တတိယအရိပ်
Vol. 16 Ch. 226
မိုမိသားစုခေါင်းဆောင် သွေးဖီးနစ်ကျောက်သတင်းကို စုံးစမ်းပြီးဖြစ်သည်။ နည်းနည်းအခက်တွေ့သည်။ ဝယ်သူက အခြေတည်အဆင့် တာအိုလမ်းစဉ်ဂိုဏ်းသားတစ်ယောက်ဖြစ်သည်။ အတော်ကြွယ်ဝချမ်းသာပုံရသည်။ တာအိုလမ်းစဉ်ဂိုဏ်းသားအဖော်နှစ်ယောက်လည်း အတူပါသည်။
အခြေတည်အဆင့်ဆိုသည်မှာ သူ့အတွက်ဘာမှမဟုတ်။ သို့သော် 'တာအိုလမ်းစဉ်ဂိုဏ်း'ဟူသည့်စကားလုံး တွဲပါလာသဖြင့် အခြေအနေအားလုံး ပြောင်းလဲသွားသည်။
ကျင့်စဉ်အဆင့်မြင့်လေ လျှို့ဝှက်အမှန်တရားများကို နားလည်လာလေ တာအိုလမ်းစဉ်ဂိုဏ်းကိူ ကြောက်စရာကောင်းသည်ဟု မြင်လာလေဖြစ်သည်.
ထို့ကြောင့် သူကိုယ်တိုင် ဤကိစ္စကို ကိုင်တွယ်ရသည်။
ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် အခြေတည်အဆင့်ဂိုဏ်းတပည့်များမသိအောင်ခိုးယူဖို့ ခက်မည်ဟုသူမထင်။
သို့သော် ယနေ့ည သူခိုးက သူတစ်ယောက်တည်းမဟုတ်။
သူခိုးကောင်။ ငါမျက်စိကျတဲ့အရာကို မင်းထိလို့မရဘူးကွ။
"ချက်ချင်းထွက်သွားစမ်း"
နယ်စားနှင့်မိုခေါင်းဆောင် စွမ်းအင်ဖိအားများ ပြိုင်တူထုတ်လွှတ်လိုက်ကြသည်။ ထိုဖိအားမျိုးကြုံတွေ့သည်နှင့် သာမန်သူခိုးတစ်ယောက် ကြောက်ဒူးတုန်သွားပေလိမ့်မည်။
နယ်စား လှောင်ပြုံးပြုံးလိုက်သည်။ မနေ့ညက မအောင်မြင်ခဲ့သည့် မိမိသားစု လက်မလျှော့သေးဘဲ ယနေ့ည နောက်တစ်ယောက်ထပ်လွှတ်လိုက်သည်ဟု သူခန့်မှန်းသည်။
ဒါလည်းဘာအကျိုးထူးမှာလဲ။ ငါ့နဲ့တွေ့ရင် ကံဆိုးမှာပဲ။
သူတို့စွမ်းအင်ဖိအားများ အသံတိတ်ရင်ဆိုင်တွေ့သည်။ နှစ်ယောက်လုံးမျက်မှောင်ကြုံ့သွားသည်။
စွမ်းအင်ဖိအားက ပုံမှန်မဟုတ်မှန်း နှစ်ယောက်လုံး နားလည်သွားသည်။ သာမန်လူမဖြစ်နိုင်။
"အရူးအိုမို"
"သရဲအိုရှီ"
တစ်ယောက်ကိုတစ်ယောက် မှတ်မိသွားသည်။ အတော်ကြာအောင် အသံတိတ်သွားသည်။
လော်ဖုန်းကောင်တီတွင် ဝိညာဉ်ပြောင်းအဆင့်နှစ်ယောက်သာရှိသည်။ ခန့်မှန်းရလွယ်သည်။
သိက္ခာတော်ရပုဂ္ဂိုလ်နှစ်ယောက်က အဆင့်အတန်းနိမ့်သည့်ခိုးမှုတစ်ခု ကျူးလွန်ရင်း ယခုလိုဆုံတွေ့ရသည့် ကိုယ်ဘာသာပြန်တွေးရင်း ရှက်သွားကြသည်။
"မင်းကိုဒီမှာတွေ့မယ်လို့ထင်သားပဲ"
"ဟုတ်ပါ။ တိုက်ဆိုင်တယ်နော်"
နောက်ထပ် အတော်ကြာအောင် အသံတိတ်သွားကြပြန်သည်။
နယ်စားက လက်ဦးမှုယူ၍ သိစိတ်အာရုံအသံလှိုင်းမှ တည်ကြည်ဖြောင့်မတ်သည့်လေသံဖြင့်ပြောသည်။
