ပျက်သွားသည့်စေ့စပ်ပွဲ
Vol. 15 Ch. 214
ဆရာဝစီပိတ်၏ မဟုတ်မမှန်ဇာတ်လမ်းဆင်သည့်ကိစ္စ ယွမ်ကျိကိုပြောသင့်မပြောသင့် လုယန်စစဉ်းစားသည်။
ယွမ်ကျိကို ပြောလိုက်လျှင် သူ့ဆရာ သေချာပေါက် အရိုက်ခံရမည်။ မပြောပြန်လျှင်လည်း သူနှင့်သူ့ဆရာ ပူးပေါင်းကြံစည်နေသည်ဟု ယွမ်ကျိ ထင်သွားနိုင်သည်။
"တစ်ဘက်က ငါ့ဆရာ။ တစ်ဘက်မှာ ငါ့အမ။ အတော်ဆုံးဖြတ်ရခက်တာပဲ"
စိတ်လွန်ဆွဲနေသဖြင့် လုယန်သက်ပြင်းချသည်။
အကြွေစေ့ကြေးပြားတစ်ပြား ထုတ်လိုက်သည်။ ကံကိုသာ ဆုံးဖြတ်ခိုင်းတော့မည်။
အကြွေစေ့ကို လက်ဖြင့်အသာတောက်လိုက်သည်။ ချွင်ခနဲအသံမြည်ပြီး ပတ်ချာလည်လျက် လေထဲသို့မြောက်တက်သွားသည်။ သုံးယောက်လုံး ကြေးပြားကို အထက်မှ အောက်ကျသည့်တိုင် မလွတ်တမ်းကြည့်နေကြသည်။
ဘုတ်။
"ခေါင်း"ကျသည်။
"ကံကြမ္မာက ငါ့ဆရာကို ဒုက္ခရောက်စေချင်ပုံပဲ"
"ထပ်စမ်းကြည့်ပါဦး အကိုလု"
လီဟောရန် အကြံပြုသည်။ ချော်ရည်ကန်ထဲတွင် စိမ်နေခဲ့စဉ်က ဂိုဏ်းချုပ်တာအိုရှင်ဝစီပိတ်သည် လုံးဝမယုံကြည်ရကြောင်း သူ့ဆရာ အကြီးအကဲကျိုးရှင်း ညည်းညူနေသည်ကို ကြားဖူးသည်။
သို့သော် မည်သို့ဆိုစေ ဂိုဏ်းချုပ်သည် ဂိုဏ်းချုပ်သာဖြစ်သည်။
လုယန် ခေါင်းငြိမ့်သည်။ သူလည်းတကယ်ထိုသို့ မဖြစ်စေချင်ပါ။ ကြေးပြားကို နောက်တစ်ကြိမ်မြှောက်သည်။
'ပန်း'ကျသည်။
လီဟော်ရန် သက်ပြင်းချလိုက်သည်။ ဂိုဏ်းချုပ် ကံကောင်းသွားသည်။
လုယန်လည်း သက်ပြင်းချသည်။
"ကြည့်ရတာ ကံကြမ္မာက ငါ့ဆရာကို ဒုက္ခရောက်စေချင်ပုံပဲ"
"နေပါဦး အကိုလု။ ဘယ်လိုဖြစ်တာလဲ။ ခေါင်းကျတော့လည်း အမယွမ်ကိုတိုင်မယ်။ ပန်းကျတော့လည်း အမယွမ်ကိုမယ်ပေါ့။ ဘယ်လိုဖြစ်မှ အမယွမ်ကို ပြန်မတိုင်မှာလဲ"
"ကြေးပြားက ဒေါင်လိုက်ကျရင်ပေါ့ကွာ"
လီဟော်ရန် မင်သက်မိသွားသည်။ မုန်ကျင်းကျိုးက ရှင်းပြသည်။
"စည်းစားကြည့်ကွာ။ ကြေးပြားကျတဲ့အခါ ဖြစ်နိုင်ခြေနှစ်ခုရှိတယ်။ အပြားလိုက်ကျရင်ကျ။ မဟုတ်ရင် ဒေါင်လိုက်ကျမယ်မဟုတ်လား"
