ထိုပစ္စည်း
Vol. 15 Ch. 223
အလယ်ပိုင်းတိုက်နယ်တွင် ထိပ်တန်းအလွှာမိသားစုဖြစ်သည့် မုန်မိသားစုသည် နှစ်တစ်သိန်းသမိုင်းကြောင်းဖြင့် ဝံ့ကြွားထည်ဝါခဲ့ပြီး ယဉ်ကျေးမှုအဆင့်အတန်းမြင့်သည်။ မိသားစု၏ အကြီးဆုံးသားအနေဖြင့် အသေးအဖွဲ့ကိစ္စများအတွက် လီဟော်ရန်အပေါ် မကျေမနပ်ဖြစ်စရာ အကြောင်းမရှိ။
မုန်ကျင်းကျိုး လီဟော်ရန်ကိုကြည့်၍ အလေးအနက်လေသံဖြင့်ပြောသည်။
"နောက်တစ်ခါ ကာမအားတိုးတဲ့အာနိသင်မျိုးဆို စောစောစီးစီးကြိုပြောပေးလို့ ရမလား"
"ဪ"
လီဟော်ရန် ကိစ္စတစ်ခုကို တွေးမိလာဟန်ဖြင့် ထပ်ပြောသည်။
"ချော်ရည်ပူးထဲမှာ ကြာကြာစိမ်ရင်လည်း ကာမအားတိုးတဲ့ အကျိုးကျေးဇူးမျိုးရတယ်လို့ ကျုပ်ဆရာက ပြောတယ်။ ဒါဟာ ကျုပ်ရှေ့ဖို့ ခွန်အားဖြစ်စေခဲ့တဲ့အရာတွေထဲက တစ်ခုပဲ။ ပြီးတော့ ရလာဒ်ကလည်း တကယ်ကောင်းတယ်"
"...ကာမအားတိုးတာနဲ့ပတ်သက်တဲ့အကြောင်းကို ကျော်လိုက်လို့ရမလား"
"ကောင်းပါပြီ"
လုယန်တို့လူစု လီမိသားစုအိမ်သို့ ပြန်ရောက်လာချိန်တွင် လီဟော်ရန်မိခင်က ခမ်းနားသည့်ညစာကို အားလုံးအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။
ဧည့်သည်ဖြစ်သည့် လုယန်နှင့် မုန်ကျင်းကျိုးတို့ကို အမြဲချက်ပြုတ်ခိုင်းနေ၍မဖြစ်။
မုန်ကျင်းကျိုး ပစ္စည်များစွာ ဝယ်လာသည်။ အထူးသဖြင့် သူ့မမြင်ဖူးသည့် ပစ္စည်းမျိုး အမြောက်အများဝယ်ယူခဲ့သည်။
အသုံးဝင်သည်မဝင်သည်နောက်ထား။ စိတ်ဝင်စား၍ ဝယ်ခြင်းဖြစ်သည်။
ပေါ်တင်ဗြောင်လိမ်ထားသည့် ပစ္စည်းများကိုတော့ သူမဝယ်ပါ။ ဥပမာ နှစ်လေးထောင်သမိုင်းရှိပြီး ဖီးနစ်အိုသေသည့်ဖြစ်စဉ်တစ်ခုလုံး မျက်မြင်ကြုံတွေ့ခဲ့သည်ဆိုသည် "ရာနှုန်းပြည့်သန့်စင်သည့်သဘာဝဝိညာဉ်စွမ်းအင်"မျိုး။
လုယန်က အနုစိတ်ထုလုပ်ထားသည့် ဖီးနစ်တံဆိပ်တစ်ခုဝယ်သည်။ ကျောက်စိမ်းတံဆိပ်နှင့်အတူတွဲချည်၍ ခါးတွင်ချိတ်ထားသည်။
ချင်ယန်ယန်က ဝါးရည်တစ်ဘူးဝယ်သည်။ မနေ့ညကအကင်စားရင်းသောက်ခဲ့သည့် လော်ဖုန်းကောင်တီ၏အထူးထွက်ကုန်ဖြစ်သည်။
