တန်ဆာဆင်မှုအနုပညာ
Vol. 15 Ch. 213
နောက်တစ်နေ့မနက်စောစော ချိန်းထားသည့်နေရာတွင် သူတို့သုံးယောက်ဆုံကြသည်။
လီဟောရန်က အရင်ရောက်နှင့်သည်။ နည်းနည်းဂဏာမငြိမ်ဖြစ်နေသည်။
လောင်မာ(မြင်းအို) ရှိနေသဖြင့် လုယန် လှေပျံပေါ် ကြောက်ကြောက်လန့်လန့်တက်စရာမလိုတော့။
"ထင်မထားဘူးကွာ။ မင်းက တကယ်အနေအထိုင်ပိရိတာပဲ။ ဇနီးလောင်းတောင် ရှိနေတယ်ပေါ့"
မုန်ကျင်းကျိုးက မျက်စိတစ်ဘက်မှိတ်၍ လီဟော်ရန်ကိုစနောက်သည်။
မုန်မိသားစု၏ အကြီးဆုံးသာဖြစ်၍ မမွေးခင်ကတည်းက မြို့တော်လူကုံထံများ မုန်ကျင်းကျိုးနှင့် ဆက်သွယ်မှုတ်ညဆောက်နိုင်ရန် လာရောက်လည်ပတ်ကြသည်။
သူမွေးလာပြီးနောက် စေ့စပ်ကမ်းလှမ်းသူ အများအပြားလာကြသည်။ သူတို့အိမ်တံခါးရှေ့ကြမ်းခင်းပင် တဖြေးဖြေးပါးသွားသည်။
"ကျင့်ကြံဖို့အတွက်သာမဟုတ်ရင် ငါအခုလောက်ဆို မြို့တော်မှာ ပျော်ပျော်နေရမှာ"
မုန်ကျင်းကျိုး အောက်မေ့တသဟန်ဖြင့် သက်ပြင်းချသည်။
လီဟော်ရန်က နှစ်သိမ့်သည်။
"တစ်ခုလိုချင် တစ်ခုပေးဆပ်ရမယ်ဆိုတဲ့ စကားလိုပေ့ါ။ မြို့တော်သခင်လေးဘဝကို ပေးဆပ်လိုက်ရပေမယ့် လူအတော်များများအိပ်မက်မက်ကြတဲ့ သန့်စင်ယန်ဝိညာဉ်မြစ်ကို အကိုရထားတာပဲ"
လုယန်ကလည်း အလိုက်သင့်ဝင်ပြောသည်။
"သိပ်မှန်တာပေါ့။ အကောင်းဘက်ကကြည့်ပါ။ အခု မိန်းကလေးကျင့်ကြံသူတွေနဲ့ ပြောဆိုဆက်ဆံခွင့်ရတဲ့အချိန်လေးကို တန်ဖိုးထားပါ။ 'တစ်ကိုတော်ရွှေသန္ဓေ'ကို တည်ဆောက်ပြီးတာနဲ့ အဲဒါက မိန်းကလေးတွေကို အလိုလိုတွန်းကန်လိမ့်မယ်။ မင်းစကားပြောခွင့်တောင် ရတော့မှာမဟတ်ဘူး"
"ခွေးသူတောင်းစား။ ငါ့ဦးနှောက်ကို လာမစားနဲ့ကွ။ တစ်ကိုယ်တော်ရွှေသန္ဓေမှာ ဒီလိုအာနိသင်မျိုးရှိတယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး"
"ဒါက ရှေးဟောင်းလျှို့ဝှက်ချက်လေ။ ငါတော်ရုံတန်ရုံ လူတိုင်းကိုမပြောဘူးနော်"
မုန်ကျင်းကျိုး လုယန်ကို သံသယမျက်လုံးဖြစ်ကြည့်သည်။ ရှေးခေတ်မသေမျိုးစစ်တစ်ယောက် သူ့ကိုယ်ထဲတွင်ရှိသည်ကို ပြန်သတိရလာသည်။ ထိုလမ်းညွှန်ဆရာတစ်ယောက်ရှိနေလျှင် ရှေးဟောင်းလျှို့ဝှက်ချက်တစ်ချို့သိနေသည်မှာ သဘာဝကျသည်။
