မီးကပြန်မွေးဖွားသည့်ဒဏ္ဍာရီ
Vol. 16 Ch. 230
ဖီးနစ်သွေးကျောက်ကို အတုဟုပြော၍လည်းမရ။ ယခုလက်တွေ့ ထုတ်လုပ်ပုံကို မြင်နေရသည်။ ကျောက်တုံးများကို အမှန်တကယ် ဖီးနစ်သွေးထဲစိမ်ခြင်းဖြစ်သည်။
ဤကိစ္စသတင်းပေါက်သွားလည်း ဘာမှထူးထူးခြားခြားဖြစ်လာမည်မထင်။ တစ်ခုတည်းသောဆိုးကွက်က ဖီးနစ်မျိုးနွယ် မျက်နှာပျက်မည်။ သူတို့ဂုဏ်သရေ ထိခိုက်မည်။
ယခုရှိနေသူအားလုံး တာအိုလမ်းစဉ်ဂိုဏ်း၏ ဓလေ့စရိုက်အကြောင်း နည်းနည်းသိထားသည်။ သူတို့စရိုက်က မပြည့်စုံသော်လည်း အတင်းတော့မပြောတတ်။ ထိုကိစ္စကိုသိရုံဖြင့် သတင်းဖြန့်မည့်လူများမဟုတ်။
ထို့ကြောင့် ဖီနစ်သွေးကျောက်၏အဖြစ်မှန်သည် တာအိုလမ်းစဉ်ဂိုဏ်းအတွင်း၌သာ ပျံ့နှံ့နိုင်စရာရျိသည်။
အားလုံး၏အကြည့်က ကျန်းရှန်ထံ ပြန်ရောက်လာသည်။ တာအိုလမ်းစဉ်ဂိုဏ်းသားများ အဖြစ်မှန်သိသွားသည်ကို သူအရေးစိုက်ဟန်မရှိ။
"တာအိုလမ်းစဉ်ဂိုဏ်းရဲ့ နာမည်ဂုဏ်သတင်းကို မသိတဲ့လူဘယ်သူရှိလို့လဲ။ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေကိုသတ်ပြီး မှန်ကန်ဖြောင့်မတ်တယ်။ ကတိတည်တယ်။ ခင်ဗျားတို့ ဒီကိစ္စကို သတင်းမဖြန့်ဘူးဆိုတာ ကျုပ်တို့ယုံကြည်ပါတယ်"
မည်သို့ဆိုစေ တာအိုလမ်းစဉ်ဂိုဏ်းကြောင့် ဖီးနစ်မျိုးနွယ် မျက်နှာပျက်ရသည်မှာ ဤတစ်ကြိမ် ပထမဆုံးမဟုတ်။ အရင်ကအဖြစ်အပျက်နှင့်ယှဉ်လျှင် သွေးရောင်းသည့်ကိစ္စသည် ဘာမှအဆန်းတကျယ်မဟုတ်။
လုယန်တို့သုံးယောက် ခေါင်းငြိမ့်သည်။ ဤကိစ္စ အဆန်းတကျယ်မဟုတ်ဟု တွေးသည်။
လီဟော်ရန်က မလှမ်းမကမ်းမှ ဖီးနစ်သွေးကျောက်လုပ်နေသည့် အရာရှိတစ်ချို့ကို လက်ညှိုးထိုးပြ၍ စပ်စုသည်။
"နယ်စားမင်း၊ ဒီလျှို့ဝှက်ချက်ကို သူတို့သတင်းမဖြန့်အောင် ဘယ်လိုလုပ်ထားတာလဲ။ ငွေပိုပေးထားတာလား"
အလုပ်လုပ်နေသည့် အရာရှိများ အတော်များသည်။ အနည်းဆုံး တစ်ဒါဇင်လောက်ရှိသည်။ တစ်ယောက်ယောက်ကသာ သတင်းဖြန့်လိုက်လျှ်င ဖီးနစ်သွေးကျောက်ကိစ္စ လျှို့ဝှက်ထားနိုင်တော့မည်မဟုတ်။
အမှုမဲ့အမှတ်မဲ့ ပြောမိသွားနိုင်သည်လည်းရှိသည်။
