← Chapters

ခြေတစ်ချက်ချင်း လှမ်း၍တက်ပါ

Vol. 15 Ch. 212

ခြေတစ်ချက်ချင်း လှမ်း၍တက်ပါ

Vol. 15 Ch. 212

လုယန် စာမျက်နှာများကို ဆက်လှန်သည်။ စီနီယာအကိုအမများ၏ ‌ရွှေသန္ဓေတည်ဆောက်သည့်နည်းလမ်းများက ပုံမှန်နည်းလမ်းများနှင့် အတော်လေးကွဲလွဲနေသည်။ 'နောင်တမရှိနိုင်တဲ့ရွှေသန္ဓေတည်ဆောက်ခြင်း' ခံယူချက်မျိုးမဟုတ်။

"ဒါမှမဟုတ် ပုံမှန်နည်းလမ်းအတိုင်း‌ ရွှေသန္ဓေတည်ဆောက်ရင် နောင်တရလိမ့်မယ်လို့ သူတို့ခံယူထားတာများလား"

သူတို့အတွေးကို လုယန်အကြမ်းဖျင်းခန့်မှန်းမိသည်။

တာအိုလမ်းစဉ်ဂိုဏ်း၏ ထူးထူးဆန်းဆန်းလမ်းစဉ်နှင့်လည်း လိုက်ဖက်ညီသည်။

လုယန် ထိုအတွေးအခေါ်မျိုးကို လုံးဝဆန့်ကျင်သည်။ တာအိုလမ်းစဉ်ဂိုဏ်းအနာဂတ်အတွက် ပုံမှန်မဟုတ်သည့် အလေ့အကျင့်များကိုပြုပြင်၍ မှန်ကန်သည့်လမ်းကြောင်းကို လမ်းပြပေးနိုင်မည့် ဆုံးဖြတ်ချက်ခိုင်မာသည့် သူ့လိုလူတစ်ယောက် ဦးဆောင်ဖို့လိုအပ်သည်ဟု ယုံကြည်ထားသည်။

သူ့အကိုအမများ၏ ရွှေသန္ဓေတည်ဆောက်ပုံက အမျိုးမျိုးကွဲပြားနေသည်။

ဥပမာ စီနီယာအကိုတစ်ယောက် ရှေးမှတ်တမ်းများ ဖတ်သည်။ ရှေးခေတ်စွမ်းအားမြင့်ပုဂ္ဂိုလ်များသည် ထူးဆန်းသည့်ရုပ်လက္ခဏာများရှိကြသည်။ မျက်စိသူငယ်အိမ်နှစ်ခု၊ အရောင်ခုနစ်မျိုး မျက်ခုံးမွှေး၊ တတိယမျက်လုံး စသဖြင့်ရှိသည်။ သူသည် ထို့ကဲ့သို့ ထူးခြားနတ်လက္ခဏာမျိုးနှင့် မွေးလာသူမဟုတ်။ သို့သော် ဇွဲကောင်းလျှင် ထိုချို့ယွင်းချက်ကို ဖြည့်ဆည်းနိုင်မည်ဟု သူယုံကြည်သည်။ တတိယမျက်လုံးကိုအတုခိုး၍ သူ့ရွှေသန္ဓေကို နဖူးအလယ်တွင် ထားလိုက်သည်။ အတော်လေး နတ်ဘုရားဆန်သွားသည်။ သူ့ရွှေသန္ဓေမှ အလင်းရောင်ထွက်လာချိန်တွင် လူတိုင်းအံ့ဩဘနန်းဖြစ်ကြရသည်။

"ဟား..ဒီလို ထူးခြားတဲ့မွေးရာပါဗီဇလက္ခဏာတွေဆိုတာက အားလုံးပေါက်တတ်ကရတွေပါ။ နောက်ပိုင်းမှ ထပ်ဖြည့်ထားတာတွေချည်းပါပဲ။ အရင်ခေတ်က ပါရမီရှင်တွေကြားက ပြိုင်ဆိုင်မှုက သိပ်ပြင်းထန်တယ်။ ဒီတော့ ထူးခြားလက္ခဏာတစ်ချို့ ထူးခြားနောက်ခံဇာတ်လမ်းတစ်ချို့မရှိရင် နာမည်မကြီးနိုင်ဘူးလေ"

