ဂိုဏ်းသခင်ကို ဓါးပြလာတိုက်သူများ
Vol. 16 Ch. 240
"ခုနက ဆိုင်ထဲမာ သူတို့ပစ္စည်းတွေဝယ်သွားတဲ့ပုံစံကို မင်းတို့မြင်တယ်မဟုတ်လား။ ဈေးနှုန်းကိုတောင်မမေးဘူး။ သူတို့ဝယ်ချင်တာမှန်သမျှ အကုန်ဝယ်တာ"
ဝတ်ရုံနက်ဝတ်ထားသည့် လူလေးယောက်ဖြစ်သည်။ စကားသံများက အက်ကွဲကြမ်းရှသည်။ ယောက်ျားလား မိန်းမလား၊ လူကြီးလားလူငယ်လား ခွဲခြားမသိရ။ တောနက်ထဲတွင် ကျွမ်းကျင်စွာ လှုပ်ရှားနေကြသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့ သတိမထားမိကြ။
"သူတို့က အသားဖြူတယ်။ ဝတ်ထားတဲ့ဝတ်စုံကလည်း ငါတို့နဲ့မတူဘူး။ လောကအတွေ့အကြုံလာရှာတဲ့ ဂိုဏ်းတစ်ခုကတပည့်တွေ ဒါမှမဟုတ် လူချမ်းသာမိသားစုက သခင်လေးတွေ ဖြစ်လောက်တယ်"
"လောကအတွေ့အကြုံလာယူတာတဲ့လား။ ဒါဆို လောကကြီးရဲ့ဘယ်လောက်ကြမ်းသလဲ ပြလိုက်ကြတာပေါ့"
နောက်တစ်ယောက်က လှောင်သံပါပါဖြင့်ပြောသည်။ အိပ်ပြင်းသည့်မြွေတစ်ကောင်နှင့်တူနေသည်။
"ဟိုကောင်ချောလေး ခုနကပြောသွားတာ ကြားတယ်မဟုတ်လား။ သူတို့က အခြေတည်အလတ်တန်းဆင့်တွေတဲ့။ သူတို့ရဲ့နောက်ခံနဲ့ဆို အခြေတည်ထိပ်တန်းအတင့် တိုက်ခိုက်စွမ်းအားမျိုး ရှိနိုင်တယ်နော်"
"ရှိတော့ရော ဘာအရေးလဲကွ။ ငါတို့ငါးယောက်လုံး အခြေတည်ထိပတန်းအဆင့်ပဲ။ အတွေ့အကြုံလည်း အများကြီးရှိတယ်။ ဒီကောင်လေးနှစ်ယောက် ငါတို့ကို မယှဉ်နိုင်ပါဘူး"
"သတိထားတာက ပိုကောင်းတာပေါ့"
"ပြီးခဲ့တဲ့တစ်ခေါက် ဟိုဂိုဏ်းတပည့်တွေနဲ့ ငါတို့ကြုံခဲ့တာကို မှတ်မိသေးလား။ ငါတို့အချီကြီးရပြီး သုံးလလောက် အနားယူနိုင်ခဲ့တယ်လေ။ ဒီနေ့ကိစ္စအောင်မြင်ရင်လည်း နောက်ထပ်သုံးလလောက် နားနိုင်မှာပဲ"
"ဒါတင်မကသေးဘူး။ သူတို့ဆီမှာ ငါတို့ထင်ထားတာထက် ဝိညာဉ်ကျောက်တွေ ပိုပြီးပါလာတဲ့ပုံပဲ။ တကယ့်အဆီပြည့်အသားပြည့် သိုးကြီးတွေတွေကွ"
"ဒီနေရာအဆင်ပြေလောက်တယ်။ လူလည်းပြတ်တယ်။ လှုပ်ရှားကြတော့"
ခေါင်းဆောင်က အမိန့်ပေးလိုက်သည်နျှင့် လူငါးယောက် အမြန်နေရာဖြန့်ပြီး လုယန်တို့နှစ်ယောက်ကို ဝိုင်းလိုက်သည်။
ကြိုတင်သတ်မှတ်ထားသည့် နေရာများတွင် ကိုယ်စီနေရာယူထားသည်။ ထိုနှစ်ယောက် ထွက်မပြေးနိုင်အောင်လုပ်ထားသည်။