နယ်စားက ခေါင်းခါသည်။
"သူတို့သတင်းမဖြန့်တာ သေချာပါတယ်"
"ဘာလို့လဲ"
"ဖီးနစ်သွေးကျောက်ကို ရေရှည်ဝတ်ထားရင် ယောက်ျားအားတိုးတယ်ဆိုတာ မင်းသိမှာပါ။ ဒါဟာ ဖီးနစ်သွေးရဲ့ အာနိသင်ပဲ။
ဖီးနစ်သွေးကျောက်တစ်လုံး ဝတ်ဆင်ရုံနဲ့ ယောက်ျားအားတိုးတယ်ဆိုရင် ဖီးနစ်သွေးမြူတွေပြည့်နေတဲ့နေရာတစ်ခု အလုပ်လုပ်ရင် ရလာမယ့်အကျိုးကျေးဇူးကို တွေးကြည့်ပေါ့ကွာ။
တစ်ယောက်ယောက်ဆီက လျှို့ဝှက်ချက်ပေါက်ကြားတာနဲ့ သူတို့အားလုံး ဒီမှာနောက်ထပ် အလုပ်လုပ်ခွင့်ရတော့မှာမဟုတ်ဘူး"
"နားလည်ပါပြီ"
"ဒါနဲ့စကားမစပ်၊ ဖီးနစ်တစ်ကောင်ဟာ မီးထဲကနေ ပြန်မွေးဖွားလာတယ်ဆိုတာ ကျုပ်ကြားဖူးတယ်။ အဲဒါ အမှန်ပဲလား"
အစောပိုင်းကမြင်ခဲ့ရသည့် ဖီးနစ်အိုကို လုယန်ပြန်သတိရလာသည်။ မီးတောက်စစ်ထဲတွင် ပြန်နိုးထတော့မည့်အသွင်မျိုးဖြင့် ရှိနေခဲ့သည်။ ထို့ကြောင့် ဤရှေးဟောင်းဒဏ္ဍာရီအကြောင်း သူ့ခေါင်းထဲဝင်လာသည်။
ကျန်းရှန် အလေးအနက်မျက်နှာဖြင့် ခေါင်းငြိမ့်သည်။ လေးစားကြည်ညိုသည့်အရိပ်များ ပြည့်နေသည်။
"ဟုတ်တယ်။ ဒါပေမယ့် ငါတို့ဖီးနစ်မျိုးနွယ်မှာတောင် ဒီကိစ္စက ဒဏ္ဍာရီတစ်ခုလိုပါပဲ။
ဒဏ္ဍာရီအရ ရှေးခေတ်တုန်းက ငါတို့မျိုးနွယ်မှာ မသေမျိုးအရိယဖလရဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ ဖီးနစ်မတစ်ယောက် ရှိခဲ့တယ်။ သူ့လှုပ်ရှားမှုတွေက မြင့်မြတ်တဲ့စွမ်းအင်ရောင်တွေ ထွက်ပေါ်နေတယ်။ ကောင်းကင်ကို အတွေးတစ်ချက်နဲ့ ပြောင်းလဲနိုင်တယ်။ ဖီးနစ်မျိုးနွယ်သမိုင်းမှာ သူဟာ စွမ်းအားအကြီးဆုံးပဲ။ နတ်ဆိုးမျိုးနွယ်ရဲ့ မှတ်တမ်းထဲမှာတောင် ပြိုင်ဘက်ကင်းတယ်။
ဒီဖီးနစ်မနဲ့ နဂါးမျိုးနွယ်ကနဂါးမ အကြီးအကျယ်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲကြောင့် ကြယ်တွေကြေမသွာားတယ်။ နေရဲ့အရောင်မှိန်သွားတယ်။ စကြာဝဠာတစ်ခုလုံး တိတ်ဆိတ်သွားတယ်။
တိုက်ပွဲအနိုင်အရှုံးကို ဘယ်သူမှမသိကြဘူး။ ငါတို့မျိုးနွယ်က ကူးဖြတ်ခြင်းအဆင့်ဘိုးဘေးတစ်ယောက် အဲဒီ့တိုက်ပွဲကို အဝေးကနေ တစ်စွန်းတစ်စ ကိုယ်တိုင်မြင်ခဲ့ရတယ်။
