ချင်ဟော်ရန်
Vol. 15 Ch. 217
အားလုံး ခြံဝန်းထဲမှ ဧည့်ခန်းသို့ ရွှေ့ကြသည်။ လီဟော်ရန်၏ မိဘနှစ်ပါးက ဦးဆောင်ခေါ်သွားသည်။ ချင်ယန်ယန်က အငယ်ဆုံးဖြစ်၍ အားလုံးအတွက် လက်ဖက်ရည်ပြင်ဆင်ပေးရသည်။
ချင်ယန်ယန်သည် အသက်အရွယ်အရ လီဟော်ရန်၊လုယန်၊မုန်ကျင်းကျိုးတို့နှင့် အတူတူလောက်ရှိသည်။ သို့သော် 'ဝါ'အရ ကွာသွားသည်။
"လီဟော်ရန်ဟာ အတိတ်ဘဝတုန်းက ကျွန်မယောက်ျားပါ။ နာမည်က ချင်ဟော်ရန်တဲ့။ စုစည်းခြင်းထိပ်ဆုံးအဆင့်ပါ"
စုယီရန် ဘယ်သူမှမသိသေးသည့် လူတစ်ယောက်အကြောင်း ပြောပြသည်။
အမူအရာအမျိုးမျိုး ကွဲပြားသွားသည်။ လီဟော်ရန်မိဘများက သူတို့သား၏ ထူးခြားသည့်အတိတ်ဘဝအကြောင်း သိရသဖြင့် အံ့ဩနေသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့က အတင်းပြောရန် စိတ်အားထက်သန်နေပုံရသည်။ သို့သော် ဖြစ်လာမည့်အန္တရာယ်ကို ရိပ်စားမိကြသည်။ ချင်ယန်ယန်က လီဟော်ရန်၏သရုပ်မှန်ကို လက်မခံသော်လည်း သူ့အဖေအကြောင်း ကြားချင်သည်။ သူ့အမေက ပြောပြခဲသည်။ လီဟော်ရန်ကတော့ အရယ်အပြုံးမရှိ။ အားလုံးကို အရှုံးပေး၍ အခြေအနေကို စောင့်ကြည့်နေပုံမျိုးဖြစ်သည်။
စုယီရန်ဇာတ်ကြောင်းပြန်ပြောနေပုံက ပို၍ချောမွေ့သွက်လက်လာသည်။ ထိုလျှို့ဝှက်ချက်ကို အချိန်ကြာမြင့်စွာ ထိန်းထားခဲ့ရသည့် ဖိအားကြောင့်လား သို့မဟုတ် အတိတ်အမှတ်တရများကြောင့်လား၊ သို့မဟုတ် တစ်ခြားအကြောင်းကြောင့်လားတော့မသိ။
"ချင်ဟော်ရန်နဲ့ကျွန်မ လွန်ခဲ့တဲ့နှစ်ငါးရာက ဆုံခဲ့ကြတာ။ အဲဒီတုန်းက ကျွန်မက တောင်တန်းပေါ်မှာ သီးခြားကျင့်ကြံနေတာပါ။ ဆယ်နှစ်တစ်ခါ အခွန်လာဆောင်တာကလွဲလို့ တောင်တန်းပေါ်ကနေ ထွက်ခဲတယ်။
တစ်နေ့ တောအုပ်ထဲ ကျင့်ကြံနေတုန်း သွေးချင်းချင်းနီရဲနေတဲ့လူတစ်ယောက် ကျွန်မရဲ့အတားအဆီးကို ချိုးဖောက်ဝင်လာပြီး ကျွန်မရေခြရင်းမှာ လဲကျသွားတယ်။ ကျွန်မသူ့ဆီ လျှောက်လာတာတွေ့တော့ ချက်ချင်းသူ့စွမ်းအားကို စုစည်းပြီး ခုခံဖို့ကြိုးစားတယ်။ ဒါပေမယ့် သူ့ဒဏ်ရာတွေက ပြင်းထန်လွန်းတော့ ချက်ချင်းသတိလစ်သွားသည်။
ကျွန်မ သူ့ကိုသနားလို့ ကယ်လိုက်တယ်။ တစ်လကြာအောင် သူသတိမေ့နေတာပါ။
သူပြန်သတိရလာတော့ အစပိုင်းမှာ အတော်လေးသတိထားတယ်။ ဒါပေမယ့် ကျွန်မသူ့ကိုတစ်ချိန်လုံး ဂရုစိုက်ပေးခဲ့တာသိတော့ သူစိတ်ချသွားပြီး အသက်ကယ်ခဲ့တဲ့ကျွန်မကို ကျေးဇူးတင်ကြောင်းပြောတယ်"
