လီဟော်ရန်အတိတ်ဘဝ
Vol. 16 Ch. 231
ဖီးနစ်ဘိုးဘေးနှင့် လူသားတို့၏ လှပသည့်စိတ်ကူးယဉ်ဖီးနစ်ဇာတ်လမ်းများကို လေးစားပေးရမည်။ သူအခုသိလိုက်ရသည့် ရှေးဟောင်းဝှက်ချက်များကို ထုတ်ပြောဖို့မလိုအပ်ဟု လုယန်တွေးမိသည်။
အခြေတည်အဆင့်သာဖြစ်သော်လည်း သူ့စိတ်တွင် ဝန်ထုပ်ဝန်ပိုးများစွာရှိနေသလို ခံစားရသည်။
ပုံမှန်အားဖြင့် ရှေးဟောင်းလျှို့ဝှက်ချက်များစွာသိထားသည့် အခြေတည်အဆင့်တစ်ယောက်သည် အကျိုးအမြတ်မျိုးစုံရသင့်သည်။
ဥပမာ ရှေးဟောင်းမျိုးနွယ်တစ်ခု သူတို့မျိုးဆက်အမွေအနှစ်ပျောက်သွားမည်။ လုယန်က မပွင့်တပွင့်ပြုံး၍ ထိုအမွေအနှစ်ရှိသည့်နေရာကို ခပ်အေးအေးအမူအရာဖြင့် လမ်းညွှန်လိုက်မည်။ ထိုမျိုးနွယ် သူတို့အမွေအနှစ်ကို ပြန်ရမည်။ လုယန်ကို အံ့ဖွယ်လူသားဟုယူဆလျက် သူတို့မျိုးနွယ်၏ အပျိုစင်ကို ဇနီးမယားအဖြစ် ဆက်သလာမည်။
သို့မဟုတ်...ရှေးဟောင်းနယ်မြေတစ်ခုသို့ သူရောက်သွားမည်။ တစ်ခြားလူများ အန္တရာယ်များသည့် စမ်းသပ်ပွဲများဖြတ်ကျော်ဖို့ အသည်းအသန်ကြိုးစားနေကြမည်။ သူက ရှေးဟောင်းလျှို့ဝှက်ချက်များသိနေသဖြင့် အေးအေးလူလူ အောင်ပန်းဆွတ်ခူးနိုင်မည်။ တစ်ခြားပါရမီရှင်များအားလုံး မင်သက်မိသွားမည်။
သို့မဟုတ်...လေလံပွဲတစ်ခုတွင် အသုံးမဝင်ဟုထင်ရသည့် ရတနာတစ်ခု ပေါ်လာမည်။ ရောင်းမထွက်နိုင်သည့်အခြေအနေရှိနေမည်။ သူတစ်ယောက်သာ ထိုပစ္စည်းတန်ဖိုးရှိမှန်းသိပြီး အချိုအချောင်ဈေးဖြင့် လေလံအောင်သွားမည်။
ထိုဖြစ်ရပ်မျိုး လုယန် တစ်ခါမှမကြုံဖူး။
ရှေးဟောင်လျှို့ဝှက်ချက်များသိခြင်းသည် လုံးဝအကျိုးမရှိဟု ခံစားနေရသည်။ ဘာကိုမှ သူအသုံးမချနိုင်သောကြောင့်ဖြစ်သည်။
ဘယ်နေရာမှားနေသလဲဟု သူစဉ်းစားနေသည်။
.....