"နေပါဦး...မဟုတ်သေးဘူး။ ပထမဆုံးတစ်ကိုယ်တော်ဝိညာဉ်မြစ်က မဟာယုခေတ်ကျမှ စပေါ်တာပါ။ ရှေးဟောင်းခေတ်မှာမရှိသေးပါဘူး။ မင်းငါ့ကိုလိမ်နေတာပဲ"
မုန်ကျင်းကျိုး ချက်ျခင်းနားလည်လာသည်။
"လိပ်လက်သီးစွမ်းအားကို မြည်းကြည့်လိုက်စမ်း"
ကျဉ်းမြောင်းသည့်နေရာတွင် နှစ်ယောက်သား တိုက်ခိုက်ရန်ကြသည်။ လီဟော်ရန် ဝင်ဖျန်ဖြေပေးရသည်။
"ညီလေးလီ၊ မင်းဇနီးလောင်းက ဘယ်လိုနောက်ခံမျိုးလဲ"
လီဟော်ရန် ဆင်းရဲကြောင်း လုယန်သိထားသည်။ မိဘများက သာမန်လေလွင့်ကျင့်ကြံသူများသာဖြစ်သည်။ အခြေတည်အဆင့်ရှိသည်။ ထူးခြားစွမ်းရည်မျိုးမရှိ။ လီဟော်ရန် မီးဝိညာဉ်မြစ်ရလာခြင်းမှာ တိုက်ဆိုင်မှုသက်သက်ဖြစ်သည်။ လုယန်နှင့် အဖြစ်ချင်းဆင်တူသည်။
လီဟော်ရန် အခက်တွေ့သွားဟန်ဖြင့် သက်ပြင်းချသည်။
"ကျုပ်မသိဘူး"
"မသိဘူး..ဟုတ်လား"
လုယန်ရော မုန်ကျင်းကျိုးပါ အံ့အားသင့်သွားသည်။ ကိုယ်ယူမည့်မိန်းမ၏ နောက်ခံအကြောင်း မသိသည်မှာ ထူးဆန်းလှသည်။
"ကျုပ်မိဘတွေပြောတယ်။ သူတို့ခရီးလှည့်လည်ရင်း သေရေးရှင်ရေးအခြေအနေတစ်ခုကြုံတယ်။ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြတ်သွားရင်းကြုံကြိုက်လို့ သူတို့ကိုကယ်ခဲ့တယ်။ အဲဒီ့အချိန် ကျုပ်အမေက ကျုပ်ကိုယ်ဝန်ကိုလွယ်ထားတာ သုံးလရှိပြီ။ အဆင့်မြင့်ကျင့်ကြံသူက ဒါကိုမြင်သွားတော့ မိသားစုနှစ်ခုပေါင်းစည်းပြီး စေ့စပ်ကြောင်းလမ်းဖို့ အကြံပြုခဲ့တာ။
အဲလိုပြောပြီးတော့ ကျင့်ကြံသူက ပျံသန်းပြီးထွက်သွားတယ်။ နောက်ထပ်လုံးဝထပ်မတွေ့ရတော့ဘူး။
ပျံနိင်တယ်ဆိုတော့ အနည်းဆုံး ရွှေသန္ဓေအဆင့်တော့ ရှိလောက်တယ်။ ဒါပေမဘ့် သူ့ကျင့်စဉ်စွမ်းအားကို အတိအကျမသိရဘူး။
ကျုပ်မိဘတွေက သူ့နာမည်၊ ဘွဲ၊ နောက်ခံ၊ နေရာ ဘာမှမသိလိုက်ရဘူး"
"..အတော်အလျင်စလိုနိုင်တဲ့ စေ့စပ်ပွဲပါလား"
"ဟုတ်တယ်"
လီဟော်ရန် မဲ့ပြုံးပြုံးနေသည်။
