← Chapters

တိမ်ထူသောပြီးနေသာသောနေ့

Vol. 15 Ch. 220

တိမ်ထူသောပြီးနေသာသောနေ့

Vol. 15 Ch. 220

'နောက်တစ်ခေါက်အသားကင်ဆိုင်'တည်ထောင်သူများဖြစ်၍ သူတို့နှစ်ယောက် ကျွမ်းကျင်ကြသည်မှာ မဆန်းလှ။

ယန်ကျန်းကောင်တီတွင် သက်သေပြခဲ့ပြီးဖြစ်သည်။ ယခု လုယန်က ရသာသုံးမျိုးမီးတောက်ကို ကျွမ်းကျင်ခဲ့သဖြင့် သူ့စွမ်းရည်များ ပိုတိုးတက်လာသည်။

အခြေတည်အဆင့်များထဲ၌ အသားကင်စွမ်းရည်တွင် သူ့ကိုမီသူတစ်ယောက်မှမရှိဟု သူယုံကြည်သည်။

အသားကင်များကိုလှည့်၍ ဇီယာနှင့်ငရုတ်မှုန်များ ဖြူးသည်။ အသားကိုမီးထိသည်နှင့် ချက်ချင်းရနံ့သင်းလာသည်။ အမွှေးအကြိုင်နည်းသည့် အစားအသောက်များသာ ပိုနှစ်ခြိုက်သည့် ချင်ယန်ယန်ပင် တံတွေးမျိုချမိသည်။

"လာကြပါ၊ အသင့်ဖြစ်ပါပြီ"

လုယန် အသားကင်များ လက်နှစ်ဆုပ်အပြည့် အကင်ဗန်းပေါ်တင်လိုက်သည်။ ဘုတ်ခနဲ အသံထွက်လာသဖြင့် အလေးချိန်အတော်များကြောင်း သိသာနေသည်။

မုန်ကျင်းကျိုးလည်း အာလူးစိပ်များ၊ ဂျူးမြစ်များ၊ တို့ဟူးများကင်ရင်း အလုပ်များနေသည်။ လုယန်၏အသားကင်နံ့ထက် မလျောသည့် အမွှေးနံ့များထွက်လာသည်။

"အရသာရှိလိုက်တာ"

လီဟော်ရန်၏ မိဘနှစ်ပါး အသားကင်နှစ်ချောင်းစားပြီးနောက် တအံ့တဩရေရွတ်လိုက်သည်။ တကယ်လေးစားသွားသည်။ ကျင့်စဉ်အဆင့်မြင့်ပြီး ထိပ်တန်းအသားကင်စွမ်းရည်ရှိသည့် လူငယ်နှစ်ယောက်ကို ချီးကျူးသည်။ လီဟော်ရန်က သူတို့နှင့်ယှဉ်လျှင် ညံ့သေးသလို ဖြစ်နေသည်။

"ကျုပ်လည်း တစ်ခုစားမယ်"

အကိုလုနှင့်အကိုမုန်၏ ဂန္တဝင်အသားကင်များအကြောင်း သူကြားဖူးသည်။ သို့သော် တစ်ခါမှမြည်းစမ်းခွင့်မကြုံခဲ့။

အရသာရှိလွန်း၍ ထာဝရဂိုဏ်းတစ်ခုလုံးကို ပြိုလဲစေခဲ့သည့် အသားကင်များဖြစ်သည်။

"သိပ်စားကောင်းတာပဲ"

လီဟော်ရန်မျက်လုံးများ အရောင်လက်လာသည်။ စားဖူးသမျှတွင် အကောင်းဆုံးအသားကင်ဖြစ်သည်။

ချင်ယန်ယန်နှင့် စုယီရန်က အစပိုင်းတွင် တို့ကနန်းဆိတ်ကနန်းသာစားသည်။ သို့သော် ပတ်ဝန်းကျင်က ပိုအသက်ဝင်လာသဖြင့် သူတို့လည်း စိတ်အေးသွားသည်။

လူအားလုံး စိတ်ကြိုက်စားသောက်ကြသည်။ မျက်နှာတွင် ကျေနပ်သည့်အရိပ်မျိုးပေါ်နေသည်။ အားလုံးသာယာနေကြသဖြင့် ထာဝရနတ်မယ် သွားရေယိုမတတ်ဖြစ်လာသည်။

အရသာခံနိုင်သည့် လျှာကလပ်စည်းများမရှိသည့် ဝိညာဉ်ဖြစ်၍ သူဘာကိုမှမစားနိုင်။

"လုယန်၊ နင့်ခန္ဓာကိုယ်ကို ခဏငှားပါဦး။ ငါလည်းစားချင်တယ်"