ဖီးနစ်သွေးကျောက်ကိစ္စ အဆုံးသတ်သွားသည်။ တစ်ညလုံးပင်ပန်းကြီးစွာ အားထုတ်ခဲ့ကြပြီးနောက် အကြီးဆုံးအောင်မြင်မှုမှာ မထင်မှတ်ဘဲ ကိုးငရဲဂိုဏ်း၏အကြံအစည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းနှင့် စုယီယန်သည့် ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်ကြောင်း လီဟော်ရန်သိသွားခြင်းဖြစ်သည်။
လီဟော်ရန်မိဘများ နိုးလာချိန်တွင် ခြံဝင်းထဲမှ အဆုံးမမြင်ရသည့်တွင်းနက်တစ်ခုကို မြင်ရသဖြင့် အတွေးနက်နေကြသည်။
သူတို့အိပ်ယာမဝင်မီက ဘာမှမရှိ။ ထိုတွင်းကြီး ညတွင်းချင်းဘယ်လိုပေါ်လာသနည်း။
မနေ့ညက ဆူဆူညံ့ညံအသံများကြောင့် လီဟော်ရန်မိဘများနှင့် ချင်ယန်ယန်တို့ နိုးသွားမည်စိုးသဖြင့် စုယီရန်က အိမ်တစ်ခုလုံးကို အသံလုံမှော်စက်ဝန်း အုပ်ပေးထားခဲ့သည်။
စုယီရန် ဖီးနစ်အိုအလောင်းကို ထိုးခဲ့ရိုက်ခဲ့သည့်အသံများက သာမန်မဟုတ်။ လီမိသားစုမှလွဲလျှင် လော်ဖုန်းကောင်တီတစ်မြို့လုံး ကြားကြသည်။
ထိုဆူညံသံသည် ညဆိုင်းမြေအောက်မိုင်းတွင်းလုပ်ငန်းများ ထိန်းချုပ်မှုနည်းနည်းလွတ်သွားခြင်းဖြစ်ကြောင်း မြို့သူမြို့သားတို့ နားလည်ပေးစေလိုကြောင်း ကောင်တည်နယ်စားက အများသိကြေညာခဲ့သည်။
သူအရည်အချင်းမမီ၍ ကိုးငရဲဂိုဏ်းက အခြေအနေကို အသုံးချခဲ့ပါသည့်အဖြစ်၊ စုယီရန်မရှိလျှင် အားလုံးဇာတ်သိမ်းသွားခဲ့မည့်အဖြစ်ကို အမှန်အတိုင်း သူဝန်မခံနိုင်။
ထိုသို့ထုတ်ပြောလိုက်လျှင် သူ့နယ်စားရာထူးလည်း အဆုံးသတ်သွားမည်။
"မနေ့ညက ထင်မှတ်မထားတဲ့ကိစ္စတစ်ခု ဖြစ်ခဲ့တယ်။ လူရမ်းကားတစ်ချို့ အိမ်ထဲကို ခိုးဝင်လာတာ။ ဒါပေမယ့် စီနီယာစုရှိနေတော့ ကံကောင်းသွားတယ်။ သူဖြေရှင်းပေးခဲ့တယ်လေ"
လုယန် အတိုချုပ်ရှင်းပြသည်။ ဖီးနစ်သွေးကျောက်၊ ကောင်တီနယ်စား၊ မိုခေါင်းဆောင်၊ ကိုးငရဲဂိုဏ်းနှင့် ဖီးနစ်အိုတို့ကိစ္စ သူထည့်မပြော။
အချုပ်ပြောရလျှင် မနေညက ဘာမျှကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့။
ချင်ယန်ယန်က လုယန်ကို မျက်လုံးထောင့်ကပ်၍ ကြည့်နေသည်။ အဖြစ်မှန်အားလုံးကို ပြောနေခြင်းမဟုတ်မှန်း ရိပ်မိသည်။ သူ့အမေ ဝင်လှုပ်ရှားရပြီး ထိုမျှကြီးမားသည့် တွင်းနက်တစ်ခု ကျန်ခဲ့သည်ဆိုလျှင် ဖြစ်ခဲ့သည့်ကိစ္စက ပေါ့သေးသေးမဟုတ်နိုင်။
သို့သော် လီဟော်ရန်မိဘများရှေ့တွင် မမေးဖြစ်အောင် သူစိတ်ထိန်းထားလိုက်သည်။
လီဟော်ရန်မိဘများက နည်းနည်းသဘောပေါက်သွားဟန်ဖြင့် ခေါင်းငြိမ့်သည်။ လုယန်က တွင်းကိုပြန်ဖြည့်ပေးမည်ဟု ပြောပြီးဖြစ်၍ ထိုကိစ္စကို သူတို့ဆက်မစပ်စုတော့။
တွင်းပေါက်ထဲတွင် မှောင်မဲနေသည်။ အမှောင်ထုကို ထိုးဖောက်ကြည့်နိုင်မည်ဆီုလျှင် အောက်ခြေတွင် လဲလျောင်းနေသည့် ဖီးနစ်အိုတစ်ကောင်ကို မြင်ရပေလိမ့်မည်။
ကျန်းရှန်စကားအရ ဖီးနစ်အိုသည် သူ့သဘောဆန္ဒအလျောက် ဤနေရာတွင် သူ့ဘာသာမြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ လျှို့ဝှက်သည့်အသေးစိတ်အချက်များကို မသိရ။
"စီနီယာစု၊ ကျုပ်..."