ထာဝရနတ်မယ်က လှောင်ပြုံးပြုံးနေသည်။

"ဒါပေမယ့် တကယ်ဗီဇလက္ခအစစ်တွေလည်း ရှိပါတယ်။ ဟိုအရင်က လူသားနှစ်ယောက်က မွေးလာတဲ့ ကလေးတစ်ယောက်က တောင်ပံတွေပေါက်လာတယ်။ အားလုံး ဂယက်ထသွားတယ်။ နောက်ပိုင်းကျမှ ဒီကလေးရဲ့အဖေက လူသားမျိုးနွယ်မဟုတ်ဘဲ ငှက်မျိုးနွယ်ကမှန်း သိကြတယ်။ အဲဒီကိစ္စကြောင့် ပိုလို့တောင် ဂယက်ထသွားခဲ့တယ်"

"နတ်မယ်၊ အရင်က ခင်ဗျားရဲ့ နာမည်အကျော်ဆုံးဗီဇလက္ခဏာက ဘာလဲ"

"ငါ့ရဲ့အလှအပပေါ့။..ငါကြွားပြောတာမဟုတ်ဘူး။ ဘယ်သူတော်စင်မ ဘယ်နတ်ဆိုးမမှ ငါ့အလှကို မမီခဲ့ဘူး။ ရှေးဟောင်းခေတ်မှာ ထိပ်တန်းအလှပိုင်ရှင်ဆယ်ယောက် သတ်မှတ်ခဲ့မယ်ဆိုရင် ငါက ပထမပဲဖြစ်မှာ"

သူ့စကားကို အမှန်တရားဟု လုယန်ယုံကြည်လိုက်သည်။

စီနီယာအကိုတစ်ယောက်အကြောင်း ဆက်ဖတ်သည်။ ကောင်းကင်နက္ခတ်တာရာများကို အချိန်ကြာမြင့်စွာ‌‌စောင့်ကြည့်လေ့လာပြီးနောက် ဘယ်ကြယ်ကမ္ဘာမှ နေလောက်စွမ်းအားမကြီးမှန်း သူနားလည်လာသည်။ ထိို့ကြောင့် တိုက်ခိုက်ရာတွင် နေစွမ်းအင်အသုံးချနိုင်သည့် နေသန္ဓေကို သူတည်ဆောက်သည်။ နေ့ခင်းဘက်တွင် သူ့ရွှေသန္ဓေက အလွန်တရာစွမ်းအားကြီးသည်။ သို့သော် ညဘက်ရောက်လျှင် အားနည်းလာသည်။

သို့သော် တာအိုလမ်းစဉ်ဂိုဏ်းတွင် ကျင့်စဉ်ပညာမျိုးစုံရှိနေသဖြင့် သူကံကောင်းသည်။ နေစွမ်းအင်သိုလှောင်နိုင်သည့် ပညာရပ်တစ်ခုလည်းပါသည်။ ထို့ကြောင့် သူ့ချို့ယွင်းချက်ကို ဖြည့်ဆည်းနိုင်ခဲ့သည်။

ရွှေသန္ဓေအတွေးအမြင်မှတ်တမ်းများကို လုယန် ဆက်ဖတ်သည်။ သူ့အတွက်အသုံးဝင်သည့်နည်းလမ်း တစ်ခုမှမတွေ့။