ကျင့်သားရနေသည့် သူတို့လှုပ်ရှားမှုများအရ ထိုကိစ္စမျိုး အကြိမ်ကြိမ်လုပ်ခဲ့ဖူးကြောင်း သိသာနေသည်။
"ရပ်လိုက်"
ခေါင်းဆောင်က ခြောက်ကပ်ကပ်လေသံဖြင့် အော်ဟစ်လိုက်သည်။ ခြိမ်းခြောက်နိုင်သည့် အသံစွမ်းအားတစ်မျိုးသုံးထားသည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ"
လုယန်နှင့်မုန်ကျင်းကျိုးမျက်နှာတွင် ထိတ်လန့်ရိပ်များပေါ်နေသည်။ ခုခံတိုက်ခိုက်မည့်ကိုယ်ဟန်မျိုး ပြင်ထားသော်လည်း ကြောက်လန့်နေသည့်အမူအရာများက ထင်ရှားနေသည်။
"လူသစ်လေးတွေလား..ဟားဟား။ လင်းယုန်တောင်သူရဲကောင်းငါးယောက်ဆိုတဲ့နာမည်ကို မကြားဖူးဘဲ တောအုပ်ထဲမှာ လျှောက်သွားရဲတယ်ပေါ့"
ခေါင်းဆောင် သူ့ခေါင်းစွပ်ကို ဆွဲချွတ်လိုက်သည်။ နှာရောင်ကောက်ကောက် အေးစက်စက်မျက်လုံးများနှင့် စုတ်ချွန်းချွန်းမျက်နှာတစ်ခု ပေါ်လာသည်။
စကားပြောနေချိန်တွင် ငါးယောက်လုံး အခြေတည်ထိပ်တန်းအဆင့် စွမ်းအင်ရောင်များ ထုတ်လွှတ်လိုက်သည်။ လုယန်တို့နှစ်ယောက်ကို မခုခံဖို့ အချက်ပြသည့်သဘောဖြစ်ပုံရသည်။
"မင်းတို့ကို ဘယ်ဂိုဏ်းဘယ်မိသားစုက ပျိုးထောင်ထားတာလဲ။ ငါတို့ကိုတောင် မသိဘူးပေါ့။ အတော်အတွေ့အကြုံနုသေးတာပဲ"
နောက်တစ်ယောက်က အေးစက်စက်လေသံဖြင့်ပြော၍ သူ့ခေါင်းစွပ်ကို ဆွဲချွတ်သည်။ မျက်စိတစ်ဘက်လပ်နှင့်လူဖြစ်သည်။
"ဒီတောအုပ်ထဲမှာ မင်းတို့နှစ်ယောက်ကို ငါတို့ဝိုင်းထားတယ်။ အဲဒါဘာအဓိပ္ပါယ်လို့ထင်လဲ။
ခုနက ရွှေစီးပွားဆိုင်မှာ မင်းတို့ ပစ္စည်းတွေအများကြီးဝယ်နေတာ ငါတို့မြင်တယ်။ မင်းတို့က အတော်ချမ်းသာတဲ့ပုံပဲ။
ကဲ ပြောစမ်းပါဦး။ မင်းတို့မှာ ဝိညာဉ်ကျောက်တွေ ဘယ်လောက်ပါလာလဲ။ ငါတို့စိတ်ကျေနပ်လောက်တဲ့ ပမာဏဆိုရင်တော့ ညှိနှိုင်းလို့ရပါတယ်။
မင်းတို့မှာ ဝိညာဉ်ကျောက်လုံလုံလောက်လောက်မရှိရင်တော့ လင်းယုန်တောင်သူရဲကောင်းငါးယောက်ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့"
စကားသံက တဖြေးဖြေးအေးစက်သွားသည်။ ရက်စက်မည့်အရိပ်မျိုးပါနေသည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ အချင်းချင်းကြည့်ပြုံး၍ ပုခုံးတွန့်လိုက်ကြသည်။
တောနက်ထဲတွင် သူတို့ပထမဆုံးတွေ့ရသည့်ရန်သူက နတ်ဆိုးသားရဲများမဟုတ်ဘဲ လူသားများဖြစ်နေမည်ဟု ထင်မထားကြ။