စုယီရန်က ဘာမှမဝယ်။ စုစည်းခြင်းအဆင့်တစ်ယောက်အတွက် ဖီးနစ်အို၏အလောင်းမဟုတ်လျှင် လော်ဖုန်းကောင်တီ၌ စိတ်ဝင်စားသည့်အရာ ဘာမှမရှိ။
"အမေ့မှာ ဒီလိုစွမ်းရည်မျိုး ရှိတယ်ပေါ့"
စားပွဲအပြည့်တည်ခင်းထားသည့် အစားအသောက်များကိုကြည့်၍ လီဟော်ရန် မင်သက်မိသွားသည်။ သူမှတ်မိသလောက် သူ့အဖေသည့် ဟင်းချက်သိပ်မကောင်း။
သူ့အမေက ပြုံးပြသည်။
"လေ့လာထားတာ မကြာသေးပါဘူး။ မင်းအဝေးရောက်နေတဲ့အချိန်မှာ အမေလည်း ပညာအသစ်တစ်ခုခုလေ့လာရင်ကောင်းမယ်လို့ တွေးမိလို့လေ"
ထိုစဉ် အဖေဖြစ်သူက ဝင်ပြောသည်။
"မင်းအမက ဟိုသက်တမ်းရင့်စားသောက်ဆိုင်ကနေ ဘယ်လိုအစားအသောက်တွေဝယ်ရမလဲ လေ့လာထားတာပါကွာ"
လီဟော်ရန်အမေက မကျေမနပ်စိုက်ကြည့်သည်။
"..."
သက်တမ်းရင့်စားသောက်ဆိုင်၏ ဟင်းချက်လက်ရာများက အထူးမိတ်ဆက်ပေးစရာမလို။ ထိပ်တန်းအဆင့်ဖြစ်သည်။ လုယန်၏အတိတ်ဘဝက တွေ့ရခဲသည် ရာစုနှစ်သက်တမ်းရှိ စားသောက်ဆိုင်များ အလယ်ပိုင်းတိုက်နယ်တွင် ပေါများလှသည်။
သို့သော် နှစ်တစ်ရာသက်တမ်းရှိရုံဖြင့် 'သက်တမ်းရင့်စားသောက်ဆိုင်'ဟုခေါ်ဖို့ အရည်အချင်းမမီသေး။ ထိုနာမည်တပ်ဖို့ စားသောက်ဆိုင်တစ်ဆိုင်သည် အနည်းဆုံး နှစ်ငါးရာသက်တမ်းရှိရမည်။
လော်ဖုန်းမှ သက်တမ်းရင့်စားသောက်ဆိုင်သည် နှစ်တစ်ထောင်သက်တမ်းရှိသည်။ နှစ်တစ်ထောင်အတွင်း ဆိုင်ဝန်ထမ်းများ အကြိမ်ကြိမ်ပြောင်းလဲခဲ့သော်လည်း ဆိုင်ရှင်က ဘယ်တုန်းကမှ မပြောင်းလဲခဲ့။ မူလအရသာကိုလည်း မပျက်အောင်ထိန်းထားနိုင်သည်။
ထိုဆိုင်တွင် သက်တမ်းအရင့်ဆုံးက ဟင်းချက်နည်းမဟုတ်။ ပရိဘောဂများလည်းမဟုတ်။ ဆိုင်ရှင်သာဖြစ်သည်။
"ဘာလဲ၊ ကလေးဘဝတုန်းက အိမ်မှာာစားရတဲ့ဟင်းတွေက ဒီလိုအရသာမရှိဘူးလို့ပြောချင်တာလား။ အရင်တုန်ကလည်း ငါကိုယ်တိုင်ပဲချက်ကျွေးခဲ့တာပါ"
ညစားစားပြီးနောက် လုယန် စုယီရန်ထံ ရွှေသန္ဓေတည်ဆောက်သည့်ကိစ္စ အကြံတောင်းသည်။