"ကျွန်မကို ယိရန်လို့ပဲခေါ်ပါ"
ယခုမှ လီဟော်ရန်၏အခေါ်အဝေါ်ကိုပြင်ပေးဖို့ စုယီရန် အခွင့်အရေးရလာသည်။ သူ့လေသံက နူးညံ့သည်။ သူရဲကောင်းများ ကြွေဆင်းသွားလောက်အောင် တိုးညှင်းညင်သာသည်။ မနေ့ညက စွမ်းအာမြင့်ခန္ဓာကိုယ်ကျင့်ကြံသူပုံစံနှင့် ဆက်စပ်တွေးမိဖို့ ခက်လှသည်။
သူ့ခန္ဓာကိုယ်က တတိယအကြီးအကဲလို ကြွက်သားများအမြှောင်းလိုက်ထမနေ။ အချိုးအစားကျသည်။ လူကြိုက်များသည့် ခန္ဓာကိုယ်မျိုးဖြစ်သည်။ လုယန်၏ အတိတ်ဘဝက ကျန်းမားရေးလိုက်စားသူတစ်ယောက်၏ပုံစံနှင့် ပိုတူသည်။
"ယိ...ယိရန်.."
"ဟုတ်ပြီ"
စုယီရန် ပြုံးလိုက်သည်။
"ကျုပ်အထင်တော့ ကျုပ်တို့ချင်း..."
'အဆင်မပြေလောက်ဘူး'ဟူသည့်စကားထွက်မလာမီ စုယီယန်က သူ့နှုတ်ခမ်းများကို လက်ညှိုးဖြင့် ညင်သာစွာဖိလိုက်သည်။
"ဟော်ရန်၊ ဒီအဖြစ်မှန်ကို အခုလောလောဆယ် ရှင်လက်ခံဖို့ခက်နေတာ ကျွန်မသိပါတယ်။ ကျွန်မတို့နှစ်ယောက်လုံးက သက်တမ်းရှည်တဲ့ ကျင့်ကြံသူတွေပါ။ တစ်ယောက်နဲ့တစ်ယောက် ဖြေးဖြေးချင်း ရင်းနှီးမှုယူပြီး ညှိနှိုင်းကြတာပေါ့။ တကယ်လိုအလုပ်မဖြစ်ဘူးဆိုရင်လည်း အဲဒီအချိန်ကျမျှ ကျွန်မတို့လမ်းခွဲကျမယ်လေ"
လီဟော်ရန် ကိုယ်တိုင်လည်း မငြင်းနိုင်သဖြင့် ခေါင်းတစ်ချက်ငြိမ့်သည်။
စုယီယန်က ပြုံး၍ လက်ကိုလွှတ်လိုက်သည်။ ထိုမြင်ကွင်းကိုကြည့်၍ ချင်ယန်ယန် စိတ်ပျက်လက်ပျက် ခြေဆောင့်နေသည်။
စုယီရန်လက်ချောင်းက သူ့နှုတ်ခမ်းကို ညင်သာစွာဖိထားသော်လည်း ထိုလက်ချောင်း ဘယ်လောက်သန်မာမှန်း သူသာသိသည်။ သူ့ပါးစပ်ကို လုံးဝဖွင့်မရ။
သို့သော် စုယီရန် ထိုသို့လုပ်မထားလျှင်လည်း နှစ်ယောက်ကြားရင်းနှီးမှုတည်ဆောက်ဖို့ လီဟော်ရန် စမ်းကြည့်ချင်ပါသည်။
ရည်ရွယ်ချက်ပြည့်သွားပြီးနောက် စုယီရန် ကြာကြာဆက်မနေတော့။ အရမ်းဖိအားပေးလွန်းလျှင် လီဟော်ရန် အနေခက်မည်ကို သူစိုးရိမ်သည်။ ခပ်ခွာခွာနေ၍ အချိန်ပေးခြင်းက ပိုကောင်းသည်။
