။ စုယီယန်၏ ဖျောင်းဖျမှုကြောင့် ချင်ဟော်လည်း အတူနေဖို့ သဘောတူလာသည်။
ရှည်လျားသည့်တစ်နေ့တာကုန်ဆုံးပြီး၍ ညစာစားချိန် ရောက်နေပြီဖြစ်သည်။ ချင်ဟော်ရန်ကိစ္စ ပြဿနာဖြစ်ခဲ့ကြသော်လည်း အားလုံး အဆင်ပြေပြေနေကြသည်။
"ဘုရားရေ၊ အခုမှသတိရတယ်။ စကားတွေအများကြီး ပြောနေခဲ့ကြတာ။ ကျွန်မ ညစာတောင်မပြင်ရသေးဘူး"
လီဟော်ရန်၏မိခင်က အထိတ်တလန့်ရေရွတ်လိုက်သည်။
လုယန်က တားသည်။
"ညစာကို ကျုပ်တို့တာဝန်ထားပါ။ မုန်ကျင်းကျိုးနဲ့ကျုပ်က တာအိုလမ်းစဉ်ဂိုဏ်းမှာ ဟင်းချက်လက်ရာကောင်းတယ်ဆိုပြီး နာမည်ကြီးပါတယ်"
လီမိခင် တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ သို့သော် လီဟော်ရန်က တကယ်အမှန်ဖြစ်ကြောင်း သက်သေခံသည်။
လုယန်နှင့်မုန်ကျင်းကျိုး ကျောက်စိမ်းတံဆိပ်ထဲမှ ဟင်းချက်ပစ္စည်းများ ကျွမ်းကျင်စွာ ထုတ်လိုက်သည်။ အသားကင်သည့်စင်၊ အမွှေးအကြိုင်သုတ်လိမ်းသည့်စုတ်တံ၊ ယပ်တောင်၊ အကင်တုတ်ချောင်း၊ အသားနှင့် ဟင်းခတ်ပစ္စည်းများနှင့် အရေးကြီးဆုံးဖြစ်သည့် အော်တိုအသားကင်မှော်စက်ဝန်းတို့ကို ထုတ်လိုက်သည်။
ထိုမှော်စက်ဝန်းသည် သခင်လျိုနှင့်သခင်ကောင်း၏ နောက်ဆုံးပေါ်တီထွင်မှုဖြစ်သည်။ သူတို့က အသားကင်ဆိုင်ကို တာအိုလမ်းစဉ်းဂိုဏ်းတွင်သာမကဘဲ တိုက်နယ်တစ်ခုလုံးထိ ချဲ့ထွင်ရန် ရည်ရွယ်ထားသည်။
ဆိုင်ခြွများအောင်မြင်ဖို့ အဓိကသော့ချက်မှာ အရည်အသွေးမီဖို့နှင့် အော်တိုလည်ပတ်နိုင်ဖို့ဖြစ်သည်။ အော်တိုအသားကင်မှော်စက်ဝန်းဖြင့် စကြသည်။
ချင်ယန်ယန် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှတပည့်များ စွယ်စုံရသည်ဟု ကြားဖူးသည်။ သို့သော် ကျင့်စဉ်နည်းလမ်းအမျိုးမျိုးကျွမ်းကျင်ခြင်းကို ဆိုလိုသည်ဟု ထင်ခဲ့သည်။
အသားကင်သည့်အလုပ် ဘယ်ကဘယ်လို ပါလာသည်မသိ။
လီဟော်ရန်စကားအရ ထိုနှစ်ယောက်သည် ဂိုဏ်းတွင်အထူးအလေးထားခံရသူများဖြစ်သည်။ တစ်ယောက်က ဂိုဏ်းချုပ်၏တပည့်။ တစ်ယောက်က မုန်မိသားစု၏အကြီးဆုံးသား။ ထိုနှစ်ယောက်သည် ယခုလို အမြဲတမ်း လက်တွေ့ဆန်လေသလားမသိ။
"မီးတောက်စစ်လား"
လုယန်မှုတ်ထုတ်သည့် မီးတောက်ကိုကြည့်၍ ချင်ယန်ယန် အံ့ဩနေသည်။
မီးတောက်စစ်ဆိုသည်မှာ ရွှေသန္ဓေအဆင့်များပင် ကျင့်ကြံရန်ခဲယဉ်းသည့်အရာဖြစ်သည်။
လီဟော်ရန် နှာခေါင်းရှုံ့သည်။
"အဲဒါ သာမန်မီးတောက်စစ်မဟုတ်ဘူး။ ထိပ်တန်းသမာဓိမီးတောက်တွေထဲက တစ်ခုပဲ။
အကိုလုနဲ့အကိုမုန်ကို ဘယ်လိုလူတွေထင်လို့လဲ။ သူတို့က ငါတို့မျိုးဆက်ရဲ့ ပထမနဲ့ဒုတိယတပည့်တွေပဲ"
ချင်ယန်ယန် မျက်လုံးပြူးသွားသည်။
လီဟော်ရန် အဆင့်ငါးနေရာရသည်ကို စွမ်းရည်ညံ့၍ဟု သူထင်ခဲ့သည်။
တကယ်တိုက်ခိုက်ကြည့်ချိန်တွင် ဆံပင်တုမသုံးခဲ့လျှင်ပင် လီဟော်ရန်ကို သူမနိုင်ကြောင်း သိလာသည်။
ထိုအချိန်က ထိပ်တန်းလေးယောက်သည် ဘယ်လိုပါရမီရှင်များဖြစ်လေမလဲဟု သူတွေးနေခဲ့သည်။
ယခု သိလိုက်ရသည်။
လီဟော်ရန်မိခင်လည်း လုယန်နှင့်မုနု်ကျင်းကျိုး ထိပ်တန်းတပည့်များဖြ်စကြောင်း သိရသဖြင့် အံ့ဩသွားသည်။ ထို့ကြောင့် ထိုကလေးနှစ်ယောက်ကို သူအတော်သဘောကျသလို ခံစားခဲ့ရခြင်းဖြစ်မည်။
"ဟော်ရန်၊ သူတို့ဘယ်လိုကျင့်ကြံထားလဲ ကြည့်လိုက်။ ရှောင်လုဟာ အရုဏ်ချိန်ကနေ ညနေမိုးချုပ်တဲ့ထိ မပြတ်လေ့ကျင့်ခဲ့တာပဲဖြစ်မယ်။ ပြီးတော့ နင့်ကိုယ်နင်ပြန်ကြည်။ အမြဲတမ်းအချောင်ခိုနေတယ်။ ငါသာမရှိရင် နင်ကနေမွန်းတည့်ချိန်အထိ အိပ်လောက်တယ်။ လုယန်ရဲ့တစ်ဝက်လောက် နင်ဇွဲရှိရင်ကို သိပ်ကောင်းမှာပဲ"
လီဟော်ရန် မျက်နှာမည်းသွားသည်။ အကိုလုနှင့်အကိုမုန်ကို သူခေါ်မလာခဲ့သင့်။
ထို့ပြင် ထိုနှစ်ယောက် ထိုမျှလောက် ပင်ပင်ပန်းပန်း လေ့မကျင့်ကြမှန်း သူသိသည်။ အားလုံးက သက်တူရွယ်တူချင်းဖြစ်သည်။ ဘယ်သူဘယ်လောက်လေ့ကျင့်သည်ကို အားလုံးသိကြသည်။
***********************************