ဖီးနစ်သွေးကျောက်တုံး
Vol. 15 Ch. 221
စည်ကားနေသည့်လမ်းပေါ်တွင် ယောက်ျားမိန်းမတစ်စု မကြာခဏလည်ပြန်လှည့်ကြည့်ခံရသည်။ အထူးသဖြင့် မိန်းမနှစ်ယောက်။ အမျိုးသမီးတစ်ယောက် မိန်းမငယ်တစ်ယောက်ဖြစ်သည်။ ထူးခြားသည့်ဆွဲဆောင်မှုကိုယ်စီရှိကြသည်။ ပုရိသတို့၏အသည်းစိုင်ကို ဆွဲကိုင်လှုပ်ယမ်းနိုင်စွမ်းရှိသည်။
မနာလိုစရာအကောင်းဆုံးက ယောက်ကျားသုံးယောက်ထဲမှ သာမန်လူပုံစံပေါက်နေသည့်လူငယ်ဖြစ်သည်။ အခြေတည်အဆင့်သာရှိသည်။ သို့သ်ော လှပသည့်အမျိုးသမီးက သူ့လက်မောင်းကို ဖက်တွယ်ထားသည်။
လီဟော်ရန်မျက်နှာက လောကဓံကို ကြံကြံခံနေသည့် အမူအရာမျိုးရှိသည်။ စုယီရန်အပြုအမူက နူးညံ့သယောင်ထင်ရသော်လည်း သူသည် စုစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်သည်။ သူတွယ်ဖက်ထားလိုလျှင် လီဟော်ရန် ရုန်းနိုင်စရာအကြောင်းမရှိ။
တည်တည်ငြိမ်ငြိမ်ဖြင့် စုယီရန်နှင့် မျက်လုံးချင်းဆုံ၍ ကြည့်လိုက်သည်။
"ခင်ဗျားကျုပ်နဲ့အတူ လမ်းလျှောက်ချင်တာကို သိပါတယ်။ ဒါပေမယ့် ခင်ဗျားစွမ်းအားကိုတော့ ထိန်းချုပ်ပေးပါ။ ဒီတစ်ခါနဲ့ဆို ခင်ဗျားကြောင့် ကျုပ်လက်ကျိုးခဲ့တာ သုံးခါရှိပြီ"
ဒဏ်ရာအပြင်းအထန်ရထားသည့်လက်မောင်းကို သူလှုပ်ပြသည်။
စုယီရန်က ဒဏ်ရာကုသဆေးတစ်လုံး မှော်လက်စွပ်ထဲမှ အမြန်ထုတ်၍ အရိုးကိုပြုပြင်ပေးလိုက်သည်။
အမှတ်တော့ သူ့ကျင့်စဉ်အဆင့်အရ ထိုသို့စွမ်းအားမထိန်းချုပ်နိုင်သည့် ပြဿနာမျိုးမရှိသင့်ပါ။ လီဟော်ရန်နှင့်အတူရှိနေသဖြင့် စိတ်လှုပ်ရှားနေ၍သာ အထိန်းအချုပ်လွတ်သွားခြင်းဖြစ်မည်။
"နင်က အရိုးကျိုးတဲ့အချိန်မှာတောင် မအော်ဘူးနော်"
ချင်ယန်ယန် လီဟော်ရန်ကို တအံ့တဩကြည့်နေသည်။ ထိုလူ နာကျင်မှုကို မခံစားရလေသလားမသိ။
လီဟော်ရန် ဟက်ခနဲရယ်လိုက်သည်။
"ချော်ရည်ပူထဲမှာ တစ်နှစ်လောက်စိမ်ခဲ့ရတော့ နာကျင်မှုဆိုတာ ဘာလဲတောင်မသိတော့ပါဘူး"
သူ့ဆရာကသူ့ကို ချော်ရည်ကန်ထဲပစ်ချခဲ့သည့် အစောပိုင်းနေ့ရက်များကို ပြန်စဉ်းစားမိသည်။ ကံကောင်းမှုသက်သက်ကြောင့်သာ သူအသက်ရှင်ခဲ့ခြင်းဖြစ်သည်ဟု ခံစားနေရသည်။
"ချော်ရည်ပူထဲမှာ...တစ်နှစ်ပေါ့။"
ချင်ယန်ယန် မျက်လုံးပြူးသွားသည်။ လူမှဟုတ်သေးရဲ့လားမသိ။
လီဟော်ရန်က အောက်မေ့တသဟန်ဖြင့် ပြောသည်။