လုယန်နှင့် သူညှိနှိုင်းသည်။

လုယန် သဘောထားကြီးစွာ ခန္ဓာကိုယ်လွှဲပေးလိုက်သည်။

နတ်မယ် ခန္ဓာကိုယ်ကို ပျော်ရွှင်စွာထိန်းချုပ်ပြီးနောက် ဟန်ဆောင်မနေဘဲ အားရပါးရစားသည်။

"ဟားဟား၊ အကိုလုလည်း နောက်ဆုံးတော့ တကယ်ိစတ်လွတ်ကိုယ်လွတ် စားနေပြီပဲ"

လီဟော်ရန် ရယ်မောနေသည်။ အစောပိုင်း တည်တည်ငြိမ်ငြိမ်စားနေရာမှ ပုံစံရုတ်တရက်ပြောင်းသွားသည်။ ယခု အကင်စားလိုက် ဝါးရည်သောက်လိုက်ဖြင့် အငမ်းမရဖြစ်နေသည်။ လောဖုန်းကောင်တီမြို့အနီး အနီရောင်အရွက်ရှိသည့်ဝါးတောမှ ကြည်လင်ချိုမြသည့် ဝါးရည်များထွက်သည်။ ခရီးသွားများစွာ နှစ်သက်ကြသည်။

လုယန် သက်ပြင်းချလိုက်သည်။

"မသေမျိုးနတ်မယ်တစ်ယောက်အနေဖြင့် ဣန္ဒေလေးတော့ နည်းနည်းမထိန်းသင့်ဘူးလားနတ်မယ်"

"ယင်ထန်မသေမျိုးတို့ကလည်း အပြင်လူတွေရှေ့မှာ စကားလျှော့ပြောဖို့ ငါ့ကိုအကြံပေးခဲ့ပါတယ်။ သူတို့ အများကြီးကြိုးစားအားထုတ်ပြီးမှ မသေမျိုးတွေရဲ့အပြုအမူအပေါ် လူတွေလေးစားမှုတိုးတက်အောင် လုပ်နိုင်ခဲ့တာလို့ပြောတယ်။ အဲဒါကို ငါမဖျက်ဆီးသင့်ပါဘူး။

ဒါပေမယ့် ဒီမှာ အပြင်လူတွေမှမရှိတာ"

လုယန်ကု အပြင်လူဟု သူမသတ်မှတ်။

"ဒါပေမယ့် ပြဿနာက ခင်ဗျားက ကျုပ်ခန္ဓာကိုယ်ကို သုံးနေတာလေ"

"ကဲပါ..ဘာလို့ နင့်ခန္ဓာ ငါ့ခန္ဓာဆိုပြီး ခွဲနေတာလဲ။ ငါ့အမွေပစ္စည်းတွေရှာတွေ့ရင် နင့်ကိုတစ်ဝက်ပေးမယ်"

နတ်မယ် ရက်ရောစွာကမ်းလှမ်းသည်။

မြောက်ဝင်ရိုးစွန်းကြယ်အောက်တွင် သူတန်ဖိုးထားသည့် ပစ္စည်းများအပြည့်ရှိကြောင်း၊ မသေမျိုးရတနာတစ်ခုမြှုပ်ထားကြောင်း နတ်မယ်ပြောခဲ့ဖူးသည်ကို လုယန်ပြန်သတိရလားသည်။

နတ်မယ်အကြောင်း သိထားပြီးဖြစ်၍ ထိုနေရာတွင် အဖိုးတန်းသည့်အရာ ဘာမှမရှိနိုင်လောက်ဟု သူယူဆသည်။

"အဲဒါနဲ့မကျေနပ်သေးဘူးဆိုရင် မသေမျိုးအဆင့်ဟင်းချက်နည်းတစ်ချို့ သင်ပေးမယ်"

လုယန်ကို သူ့ဆက်ခံသူဟု သတ်မှတ်ထားသည်။

လုယန် ဘာမှမပြောဘဲ မျက်ခွံလှန်၍ကြည့်သည်။

သူတို့နှစ်ယောက်သာသိသည့် ထိုဖြစ်ရပ်လေးကို ဘေးဖယ်၍ကြည့်လျှင် အားလုံး ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့ကြပါသည်။

လီဟော်ရန်မိဘများက သူတို့အတွက် အခန်းများစီစဉ်ပေးသည်။

ခြေလက်ဆေးကြောပြီးနောက် လုယန် လူတစ်ပိုင်းအရွယ်အစားရှိသည့် ခေါင်းအုံးတစ်ခု ‌ကျောက်စိမ်းတံဆိပ်ထဲမှ ထုတ်လိုက်သည်။ အိပ်လျှင် တစ်ခုခုဖက်အိပ်ရသည်ကို သူသဘောကျသည်။