"ကျုပ်မိဘတွေကသူ့ကို အခြေတည်အဆင့်ပဲလို့ ထင်ခဲ့တာ။အဲဒီအဆင့်မြင့်ကျင့်ကြံသူက ကျုပ်တို့ဆီက ဘာလိုချင်တာဖြစ်နိုင်မလဲ။ ကျုပ်မှာ ပါရမီနည်းနည်းပါခဲ့ရင်တောင် အလွန်ဆုံး ရွှေသန္ဓေအဆင့်ပဲ ရောက်မှာပေါ့။ ဒါပေမယ့်အခုက အကိုတို့မြင်တဲ့အတိုင်းပဲ။ ကျုပ်မှာ မီးဝိညာဉ်မြစ်ရှိနေတယ်လေ"
တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်များသည် ငယ်ငယ်ရွယ်ရွယ်နှင့်မသေလျှင် ကျင့်ကြံသူလောကတွင် ထင်ရှားသည့်လူများဖြစ်လာဖို့ သေချာသည်။ ထိုပါရမီရှင်မျိုးကို မိသားစုတိုင်းက သိမ်းသွင်းချင်ကြသည်။ ဥပမာ လုယန်ဓားဝိညာဉ်မြစ်ရှိမှန်း သိသွားချိန်တွင် သက်တမ်းရင့်မိသားစုကြီးများက သူတို့သမီးများနှင့် လက်ဆက်ပေးရန်ကြိုးစားကြသည်။
သို့သော် လုယန်က တာအိုရှင်ဝစီပိတ်၏တပည့်ဖြစ်၍ ကောင်းကင်ဂူတောင်ထိပ်သို့ ရောက်လာပြီးနောက် ထိုမိသားစုများ စေ့စပ်ကြောင်းလမ်းခွင့်မရကြတော့။
"အဲဒီ့အဆင်မြင့်ကျင့်ကြံသူက အရင်ကတည်းက မင်းရဲ့မီးဝိညာဉ်မြစ်ကို ကြိုမြင်ခဲ့တာများလား"
လုယန် ခန့်မှန်းသည်။
"မဖြစ်နိုင်ဘူး။ ဒီလိုပညာမျိုးရှိတယ်လို့ ငါတစ်ခါမှမကြားဖူးဘူး"
မုန်ကျင်းကျိုးက ငြင်းသည်။
အကယ်၍ ထိုပညာရပ်မျိုးရှိလျှင် မုန်မိသားစု ဟိုအရင်ကတည်းက ကျွမ်းကျင်တတ်မြောက်ထားပြီးဖြစ်မည်။ မုန်ကျင်းကျိုး၏ ဝိညာဉ်မြစ်ကို စမ်းသပ်ဖို့ လေးနှစ်ပြည့်အောင် စောင့်စရာလိုမည်မဟုတ်။
"ထူးဆန်းတယ်"
"ထားလိုက်ပါလေ။ မင်းရဲ့ဇနီးလောင်းနဲ့တွေ့ရင် အားလုံးသိရမှာပဲ"
စဉ်းစားမရသဖြင့် သူတို့လက်လျှော့လိုက်ကြသည်။
လောင်မာ(မြင်းအို)တစ်နေကုန် မြင်းရထားဆွဲပြီးနောက် လီဟော်ရန်၏အိမ်သို့ ရောက်လာသည်။
သူ့အိမ်က လော်ဖုန်းကောင်တီ၏မြို့တော်တွင် ရှိသည်။ သန့်စင်သွေးဆက်ဖီးနစ်တစ်ကောင် ထိုနေရာတွင် သေဆုံးခဲ့ပြီး ကောင်းချီးခံနေရာဖြစ်သည်ဟု ယူဆကြသဖြင့် 'လော်ဖုန်း'ဟူသည့်နာမည် ပေါ်လာခြင်းဖြစ်သည်။
"ယန်ကျန်းကောင်တီထက် ပိုခမ်းနားတာပဲ"
လုယန် မြင်းရထားထဲမှ ခေါင်းပြူကြည့်သည်။ မြင့်မားထည်ဝါသည့် မြို့တော်နံရံများ၊ စည်းကားသည့် ယာဉ်အသွားအလာများကို မြင်သည်။ သူတို့ကို သတိဖြင့်စောင့်ကြည့်သည့် အကြည့်များ ကျလာသည်။ လော်ဖုန်းကောင်တီိ၏ အဆင့်မြင့်စွမ်းအားရှင်များဖြစ်သည်။