"တိုက်ကြ၊ သူတို့ကို ငါတို့စွမ်းအားသိအောင်ပြလိုက်ကြစမ်း"
ခေါင်းဆောင်အမိန့်ပေးသည်နှင့် ငါးယောက်လုံး ပြိုင်တူရှေ့တိုးလာသည်။ ငါးယောက်ပေါင်းလှုပ်ရှားမှုက ဟာကွက်မရှိ။ အခြေတည်အဆင့်တွင် သူတို့ကို ယှဉ်နိုင်မည်မဟုတ်။ လုယန်နှင့်မုန်ကျင်းကျိုးတို့အနီးသို့ သူတို့ရောက်လာသည်။
သို့သော် လုယန်တို့နှစ်ယောက် ပြိုင်တူလှုပ်ရှားလိုက်သည်။ အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်သည်။
"မြေပြင်ထောင်ဆွဲမှော်စွမ်းအား"
လုယန်နှင့်မုန်ကျင်းကျိုးတို့ စက်ဝိုင်းများအမြန်ဆွဲသည်။ တူညီသည့်မှော်ပညာကို သုံးကြသည်။ မမြင်နိုင်သည့်နံရံများ လူငါးယောက်ပတ်လည်တွင် ပေါ်လာသည်။ ထွက်ပြေးနိုင်သည့် လမ်းကြောင်းများအားလုံး ပိတ်သွားသည်။ အားလုံး အကျဉ်ထောင်တစ်ခုထဲသို့ ဆွဲယူခံလိုက်ရသည်။
"ဒါက ဘယ်လိုပညာလဲ"
"ဒဏ္ဍာရီမြေပြင်ထောင်ဆွဲပညာများလား"
"မဟုတ်ဘူး။ ငါတို့က အကျဉ်းထောင်တစ်ခုထဲရောက်နေတာ။ ဒါက လေဟာနယ်ပညာတစ်ခုပဲ"
"ဒါပန်းချီတာအိုပါ။ သေချာပေါက် ပန်းချီမှော်ပါညာပဲ"
မမြင်နိုင်သည့် အကျဉ်းထောင်ထဲတွင် ပိတ်မိနေသည့် လူငါးယောက် ထိတ်လန့်တုန်လှုပ်နေကြသည်။ ရုတ်တရက်ပြောင်းလဲသွားသည့် အဖြစ်အပျက်ကို နားမလည်နိုင်ကြ။
"ငါလိုဂိုဏ်းသခင်ကို လာပြီးဓားပြတိုက်ရဲတယ်ပေါ့။ အတော်သတ္တိကောင်းတာပဲ"
မုန်ကျင်းကျိုး လှောင်ပြုံးပြုံးသည်။
"ငါလိုဂိုဏ်းချုပ်ကို လာပြီးဓားပြတိုက်ရဲတယ်ပေါ့။ အတော်သတ္တိကောင်းတာပဲ"
လုယန် လှောင်ပြုံးပြုံးသည်။
မုန်ကျင်းကျိုး တအံ့တဩလှည့်ကြည့်သည်။
"ငါက ဂိုဏ်းသခင်အဆင့်ပဲရှိတာ။ မင်းဘယ်အချိန်ကတည်းက ကိုယ့်ကိုယ်ကို ရာထူးတိုးလိုက်တာလဲ"
ထာဝရဂိုဏ်း အစီအမံညံ့ဖျင်းသဖြင့် ဒေဝါလီခံရပြီး ကံဆိုးမိုးမှောင်ကျခဲ့ပြီဖြစ်သည်။ သို့တိုင်အောင် ဤငနဲက ရာထူးတက်နိုင်ခဲ့သေးသည်။
"မင်းပြောတာဘာစကားလဲ။ ငါ့ကိုယ်ငါ ရာထူးတိုးတယ်တဲ့လား။ ငါ့ကို မသေမျိုးတစ်ယောက်က အထူးဦးစားပေးပြီးခန့်ထားတာကွ"
လုယန် ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောသည်။
သူ့ကိုယ်ထဲတွင် မသေမျိုးဝိညာဉ်တစ်ယောက်ရှိကြောင်း မုန်ကျင်းကျိုး ပြန်သတိရလာသဖြင့် သဘောပေါက်သွားသည်။