"ဟုတ်ပါတယ်"
"ဒီတော့ အမယွမ်ကို ပြန်မပြောဖို့ ဖြစ်နိုင်ခြေငါးဆယ်ရာနှုန်းရှိတယ်လေ။ ငါဆယ်ရာနှုန်းဆိုတာ ဖြစ်နိုင်ခြေအတော်လေးမြင့်နေပါပြီ"
လုယန် မုန်ကျင်းကျိုးကို ကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည့်သည်။
လီဟောရန် မျက်ခုံးတစ်ချက်လှုပ်သွားသည်။
"အကိုလု၊ ဂိုဏ်းချုပ်ကိုသေစေချင်ရင် ဒီအတိုင်းပဲပြောလိုက်ပါလား။ ဘာလို့ ကြေးပြားမြှောက်ပြီး ဒုက္ခခံနေဦးမှာလဲ"
လုယန်နှင့်မုန်ကျင်းကျိုးတို့ အရိုးရိုင်းကို လွမ်းမိကြသည်။ အရိုးရိုင်းသာဆိုလျှင် သူတို့စကားကို ယုံပြီးဖြစ်မည်။
သူတို့စကားပြောရင်း လီဟော်ရန်၏အိမ်သို့ ရောက်လာကြသည်။
မြင်းအို ရပ်သွားသည်။ လီဟော်ရန် မြင်းရထားပေါ်မှ အရင်ဆင်း၍ လုယန်တို့နှစ်ယောက်ကို အိမ်ပတ်ဝန်းကျင်ကိုပြသည်။
"အကိုတို့၊ ဒါ ကျုပ်အိမ်ပါ။ နည်းနည်းတော့ပျက်စီးနေပြီ။ ဒါပေမယ့် ဒီနေရာမှာ ကျုပ်ရဲ့ကလေးဘဝအမှတ်တရတွေ အများကြီးရှိနေသေးတယ်။ ကျုပ်ငယ်ငယ်တုန်းက အိမ်တံခါးရှေ့ကသစ်ပင်ပေါ်ကို တက်ဖူးတယ်"
"...ညီလေးလီ၊ မင်းပြောတဲ့ 'နည်းနည်းပျက်စီးနေပြီ'ဆိုတာက လျှော့လျှော့ပေါ့ပေါ့ပြောတာလို့ ငါထင်တယ်"
လီဟောရန် လှည့်ကြည့်သည်။ သူ့အိမ်က တစ်စစီဖြုတ်ထားသည်ကို မြင်လိုက်ရသည်။
"ငါ့အိမ်ဘယ်ရောက်သွားတာလဲဟ"
အိမ်မှထွက်သွားသည်မှာ တစ်နှစ်ကျော်ကျောက်သာရှိသေးသည်။ သူ့အိမ်ဘယ်လိုပျောက်သွားသည်မသိ။
"ဟေး၊ မင်းက လီမိသားစုအိမ်က ကောင်လေးမဟုတ်လား။ တာအိုလမ်းစဉ်ဂိုဏ်းမှာ မင်းအဆင်ပြေနေတယ်လို့ကြားတယ်"
အဘိုးအိုတစ်ယောက်က လီဟော်ရန်ကို မှတ်မိသွားသည်။
"ဦးလေးကျန်း၊ ကျုပ်အိမ် ဘယ်ရောက်သွားတာလဲ"
လီဟော်ရန် အမြန်မေးလိုက်သည်။
"ဘာရယ်၊ မင်းမိဘတွေ ပြောမထားဘူးလား။ မင်းတာအိုလမ်းစဉ်ဂိုဏ်းတပည့်ဖြစ်တာ ဂုဏ်ပြုပွဲကျင်းပဖို့ မင်းမိသားစုတွေက အိမ်ဟောင်းကိုရောင်းပြီးတယ်။ ပြီးတော့ ချွန်ယန်လမ်းကို ပြောင်းသွားပြီလေ"