"ချော်ရည်ကန်ထဲ စဆင်းတော့ အဆုတ်တွေပေါက်ထွက်မတတ် ငါအော်ခဲ့တယ်။ ဝေဒနာက မခံမရပ်နိုင်လောက်အောင်ပဲ။ ငါ့အသံ အက်ကွဲလာတဲ့အထိ ငါဆက်တိုက်အော်နေခဲ့တာ။ ဒါပေမယ့် နာကျင်မှုက ပျောက်မသွားဘူး။
ငါ့ဆရာက ဘယ်သူမှငါ့ကိုကူညီခွင့်မပြုဘူး။ အဲဒါကို ငါ့ဘာသာကျော်ဖြတ်ခိုင်းတယ်။ အမကျိုးလုလုက ငါခံစားနေရတာကို မကြည့်ရက်လို့ ရှားပါးဆေးမြစ်တွေနဲ့စပ်ထားတဲ့ ရေတစ်ခွက် ငါဆီ တိတ်တိတ်လေးယူလာပေးတယ်။ ဒီဆေးတွေက ငါ့အခြေအနေကို ပိုသက်သာအောင်ကူညီပေးလိမ့်မယ်လို့ ပြောတယ်"
ချော်ရည်ပူထဲ ရောက်နေမည့်အဖြစ်ကို တွေးမိပြီး ချင်ယန်ယန် ကြက်သီးထလာသည်။
"ဒီဆေးက နင့်ကို ချော်ရည်ပူနဲ့ မြန်မြန်အသားကျအောင် ကူညီပေးတာလား"
"အဲဒါက နှစ်တစ်ရာဗုဒ္ဓသစ်သီးကိုရေစိမ်ထားတာပါ။ ငါလည်ချောင်းကွဲမတတ် အော်ဟစ်နေတာမြင်လို အမကျိုးက ယူလာပေးတာ။ ဒီဆေးက လည်ချောင်းနာတာကို သက်သာစေတယ်လေ"
ချင်ယန်ယန် - "..."
လီဟော်ရန် ချော်ရည်စိမ်ရသည့်အဖြစ်ကို လုယန်သိပြီးနောက် အမယွမ်သူ့ကို ရေနွေးပူချိုးခိုင်းသည့်ကိစ္စသည် ဘာမှမပြောပလောက်ဟု လုယန်တွေးမိခဲ့သည်။
အမှန်အတိုင်းပြောရလျှင် လီဟော်ရန် မီးဝိညာဉ်မြစ်မရှိခဲ့လျှင် အကြီးအကဲကျိုးရှင်းက သူ့ကိုချော်ရည်ကန်ထဲ ပစ်ချရဲမည်မဟုတ်။ မီးဝိညာဉ်မြစ်များအတွက် ထိုနည်းလမ်းသည် အကောင်းဆုံးကျင့်ကြံနည်းဖြစ်သည်။
ဓာတ်ငါးမျိုးဧကဝိညာဉ်မြစ်တိုင်းသည် သီးခြားကျင့်ကြံနည်းကိုယ်စီရှိသည်။ ဥပမာ မီးဝိညာဉ်မြစ်များသည် မီးဓာတ်မှော်ပညာများ သို့မဟုတ် လီဟော်ရန်ကျွမ်းကျင်သည့် ပစ္စည်းသန့်စင်ပညာလို စွမ်းရည်များကို နားလည်နိုင်ရန် ချော်ရည်ပူထဲတွင် စိမ်၍လေ့ကျင့်နိုင်သည်။ သို့မဟုတ် မီးရှီု့ခံ၍ လေ့ကျင့်နိုင်သည်။
မြေဝိညာဉ်မြစ်များက မြေထဲအမြှုပ်ခံ၍ မြေထွက်ပြေးပညာရပ်များ လေ့ကျင့်နိုင်သည်။
ရေဝိညာဉ်မြစ်များက ရေငုပ်၍ ရေထိန်းချုပ်ပညာများ လေ့ကျင့်နိုင်သည်။
သို့သော် ချွင်းချက်များ ရှိသည်။
ရေဝိညာဉ်မြစ်ဖြစ်သည့် အကိုတိုင်ပုဖန်ကို မဟာအကြီးအကဲက ရေကန်တစ်ကန်ထဲ ပစ်ချခဲ့သည်ဟု လုယန်ကြားဖူးသည်။ ရေထိန်းချုပ်ပညာ သို့မဟုတ် ရေအောက်အသက်ရှူပညာများကို နားလည်စေဖို့ဖြစ်သည်။ သို့သော် အကိုတိုင် နားလည်သွားသည်က ကန်ထဲမှရေအားလုံးကိုသောက်သည့် လေဟာနယ်ပညာဖြစ်သည်။