"ရွှေသန္ဓေ တည်ဆောက်တာလား"
လုယန်ထိုကိစ္စမျိုးမေးလာမည်ဟု သူထင်မထား။ လုယန်သည် တာအိုလမ်းစဉ်ဂိုဏ်းချုပ်၏ လေးယောက်မြောက်တပည့်ဟု လီဟော်ရန်ပြောခဲ့သည်။ ဘာကြောင့် ဂိုဏ်းချုပ်ကို တိုက်ရိုက်သွားမမေးဘဲ သူ့ကိုလာမေးနေသနည်း။
သူနှင့်တာအိုရှင်ဝစီပိတ်သည် နှစ်ယောက်လုံး စုစည်းခြင်းအဆင့်များဖြစ်သော်လည်း ဝစီပိတ်၏ကျွမ်းကျင်မှုက သူ့ထက်များစွာသာသည်။
သူ့ဆရာသည် သူ့ကိုဘာမှမယ်မယ်ရရ မသင်ပေးဘဲ အချိန်အများစုကို အပြင်လောကတွင် ပုံပြင်ပြောရင်းကုန်ဆုံးနေသည့် ပေါ့ပြက်ပြက်လူစားဖြစ်ကြောင်း အပြင်လူများကို လုယန်ပြော၍မဖြစ်။
"ကျုပ်ဆရာက လောကရေးရာကိစ္စတွေနဲ့ မအားဘူးဖြစ်နေတယ်။ ကျုပ်အတွက် အချိန်မပေးနိုင်ဘူး"
"သဘောပေါက်ပါပြီ"
စုယီရန် ခေါင်းငြိမ့်သည်။ လုယန်စကားကို ယုံသွားသည်။
သို့သော် မုန်ကျင်းကျိုးက မျက်ခွံလှန်၍ ကြည့်နေသည်။
မုန်ကျင်းကျိုးနှင့်လီဟော်ရန်လည်း အခန်းထဲတွင်ရှိနေသည်။ စုယီရန်ရှင်းပြသည် ရွှေသန္ဓေတည်ဆောက်ပုံအကြောင်း နားထောင်နေသည်။
လီဟော်ရန်က အခြေတည်အစောပိုင်းအဆင့်သာဖြစ်သော်လည်း ကိစ္စမရှိ။ တစ်နေ့တွင် ထိုအသိဗဟုသုတများက သူ့အတွက် အသုံးဝင်လာလိမ့်မည်။
"ရွှေသန္ဓေတည်ဆောက်တဲ့နေရာမှာ အရေးကြီးဆုံးက ကံတရားပဲလို့ ကျွန်မယုံကြည်တယ်။ ကျွန်မပါရမီက ညံ့တယ်။ ကျွန်မရဲ့အမြင့်ဆုံးမျှော်မှန်းချက်က ဒုတိယအဆင့်ရွှေသန္ဓေတစ်ခု တည်ဆောက်နိုင်ဖို့ပဲ။ ဒါကျွန်မစိတ်ကူးထားတဲ့ အကောင်းဆုံးအခြေအနေပဲ။
ဒုတိယအဆင့် ရွှေသန္ဓေတည်ဆောက်ဖို့ ထိုးထွင်းသိမြင်မှုရအောင် နည်းလမ်းစုံ ကြိုးစားခဲ့တယ်။ တောနက်ထဲမှာ သားရဲတွေနဲ့ တိုက်ခိုက်တယ်။ ရေတံခွန်အောက်က ကျောက်တုံးပေါ်မှာထိုင်တယ်။ လူ့ဘဝကို စောင့်ကြည့်အကဲခတ်ပြီး လောကစွမ်းအင်ရောင်ကို နားလည်ဖို့ကြိုးစားတယ်။...ဒါပေမယ့် ဘာမှမထူးခြားဘူး"