"ရပ်လိုက်၊ စစ်ဆေးမှုခံယူပါ"
ဂိတ်စောင့်များက မြင်းရထားကိုတားသည်။
သူတို့သုံးယောက် ကျောက်စိမ်းတံဆိပ်ကိုယ်စီ ထုတ်ပြလိုက်သည်။
"ဪ၊ တာအိုလမ်းစဉ်ဂိုဏ်းကလူတွေလား။ ဝင်ပါခင်ဗျာ"
အစောင့်များ အလွန်လေးစားသည့်အမူအရာမျိုး ဖြစ်လာသည်။ ဂိုဏ်းတွင်းကျင့်ကြံနည်းများ မည်သို့ရှိသည်ဖြစ်စေ ဂိုဏ်းတပည့်အားလုံးက ပါရမီထူးသည့် အောင်မြင်ကျော်ကြားသူများဖြစ်သည်။
ထို့ပြင် မသေမျိုးငါးဂိုဏ်းစာရင်းဝင်ဖြစ်၍ တာအိုလမ်းစဉ်ဂိုဏ်းသည် ဩဇာအာဏာများစွာ ပိုင်ဆိုင်ထားသည်။ ဒေသခံအာဏာပိုင်များ လေးစားကြရသည်။
ဥပမာပြောရလျှင် ဒုက္ခပေးနိုင်သည့် ကြောက်စရာကောင်းသည့် ဥပဒေစီရင်ပိုင်ခွင့်ဩဇာမျိုးရျိသည်။ ဒေသခံအာဏာပိုင်များ တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေလျှင် သို့မဟုတ် နတ်ဆိုးလမ်းစဉ်နှင့် ပူးပေါင်းနေလျှင် အရင်သတ်ပြီး နောက်မှသတင်းပို့ခွင့်ရှိသည်။
သို့သော် မသေမျိုးငါးဂိုဏ်းက ရှားနိုင်ငံကို လေးစားကြပါသည်။ မဖြစ်မနေလိုအပ်သည့်အခြေအနေမှလွဲလျျင် အပြစ်သားများကို နန်းတော်သို့ လွှဲပေးသည်။
တာအိုလမ်းစဉ်ဂိုဏ်းဝင်များဖြစ်ကြောင်း သိသွားသည်နှင့် သတိဖြင့်စောင့်ကြည့်နေသည့်မျက်လုံးများ ပျောက်ကွယ်သွားသည်။ ထိုလူများက အရပ်ဝတ်ဖြင့် ကျူးကျော်ဝင်လာသူများ ဒုက္ခမပေးနိုင်အောင် စောင့်ကြပ်နေကြခြင်းဖြစ်သည်။
"ကျုပ်တို့အိမ်က ဒီဘက်လမ်းပါ"
လီဟော်ရန် လောင်မာကို လမ်းညွှန်သည်။
လမ်းတွင် လက်ဖက်ရည်ဆိုင်တစ်ခုမှ ပုံပြောဆရာတစ်ယောက် "တာအိုလမ်းစဉ်ဂိုဏ်း၏ဒဏ္ဍာရီ"အား ပြောပြနေသည်ကို ကြားရသည်။
"...မသေမျိုးတစ်ယောက်ရဲ့ အမူအကျင့်မျိုးရှိတဲ့ တာအိုရှင်ဝစီပိတ်ဟာ သေမျိုးလောကရဲ့ အခက်အခဲတွေကို လေ့လာဖို့ ထောင်ထဲကိုသွားတယ်။ အကျဉ်းသားတွေနဲ့ ဝေမျှစားသောက်ပြီး စကားပြောတယ်။ ဒီလိုအခြေအနေဘာလို့ကြုံနေကြရသလဲဆိုပြီး သူစိတ်မကောင်းဖြစ်တယ်...