"ဒီညခိုးမှုတစ်ခုဖြစ်မယ်ထင်လို့ ငါဒီမှာလာစောင့်နေတာ။ တကယ်ဖြစ်နေပါလား။ မင်းကိုလက်ပူးလက်ကြပ်မိပြီး မိုအဘိုးကြီး။ အခုချက်ချင်း အညံ့ခံပါ"
နယ်စားက သံကြိုးတစ်ခုဆွဲထုတ်၍ မိုခေါင်းဆောင်ဆီ ဝှေ့ယမ်းလိုက်သည်။
"ဟား၊ ငါ့ကို မျက်ကန်းထင်နေလား။ ဒီလိုဝတ်စားလာပြီးမှ သူခိုးဖမ်းဖို့စောင့်နေတာလို့ ပြောရဲသေးတယ်ပေါ့"
မိုခေါင်းဆောင် မယုံ။ ဤလူသည် သူ့လိုပင် အနက်ရောင်ဝတ်စုံဝတ်ထားသည်။ ဘယ်သူ့ကိုမှ အရူးလုပ်၍မရ။
သူ့လက်နက်ကိုဆွဲထုတ်၍ တိုက်ခိုက်သည်။
နှစ်ယောက်လုံး တစ်ခြားလူများရိပ်မိသွားမည်စိုး၍ အော်တိုသဘောတူညီမှုဖြင့် မှော်ပညာများမသုံးဘဲ အသံတိတ်တိုက်ခိုက်ကြသည်။
ဆယ်စုနှစ်များစွာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်လာသူများဖြစ်၍ တစ်ယောက်တိုက်ကွက်တစ်ယောက် ရင်းနှီးနေသည်။ ဘယ်သူမျှ လွယ်လွယ်အသာစီးမရနိုင်မှန်း နားလည်ကြသည်။ ဆယ်ကြိမ်ကျော်တိုက်ခိုက်ပြီးနောက် နှစ်ယောက်လုံး ရပ်လိုက်သည်။
"ဒီလိုလုပ်နေရင် ငါတို့ဘယ်သူမှ ခရီးရောက်မှာမဟုတ်ဘူး။ မင်းလည်း ဖီးနစ်သွေးကျောက်အတွက် လာတာမဟုတ်လား။ အရင်ခိုးနိုင်တဲ့လူ အပိုင်ယူကြေးလို့ သတ်မှတ်ကြမယ်"
နယ်စား အဆိုပြုသည်။
"သဘောတူတယ်"
မိုခေါင်းဆောင် လွယ်လွယ်လက်ခံလိုက်သည်။
နယ်စား ကျိတ်ပြုံးသည်။ တစ်ဘက်လူက ကျောက်တုံးရသွားလျှင်လည်း နည်းလမ်းရှာ၍ သူပြန်ရအောင်ယူမည်။ သူ့အနာဂတ်က ထိုကျောက်တုံးပေါ်မူတည်သည်။ သဘောတူညီချက်ကို အလေးထားနေစရာအကြောင်းမရှိ။
တိုက်တိုက်ဆိုင်ဆိုင်ပင် မိုခေါင်းဆောင်လည်း ထိုအတွေးမျိုးရှိနေသည်။
လုယန်က အမှောင်ထုတစ်နေရာမှ အားလုံးကို မှော်ဖန်လုံးဖြင့် မှတ်တမ်းယူနေသည်။
ဖီးနစ်သွေးကျောက်ရှိသည့်နေရာကို နှစ်ယောက်လုံးအာရုံခံမိပြီးဖြစ်၍ မုန်ကျင်းကျိုးအခန်းဆီ သွားရန်ပြင်ကြသည်။ ထိုစဉ် နောက်ထပ်အရိပ်တစ်ခု နံရံကျော်တက်၍ ဝင်လာသည်။
"နောက်တစ်ယောက်ရှိသေးတာလား"
သူခိုးနှစ်ယောက်ရော အမှောင်ထဲမှစောင့်ကြည့်နေသည့် လုယန်တို့အဖွဲ့ပါ တွေးမရအောင် ဖြစ်သွားကြသည်။
"မင်းအိမ်က ဒီလောက်တောင် ဆွဲဆောင်အားကောင်းတာလား"
လုယန် လီဟော်ရန်ကို မေးလိုက်သည်။
လီဟော်ရန် မျက်ခွံလှန်၍ကြည့်သည်။ စကားမပြောချင်တော့။ သူ့အိမ်က ဆွဲဆောင်နေသည်မဟုတ်။ အကိုမုန်၏ သွေးဝိညာဉ်ကျောက်က ဆွဲဆောင်နေခြင်းဖြစ်သည်။