တစ်နေ့ကျတော့ ကျင့်ကြံမှုပြီးသွားတဲ့အချိန် ကျောက်ကမ်းပါးတစ်ခုရဲ့အစွန်မှာ ကျွန်မလှဲပြီး ကြယ်ကောင်းကင်ကို စိုက်ကြည့်နေတယ်။ မယုံနိုင်လောက်အောင် သေးငယ်တယ်လို့ ခံစားရတယ်။
အဲဒီ့အချိန်မှာ ထူးဆန်းတဲ့အမြင်တစ်ခု ကျွန်မခေါင်းထဲကိုဝင်လာတယ်။ အဲဒီ့အချိန်ကို အခွင့်ကောင်းယူပြီး စွမ်းအင်စုစည်းတယ်။ ကျွန်မရဲ့သန္ဓေကို ဖန်တီးလိုက်တယ်။ ရလာတဲ့သန္ဓေက ပြည့်စုံပြီးတောက်ပနေတဲ့ ပထမအဆင့်ရွှေသန္ဓေပဲ။
တမင်လိုက်မရှာတော့တဲ့အချိန်မှ ထိုးထွင်းအမြင်ကို ရခဲ့တာ။ ဒီအကြောင်း မိတ်ဆွေကျင့်ကြံသူတွေနဲ့ ဆွေးနွေးကြည့်တယ်။ သူတို့ထဲကနှစ်ယောက်က ကျွန်မနဲ့ အဖြစ်ချင်းဆင်တူတယ်"
သူ့စကားမှ လုယန် အတွေးအမြင်တစ်ချို့ရလာသည်။ စုယီရန်ကို ကျေးဇူးတင်ကြောင်းပြောသည်။
........
ညာဉ့်သန်းခေါင်းအချိန်တွင် လုယန် မျက်လုံးပွင့်လာသည်။ ဘယ်အချိန်ရှိပြီမှန်းမသိ။
"နင်နိုးလာပြီလား။ ငါလည်းနင့်ကို နှိုးတော့မလို့ပဲ"
လုယန်နိုးလာသည်ကို နတ်မယ် မအံ့ဩ။
လုယန် မျက်မှောင်ကျုံ့နေသည်။ သူအိပ်နေချိန်တွင် တစ်ယောက်ယောက် လီမိသားစုအိမ်ထဲ ခိုးဝင်လာသည်ကို အာရုံခံမိခဲ့သည်။
ဘာရည်ရွယ်ချက်ရှိသည်မသိ။
"လူနှစ်ယောက်ပဲ။ ရွှေသန္ဓေအလတ်တန်းဆင့်တွေ"
နတ်မယ်က ခိုးဝင်လာသူအကြောင်း အသိပေးသည်။
လုယန် တွေးရကြပ်နေသည်။ လီဟော်ရန်၏ မိဘများသည် အခြေတည်အဆင့်သာရှိသည်။ ငွေကြေးအခြေအနေလည်း သာမန်အဆင့်သာရှိသည်။ ဤအိမ်ထဲတွင် ရွှေသန္ဓေအဆင့်နှစ်ယောက်ကို ဆွဲဆောင်နိုင်သည့်အရာ ဘာရှိသနည်း။
မုန်ကျင်းကျိုးဝယ်ခဲ့သည့် ဖီးနစ်သွေးကျောက် ဖြစ်မည်ထင်သည်။
အန္တရာယ်ရှိလာမည်ကို သူမစိုးရိမ်ပါ။ စုယီရန်မရှိလျှင်ပင် သူနှင့်မုန်ကျင်းကျိုး မဖိတ်ခေါ်ဘဲရောက်လာသည့် ဧည့်သည်နှစ်ယောက်ကို ကောင်းကောင်းရင်ဆိုင်နိုင်သည်။
"သခင်လု၊ သခင်မုန်၊ ရှင်တို့နိုးပြီလား"
စုယီရန်စကားသံက လုယန်နှင့်မုန်ကျင်းကျိုးတဲ့စိတ်အာရုံတွင် ပဲ့တင်ထပ်သွားသည်။