လုယန်ကို သူအတော်မနာလိုဖြစ်မိသည်။ ကိုယ်ထဲတွင် မသေမျိုးဝိညာဉ်ရှိနေပြီး အချိန်မရွေး အကြံဉာဏ်တောင်း၍ လမ်းညွှန်မှု ခံယူနိုင်သည်။ တကယ်ကံကောင်းလွန်းသည်။
"ပြောစမ်း၊ မင်းတို့ဓားပြတိုက်တာ ဘယ်နှကြိမ်ရှိနေပြီလဲ။ လူရောသတ်ဖူးလား"
"ဘာမေးနေစရာလိုသေးလဲကွာ။ သတ်ဖူးမှာပေါ့။ ဟိုလူ့မျက်နှာကို ကြည့်လိုက်လေ။ လူမသတ်ဖူးတဲ့ပုံစံ ပေါက်နေလို့လား။ သူတို့ကို အာဏာပိုင်တွေလက်ထဲ လွှဲပေးလိုက်ရအောင်။ သေဒဏ်ပေးပေး ထောင်ဒဏ်ပေးပေး သူတို့ဆုံးဖြတ်ပါလိမ့်မယ်"
"နေပါဦးဗျာ နေပါဦး။ သခင်လေးတို့ အထင်မှားနေပါပြီ။ ကျုပ်ရုပ်ရည်ဒီလိုဖြစ်နေတာတော့ ကျုပ်လည်းဘာမှမတတ်နိုင်ဘူးလေ။ ကျုပ်တို့က ဓားပြမဟုတ်ပါဘူး"
နှာခေါင်းကောက်ကောက်နှင့်ခေါင်းဆာင်က အမြန်ပြန်ပြောသည်။
မုန်ကျင်းကျိုး ထိုလူ၏ ပေါက်တတ်ကရစကားများကို မယုံကြည်။
"ဘာအထင်မှားတာလဲ။ ကျုပ်တို့ ဆိုင်ကထွက်လာကတည်းက ခင်ဗျားတို့ နောက်ယောင်ခံလိုက်လာတယ်။ တောထဲရောက်တော့ ကျုပ်တို့ဝိညာဉ်အာရုံစက်ဝန်းရဲ့ အပြင်ဘက်မှာကပ်ပြီး ပုန်းနေတယ်။ ပြီးတော့ ဒီနေရာမှာ ကျုပ်တို့ကို လာဝိုင်းတယ်။ ဒါဓားပြတိုက်တာမဟုတ်ဘူးလား"
"ဟုတ်တယ်၊ ကျုပ်တို့ကို လောကကြီးဘယ်လောက်ကြမ်းသလဲပြမယ်လို့တောင် ပြောသေးတယ်လေ။ ပြီးတော့ နောက်ဆုံးတစ်ကြိမ် ဂိုဏ်းတပည့်တွေနဲ့တွေ့တုန်းက အချီကြီးရပြီး သုံးလလောက်အနားယူနိုင်ခဲ့တယ်တဲ့"
လုယန်က ထပ်ဖြည့်သည်။
လူငါးယောက် တုန်လှုပ်သွားကြသည်။ သူတို့လှုပ်ရှားမှုများကို အစကတည်းက ထိုနှစ်ယောက်သိနေခဲ့သည်။ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် အာရုံခံနိုင်သည့် အကျယ်အဝန်း၏ အပြင်ဘက်တွင်နေခဲ့သည်ဟု သူတို့ကိုယ်သူတို့ ထင်ထားခဲ့သည်။
ထိုနှစ်ယောက် ဘယ်ကလာသနည်း။ ဘာကြောင့် ဝိညာဉ်အာရုံ ထိုမျှထက်မြက်နေရသနည်း။
လုယန်၏ ဝိညာဉ်အာရုံစွမ်းအားသည် ရွှေသန္ဓေအဆင့်နှင့်တန်းတူရှိနေမှန်း သူတို့မသိကြ။ လုယန် သူတို့ပြောသည့်စကားများကို ပီပီသသ ကြားခဲ့သည်။
"ကျုပ်တို့က တကယ်ဓားပြမဟုတ်ပါဘူး။ သက်တော်စောင့်တွေပါဗျာ။ သက်တော်စောင့်တွေပါ"
"ဘာရယ်"
လုယန်နှင့်မုန်ကျင်းကျိုး တွေးမရအောင်ဖြစ်သွားသည်။