စုယီရန် တစ်ချို့အသေးစိတ်အချက်အလက်များကို အော်တိုချန်ထားခဲ့သည်။ ချင်ဟော်ရန်၏ အတွင်းဒဏ်ရာများကြောင့် ခေါင်းအစခြေအဆုံး ပတ်တီးစည်းပေးခဲ့သဖြင့် နိုးလာချိန်တွင် မံမီတစ်ခုလို ဖြစ်နေခြင်း။ အကယ်၍ ထိုသို့သာမလုပ်ခဲ့လျှင် ချင်ဟောရန် ထိုထက်နှစ်ပတ်စော၍ သတိပြန်ရလာနိုင်ခြေရှိခြင်း။
ထိုကိစ္စများက အသေးအဖွဲသာဖြစ်သည်။ ထုတ်ပြောဖို့ မထိုက်တန်။
"သူ့နာမည် ချင်ဟော်ရန်ပါလို့ ပြောတယ်။ စုစည်းခြင်းအဆင့် ကျင့်ကြံသူတဲ့။ ဒီထက်အရင်တစ်လက ရန်သူတွေ သူ့ကိုလိုက်သတ်ခဲ့တယ်။ အားလုံးကို သူသတ်နိုင်ခဲ့ပေမယ့် သူလည်းဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ ကျွန်မရဲ့အတားအဆီးကို ချိုးဝင်ခဲ့မိတဲ့အတွက် သူတောင်းပန်တယ်။
သူအမှန်အတိုင်းပြောနေမှန်း ကျွန်မရိပ်မိတယ်။ ပြန်သတိရပြီးတဲ့အချိန်မှာတောင် သူ့စွမ်းအားကို လုံးဝမသုံးနိုင်သေးဘူး။ ဒဏ်ရာတွေပြင်းလွန်းလို့ သူ့သွေးကြောတွေ ကြေမွပြီး သူ့ခန္ဓာကိုယ် ပျက်စီးသွားတယ်။
သူက ထွက်သွားချင်တယ်။ ဒါပေမယ့် သူ့လုံခြုံရေးအတွက် ကျွန်မစိုးရိမ်လို့ သူ့ကိုဆက်နေဖိုပြောလိုက်သည်။
သူတောင်တန်းပေါ်မှာ ဆက်နေပြီး ပြန်အားဖြည့်တယ်။ အချိန်ကြာလာတော့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ဖြစ်ပြီး နောက်ဆုံးမှာ ကျွန်မတို့ လက်ထပ်လိုက်တယ်။
လက်ထပ်ပွဲက အတော်လေးလျှို့ဝှက်ပါတယ်။ တောင်တန်းဝိညာဉ်တွေနဲ့ မိတ်ဆွေရင်းတစ်ချို့ကိုပဲ ဖိတ်ခဲ့တာ။
သူဒဏ်ရာပြန်သက်သာလာပြီးနောက်မှာ အမြဲတမ်း အလုပ်များနေတယ်။ အကူအညီလိုအပ်သလားလို့ ကျွန်မသူ့ကိုမေးတယ်။ သူ့အလုပ်က အရမ်းအန္တရာယ်များလို့ ကျွန်မမသိတာ ပိုပြီးဘေးကင်းတယ်လို့ပြောတယ်။
သူ့ကိုယုံလို့ ကျွန်မလည်း ဆက်ပြီးမစပ်စုတော့ဘူး။
နှစ်ငါးရာကြာတော့ ဟော်ရန် စုစည်းခြင်းထိပ်တန်းအဆင့်ကနေ ထိပ်ဆုံးအဆင့်ကိုတက်တယ်။ ကူးဖြတ်ခြင်းအဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲလိုတဲ့ အခြေအနေပေါ့။ သူကျွန်မနဲ့ မတွေ့ခင်က ဗြဟ္မစရိယအကျင့်ဟာ ကျင့်ကြံဖို့အတွက် အကောင်းဆုံးလို့ သူယုံကြည်ခဲ့တာ။ ကျွန်မတို့လက်ထပ်ပြီးမှ သူ့ယုံကြည်ချက်မှားမှန်း သိသွားတယ်။