"တုမလေး၊ မင်းဘာသဘောကျလဲ။ ဦးလေးဝယ်ပေးမယ်လေ"
မုန်ကျင်းကျိုးက ချင်ယန်ယန်ကို စနောက်ရင်း သူချမ်းသာကြောင်းကြွားသည်။
'တူမ'ဟု အခေါ်ခံရသဖြင့် ချင်ယန်ယန် ဒေါသထွက်သွားသည်။ သို့သော် သူပြန်မချေပနိုင်။
"ဒါကဘာလဲ"
ချင်ယန်ယန် စကားလမ်းကြောင်းပြောင်းသည့်အနေဖြင့် လမ်းဘေးတွင်ရောင်းနေသည့် သွေးနီရောင်ကျောက်တစ်လုံးကို လက်ညှိုးထိုးပြသည်။
ကျောက်တုံးက တောက်ပကြည်လင်သည်။ သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းဖြစ်သည်။ နေရောင်အောက်တွင် စွဲမက်ဖွယ်အလင်းတစ်ခု ရောင်ပြန်ဟပ်နေသည်။
"ဪ..အဲဒါ ဖီးနစ်သွေးကျောက်ပါ။ လော်ဖုန်းကောင်တီရဲ့ ထူးခြားပစ္စည်းပေါ့"
"ဖီးနစ်သွေးကျောက်"
စုယီရန်မှလွဲ၍ ကျန်သည့်လူများ မကြားဖူးကြ။
လီဟော်ရန်က ရှင်းပြသည်။
"ကျုပ်တို့လော်ဖုန်းကောင်တီဖြစ်တည်လာတဲ့ ဇာတ်လမ်းကို ခင်ဗျားတို့ ကြားဖူးမယ်ထင်ပါတယ်။ ဟိုရှေးတုန်းက သန့်စင်သွေးဆက်ဖီးနစ်တစ်ကောင် မိုးမြေကြားမှာ လွတ်လပ်စွာပျံသန်းခဲ့တယ်။ ဒါပေမယ့် အိုမင်းလာတဲ့အချိန်မှာ မပျံနိုင်တော့လို့ အနားယူဖို့ နေရာတစ်ခုရှာတယ်။ အဲဒီ့နေရာမှာ ထာဝရအိပ်စက်သွားတယ်။
ဖီးနစ်အိုရဲ့အရိုးနဲ့အသားတွေက တောင်ကုန်းတွေအဖြစ်ပြောင်းသွားတယ်"
လီဟော်ရန်က လော်ဖုန်းကောင်တီကို ပတ်လည်ဝိုင်းနေသည့် အဝေးမှတောင်တန်းများကို လက်ညှိုးထိုးပြသည်။
"အဲဒီတောင်တန်းတွေကို ကြည့်လိုက်ပါ။ ဖီးနစ်တစ်ကောင်နဲ့ မတူဘူးလား။
ဖီးနစ်ရဲ့အမွှေးအတောင်တွေက တောအုပ်သစ်ပင်တွေအဖြစ် ပြောင်းသွားတယ်။ ဒါကြောင့် ဒီတောင်ကုန်းတွေပေါ်မှာ အနီရောင်သစ်ပင်တွေ အများကြီးရှိနေတာ။
ဖီးနစ်ရဲ့သွေးက ကျောက်တုံးတွေပေါ်မှာ စွန်းထင်းသွားတယ်။ အဲဒီ့ကျောက်တုံးတွေက အခုကျုပ်တို့သိကြတဲ့ ဖီးနစ်သွေးကျောက်တုံးတွေပဲ"
ဖီးနစ်လား သို့မဟုတ် ပန်ကုလားဟု လုယန်တွေးနေသည်။
"ကျုပ်ကလေးဘဝတုန်းက အဲဒီဇာတ်လမ်းကို ဒဏ္ဍာရီပုံပြင်လို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့် တာအိုလမ်းစဉ်ဂိုဏ်းကိုရောက်ပြီး ပစ္စည်းသန့်စင်ပညာကို လေ့လာတဲ့အချိန်မှာ ဖီးနစ်သွေးကျောက်တွေဟာ တကယ်ဖီးနစ်သွေး စွန်းထင်းနေတယ်ဆိုတာ သိလာတယ်။ ပစ္စည်းသန့်စင်ဖို့ အလွန်ကောင်းတဲ့ ကုန်ကြမ်းတွေပေါ့"
"ဖီးနစ်.."