"ဆိုင်မှာတုန်းက ခင်ဗျားတို့ ဈေးနှုန်းတောင်မကြည့်ဘဲ ပစ္စည်းတွေဝယ်နေတာမြင်တယ်။ ဒါကြောင့် ဝိညာဉ်ကျောက်အတွက် စိုးရိမ်စရာမလိုဘဲ ဒီနေရာကိုလေ့ကျင့်ဖို့ရောက်လာတဲ့ ဂိုဏ်းကြီးတစ်ခုကတပည့်တွေ ဒါမှမဟုတ် လူချမ်းသာမိသားစုဝင်တွေဖြစ်မယ်လို့ ကျုပ်တို့တွေးလိုက်တယ်။ သခင်လေးတို့က ဒီတောအုပ်နဲ့မရင်းနှီးသေးတော့ ဒုက္ခရောက်ကြမှာစိုးရိမ်လို့ ကျုပ်တို့က သက်တော်စောင့်အဖြစ် ဝန်ဆောင်မှုပေးမလို့ပါ"
"ဒါဆို လောကကြီးဘယ်လောက်ကြမ်းသလဲပြမယ်ဆိုတာက ဘာကိုပြောချင်တာလဲ"
နှာခေါင်းကောက်ကောက်ခေါင်းဆောင်က အထစ်ထစ်အငေါ့ငေါ့ဖြင့်
"သ..သခင်လေးတို့မှာ ငွေရှိမှန်းသိလို့ ဈေးပိုတောင်းဖို့ ကြံမိတာပါ။ ဒီတစ်ခေါက် ငွေများများရရင် နောက်ထပ်သုံးလေးလလောက် ကျုပ်တို့အနားယူနိုင်မယ်လေ"
"ဒါဆို ကျုပ်တို့မှာ ဝိညာဉ်ကျောက်ဘယ်လောက်ရှိလဲလို့ ဘာလို့မေးတာလဲ"
"အခြေအနေကြည့်ပြီး ဈေးသတ်မှတ်မလို့ပါ"
"ဒါဆို ဝိညာဉ်ကျောက်လုံလုံလောက်လောက်မရှိရင် လင်းယုန်တောင်သူရဲကောင်းငါးယောက်ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ဆိုတာကရော ဘာစကားလဲ"
"သခင်လေးတို့ ရှေ့ကိုဆက်သွားရင် ရွှေသန္ဓေအကြိုအဆင့်နတ်ဆိုးသားရဲတစ်ကောင်ရဲ့ ပိုင်နက်ထဲကို ရောက်လိမ့်မယ်။ သခင်လေးတို့မှာ ဝိညာဉ်ကျောက်လုံလောက်အောင်မရှိရင် ကျုပ်တို့က ဒီအကြောင်းပြောမပြဘဲ သခင်လေးတို့ကို ရှေ့ဆက်သွားခိုင်းလိုက်မှာပါ"
"ဒါဆို ခုနက 'တိုက်ကြ'လို့ ဘာလို့အော်တာလဲ"
"သခင်လေးတို့ ပုခုံးတွန့်ပြတော့ ကျုပ်တို့ရဲ့သက်တော်စောင့်ဝန်ဆောင်မှုကို ငြင်းတော့မယ်လို့ ထင်လိုက်တယ်။ ဒါကြောင့် ရှေ့မှာရှိနေတဲ့ ရွှေသန္ဓေအကြိုအဆင့်နတ်ဆိုးသားရဲကို ထွက်လာအောင်မျှားခေါ်ဖို့ ကျုပ်တို့အသင့်ပြင်လိုက်တာပါ။ အဲဒီ့သားရဲကို တိုက်ခိုက်ပြီး ကျုပ်တို့အစွမ်းအစကို သခင်လေးတို့သိအာင် ပြမလို့ပါ"
ထိုစဉ် နောက်တစ်ယောက်က မဝံ့မရဲပြောသည်။
"အခုကြည့်ရသလောက် သခင်လေးတို့ကလည်း သက်တော်စောင့်လိုအပ်မယ်မထင်ပါဘူး"
"ခင်ဗျားတို့က သက်တော်စောင့်အလုပ်ကို ဘာလို့တောအုပ်ထဲမှာ လာညှိနှိုင်းတာလဲ"
"အခွန်ရှောင်ချင်လို့ပါ"
လုယန် - "..."
*************************************