မနေ့ညက ရွှေသန္ဓေကျင့်ကြံသူနှစ်ယောက်နောက် ခြေရာခံ၍လိုက်သွားချိန်တွင် ဖျတ်ခနဲမြင်လိုက်ရသည့်အရိပ်ကို လုယန်ပြန်သတိရလာသည်။
တတိယလူသည် ထိုလူဖြစ်မည်ထင်သည်။
"ဒီလူလည်း ဝိညာဉ်ပြောင်းအဆင့်ပဲ"
စုယီရန် သတိပေးသည်။ လုယန် ရင်ထိတ်လာသည်။
ထိုတတိယလူ ဘယ်သူလဲ။ ဘာရည်ရွယ်ချက်နဲ့လာသလဲ။
"ဘာတွေလဲကွာ။ ဒီည နယ်စားနဲ့ မိုခေါင်းဆောင်တင်မဟုတ်ဘဲ တတိယဝိညာဉ်ပြောင်းတစ်ယောက်ပါ ရောက်လာတယ်ပေါ့"
အခြေအနေကို မြင်ကွင့်မရသည့် မုန်ကျင်းကျိုး လုယန်တို့ပြောသည့်စကားကိုကြားပြီး နေမထိထိုင်မသာဖြစ်လာသည်။
အပြင်ဘက်မှအခြေအနေကို ကြည့်ချင်နေသည်။
.......
တတိယအရိပ်က နယ်စားနှင့်မိုခေါင်းဆောင်ကိုမြင်သော်လည်း အံ့ဩဟန်မရှိ။ ခေါင်းတစ်ချက်ငြိမ့်၍
"ကောင်းတယ်၊ မင်းတို့ ဆယ့်ငါးမိနစ်စောတာပဲ။ သွားကြစို့လေ"
နယ်စားနဲ့ မိုခေါင်းဆောင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။ ထိုအရိပ်၏ ကျင့်စဉ်အဆင့်ကို သူတို့မခွဲခြားနိုင်။
ဝိညာဉ်ပြောင်းအဆင့်လား။ လော်ဖုန်းတွင် တတိယဝိညာဉ်ပြောင်းအဆင့် ဘယ်ကဘယ်လို ပေါ်လာသလဲ။
ထိုအရိပ်က သူတို့ကို တစ်ခြားတစ်ယောက်ယောက်နှင့် လူမှားနေဟန်ရှိသည်။ အလိုက်သင့်လှုပ်ရှားရန် ဆုံးဖြတ်၍ တတိယလူနောက်မှ လိုက်သွားကြသည်။
"သခင်၊ တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေ ဒီမှာနေတယ်လို့ကြားတယ်။ ကျုပ်တို့လှုပ်ရှားဖို့ စိတ်ချရပါ့မလား"
နောက်မှလိုက်ရင်း နယ်စားက မေးလိုက်သည်။
တတိယအရိပ်က စိုးရိမ်ပုံမရ။
"သူတို့က အခြေတည်အဆင့်လေးတွေပါ။ ဘာပြဿနာရှိလို့လဲ။ အားလုံးက အသင့်ဖြစ်နေပြီ။ ထိပ်တန်းအဆင့်ဖီးနစ်သွေးကျောက်ပဲ လိုတော့တာ။
အရည်အသွေးအကောင်းဆုံးကျောက်က ဒီတာအိုလမ်းစဉ်ဂိုဏ်းတပည့်လက်ထဲမှာရှိတယ်။
ဒီကိစ္စပြီးတာနဲ့ ငါတို့အားလုံး ရာထူးတိုးမှာ။ အောင်မြင်ခါနီးကျမှ မင်းဘာလို့ ချီတုံချတုံဖြစ်နေတာလဲ။ မြန်မြန်လာကြ"
တတိယအရိပ်လည်း မုန်ကျင်းကျိုး၏ဖီးနစ်ကျောက်ကို လာခိုးခြင်းဖြစ်သည်။
"ဘာလို့ဒီဝိညာဉ်ပြောင်းကျင့်ကြံသူတွေ ဒီဖီးနစ်ကျောက်ကို စိတ်ဝင်စားနေကြတာလဲ"
လုယန် သူ့ဘာသာရေရွတ်သည်။
"အဲဒါ မင်းကြွားလုံးထုတ်လို့ဖြစ်ရတာ။ အခုမင်းမှာ ထိပ်တန်းအဆင့် ဖီးနစ်သွေးကျောက်ရှိတာ အားလုံးသိသွားကြပြီ"