တစ်ခါတစ်လေ တာအိုရှင်က ထောင်သားတွေဆီကနေ နတ်ဆိုးသောင်းကျန်းတဲ့နေရာတွေအကြောင်း စုံစမ်းတယ်။ ပြီးတော့ အဲဒီ့နေရာတွေကိုသွားပြီး သုတ်သင်ရှင်းလင်းတယ်။
ဒီနေ့ပြောမယ့် ဇာတ်လမ်းလေးကတော့ တာအိုရှင်ဝစီပိတ် ထောင်ထဲကနေ သတင်းတစ်ခုရတာကနေ စဖြစ်လာပါတယ်။
...အန်ကျားရွာဟာ ခြောက်ခြားစရာဖြစ်နေတယ်ဆိုပြီး ထောင်သားတစ်ယောက်ဆီက သူကြားတယ်။ အဲဒီ့ရွာက ထွက်လာသူမှန်သမျှ မရွှင်မလန်းနဲ့ ဝိညာဉ်တွေကြေမွသွားသလို ဖြစ်နေတယ်တဲ့။ ဒါပေမယ့်လည်း အဲဒီ့လူတွေက ဒီရွာကိုပဲ ပြန်သွားချင်ကြတယ်။
...တာအိုရှင်ဝစီပိတ်က ရွှာခေါင်းဆောင်ရဲ့အစီအစဉ်ကို ထိုးထွင်းသိတယ်။ ရွာထဲကို ဝင်လိုက်ထွက်လိုက်လုပ်ပြီး နတ်ဆိုးတွေကို အကြိမ်ကြိမ်တိုက်ခိုက်တယ်။ နောက်ဆုံးကျတော့ နတ်ဆိုးတွေက သူ့ကိုအသနားခံကြတယ်။ မကောင်းမှုတွေ ဘယ်တော့မှထပ်မလုပ်တော့ပါဘူးလို့ ကတိပေးကြတယ်"
လုယန်မျက်နှာ အူကြောင်ကြောင်ဖြစ်သွားသည်။ သူ့ဆရာ၏ဇာတ်လမ်းကို အတော်လေးမွမ်းမံတန်ဆာဆင်ထားသည်ဟု ခံစားရသည်။
"ငါမှတ်မိသလောက်တော့ အန်ကျားရွာဆိုတာ ပန်းနတ်ဆိုးတွေက အခွန်ရှောင်ဖို့အတွက် ရွာအမည်ခံပြီးဖွင့်ထားတဲ့ ပြည့်တန်ဆာလုပ်ငန်းပါ။ နောက်တော့ ရှားနိုင်ငံက အခွန်ရှောင်တာသိသွားပြီး လုပ်ငန်းကိုပိတ်သိမ်းလိုက်တယ်"
လီဟော်ရန် အံ့အားသင့်သွားသည်။
"ဟုတ်လား။ ဒါပေမယ့် ဂိုဏ်းချုပ်ကြီး ဒီအကြောင်းကို ဒီလိုပုံစံနဲ့ပြောတာ အကြောင်းရှိလို့ဖြစ်မှာပါ။ သူက အရေးကြီးတဲ့နေရာတစ်ခုကနေ ပါဝင်ခဲ့ရတာ ဖြစ်နိုင်တယ်"
"သူက ပုံမှန်ဖောက်သည်လေ။ ထောင်ဆယ့်ငါးရက်ကျခဲ့တယ်"
**************************************