အတွေ့အကြုံနည်းသည့် လီဟော်ရန်နှင့် ချင်ယန်ယန်က လုယန်တို့လောက် အာရုံနိုးကြားမှုမရှိ။
"အခုပဲနိုးတာ။ အခြေအနေက ဘယ်လိုရှိလဲ စီနီယာစု"
စုယီရန် ခေါင်းခါသည်။
"ကျွန်မလည်း သိပ်မသိဘူး။ ရွှေသန္ဓေအလတ်တန်းဆင့်နှစ်ယောက် ခိုးဝင်လာပြီး သံသယဖြစ်စရာကောင်းတာလောက်ပဲ သိတယ်။ သူတို့နောက်မှာ တစ်ယောက်ယောက်ရှိနေတယ်လို့ ကျွန်မခံစားရတယ်။ သူတို့ကိုဖမ်းလိုက်ချင်ပေမယ့် နောက်ကွယ်ကလူကို တပ်လှန့်သလိူ ဖြစ်သွားမှာစိုးတယ်"
"ဒါကလွယ်ပါတယ်။ စီနီယာစု ဘေးကပဲ စောင့်ကြည့်နေပါ"
လုယန်နှင့်မုန်ကျင်းကျိုး အစီအစဉ်တစ်ခု ချက်ချင်းတွေးမိကြသည်။
စုယီရန် စိတ်ဝင်တစားကြည့်နေစဉ် သူတို့နှစ်ယောက် ညဝတ်စုံများ ကျွမ်းကျင်စွာဝတ်ဆင်၍ အိမ်အပြင်ဘက်သို့ တိတ်တဆိတ်ထွက်သွားသည်။
ရွှေသန္ဓေအဆင့်နှစ်ယောက်က တစ်ခုခုကို ရှာနေမှန်းသိသာသည်။ သို့သော် ရိပ်မိမည်စိုး၍ ဝိညာဉ်အာရုံကို မသုံးရဲကြ။
တာအိုလမ်းစဉ်ဂိုဏ်းမှ ပါရမီရှင်တစ်ယောက် ဤအိမ်ထဲတွင်ရှိသည်ဟု သတင်းကြားထားသည်။ မလွှဲမရှောင်သာ အခြေအနေမဟုတ်လျှင် သူတို့လှုပ်ရှားမှုအကြောင်း တာအိုလမ်းစဉ်ဂိုဏ်း သိမသွားစေချင်။
သူတို့လှုပ်ရှားမှုက ပိရိသေသပ်သည်ဟု ယုံကြည်နေသည်။ သို့သော် နှစ်ယောက်လုံး စောင့်ကြည့်ခံနေရပြီဖြစ်သည်။
ရုတ်တရက် သူတို့ အသင့်အနေအထားဖြစ်သွားသည်။ အန္တရာယ်တစ်ခု ချဉ်းကပ်လာသည်ကို အာရုံခံမိသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်ကြသည်။
"ဒီတိုက်ကွက်ကို မင်းတို့ရှောင်နိုင်တယ်ဆိုတော့ အစွမ်းအစ နည်းနည်းရှိသားပဲ"
လုယန် လှောင်ပြုံးပြုံး၍ သိစိတ်အာရုံမှတစ်ဆင့် ပြောလိုက်သည်။
"မင်းတို့ဘယ်သူလဲ။ လီအိမ်မှာ ဘာလုပ်နေတာလဲ"
ရွှေသန္ဓေအဆင့်နှစ်ယောက်က ပြန်ပြောသည်။
"ဟား..မင်းတို့ အဖြေကိုသိပြီးသားပါ။ လီအိမ်မှာ ငါတို့ဆုံကြတယ်ဆိုတော့ တစ်ခြားဘာအကြောင်းရှိနိုင်ဦးမှာလဲ။ ဟိုပစ္စည်းအတွက်ပဲ ငါတို့လာတာပေါ့"