နောက်တစ်နေ့မနက်စောစောတွင် သူ့ခေါင်းဦးက ကုတင်ခြေရင်းသို့ ကန်ထုတ်ထားခံရကြောင်း သနားစဖွယ် တွေ့ရှိရသည်။

"ဒီကောင်မလေးစုယီရန်က အတော်တွေးတတ်တာပဲ"

ရုတ်တရက် ထာဝရနတ်မယ် မှတ်ချက်ပေးလာသည်။

"ဘာကိုပြောချင်တာလဲ"

"နင်တို့အားလုံး အိပ်ပျော်နေတဲ့အချိန် သူက ခြံဝန်းထဲမှာ မှော်စက်ဝန်းတစ်ခု တည်ဆောက်တယ်။ နင်တို့အတွက်တော့ သိပ်အကူအညီမဖြစ်ဘူး။ ဒါပေမယ့် လီဟော်ရန်ရဲ့မိဘတွေအတွက် ကျင့်ကြံဖို့နဲ့ ဝိညာဉ်စွမ်းအင်ပေါင်းစပ်ဖို့ ကူညီပေးနိုင်တယ်။ သူတို့ကျင့်စဉ်စွမ်းအားကို တဖြေးဖြေးမြှင့်တင်ပေးနိုင်တယ်။ အကျိုးသက်ရောက်မှုတွေမြင်ရဖို့ အချိန်အတော်ကြာလိမ့်မယ်။ ဒီတော့ သူတို့ကလည်း သတိထားမိမှာမဟုတ်ဘူး"

လုယန်အကြောတစ်ချက်ဆန့်၍ အခန်းထဲမှ ထွက်လိုက်သည်။ ရာသီဥတုက သာယာသည်။ တိမ်ထူ၍ အေးမြသည်။

နေသာသည့်နေ့ထက် တိမ်ထူသည့်နေ့များကို သူပိုသဘောကျသည်။

လီဟော်ရန် လက်သီးသိုင်းလေ့ကျင့်နေသည်ကို မြင်ရသည်။

"ညီလေးလ၊ အိမ်မှာတောင် ဒီလောက်ဝီရိယကောင်းနေတယ်ပေါ့"

လုယန် အံ့အားသင့်သွားသည်။ သူစောစောထခဲ့သည်ဟု ထင်ထားသည်။ လီဟော်ရန်က သူ့ထက်ပိုစော၍ လေ့ကျင့်နေပြီဖြစ်သည်။

တာအိုလမ်းစဉ်ဂိုဏ်းတွင် လီဟော်ရန် ထိုသို့ဝီရီယကောင်းသည်ဟု သူမကြားဖူး။ မမြင်ဖူး။

လီဟော်ရန်က အလေးအနက်လေသံဖြင့် သိစိတ်အာရုံမှ လှမ်းပြောသည်။

"အကိုလုမသိပါဘူး။ မနေ့က ကျုပ်မိဘတွေ ကျုပ်ပြန်လာတာမြင်လို့ ပျော်ကြတယ်။ ကျုပ်အတွေ့အကြုံအရ တစ်ညအိပ်ပြီးတာနဲ့ နောက်တစ်နေ့ရောက်ရင် ကျုပ်ကို ငပျင်းကောင်၊ စားဖို့အိပ်ဖို့ပဲ သိတဲ့ကောင်ဆိုပြီး ဆူပူကြိမ်းမောင်းကြတော့မှာ။

အဆူခံရတာထက် လက်တွေ့လုပ်ပြပြီး ဝီရိယကောင်းသလို ဟန်ဆောင်တာက ပိုကောင်းတယ်လေ။ ဒါက မနက်ပိုင်းအတွက်ပါပဲ။ ကျန်တဲ့အချိန်တွေ ကျုပ်ဘာလုပ်လုပ် သူတို့ဂရုမစိုက်ဘူး"

လုယန် နားလည်သွားသည်။ ယခုလိုအခြေအနေတွင် ထိုဉာဏ်ရည်ဉာဏ်သွေးမျိုးရှိနေဦးမည်ဟု ထင်မထား။