ကာလကြာမြင့်စွာ မေ့လျော့နေခဲ့သည့်စကားလုံးကို ကြားလိုက်ရသဖြင့် ထာဝရန်မယ် မှတ်ဉာဏ်တစ်ချို့ ပြန်စဉ်းစားမိသည်။
"အရင်က ချီလင်တစ်ယောက်တည်းမဟုတ်ဘူး။ နဂါးနဲ့ဖီးနစ်တွေလည်း မသေမျိုးဖြစ်လာနိုင်ခြေ ရှိခဲ့တယ်။ နဂါနဲ့ဖီးနစ် မျိုးနွယ်နှစ်ခုလုံးက ပြိုင်ဘက်ကင်းပါရမီနဲ့ မျိုးနွယ်တွေကထောက်ခံတဲ့ ပါရမီရှင်မျိုးဆက်သစ်နှစ်ယောက်ကို ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့တယ်။ အဲဒီ့နှစ်ယောက်က မသေမျိုးဖြစ်လာနိုင်ခြေ အတော်မြင့်ခဲ့တယ်။
တစ်ဘက်မှာကျတော့ ချီလင်ကို ကောင်းကင်ကောင်းချီးခံလို့ ခေါ်ကြပေမယ့် ဒါဟာ နောက်ခံရင်းမြစ်တွေမရှိဘဲ အားနည်းတဲ့သဘောပဲလေ။ နတ်ဆိုးမျိုးနွယ်အများစုက သူ့ကိုအထင်မကြီးကြဘူး။
ချီလင်က အင်အားကြီးရန်သူတွေ အများကြီးရင်ဆိုင်ခဲ့ရတယ်။ မကြာခဏ ရှုံးနိမ့်ခဲ့တယ်။
ဒါပေမယ့် နတ်ဆိုးမျိုးနွယ်တွေထဲမှာ သူမြန်မြန်ဆန်ဆန် ထိုးတက်လာတယ်။ သူမနိုင်လောက်တဲ့ ရန်သူတွေကို အနိုင်ယူခဲ့တယ်။ သူ့ရဲ့အရိယဖလ အယူအဆက နဂါးနဲ့ဖီးနစ်ပါရမီရှင်တွေရဲ့ အယူအဆနဲ့ အတူတူပါပဲ။ မသေမျိုးတစ်ယောက်ဖြစ်လာဖို့ အသေအကြေတိုက်ပွဲကို မလွှဲမသွေနွှဲရမယ်ဆိုတာပေါ့။
ကြီးမားတဲ့ကံကြမ္မာနဲ့ ချီလင်တိုက်ခိုက်တယ်။ နဂါးနဲ့ဖီးနစ်ပါရမီရှင်တွေကို အနိုင်ယူခဲ့တယ်။ သူ့အရိယဖလအောင်မြင်သွားပြီး ချီလင်မသေမျိုးဖြစ်လာတယ်"
"ချီလင်မသေမျိုးက နဂါးနဲ့ဖီးနစ်ပါရမီရှင်တွေကို သတ်ခဲ့တာလား"
နတ်မယ်အသံက တည်ငြိမ်နေသော်လည်း ရက်စက်သည့်အရိပ်တစ်ခု သန်းနေသည်ကို လုယန်သတိထားမိသည်။
မှန်သည်။ မသေမျိုးတစ်ယောက်ဖြစ်ဖို့ကိစ္စသည် ကလေးကစားစရာမဟုတ်။ အနိုင်ရသူက အားလုံးယူသည်။ ရှုံးနိမ့်သူက သူတို့အသက်အပါအဝင် အားလုံးဆုံးရှုံးနိုင်သည်။
"မဟုတ်ဘူး။ သူတို့လက်ထပ်လိုက်တာ"
"ဘယ်လို"