"ဘယ်သူကြိုသိမှာလဲကွ။ သိရင် အဲလောက်ဒုက္ခခံနေမှာလား။ အမှိုက်ပုံထဲ လွှင့်ပစ်ခဲ့မှာပေါ့"
မုန်ကျင်းကျိုး မကျေမနပ်ပြောသည်။
ဝိညာဉ်ပြောင်းသုံးယောက် မုန်ကျင်းကျိုးအခန်းသို့ ရောက်လာသည်။
"ဖီးနစ်သွေးကျောက်"
မုန်ကျင်းကျိုးဘေးမှကျောက်တုံးကိုမြင်သည်နှင့် နယ်စားမျက်လုံးများ အရောင်လက်လာသည်။
ထိုကျောက်တုံး ဈေးကွက်ထဲ ရောက်သွား၍မဖြစ်။
နယ်စားအမူအရာကိုကြည့်၍ သူ့ခန့်မှန်းချက်မှန်နေမှန်း မိုခေါင်းဆောင်သိလိုက်သည်။
တတိယလူ၏မျက်လုံးများလည်း အရောင်တောက်နေသည်။ ထိပ်တန်းအဆင့်ဖီးနစ်သွေးကျောက်ကို မမမြင်ဖူးသော်လည်း အရည်အသွေးက မှားနိုင်စရာမရှိ. ထိပ်တန်းအဆင့်မဟုတ်လျှင်ပင် ထိုအဆင့်နီးနီးရှိပေလိမ့်မည်။
"ဒါနဲ့သခင်၊ ဖီးနစ်သွေးကျောက်ကို ကျုပ်တို့ဘာအတွက်လိုအပ်တာလဲ"
နယ်စားက ခပ်အေးအေးလေသံဖြင့်မေးလိုက်သည်။
လိုချင်သည့်ပစ္စည်းက လက်တစ်ကမ်းအတွင်းရောက်နေပြီဖြစ်၍ တတိယလူ သတိလွတ်သါားသည်။
"ငါတို့ခြေထောက်အောက်က ဖီးနစ်ကို အလောင်းရုပ်သေးဖြစ်အောင်သန့်စင်ပြီး လော်ဖုန်းကောင်တီကို ဖြုတ်ချဖို့။ ငါတို့ ကိုးငရဲဂီုဏ်းရဲ့အင်အားကို တိုးမြှင့်ဖို့ပေါ့။ ဒီအစီအစဉ်က ပြည့်စုံသလောက်ရှိနေပြီ။ သန္ဓေအဖြစ်သုံးရမယ့် ထိပ်တန်းအဆင့်ဖီီးနစ်သွေးကျောက်ပဲ လိုတော့တာ"
"မင်းက ကိုးငရဲဂိုဏ်းကလား"
မိုခေါင်းဆောင် အံ့ဩသွားသည်။
"အေးလေ... ငါတို့ကိုးငရဲဂိုဏ်းကမဟုတ်ရင်...နေပါဦး၊ မင်းတို့ဘယ်သူတွေလဲ'
ထိုနှစယောက် သူ့တပည့်များမဟုတ်ကြောင်း တတိယလူရိပ်မိသွားသည်။
သူခိုးသုံးယောက်လုံး သတိအနေအထားဖြစ်သွားသည်။ တိုက်ခိုက်နိုင်ရန် အသင့်ပြင်ကြသည်။
"ဒီအကြောင်းသိသွားပြီဆိုတော့ မင်းတို့သေရမယ်"
တတိယလူ တိုက်ခိုက်သည်။ ဝိညာဉ်ပြောင်းထိပ်ဆုံးအဆင့်စွမ်းအားကို ထုတ်လွှတ်သည်။ ထိုနှစ်ယောက်ကို အသေသတ်ဖို့ ဆုံးဖြတ်ထားသည်။
နယ်စားနှင့်မိုခေါင်းဆောင်သည် အချဉ်မဟုတ်။ ဝိညာဉ်ပြောင်းအဆင့်ချင်းအတူတူဖြစ်၍ သူတို့ကို အလွယ်တကူ သတ်၍မရ။ အမှန်တော့ သူတို့ဘက်မှ အသာစီးယူနိုင်မည်ဟု ယုံကြည်ထားသည်။
ထိုစဉ် လေဟာနယ်အေးခဲသွားသည်။ သုံးယောက်လုံးမလှုပ်နိုင်တော့။ အချိန်ကာလ ရပ်တန့်သွားသယောင်ရှိသည်။
စည်းမျဉ်းပြောင်းလဲခြင်း။
စုစည်းခြင်းအဆင့်စွမ်းအား။
စုယီရန် လှုပ်ရှားလိုက်ခြင်းဖြစ်သည်။
*********************************