မုန်ကျင်းကျိုး မခိုးမခန့် လှောင်ရယ်လိုက်သည်။ အရူးမေးခွန်းမေး၍ လှောင်ရယ်သည့်ဟန်မျိုးဖြစ်သည်။
"မင်းတို့ဘယ်သူလဲ ငါတို့သိတယ်။ ဒီကိစ္စကို တစ်ခြားဘယ်သူသိနိုင်မှာလဲ"
ရွှေသနေအဆင့်နှစ်ယောက် မျက်လုံးပြူးသွားသည်။
"မင်းတို့ဘယ်လိုသိသွားတာလဲ"
"လောကမှာ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး။ ထာဝရတည်တံ့တဲ့ ပဟေဠိဆိုတာမရှိဘူး။ မင်းတိုဘယ်လောက်ကြိုးစားပြီး ဖုံးကွယ်သည်ဖြစ်စေ သိသင့်တဲ့ကိစ္စဟာ သိလာမှာပဲ။ မင်းတို့ပဲ အဲဒီပစ္စည်းကို စိတ်ဝင်စားတယ် ထင်နေလား"
လုယန်လည်း ရယ်မောနေသည်။
"သောက်ရေးထဲကွာ၊ မိုမိသားစုက ဖီးနစ်သွေးကျောက်ကိစ္စ ဘယ်လိုရိပ်မိသွားတာလဲ"
လုယန်နှင့်မုန်ကျင်းကျိုးတို့နောက်ခံကို ရွှေသန္ဓေနှစ်ယောက် ချက်ချင်းခန့်မှန်းမိကြသည်။
သူတို့ပြိုင်ဘက် မုန်မိသားစုမှလူများဖြစ်မည်။
လုယန်နှင့် မုန်ကျင်းကျိုး အကြည့်ချင်းဖလှယ်လိုက်သည်။ မှန်နေသည်။ မုန်ကျင်းကျိုးဝယ်သည့် ဖီးနစ်သွေးကျောက်နှင့် ပတ်သက်နေသည်။
သူတို့ဇာတ်ရုပ်အမှန်ကို တစ်ဘက်ကရိပ်မိနေကြောင်း နားလည်သွားသဖြင့် ရွှေသန္ဓေနှစ်ယောက် ခဏစကားစစ်ထိုးပြီးနောက် ဆက်မနေတော့ဘဲ ထွက်ပြေးသွားကြသည်။
လုယန်နှင့် မုန်ကျင်းကျိုး နောက်မှပြေးလိုက်သည်။ သို့သော် ထွက်ပြေးနေသည့် ရွှေသန္ဓေနှစ်ယောက်ကို လိုက်မမီသဖြင့် နည်းနည်းစိတ်ပျက်သွားနေသည်။
ထွက်ပြေးလွတ်မြောက်လာပြီးနောက် ရွှေသန္ဓေနှစ်ယောက် သတင်းပို့ရန် အမြန်ပြန်ကြသည်။
"စီနီယာစု၊ ကျုပ်တို့ သူတို့နောက်ကို လိုက်သွားရင် နောက်ကွယ်မှာဘယ်သူရှိလဲဆိုတာ သိလာမှာပဲ"
လုယန် ရွှေသန္ဓေနှစ်ယောက်ကို နောက်ယောင်ခံလိုက်ဖို့ ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။
စုယီရန်က လုယန်တို့နှစ်ယောက်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေသည်။ ထိုကိစ္စမျိုးကို သူတို့ဘာကြောင့်ထိုမျှကျွမ်းကျင်နေသည်မသိ။
**********************************