"နတ်ဆိုးတွေက စွမ်းအားကို အထင်ကြီးလေးစားတယ်။ ချီလင်မသေမျိုးကိုရှုံးပြီးတဲ့နောက် နဂါးနဲ့ဖီးနစ်ပါရမီရှင်နှစ်ယောက်လုံးက သူ့ကိုချစ်သွားကြတယ်။ နောက်ဆုံးတော့ သူတို့လက်ထပ်ကြတယ်။ ချီလင်မသေမျိုးရဲ့ မင်္ဂလာပွဲကို ငါသွားချင်ခဲ့တာ။ ဒါပေမယ့် ငါကလှလွန်းလို့ သူ့သတို့သမီးတွေ မထင်ပေါ်ပဲ ဖြစ်သွားလိမ့်မယ်လို့ပြောတယ်။ သူငါ့ကို လာခွင့်မပြုဘူး။
အတော်ဆိုးပါတယ်။ ငါက မင်္ဂလာပွဲမှာ ငါ့စွမ်းရည်တွေကို ထုတ်ပြဖို့ စဉ်းစားထားတာ"
"ဘာစွမ်းရည်တွေ ထုတ်ပြချင်တာလဲ"
"အချက်အပြုတ်စွမ်းရည်ပေါ့။ ငါနင့်ကိုပြောမယ်။ သူတို့လေးယောက်က အချက်အပြုတ် လုံးဝမတတ်ဘူး။ ငါတစ်ယောက်ပဲ ချက်ပြုတ်တတ်တာ"
နတ်မယ် ထိုလေးယောက်ကို ရှက်စရာကောင်းသည်ဟု အထင်သေးနေဟန်ရှိသည်။
ချီလင်မသေမျိုး နတ်မယ်ကို မဖိတ်ခဲ့သည့်မှာ မှန်သည်ဟု လုယန်တွေးနေသည်။
မည်သို့ဆိုစေ မင်္ဂလာပွဲသို့ ဧည့်သည်များစွာလာကြမည်။ ထာဝရနတ်မယ်သာ ဟင်းချက်လျှင် အဆိပ်ဖြေဆေး လုံလုံလောက်လောက် မျှဝေပေးနိုင်မည်မဟုတ်။
"နောက်တော့ ငါစဉ်းစားတယ်။ မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာပွဲဆိုတော့ လက်ဆောင်တစ်ခုပေးသင့်တယ်လို့လေ။ ဒါကြောင့် ငါကောင်းချီးပေးထားတဲ့ မသေမျိုးသစ်သီးမှာ 'အလှဆုံးနတ်ဆိူးအတွက်'လို့ စာရေးပြီး သူတို့ဆီ ပိုပေးလိုက်တယ်။
ဒီလက်ဆောင်ကြောင့် အတော်ဂယက်ထသွားတယ်ိလု့ကြားတယ်။ ဒီလိုတန်ဖိုးကြီးတဲ့လက်ဆောင်မျိုး မမြင်ဖူးကြလို့ဖြစ်မှာပေါ့"
လုယန် ခဏအသံတိတ်နေသည်။ ထို့နောက် ပြန်မေးသည်။
"ခင်ဗျားပို့လိုက်တဲ့ မသေမျိုးသစ်သီးက ဘယ်နှလုံးလဲ"
"တစ်လုံးလေ"
လုယန် ပင့်သက်ရှည်တစ်ချက် ချလိုက်သ်ည။
"ခင်ဗျားက ပြဿနာရှာလိုက်ရမှ စားဝင်အိပ်ပျော်တာထင်တယ်"
"အဲ..ဘာလို့လဲ"
**********************************