သူအဆင့်တက်ခါနီးအခြေအနေ ရောက်လာတယ်။ ကျွန်မတို့အတူရှိနေတဲ့အချိန်အတွင်း သူ့ကျင့်ကြံမှုက သိသိသာသာတိုးတက်ခဲ့တယ်။
ဘာလို့ကျွန်မရဲ့ ကျင့်စဉ်စွမ်းအားကျတော့ တိုးတက်မလာတာလဲလို့ မေးမိတယ်။ ကျွန်မပါရမီနည်းလို့တဲ့။
အဆင့်မြင့်ကျင့်ကြံသူတွေဟာ ကိုယ်ဝန်ဆောင်ဖို့ခဲယဉ်းတယ်။ ဒါပေမယ့် နှစ်ငါးရာကြာတော့ ကျွန်မ ယန်ယန်ရဲ့ကိုယ်ဝန်ရလာတယ်။
အဲဒီနောက်မှာ သူကျွန်မကိုပြောတယ်။ ကျွန်မတို့အနာဂတ်အတွက် ကူးဖြတ်အဆင့်တက်ဖို့ သူအသင့်ဖြစ်နေပြီတဲ့။
အဆင့်တက်တဲ့ဖြစ်စဉ်က အန္တရာယ်အရမ်းများပေမယ့် သူ့ဘဝအခြေအနေက အမြဲတမ်းပုန်းအောင်းနေရင် အရမ်းအန္တရာယ်များတယ်လို့ ပြောတယ်။ ကူးဖြတ်ခြင်းအဆင့်ရောက်မှပဲ ကျွန်မတို့အနာဂတ် စိတ်ချရမှာတဲ့။
ဒါပေမယ့် ကံမကောင်းဘူး။ ကောင်းကင်ဆင်းရဲက အရမ်းပြင်းထန်လွန်းတယ်။ အားလုံးကြိုတင်ပြင်ဆင်ထားပေမယ့် နောက်ဆုံးလျှပ်စီးရိုက်ချက်ကို သူမခံနိုင်တော့ဘဲ ကောင်းကင်ကကျလာတယ်။
ကျွန်မသူ့ကို ဆီးဖမ်းတယ်။ အဆင့်မြင့်ထိပ်တန်းဆေးလုံးတွေ အတင်းကျွေးတယ်။ ဒါပေမယ့် သူအသက်မရှင်နိုင်တော့မှန်း သူ့ဘာသာသိတယ်လို့ပြောတယ်။
ဒါပေမယ့် မစိုးရိမ်ပါနဲ့တယ်။ အဆုံးအစမရှိ လူပြန်ဝင်စားတဲ့ ကျင့်စဉ်တစ်ခု သူလေ့ကျင့်ထားတယ်။ ဘဝတစ်ခုထက် နောက်ဘဝတစ်ခုက ပိုပြီးပါရမီထူးတယ်။ ချင်ဟောရန်ဘဝဟာ သူ့ရဲ့ရှစ်ကြိမ်မြောက် လူပြန်ဝင်စားတာတဲ့။
နောက်လာမယ့်ဘဝအတွက် အထောက်အကူရဖို့ သူ့တပည့်တွေကို သတင်းပို့ဖို့ သူတွေးတယ်။ ဒါပေမယ့် သူ့တပည့်တွေ မယုံကြည်ရမှာလဲစိုးရိမ်နေတယ်။ ဒါကြောင့် ကျွန်မကို ယုံကြည်ပြီး တာဝန်တစ်ခုပေးခဲ့တယ်။
သူနောက်ဘဝပြန်ဝင်စားမယ့်လူရဲ့ တည်နေရာကိုရှာဖို့ လျှို့ဝှက်နည်းလမ်းတစ်ခု ကျွန်မကို သင်ပေးခဲ့တယ်။
...အဲဒီ့နည်းလမ်းသုံးပြီး လိုက်လာရင်း ကိုယ်ဝန်ဆောင်ထားတဲ့ ရှင့်အမေကို တွေ့တာပါ။ ရှင့်မိဘတွေကို အန္တရာယ်ထဲက ကယ်တင်ပြီး စေ့စပ်ဖို့စီစဉ်ခဲ့တယ်။ ကျွန်မတို့ရဲ့ အတိတ်ကဆက်ဆံရေးမျိုး ပြန်တည်ဆောက်ဖို့ပေါ့"
"သေခါနီးအချိန်မှာ ချင်ဟော်ရန်က လိမ်သွားတာဖြစ်နိုင်တယ်လို့ရော ခင်ဗျားမတွေးဖူးဘူးလား"
လီဟော်ရန် မေးခွန်းထုတ်သည်။
စုယီရန် ခေါင်းခါသည်။