သို့သော် နည်းနည်းတော့အကျိုးရှိပါသည်။

ရွှေသန္ဓေတည်ဆောက်သည့် အသေးစိတ်ဖြစ်စဉ်ကို နားလည်လာသည်။ အခြေခံလိုအပ်ချက်အနေဖြင့် အခြေတည်ထိပ်ဆုံးအဆင့် ရောက်နေရမည်။ ထို့ပြင် ထိုးထွင်းသိမြင်ဉာဏ်လည်း ရှိရမည်။ တစ်ချို့က ထိုးထွင်းဉာဏ်ကို စိတ်အားထက်သန်စွာ ရှာဖွေကြသည်။ အကိုတိုင်ပုဖန်က ရေတွင်ရှာသည်။ အကိုကျိဟုန်ဝမ်က ဝါးတွင်ရှာသည်။ တစ်ချို့ကလည်း အမကျိုးလုလုကဲ့သို့ ထိုးထွင်းဉာဏ် အလိုအလျောက် ဖြစ်ပေါ်လာသည်။

ထိုနည်းလမ်းနှစ်ခုကြားတွင် ဆိုးသည်ကောင်းသည်ဟုမရှိ။ ရွေးချယ်မှုအပေါ်သာ မူတည်သည်။

ယခု ရွှေသန္ဓေတည်ဆောက်ဖို့ ဘယ်နည်းလမ်းရွေးရမည်ကို လုယန်မဆုံးဖြတ်ရသေး။

"ဒီတစ်ခုက ငါ့ဆရာတို့မျိုးဆက်က နည်းလမ်းတွေဖြစ်မယ်"

လုယန် ပထမစာရွက်ကို လှန်လိုက်သည်။ 'တာအိုရှင်ဝစီပိတ်'ဟူသည့် နာမည်ပေါ်လာသည်။ သူ့ဆရာ ရွှေသန္ဓေအောင်မြင်စွာတည်ဆောက်ခဲ့သည့် အတွေ့အကြုံများ ရေးထားသည်။

"ဟားဟား..ထိပ်တန်းဓားသန္ဓေကို ငါကျင့်ကြံနိုင်ပြီကွ။ အနာဂတ်မျိုးဆက်တွေ ငါ့ကို မနာလိုမဖြစ်ကျနဲ့။ မနာလိုဖြစ်ရင်လည်း ငါဘာမှလုပ်ပေးနိုင်တာမရှိဘူး။ ဒါက ငါဇွဲကောင်းကောင်းနဲ့ ကျင့်ကြံခဲ့တဲ့ ရလာဒ်ပဲလေ။ ကျင့်ကြံတယ်ဆိုတာ တကယ်အလေးအနက်ထားရမယ့်ကိစ္စပါ။ ရေသာခိုလို့မရဘူး။ လက်တွေ့ကျကျနဲ့ ခြေတစ်ချက်ချင်းလှမ်းပြီးတက်ရတာ။

ဒါပေမယ့် ထိုးထွင်းသိမြင်ဉာဏ်ဆိုတာ တစ်ခြားလူဆီက သင်လို့ရတဲ့အရာမဟုတ်ဘူး။ ဓားလမ်းစဉ်မှာ ငါ့ပါရမီကို အားလုံးသိကြပါတယ်။ ငါ့ရှေ့မျိုးဆက်ပုဂ္ဂိုလ်တွေရဲ့ ဓားပညာတွေကို ငါအလွယ်တကူ သင်ယူနိုင်တယ်။ မင်းတို့သိလား၊ ငါ့ဂိုဏ်းတူအကိုတွေက သူတို့ရွှေသန္ဓေတွေတည်ဆောက်ဖို့ ပင်ပင်ပန်းပန်းအလုပ်လုပ်ကြရတယ်။ ဒါပေမယ့် ငါတော့ ဒီကိစ္စက အဲလောက်ခက်တယ်မထင်ပါဘူး။

အင်း...ငါ့အကိုတွေရဲ့ပါရမီက မလုံလောက်လို့ပဲဖြစ်မှာပါ"

အောက်ဘက်တွင် အကြီးအကဲရှစ်ယောက်က တာအိုရှင်ဝစပိတ်ကို ချီးကျူးထားသည်။

"ခြေတစ်ချက်ချင်း လှမ်းတက်ရမယ်တဲ့၊ ညီကိုပြောတာ သဘာဝကျပါတယ်"

လုယန် နောက်တစ်မျက်နှာလှန်လိုက်သည်။ တာအိုရှင်ဝစီပိတ် လဲကျနေသည့်ပုံဖြစ်သည်။ သူ့ကိုယ်ပေါ်တွင် ခြေရာများ ထင်ကျန်နေသည်။ ခြေရာရှစ်ခုရှိသည်။

"ဓားသန္ဓေ..."