"ကျုပ်ဂိုဏ်းတပည့်ဖြစ်တာကို ဂုဏ်ပြုဖို့ ဒီအိမ်ကိုရောင်းလိုက်တယ်ပေါ့"
လီဟော်ရန် စိတ်ပျက်လက်ပျက် မျက်နှာကို အုပ်လိုက်သည်။
ဦးလေးကျန်း၏ လမ်းညွှန်မှုဖြင့် လီဟော်ရန်၏ အိမ်အစစ်သို့ သူတို့ရောက်လာသည်။
အိမ်ထဲမဝင်မီ လုယန်က မုန်ကျင်းကျိုးကို တီးတိုးမေးသည်။
"ဦးလေးနဲ့အဒေါ်အတွက် လက်ဆောင်ယူခဲ့လား"
"ငါက အမြဲတမ်းအသင့်ပြင်ထားပြီးသားလေ။ ငါ့ကျောက်စိမ်းတံဆိပ်ထဲမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်။ မင်းကရောဘယ်လိုလဲ"
"ဒီကိုမလာခင် မစ်ရှင်ခန်းမကိုသွား ဆေးလုံးတစ်ချို့နဲ့ ရတနာတစ်ချို့ လဲလာတယ်"
နှစ်ယောက်လုံး စိတ်သက်သာရာရသွားပြီး မြင်းရထားပေါ်မှ ဆင်းကြသည်။
လီဟော်ရန် တံခါးခေါက်ရန်ပြင်နေစဉ် အိမ်ထဲမှ ထူးဆန်းသည့်မိန်းမသံတစ်ခု ကြားလိုက်ရသည်။
"ကျွန်မ ဒီစေ့စပ်ပွဲကို လုံးဝသဘောမတူဘူး။ မမွေးခင်တည်းက စီစဉ်ခဲ့တာတဲ့လား။ ဒီကိစ္စကို ကျွန်မသဘောတူခဲ့လို့လား။ ဒီစေ့စပ်ပွဲကို ကျွန်မအသိအမှတ်ပြုဖို့တော့ စဉ်းတောင်မစဉ်းစားနဲ့"
ထို့နောက် လီဟောရန်၏ဖခင်အသံပေါ်လာသည်။
"စေ့စပ်ပွဲကို သဘောတူထားပြီးသားလေ"
လုယန်နှင့်မုန်ကျင်းကျိုး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ အခြေအနေက သိပ်ဟန်ပုံမရ။
လီဟော်ရန် မျက်မှောင်ကျုံ့သွားပြီး တံခါးကိုတွန်းဖွင့်၍ တမင်အသံကျယ်ကျယ် အော်ခေါ်လိုက်သည်။
"အမေ၊ အဖေ။ ကျုပ်ပြန်လာပြီ"
တံခါးပွင့်သည်နှင့် လင်မယားနှစ်ယောက် နည်းနည်းမင်သက်မိနေသည်ကို တွေ့ရသည်။ လီဟော်ရန် ယခုလိုအချိန်ရောက်လာမည်ဟု ထင်ထားပုံမရ။
လီဟောရန်မိဘများနှင့် ငြင်းခုန်နေသည်က သူနှင့်သက်တူရွယ်တူလောက်ရှိသည် မိန်းမလှလေးတစ်ယောက်ဖြစ်သည်။
ထိုမိန်းကလေးနောက်တွင် ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ယောက် ရပ်နေသည်။ မိန်းကလေးနှင့် ရုပ်ချင်းဆင်သည်။ အမေလား အမလား သေချာမကွဲပြား"
"ဟော်ရန်၊ မင်းပြန်လာပြီလား"
