← Chapters

ဘာတွေဟန်ဆောင်နေတာလဲ

Vol. 16 Ch. 239

ဘာတွေဟန်ဆောင်နေတာလဲ

Vol. 16 Ch. 239

"ပိုးမွှားနှင်ဆေးရည် နှစ်ပုလုင်းပေးပါ။ ဈေးအကြီးဆုံးကိုပေး"

လုယန်နှင့်မုန်ကျင်းကျိုးတို့ တောင်ကြားမြို့မှ ရွှေစီးပွားနယ်မြေအသင်း၏ ဆိုင်ခွဲသို့ လိုအပ်သည့်ပစ္စည်းများဝယ်ရန် ရောက်လာကြသည်။

နတ်ဆိုးချုပ်တောင်ကြားသည် အဓိကနယ်စပ်မြို့ကြီးများထဲမှ တစ်ခုဖြစ်သည်။ နတ်ဆိုးသားရဲများနှင့်ပတ်သက်သည့် ပစ္စည်းများစွာ နေ့စဉ်ရောင်းချသည်။ ကျင့်စဉ်အဆင့်အမျိုးမျိုးရှိသူများ၏ လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန် အလယ်ပိုင်းတိုက်နယ် နေရာစုံသို့ တင်ပို့သည်။ ဝိညာဉ်ကျောက်ဝင်ငွေစီးဆင်းမှုက အံ့ဩလောက်အောင်မြင့်မားသည်။

ပိုးမွှားနှင့်ဆေးရည်သည် နယ်စပ်၏အထူးထုတ်ကုန်ဖြစ်သည်။ အထူးတလည်ဖောက်စပ်ထားသည့် ထိုဝိညာဉ်သည် တောနက်ထဲမှ ပိုးမွှားငယ်များ၏ရန်မှ ကာကွယ်ပေးသည်။ ခန္ဓာကိုယ်ပေါ် သုတ်လိမ်းထားလျှင် ပိုးမွှားများသာ အာရုံခံနိုင်သည့် ထူးခြားသည့်အနံ့တစ်မျိုး ထွက်သည်။ ပိုးမွှားများ ကျင့်ကြံသူတို့အနီးသို့ မကပ်နိုင်အောင် ကာကွယ်ပေးသည်။

ထိုဆေးရည်ရှိလျှင် ကိုယ်ပေါ်သို့ မျှော့တက်လာမည်ကို စိုးရိမ်စရာမလိုတော့။

"ခင်ဗျားတို့မှာ ပိုးမွှားနှင်ဆေးရည်တွေ အများကြီးရှိလား"

မုန်ကျင်းကျိုး အတွေးတစ်ခု ရုတ်တရက်ဝင်လာသည်။

ဆိုင်အရောင်းဝန်ထမ်း နည်းနည်းအံ့အားသင့်သွားသည်။ မုန်ကျင်းကျိုး ဘာကြောင့်ထိုသို့မေးသည်ကို နားမလည်။

"ဆေးရည်ဘယ်လောက်လိုချင်တာလဲ ခင်ဗျာ"

"တောနက်ထဲက ပိုးမွှားတွေအားလုံးကို မောင်းထုတ်နိုင်မယ့် ပမာဏလောက်ပေါ့"

ကောင်းစွာလေ့ကျင့်သင်ကြားထားသည့် ဆိုင်ဝန်ထမ်းပင် မျက်ခုံးလှုပ်သွားသည်။

"အားနာပါတယ်ခင်ဗျာ။ သခင်လေးလိုချင်တဲ့ပမာဏက များလွန်းပါတယ်။ ကျုပ်တို့ရဲ့ ပင်မသိုလှောင်ရုံတစ်ခုလုံး အကုန်ထုတ်ရင်တောင် သခင်လေးလိုချင်တဲ့ပမာဏမျိုး မရနိုင်လောက်ပါဘူး"