ဖီးနစ်မ စကြာဝဠာထဲမှာ လဲလျောင်းနေတာ သူမြင်ခဲ့တယ်။ အသက်မရှိတော့ဘူး။ သူ့ဝိညာဉ်လည်း လှုပ်ရှားမှုမရှိဘူး။ လုံးဝသေနေပြီ။
သူ့ခန္ဓာကိုယ်က လှိုင်းပေါ်ကလှေတစ်စင်းလို လွင့်မျောနေတယ်။ နဂါးမက သတိထားပြီးစောင့်ကြည့်နေတယ်။
အဲဒီ့အချိန်မှာ ငါတို့ဖီးနစ်မရဲ့ ခန္ဓာကိုယ်ကနေ ကောင်းကင်မီးတောက်တွေ ထိုးထွက်လာတယ်။ မီးတောက်ကြားမှာ သူ့အတောင်ကိုဖြန့်လိုက်တယ်။ ကောင်းကင်ကိုမော့ပြီး စူးစူးရှရှ အော်လိုက်တယ်။ ကောင်းကင်မီးတောက်က နေအလင်းထက် ပိုတောက်ပနေတယ်။ ဖီးနစ်အော်သံလှိုင်းတွေ စကြာဝဠာတစ်ခုလုံး ပဲ့တင်ထပ်နေတယ်။
ငါတို့ဖီးနစ်မျိုးနွယ်တင်မကဘူး။ ဒီဂန္တဝင်တိုက်ပွဲကြီးကို အဝေးကစောင့်ကြည့်နေတဲ့ ကူးဖြတ်ခြင်းအဆင့်တွေအများကြီး ဒီမြင်ကွင်းကိုမြင်ကြတယ်။ တစ်ခြားနတ်ဆိုးမျိုးနွယ်တွေရဲ့ မှတ်တမ်းတွေမှာ ရှာကြည့်ရင်လည်း ဒီအကြောင်းမှတ်တမ်းတင်ထားတာ မင်းတွေ့ပါလိမ့်မယ်။
အဲဒီအချိန်ကစလို့ 'မီးထဲကပြန်မွေးဖွားလာတဲ့ဖီးနစ်"ဆိုတဲ့စကား ဖြစ်လာတာပဲ။ ဒါပေမယ့် ဒီလိုအဆင့်မျိုးကို ငါတို့ရဲ့သူရဲကောင်းဖီးနစ်မပဲ ရောက်နိုင်တယ်။ သူ့အဆင့်မျိုးရောက်မှ သေခြင်းရှင်ခြင်းကို ကျော်လွန်ပြီး သေရာကပြန်ရှင်သန်နိုင်မယ်လို့ တစ်ချို့က သုံးသပ်ကြတယ်။
ဒါကြောင့် သာမန်ဖီးနစ်တွေအတွက်တော့ မီးကနေပြန်မွေဖွားတဲ့အယူအဆဟာ ဒဏ္ဍာရီတစ်ခုထက် မပိုပါဘူး"
ကျန်းရှန်သည် အဆင့်အတန်းမြင့်သည့် တော်ဝင်သွေး၊ နတ်ဆိုးမျိုးနွယ်ကြားမှာပင် ရှားပါးသည့်ပါရမီရှင် ဖီးနစ်သွေးဆက်စစ်စစ်ဖြစ်သည်။ သို့သော် သူပြောသည့်စကားသံက မောက်မာထောင်လွှားခြင်းမရှိ။ ထိုအဆင့်အတန်းမျိုးမရှိလျှင် အမသုံးကန်ထန်ဆီမှ လမ်းညွှန်မှု ခံယူနိုင်မည်မဟုတ်။ လော်ဖုန်းကောင်တီသို့လာပြီး ဖီးနစ်သွေးကျောက်ထုတ်လုပ်မှုကို ကြီးကြပ်ခွင့်ရမည်မဟုတ်။
"ဒါဆို၊ မီးကပြန်မွေးဖွားတယ်ဆိုတာ တကယ်ပေါ့။ ကျွန်မက ဒါကို အခြေအမြစ်မရှိတဲ့ ယုံတမ်းစကားတစ်ခုလို့ပဲ အမြဲတွေးခဲ့တာ"