လီဟော်ရန် ထုတ်မပြောသည့်တစ်ချက်ရှိသည်။ လုယန်နှင့်မုန်ကျင်းကျိုးသာ လိုက်မလာလျှင် သူ့မိဘများကသူ့ကို နောက်ထပ်နှစ်ရက်လောက်ထိ နားမုဒိန်းကျင့်ကြပေလိမ့်မည်။ လုယန်တို့ပါလာသဖြင့် နှိပ်စက်ချိန် များစွာလျော့ကျသွားသည်။

"ဟော်ရန်၊ ဒီလောက်အစောကြီးထတယ်ပေါ့"

စောစောထ၍ လေ့ကျင့်နေသည့် လီဟော်ရန်ကိုမြင်သွားသဖြင့် လီမိခင်မျက်နှာ ပြုံးရွှင်နေသည်။ လုယန်လည်း အနားတွင်ရပ်နေသဖြင့် လီဟိုရန် ကျင့်ကြံမှုလုပ်ဖို့ လုယန်ကတိုက်တွန်းအားပေးနေသည်ဟု သူယူဆလိုက်သည်။

လီဟော်ရန် ပြောလိုက်ချင်သည်။

'အမေ၊ တာအိုလမ်းစဉ်ဂိုဏ်းမှာ ကျုပ်အဆင့်ငါးနေရာရတာ အဲလောက်လည်းမဆိုးပါဘူး'

အမှန်တော့ လီဟော်ရန်လို ပါရမီမျိုးသည် မည်သည့်ပထမတန်းဂိုဏ်းတစ်ခုတွင်ဖြစ်စေ ထိပ်ဆုံးတွင်ရိပ်ပေလိမ့်မည်။ တာအိုဂိုဏ်း၏ ယခင်မျိုးဆက်တပည့်များကြားမှာပင် ထိပ်တန်းသုံးယောက် စာရင်းဝင်နိုင်သည်။

သို့သော် ဤအုပ်စုတွင် ထားခြားပါရမီရှင် အတော်များလွန်းနေသည်။

နံနက်စာစားချိန်တွင် စုယီရန် ငြိမ်သက်စွာစားသည်။ မနေ့ညက မှော်စက်ဝန်းတည်ဆောက်သည့်ကိစ္စကို ထုတ်မပြော။ ဘယ်သူ့ကိုမှ သိစေချင်ပုံမရ။

ထာဝရနတ်မယ်ကြောင့်သာမဟုတ်လျှင် နတ်မယ်လည်း သိမည်မဟုတ်။

"ဒီနေ့ ကောင်တီမြို့ထဲ လမ်းလျှောက်ထွက်ရအောင်"

လီဟော်ရန်က လုယန်နှင့် မုန်ကျင်းကျိုးကို ပြောသည်။ ခဏစဉ်းစားပြီးနောက် ချင်ယန်ယန်ှင့် စုယီရန်ကိုလည်း ဖိတ်ခေါ်လိုက်သည်။

"ခင်ဗျားတို့ကို ဧည့်သည်တွေဖြစ်နေလို့ ကျုပ်ဖိတ်ခေါ်တာနော်။ အတွေးမလွန်နဲ့"

လီဟော်ရန်က စုယီရန်ကိုပြောသည်။

ထိုသို့ပြောသော်လည်း စုယီရန် ပျော်ရွှင်စွာပြုံးနေသည်။

အပြင်ထွက်ရန် ပြင်နေချိန်တွင် အစောကတည်းက အုံ့ဆိုင်းနေသည့်ရာသီဥတုက ပို၍မဲမှောင်လာသည်။ တိမ်များထူထဲ၍ မိုးခြုန်းသံသဲသဲပေါ်လာသည်။

"မိုးက သည်းကြီးမည်းကြီး ရွာတော့မယ်ထင်တယ်"

လီဟော်ရန် စိတ်မကောင်းဟန်ဖြင့် မော့ကြည့်နေသည်။ လော်ဖုန်းကောင်တီသည် မကြာခဏမိုးရွာသည်။ တိမ်းမည်းများတက်လာလျှင် မိုးသည်းမည်မှာ သေချာနေသည်။

"ဒီနေ့တော့ ကျုပ်တို့ အပြင်မထွက်နိုင်လောက်ဘူး"

သူ့စကားကြားပြီးနောက် စုယီရန် ကောင်းကင်ကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ တိမ်းမည်းများချက်ချင်းပျောက်သွားပြီး နေသာ၍ကြည်လင်နေသည့်ကောင်းကင် ပေါ်လာသည်။

စုယီရန် ဘာမှမဖြစ်ခဲ့သလို နူးညံ့စွာပြုုံးနေသည်။

"အခုနေသာပြီလေ။ အပြင်ထွက်ကြစို့"

လီဟော်ရန် - "..."

*******************************

All Chapters