လူတိုင်းက ဆေးရည်ကို ခန္ဓာကိုယ်တွင်လိမ်းကြသည်။ သူက တောအုပ်တစ်ခုလုံး ဖြန်းချင်နေသည်။ ဆေးရည်ဘယ်လောက်ရှိရှိ မလုံလောက်နိုင်။

မုန်ကျင်းကျိုး နှုတ်ခမ်းတွန့်သွားသည်။ ရွှေစီးပွားအသင်း၏ ဆောင်ပုဒ်နှင့်မညီသဖြင့် နည်းနည်းအလိုမကျဖြစ်သွားသည်။

"ငွေရှိရင် လိုချင်တာအားလုံးရမယ်လို့ ခင်ဗျားတို့ပြောထားတယ်မဟုတ်လား။ ထားပါတော့လေ။ မရှိရင်လည်း မရှိဘူးပေါ့"

တောအုပ်ပတ်ဝန်းကျင်က ကြမ်းတမ်းသည်။ ခြင်များပင် ချီစုစည်းခြင်းပထမအဆင့်စွမ်းအားရှိသည်။ ချီအဆင့်ကျင့်ကြံသူများ ထိုတောအုပ်ထဲတွင် အသက်ရှင်ဖို့သိပ်မဖြ်စနိုင်။

သို့သော် ရှင်သန်နိုင်ခဲ့လျှင်လည်း ထိုကျင့်ကြံသူများသည် နောင်တစ်ချိန် အောင်မြင်မှုကြီးကြီးရမည့်သဘော ဖြစ်သည်။

သမိုင်းတွင်သည့် နာမည်ကျော်ကျင့်ကြံသူကြီးများသည် သူတို့ချီအဆင့်တွင် ဤတောအုပ်ထဲသို့ လာရောက်လေ့ကျင့်ကြသည်။ စွမ်းရည်ထက်မြက်အောင်သွေး၍ စိုစွတ်သည့်ပတ်ဝန်းကျင်တွင် နောင်တစ်ချိန်ကိုယ်လက်ကြံ့ခိုင်မှုရှိစေရန် လေ့ကျင့်ကြသည်။

"ခန္ဓာကိုယ်ခြောက်သွေ့စေတဲ့ အကောင်းဆုံးဆေးလုံးလည်း နှစ်ပုလင်းပေးပါ။ ပြီးတော့ ဖြေဆေးတွေပေါ့။

တစ်ချို့နတ်ဆိုးသားရဲတွေက လိင်စိတ်ကြွစေတဲ့ အစွမ်းမျိုးရှိတယ်လိူ့ကြားတယ်။ လိင်စိတ်ကြွတာကို ဖြေရှင်းနိုင်တဲ့နည်းလမ်း တစ်ခုခုလိုချင်တယ်။ ...အဲ..မဟုတ်ဘူးနော်၊ ဆောင်ကြာမြိုင်ကို လမ်းညွှန်ခိုင်းနေတာမဟုတ်ဘူး။ လိင်စိတ်ကြွတာကိုဖြေနိုင်တဲ့ ဖြေဆေးနှစ်ပုလင်းပေးဖို့ပြောတာ"

(**ရှန်းရှဝတ္ထုများမှ ပုံမှန်ဇာတ်ကွက်တစ်ခုကို ပြောခြင်းဖြစ်သည်။ မာနကြီးသည့် အေးစက်စက်အလှပိုင်ရှင် မိန်းကလေးတစ်ယောက် လိင်စိတ်ကြွအာနိသင်ရှိသည့် အဆိပ်မြွေတစ်ကောင် မထင်မှတ်ဘဲ အကိုက်ခံရသည်။ ထိုမိန်းကလေး ယောက်ျားတစ်ယောက်နှင့် လိင်မဆက်ဆံလျှင် သူသေရတော့မည်။ ထိုအချိန်မျိုးတွင် အဓိကဇာတ်လိုက်ကျော်က စိတ်မပါ့တပါဖြင့် ထိုကိစ္စကို လုပ်ပေးရသည်။ ထိုအခြေအနေမျိုးကြုံလာလျှင် ဤဝတ္ထု၏ဇာတ်လိုက်ကျော်များက အစွန်းအထင်းမခံနိုင်သည့်သဘောမျိုး ဟာသနှောထားခြင်းဖြစ်သည်)