"တွေးခဲ့ပါတယ်။ ဒါပေမယ့် ရှင်ပါရမီက ငြင်းလို့မရဘူးလေ။ ရှင်ခြောက်နှစ်အရွယ်မှာ မီးဝိညာဉ်မြစ်စမ်းသပ်ရလာဒ်ထွက်တာကို ကျွန်မပုန်းကွယ်ပြီး ကိုယ်တိုင်ကြည့်နေခဲ့တာပါ။
ဟော်ရန်ဘယ်လောက်စွမ်းအားကြီးကြီး လူတစ်ယောက် ရှားပါးတဲ့ဧကဝိညာဉ်မြစ်ကိုတော့ ကြိုပြီးမခန့်မှန်းနိုင်ပါဘူး"
"ချင်ဟော်ရန်မှာ လူတွေရဲ့ပါရမီကို ကြိုတွက်ချက်နိုင်တဲ့ နည်းလမ်းမျိုးရှိနေရင်ရော ဘယ်လိုလုပ်မလဲ"
လီဟော်ရန် လက်မလျှော့သေး။
စုယီရန်က ပြုံးသည်။
"ရှင်ကျွန်မကို အပြည့်အဝမယုံကြည်သေးမှန်း ကျွန်မသိပါတယ်။ အချိန်က စကားပြောလာပါလိမ့်မယ်။ ဟော်ရန်က ပြောခဲ့တယ်။ ရှင့်ကျင့်စဉ်အဆင့် မြင့်လာရင် ရှင့်ရဲ့အတိတ်ဘဝမှတ်ဉာဏ်အပိုင်းအစတွေ ပြန်ပေါ်လာလိမ့်မယ်တဲ့။
ဒါပေမယ့် မစိုးရိမ်ပါနဲ့ ဒီမှန်ဉာဏ်တွေက ရှင့်ရဲ့ပင်ကိုယ်စရိုက်ကို မပြောင်းလဲနိုင်ဘာဘူး။ ရှင်က ရှင်ပဲဖြစ်နေမှာပါ"
လူဝင်စားခြင်းလို အဆင့်မြင့်သည့်ကိစ္စနှင့် ပတ်သက်နေသဖြင့် လုယန် ရေးခေတ်အကြောင်း ဗဟုသုတစုံသည် မသေမျိုးထံမှ အကြံတောင်းသည်။
"နတ်မယ်၊ လူဝင်စားတယ်ဆိုတာ တကယ်ရှိလို့လား"
"လူဝင်စားကိစ္စက ရှေးဟောင်းခေတ်မတိုင်ခင်ကတည်းကတောင် ပြောခဲ့ကြတာ။ အရင်က ပါရမီရှင်တွေ အများကြီးရှိတယ်။ ဒီလူက ဘယ်သူဝင်စားတာဘာညာဆိုပြီး လူတွေပြောကြတယ်။ မသေမျိုးဖြစ်လာတဲ့ ငါတို့ငါးယောက်ကိုလည်း လူဝင်စားတွေပဲလို့တောင် တစ်ချို့က ပြောကြတယ်။
မသေမျိုးဖြစ်လာတော့ ငါတို့ငါးယောက်စုပြီး လောကရဲ့ပဟေဠိတွေကို အဖြေထုတ်ဖို့ ကြိုးစားခဲ့တယ်။ လူပြန်ဝင်စားတယ်ဆိုတာ စိတ်ကူးယဉ်ဒဏ္ဍာရီတစ်ခုသက်သက်ပဲဆိုတာ ငါတို့နားလည်လာတယ်"
"ဒါဆို ချင်ဟော်ရန်က တကယ်လိမ်ညာခဲ့တာပေါ့"
လီဟော်ရန်ကို ချင်ဟော်ရန်ကို လူဝင်စားသည်ဟု ယုံကြည်ထားပြီးဖြစ်၍ လုယန် အံ့အားသင့်သွားသည်။
ထာဝရနတ်မယ် ခေါင်းခါသည်။
"ရှေးဟောင်းခေတ်မှာ လူဝင်စားတယ်ဆိုတာမရှိဘူးလို့ပဲ ငါပြောတာပါ။ အခုခေတ်မှာမရှိဘူးလို့ မဆိုလိုဘူး"
"ခင်ဗျားစကားက ဘယ်လိုကြီးလဲ"
လုယန် ပို၍နားရှုပ်သွားသည်။
"အရိယဖလတစ်ခုပေါ်လာတာဟာ လောကရဲ့စည်းမျဉ်းသစ်တစ်ခုဖြစ်လာတာကို ကိုယ်စားပြုတယ်လို့ နင်နားလည်ထားရမယ်။ ငါသေနေတဲ့အချိန်မှာ လူတစ်ယောက်က "လူဝင်စားအရိယဖလ"ကို ဖန်တီးခဲ့မယ်ဆိုရင် လူဝင်စားတဲ့ကိစ္စက အမှန်တရားဖြစ်မလာနိုင်ဘူးလား"
***********************************