"အဖေနဲ့အမေ၊ ကျုပ်မိတ်ဆက်ပေးမယ်။ သူတို့က တာအိုလမ်းစဉ်ဂိုဏ်းက ကျုပ်ရဲ့ဂိုဏ်းတူအကိုတွေပါ။ လုယန်နဲ့ မုန်ကျင်းကျိုးတဲ့"
"မင်္ဂလာပါ ဦးလေးနဲ့အဒေါ်"
လုယန်နှင့်မုန်ကျင်းကျိုး ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ပြင်ဆင်လာသည့်လက်ဆောင်များ ပေးသည်။
"မင်းတို့ ဘာလက်ဆောင်မှ ယူလာဖို့မလိုပါဘူးကွယ်"
"ဒါတွေ လမ်းမှာထုပ်ပိုးလာတဲ့ ပစ္စည်းလေးတွေပါ။ တန်ဖိုးမကြီးပါဘူး"
ယဉ်ကျေးမှုအရ ငြင်းဆန်နေပြီးနောက် လီဟော်ရန်မိဘများက လက်ဆောင်များကို လက်ခံသည်။
"ဪ...လီဟော်ရန်ဆိုတာ နင်လား"
ကောင်မလေးက လီဟော်ရန်ကို မျက်မှော်ကျုံ့၍ ကြည့်သည်။ အမှန်အတိုင်းပြောရလျှင် လီဟော်ရန်သည် ရုပ်ရည်ခံ့ညားပါသည်။ သို့သော်ယခု သူ့အမြင်တွင် မျက်စိစပါးမွှေးစူးစရာဖြစ်နေသည်။
"မင်းကဘယ်သူလဲ"
လီဟော်ရန် ခပ်တင်းတင်းပြန်မေးသည်။
အခြေအနေပိုဆိုးလာမည်စိုး၍ လီဟော်ရန်မိဘများက အမြန်မိတ်ဆက်ပေးသည်။
"သူက ချင်ယန်ယန်ပါ။ ဒါက သူ့အမေ စုယီရန်ပါ။ အမေတို့အသက်ကိုကယ်ခဲ့တဲ့ သူရဲကောင်းပေါ့"
သိစိတ်နယ်မြေမှ ထာဝရနတ်မယ်က ဟက်ခနဲရယ်သည်။
"ဒီစုယီရန်က အထင်ကြီးစရာပါပဲ။ စုစည်းခြင်းအဆင့်လေ"
အလယ်ပိုင်းတိုက်နယ်တွင် ပါရမီရှင်ပေါများသည်။ လုယန်မကြားဖူးသည့် စုစည်းခြင်းအဆင့်ကျင့်ကြံသူများ အတော်များများရှိသည်။
လုယန် မပြောနှင့်။ မုန်မိသားစုတွင် မွေးလာသည့် မုန်ကျင်းကျိုးပင် စုစည်းခြင်းအဆင့်ကျင့်ကြံသူအားလုံးကိုမသိ။
"စုစည်းခြင်းအဆင့်လား"
လုယန် အံ့အားသင့်သွားသည်။
'ညီလေးလီက ဒီလောက်တောင် အဖိုးတန်တာလား။ စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က သူ့မိဘတွေကို ကယ်ခဲ့ရုံမက လက်ထပ်ဖို့ပါ စီစဉ်ခဲ့တယ်ပေါ့'
လီဟော်ရန်သည် မီးဝိညာဉ်မြစ်ရှိသည်မှလွဲ၍ ဘာမှထူးခြားသည်ဟု သူမမြင်။
ပါရမီရှင်အဖြစ်မှ ဆန်ကုန်မြေလေးဘဝသို့ ကျသွားခြင်းမရှိ။ ထူးထူးဆန်းဆန်းစကားများလည်းမပြော။ ကြောင်တောင်တောင်အပြုအမူမျိုးလည်းမရှိ။