စုယီရန်နှင့်ချင်ယန်ယန်တို့ တစ်နေ့ကုန် အိမ်တွင်နေသည်။ ညစာစားပြီးနောက် ထွက်သွားကြသည်။ ထွက်မသွားမီ စုယီရန်က လီဟော်ရန်မိဘများ အကျိုးရှိစေရန် မှော်စက်ဝန်းမျိုးစုံ တည်ဆောက်ခဲ့သည်။ ထို့နောက် လီဟော်ရန်ကို လက်ပြနှုတ်ဆက်၍ ပြောသည်။
"ကျွန်မအားလပ်တဲ့အချိန် ရှင့်ကိုလာတွေ့မယ်"
နောက်တစ်ရက် ကုန်လွန်ပြီးနောက် လီဟော်ရန် ပုံမှန်နိစ္စဓူဝအတိုင်း မိဘများကို သူကျင့်ကြံမှုအားစိုက်လုပ်ကြောင်း သရုပ်ပြသည်။ သိုင်းပညာရော စိတ်ကျင့်ကြံမှုပါ လုပ်သည်။
သူကျင့်ကြံမှုလုပ်ရင်း ထူးခြားမှုတစ်ခုဖြစ်လာသည်။ ကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်လှိုင်းများ တစ်ခုပြီးတစ်ခု ထိုးထွက်လာသည်။ လက်ချောင်းခြေချောင်းများ အလိုလိုကွေးလိုက်ဆန့်လိုက်ဖြစ်လာသည်။ ဝိညာဉ်စွမ်းအင်လျှံထွက်လာသည့် လက္ခဏာဖြစ်သည်။
"ငါအဆင့်တက်တော့မှာလား။ ဖြစ်သင့်ပါတယ်လေ။ အချိန်ကျပြီပဲ"
လီဟော်ရန် တွေးသည်။ ထိုအဖြစ်မျိုး ပထမဆုံးကြုံဖူးခြင်းမဟုတ်။ ချီသန့်စင်အဆင့်တွင်လည်း ထိုအဖြစ်မျိုး ကြုံဖူးသည်။
လက်ရှိတွင် သူသည် အခြေတည်အစောပိုင်းအဆင့် ရောက်နေသည်။ ချော်ရည်ပူထဲတွင် အချိန်ကြာမြင့်စွာ စိမ်ခဲ့သဖြင့် လုယန်နှင့်တစ်ခြားလူများထက် တစ်လကျော်နောက်ကျပြီးမှ အခြေတည်အဆင့်ရောက်ခဲ့သည်။
ထိပ်တန်းငါးယောက်အုပ်စုတွင် လုယန်နှင့်မုန်ကျင်းကျိုးတို့က အခြေတည်ထိပ်တန်းအဆင့်ရောက်ပြီးစဖြစ်သည်။။ ထောင်ယော်ယဲ့နှင့် အရိုးရိုင်းက အခြေတည်အလတ်တန်းဆင့်သို့ ရောက်နေသည်မှာ နည်းနည်းကြာပြီဖြစ်သည်။ လီဟော်ရန်က တိုးတက်မှုအနှေးဆုံးဖြစ်သည်။
ယခု ထိုလေးယောက်ကို အမီလိုက်နိုင်တော့မည်။