ဓားသန္ဓေကို ဓားဝိညာဉ်မြစ်ပိုင်ရှင်များသာ ဖန်တီးနိုင်သည်။ လုယန်လည်း ထိုသန္ဓေဖန်တီးချင်လျှင် မခက်လောက်။ အလိုလိုပေါ်လာသည်ပင်ဖြစ်နိုင်သည်။ တာအိုရှင်ဝစီပိတ်လိုပင် အိပ်မက်ထဲတွင် ဉာဏ်အလင်းရနိုင်သည်။

"ဓားသန္ဓေတည်ဆောက်ရင်ကောင်းမလား"

လုယန် ခေါင်းခါသည်။ ယခုမှ အခြေတည်ထိပ်တန်းအဆင့်သို့ ရောက်ခါစဖြစ်သည်။ အချိန်ရှိသေးသည်။ အလျင်စလိုရွေးချယ်ဖို့မလို။

"နတ်မယ်၊ ခင်ဗျားအကြံပြုချင်တဲ့သန္ဓေမျိုးရှိလား။ ဟာရမ်သန္ဓေက လွဲလို့ပေါ့"

"ဟဲဟဲ ရှိပါတယ်။ ငါ့ရဲံပြုင်ဘက်ကင်းသန္ဓေက လောကမှာ ဒုတိယအကောင်းဆုံးရွှေသန္ဓေပဲ"

"ဘယ်လိုတည်ဆောက်တာလဲ"

ထိုနာမည် လုယန်တစ်ခါမှမကြားဖူး။ နာမည်က ဒဲ့တိုးဆန်လွန်းသည်။

"တစ်ခြားကျင့်ကြံသူတွေကု အဆင့်မပြတ်တိုက်ခိုက်ရတယ်။ စိန်ခေါ်မှုတွေကို မကြောက်ရဘူး။ တိုက်ပွဲတစ်ရာအနိုင်ယူရတယ်။ 'ဘယ်သူမှငါ့ကိုမယှဉ်နိုင်ဘူး'ဆိုတဲ့ စိတ်ဓာတ်မျိုးဝင်လာမယ်။ ဒီစိတ်နဲ့ ဝိညာဉ်စွမ်းအင်ကို လမ်းပြပြီး ရွှေသန္ဓေတည်ဆောက်တာ။

ဒါငါ့ရဲံ အထူးခြားဆုံးရွှေသန္ဓေပဲ။ ပြိုင်ဘက်ကင်းရွှေသန္ဓေလို့ နာမည်ပေးလိုက်တယ်။ ဒီရွှေသန္ဓေအကြောင်း လူတိုင်းကိုငါပြောမပြဘူးနော်။ ငါနဲ့အတူရှိရတဲ့ အကျိုးကျေးဇူးတွေကို သိပြီလား"

နတ်မယ် ဝင့်ကြွားစာပြောသည်။ လုယန်ဆီမှ လေးစားမှုကိုလိုချင်သည်။

"သေချာအောင် အတည်ပြုချင်တယ်။ တိုက်ပွဲတစ်ရာနိုင်ရမယ်ဆိုတာ ကျင့်စဉ်အဆင်တူတွေနဲ့ တိုက်ခိုက်တာလား။ တစ်ဆင့်နိမ့်တဲ့လူတွေလား"

"တစ်ဆင့်နိမ့်တဲ့လူတွေပေါ့"

နတ်မယ်၏ရွှေသန္ဓေသည် အမှန်တကယ် ရက်စက်သည်။ ထို့ကြောင့် သူ့စကားများကို ချင့်ချိန်၍ယုံဖို့ လုယန်ဆုံးဖြတ်လိုက်သည်။