ထာဝရနတ်မယ်က လုယန်ကိုစနောက်သည်။
"နင်လည်း အတော်လေးအဖိုးတန်ပါတယ်။ ရှောင်ယွမ်ကိုယ်တိင် နင်နဲ့လန်ထက်လက်ထပ်ဖို့ စီစဉ်ပေးခဲ့တာပဲ။ ဒီကိစ္စသာ အောင်မြင်သွားရင် နင့်ကိုထောက်ပံ့ပေးမယ့် စုစည်းခြင်းကျင့်ကြံသူတွေ တိုးလာမှာလေ"
လုယန် မျက်ခွံလှန်၍ကြည့်လိုက်သည်။ ဘာမှပြန်မပြောတော့။
ချင်ယန်ယန်က လီဟော်ရန်ကို သေချာအကဲခတ်နေသည်။
"နင်က တာအိုလမ်းစဉ်ဂိုဏ်းကလို့ ငါကြားတယ်။ နင်နဲ့တန်းတူအုပ်စုထဲမှာ အဆင့်ငါးတဲ့။ အတော်စိတ်ပျက်စရာကောင်းတာပဲ။ မီးဝိညာဉ်မြစ်ဖြစ်ပြီး အဆင့်လေးငါးနေရာပဲရတယ်ပေါ့"
လီဟော်ရန် သူ့အထက်မှလေးယောက်အကြောင်း ပြန်စဉ်းစားသည်။ တစ်ယောက်က ဓားဝိညာဉ်မြစ်၊ အမယွမ်ကိုယ်တိုင် သင်ပေးနေသူ၊ အမယွမ်နှင့် မှော်ပညာပါရမီတန်းတူအဆင့်ရှိသူ။ နောက်တစ်ယောက်က ရှားနိုင်ငံ၏အကြီးဆုံးမိသားစုဖြစ်သည့် မုန်မိသားစုမှ တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်။ စတ်ယောက်က စွမ်းအားကြီးသည့် ငှက်မသေမျိုးခန္ဓာပိုင်ရှင်။ တစ်ယောက်က ရှေးဟောင်းအရိုင်းမျိုးဆက်၏ အမွေခံ။ အဆင့်ငါးနေရာရသည်မှာ မဆိုးလှသေးဟု သူထင်သည်။
အရိုးရိုင်းသည် ရှေးဟောင်းအရိုင်းမျိုးနွယ်၏ နောက်ဆုံးမျိုးနွယ်ဝင်ဖြစ်သည်။ နောက်ဆုံးမျိုးနွယ်ဝင်သည် မျိုးနွယ်တစ်ခုလုံး၏ ကံကောင်းခြင်းကိုရမည်ဟု ဒဏ္ဍာရီရှိသည်။
သူသာ ထိုထိပ်တန်းလေးယောက်ထက်သာနေလျှင် ထူးဆန်းနေပေလိမ့်မည်။
"ဒီစေ့စပ်ပွဲကို ဖျက်လိုက်ဖို့ ငါနင့်ကို အကြံပေးချင်တယ်။ ငါတို့အားလုံး ကိုယ်လမ်းကိုယ်လျှောက်ကြမယ်။ မိတ်ဆွေအဖြစ် ဆက်နေလို့ရတယ်။ နင်ဒါကိုလက်မခံရ၍်တော့..."
ချင်ယန်ယန်အေးစက်စက်ပြုံးလိုက်သည်။ အလေးအနက်ခြိမ်းခြောက်နေသည့်သဘောဖြစ်သည်။
"ငါလက်မခံရင် ဘာလုပ်မှာလဲ"
ချင်ယန်ယန် ဆက်၍လှောင်ပြုံးပြုံးနေသည်။ လီဟော်ရန် လက်မခံလျှင် ဘယ်လိုခြိမ်းခြောက်ရမည်ကို သူကြိုစဉ်းစားမထားခဲ့မိ။
************************************