လုယန်နှင့်မုန်ကျင်းကျိုးကို သိစိတ်အာရုံမှ လှမ်းသတင်းပို့သည်။ သူအဆင့်တက်ချိန်တွင် ကာကွယ်ပေးရန်ပြောသည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ အိပ်ယာနိုးနေသော်လည်း ကုတင်ပေါ်တွင် လှဲနေကြဆဲဖြစ်သည်။ သူတို့သူငယ်ချင်းကောင်း အဆင့်တက်တော့မည်ကြားသဖြင့် အမြန်ထလာပြီး မျက်နှာပင်မသစ်အားပဲ ခြံဝင်းထဲသို့ပြေးဝင် လီဟော်ရန်ကိူ ကာကွယ်ပေးရန် ပြင်ဆင်ကြသည်။
လီဟော်ရန် တင်ပျဉ်ခွေထိုင်နေသည်။ အသက်နှစ်ကြိမ် အဝရှူရှိုက်သည်။ သူ့ဦးခေါင်းထက်တွင် လေဝဲကတော့ငယ်တစ်ခုရှိသည်။ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေသည်။ ခန္ဓာကိုယ်သန့်စင်နည်းဖြင့် သွေးကြောများ စွမ်းအင်ကြောများ သွေးကြောဆုံများ ကိုယ်တွင်းအင်္ဂါများကို မာကျောအောင် လေ့ကျင့်ထားသဖြင့် သူ့ခန္ဓာကိုယ် တဖျောက်ဖျောက်အသံမြည်နေသည်။
သူ့အရေပြားက သံပူကဲ့သို့ အနီရောင်ပြောင်းသွားသည်။ ခန္ဓာကိုယ်မှ စိမ့်ထွက်လာသည့်ချွေးများက တရှဲရှဲအသံမြည်၍ ချက်ချင်းအငွေ့ပျံသွားသည်။
ထိုအပြောင်းအလဲက သိပ်မကြာလိုက်။ မသဲမကွဲတစ်ချက်ညည်းညူပြီးနောက် သူ့စွမ်းအင်ရောင် ထိုးထွက်လာသည်။ စွမ်းအင်လည်ပတ်မှု တစ်ပတ်ပြည့်သွားပြီးနောက် အခြေတည်အဆင့်သို့ အောင်မြင်စွာရောက်လာသည်။
အဆင့်တက်နေချိန်တွင် ထူးခြားသည့်မျတ်ဉာဏ်တစ်ခု သူ့စိတ်အာရုံတွင် ပေါ်လာသည်။ ထိုမှတ်ဉာဏ်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသကဲ့သို့ အတော်ရင်းနှီးနေသည်ဟု ခံစားရသည်။
"ဟာ..."
သူ့မျက်လုံးများ ဖြေးညှင်းစွာပွင့်လာသည်။ နားမလည်နိုင်အောင်ဖြစ်နေသည်။
"ဘာဖြစ်တာလဲ"
လုယန် ချက်ချင်းမေးလိုက်သည်။ ကျင့်ကြံမှုတစ်ခုခုအမှားအယွင်းဖြစ်မည်ကို သူစိုးရိမ်နေသည်။
လီဟော်ရန်က မယုံမရဲလေသံဖြင့်
"ကျုပ်အတိတ်...အတိတ်ဘဝတုန်းက ကိုးငရဲဂိုဏ်းချုပ်ဖြစ်ခဲ့တယ်ထင်တယ်"
"ဘာ"
************************************