"ရွှေသန္ဓေတည်ဆောက်တဲ့ကိစ္စက တကယ်သေချာစဉ်းစားဖို့လိုတာပဲ"

လုယန် နားထင်နှစ်ဘက် လက်ဖြင့်ပွတ်လိုက်သည်။ ရွှေသန္ဓေတည်ဆောက်သည့် နည်းလမ်းများစွာ သူဖတ်ခဲ့ပြီးဖြစ်သည်။ ဘယ်တစ်ခုကို ရွေးရမည်မသိသေး။

"လမ်းထွက်လျှောက်ဦးမှဖြစ်မယ်"

သူ့တစ်ကိုယ်လုံး ‌တောင့်တင်းနေသည်။

ကျမ်းစာတိုက်တံခါးတွင် စောင့်ကြပ်နေသည့် ကျိုးလုလုကို နှုတ်ဆက်၍ အပြင်သို့ထွက်လာသည်။

နေရောင်ခြည်အောက်တွင် ခန္ဓာကိုယ်ကို အကြောတစ်ချက်ဆန့်လိုက်သည်။ တောင့်တင်းနေသည့်အကြောများ ပြေလျော့သွားသည်။

"အကိုလုက ဒီမှာကိုး။ အခုမှ တွေ့တော့တယ်"

နည်းနည်းစိတ်လှုပ်ရှားနေသည့်စကားသံ သူ့နားထဲတွင် ပေါ်လာသည်။

"ဪ..လီဟော်ရန်"

"တွေ့လား၊ သူဒီမှာရှိလောက်တယ်လို့ ငါပြောသားပဲ"

လီဟော်ရန်နောက်မှ မုန်ကျင်းကျိုး၏ ပျင်းရိပျင်းတွဲစကားသံ ပေါ်လာသည်။

"ဘာကိစ္စလဲ"

လီဟောရန် နည်းနည်းရှက်နေသယောင်ရှိသည်။ တော်တော်နဲ့ စကားသံမထွက်။ သို့သော် မပြော၍လည်းမဖြစ်။

"မနေ့က ကျုပ်မိဘတွေ စာတစ်စောင်ပို့လိုက်တယ်။ ကျုပ်ရဲ့ဇနီးလောင်း ရောက်လာပြီတဲ့။ ကျပ်ကိုသူနဲ့ တွေ့ပေးချင်နေကြတယ်။ သူ့ကိုလည်း အရင်က ကျုပ်တစ်ခါမှမတွေ့ဖူးတော့ နည်းနည်းစိုးရိမ်နေတယ်။ ဒါကြောင့် တစ်ယောက်ယောက်ကို အဖော်ခေါ်သွားရင်ကောင်းမယ်လို့ တွေးမိတာပါ။

အစက အကိုလုရယ်၊ အကိုမုန်ရယ်၊ အကိုအရိုးရိုင်းရယ် သုံးယောက်ခေါ်သွားချင်တာ။ အကိုအရိုးရိုင်းက မှော်ပညာလေ့နေရလို့ အလုပ်များနေတယ်။ ကျုပ်နဲ့ မလိုက်နိုင်ဘူး။ အကိုမုန်တစ်ယောက်ကိုပဲ တွေ့တယ်။ အကိုလု လောလောဆယ်အားလား"

လုယန် ခဏစဉ်းစားသည်။ လောလောဆယ်အရေးတကြီးလုပ်စရာမရှိ။ လီဟော်ရန်နောက် အဖော်လိုက်ခြင်းသည် အရှုံးမရှိနိုင်။ ပတ်ဝန်းကျင်အသစ်တစ်ခုသို့သွားခြင်းသည် သူ့ရွှေသန္ဓေတည်ဆောက်ဖို့အတွက် အတွေးအမြင်တစ်ချို့ ရနိုင်သည်။

"ကောင်းပြီလေ၊ ဘယ်တော့သွားမှာလဲ"

"မနက်ဖြန်မနက်ဆို အဆင်ပြေလား"

"ကောင်းပါပြီ"

************************************

All Chapters