စုယီရန် တအံ့တဩပြောသည်။ လူအများနှင့် သူဆက်ဆံခဲသည်။ ဖီးနစ်မျိုးနွယ်နှင့် စကားပြောဖို့ဆိုသည်မှာ ပိုဝေးသေးသည်။
ကျန်သည့်လူများလည်း ခေါင်းငြိမ့်ကြသည်။ ရှေးခေတ်အကြောင်းအရာတစ်ခုကို ကောင်းစွာနားလည်သွားသည်။
"အဲဒီဖီးနစ်က ကူးဖြတ်ခြင်းအဆင့်ထက်လွန်တဲ့ ထူးခြားတဲ့အဆင့်တစ်ခုကို ရောက်သွားခဲ့တာဖြစ်မယ်"
"အခုအဲဒီ့ဖီးနစ်သူရဲကောင်း ဘယ်ရောက်နေလဲ"
လုယန် အတော်စိတ်ဝင်စားနေသည်။
ကျန်းရှန် ခေါင်းခါသည်။
"ဖီးနစ်သူရဲကောင်း ပျောက်နေတာ အတော်ကြာခဲ့ပြီ။ မျိုးနွယ်ထဲက သက်တမ်းအရင့်ဆုံးအကြီးအကဲတွေတောင် သူဘယ်ရောက်နေလဲ မသိကြဘူး"
"နတ်မယ်၊ မီးထဲကပြန်မွေးဖွားလာတဲ့ဖီးနစ်အကြောင်း တစ်ခုခုသိလား"
လုယန် နယ်မယ်ကို ရုတ်တရက် သတိရလာသည်။ သူ့သိစိတ်နယ်မြေမှ အဖိုးဖြတ်မရသည့် သတင်းရင်းမြစ်ကြီးဖြစ်သည်။
နတ်မယ်က အိပ်ပျော်နေရာမှ လုယန်စကားသံကြောင့် နိုးထာသည်။
မျက်လုံးကိုပွတ်၍ သမ်းဝေနေသည်။ မျက်စိမပွင့်တပွင့် ဖြစ်နေသည်။
"နင်ဘာမေးလိုက်တာလဲ"
"မီးကနေပြန်မွေးဖွားတဲ့ဖီးနစ်အကြောင်းကို သိလား"
နတ်မယ် အိပ်ရေးမူးတူးပုံစံဖြင့် ခေါင်းတစ်ဘက်စောင်း၍ ပြန်စဉ်းစားနေသည်။
"ဪ..အင်း အဲလိုကိစ္စမျိုး ဖြစ်ခဲ့ဖူးတယ်"
ရှေးခေတ်မသေမျိုးငါးယောက်၏ခေါင်းဆောင် ပီသလှသည်။ သူ့အသိဗဟုသုတက ကျယ်ပြန့်သည်။
'အိမ်တွင် သက်ကြီးရွယ်အိုတစ်ယောက်ရှိနေခြင်းသည် ရတနာမည်၏' ဟူသည့်စကား တကယ်မှန်သည်။
သမ်းတစ်ချက်ဝေပြီး နတ်မယ်ဆက်ပြောသည်။
"အတော်ကြာခဲ့ပါပြီ။ နဂါမျိုးနွယ်ပါရမီရှင်နဲ့ ဖီးနစ်ပါရမီရှင်က လူတစ်ယောက်ကိုလုရင်း တိုက်ကြခိုက်ကြတယ်လေ။ ငါက ဘေးကပဲ ကြည့်နေခဲ့တာ။ သူတို့နှစ်ယောက်က တကယ်ကြမ်းတယ်။ နည်းလမ်းမျိုးစုံသုံးကြတယ်။ မီးတွေရှို့တယ်၊ ဆံပင်တွေဆောင့်ဆွဲတယ်၊ ကျိန်ဆဲကြတယ်။ အတော်လေး အရုပ်ဆိုးတဲ့တိုက်ပွဲပါ"
"နေပါဦး၊ မီးရှို့တယ်၊ ဆံပင်ဆွဲတယ်၊ ကျိန်ဆဲတယ်ဆိုတာက ဘာတွေလဲ"
ကူးဖြတ်ခြင်းအဆင့်နှစ်ယောက်၏တိုက်ပွဲနှင့် မတူသလိုလို လုယန်ခံစားရသည်။
"ဪ ဒီလိုပါ။ သူတို့မျိုးနွယ်ဗီဇစွမ်းအားဖြစ်တဲ့ မီးတောက်စစ်တွေနဲ့ တိုက်ခိုက်ကြတာ။ မသေမျိုးတစ်ဝက်အဆင့် မှော်အဆောင်တွေမီးရှို့ကြတယ်။ တစ်ယောက်ဆံပင်ကို တစ်ယောက်အသုံးချပြီး ကျိန်စာတိုက်ကြတယ်"
"...အင်း...ဆက်ပြောပါဦး"
"ဘာပဲပြောပြော သူတို့တိုက်ခိုက်တာက တကယ်ကြမ်းပါတယ်။ တိုက်ပွဲကြာလာတော့ နဂါးပါရမီရှင်က အသာစီးရလာတယ်။
သူတို့ချင်းတိုက်ခိုက်တာက ဒါပထမဆုံးအကြိမ်မဟုတ်ဘူး။ နဂါးပါရမီရှင်အနိုင်ရခဲ့တာ ခြောက်ဆယ်ရာနှုန်းရှိတယ်။ ဒီတော့ အဲဒီတိုက်ပွဲမှာ သူအနိုင်ရတာက မထူးဆန်းလှပါဘူး။
တိုက်ပွဲအဆုံးသတ်တော့မယ်လို့ ငါတွေးနေတုန်းမှာ ဖီးနစ်ပါရမီရှင်က ငါ့ဆီကသင်ထားတဲ့ နည်းလမ်းတစ်ခု သုံးလိုက်တယ်။ သေဟန်ဆောင်တာလေ။ မြေပေါ်မှာလှဲပြီး သေသွားသလိုဟန်ဆောင်တယ်။ သူ့အသက်ဓာတ်တွေ ပျောက်သွားတယ်။ အသက်ရှိနေသေးမှန်း ဘယ်သူမှမသိနိုင်တော့ဘူး။
နဂါးပါရမီရှင် အတော်စိတ်ညစ်သွားတယ်။ အနိုင်ရပြီလို့ ကြွေးကြော်ဖို့ကလည်း တစ်ခုခုလစ်ဟာသလိုဖြစ်နေတယ်။ ရှုံးတယ်လို့ပြောရင်လည်း လူရယ်စရာဖြစ်မယ်။ ဒါပေမယ့် သေနေတဲ့လူကိုလည်း ဆက်တိုက်ခိုက်လို့မဖြစ်ဘူးလေ။ အများအမြင်မှာ ကြည့်ရဆိုးမှာပေါ့။
နောက်တော့ သူစိတ်ကူးကောင်းတစ်ခုရလာတယ်။ ဖီးနစ်ပါရမီရှင်ကို မီးရှို့ဖို့ပေါ့။
ဖီးနစ်က မီးလောင်တဲ့ဝေဒနာကို မခံမရပ်နိုင်လွန်းလို့ စူးစူးရှရှအော်ဟစ်ပြီး ခုန်ထလာတယ်။ သူ့အော်သံက စကြာဝဠာထဲမှာ ပဲ့တင်ထပ်သွားတယ်။
ဘာကြောင့်မှန်းတော့မသိဘူး။ ဒါကို မီးထဲကပြန်မွေးဖွားလာတဲ့ဖီးနစ်ဆိုပြီး ဇာတ်လမ်းပြောင်းသွားတယ်။ ဒီကောလဟာလကို ဘယ်သူဖြန့်လိုက်သလဲမသိဘူး။ အတော်အရှက်မရှိကြတာပဲ"
ထို့နောက် ဖီးနစ်ပါရမီရှင်ကို အလိုမကျဟန်ဖြင့် နတ်မယ်ခေါင်းခါသည်။
"သေဆန်ဆောင်တဲ့ပညာကို သူမကျွမ်းကျင်ဘူး။ ငါသာဆိုရင် ဆက်ပြီးဟန်ဆောင်နေမှာ။
ဒီပညာ သူ့ကိုငါသင်ပေးခဲ့တယ်ဆိုတာ ဘယ်သူမှမသိလို့ တော်သေးတာပေါ့။ သူသရုပ်ဆောင်တာ အရမ်းညံ့တယ်။ သူ့ဆရာပါလို့ ပြောရမှာတောင် ငါရှက်တယ်"
လုယန် - "..."
ခင်ဗျားကိုယ်ခင်ဗျားပဲ ရှက်သင့်တာပ နတ်မယ်။
***************************************