"အဆိပ်...ခင်ဗျားတို့ရောင်းတဲ့အဆိပ်က အရည်အသွေးသိပ်မကောင်းပါလား။ ကျုပ်ကြိုတင်ပြင်ဆင်လာလို့ တော်သေးတာပေါ့။ ရော့...ဒါက လိုအပ်တဲ့ဆေးမြစ်တွေရဲ့ အရည်အသွေးနဲ့ပမာဏစာရင်းပဲ။ ဒီအတိုင်း ထုပ်ပိုးပေးပါ။ အဆိပ်ကို ကျုပ်တို့ဘာသာလုပ်မယ်"

ရွှေစီးပွားနယ်မြေဆိုင်မှ အဆိပ်အရည်အသွေးကို လုယန် စိတ်မချ။ ညံ့လွန်းသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှလူများပင် ထိုထက်ကောင်းသည့်အဆိပ်မျိုး အလွယ်တကူဖော်စပ်နိုင်သည်။

"နောက်ဆုံးထွက်ထားတဲ့ 'တောအုပ်လမ်းညွှန်'လိုချင်လား။ တောအုပ်ထဲမှ အများဆုံးတွေ့ရတဲ့ နတ်ဆိုးသားရဲတွေအကြောင်းနဲ့ ကြုံတွေ့နိုင်တယ့် အန္တရာယ်တွေကို မှတ်တမ်းတင်ထားတယ်"

"ကောင်းသားပဲ၊ တစ်အုပ်ပေးပါ"

"ရွက်ဖျင်တဲ့ရောလိုသေးလား။ တောနက်ထဲမျာ စခန်းချဖို့ လိုချင်လိုလာမှာ။ ဒါက ကျုပ်တို့ဆိုင်မှာ အတော်ရောင်းကောင်းတဲ့ ပစ္စည်းပါ။ ရွက်ဖျင်တဲ့တစ်လုံးဝယ်ရင် ရွှေသန္ဓေအဆင့်နတ်ဆိုးသားရဲသေးရည်တစ်ပုလင်း လက်ဆောင်ရမယ်။ အိပ်တဲ့အချိန် ဘေးပတ်လည်မှာ ဖြန်းထားလိုက်ရင် အဆင့်နိမ့်နတ်ဆိုးတွေ မောင်းထုတ်နိုင်တဲ့အာနိသင်ရှိတယ်"

"ဒါက အဆင့်ပိုမြင့်တဲ့နတ်ဆိုးသားရဲတွေကိုလည်း ဆွဲဆောင်သလို ဖြစ်နေမှာပေါ့။ စိတ်မချရဘူး၊ မလိုဘူး"

"အဝေးပို့လမ်းညွှန်မှော်အဆောင်တဲ့။ အဲဒါဘာအတွက်သုံးတာလဲ'

လုယန် မှော်အဆောင်တစ်ခုကို သတိထားမိသည်။ ဈေးနှုန်းကိုကြည့်ပြီး စုပ်တစ်ချက်သပ်မိသည်။

ထိုမှော်အဆောင်ဈေးနှုန်းနှင့်ယှဉ်လျှင် ကျွဲဆယ်ကောင်အားဆေးများက အတော်ဈေးချိုနေသလိုရှိသည်။

"သခင်လေးက အမြင်စူးရှတာပဲ။ ဒါက အသက်ကယ်ပစ္စည်းပါ။ တောနက်ထဲမှာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုးကြုံရင် ဒီအဝေးပို့မှော်အဆောင်ကို အသက်သွင်းလိုက်ရုံဘဲ။ ဒီမြို့ထဲကို ပြန်ပို့ပေးလိမ့်မယ်။ နတ်ဝိညာဉ်အဆင့်နတ်ဆိုးသားရဲက တိုက်ခိုက်ရင်တောင် ဒီအဝေးပို့စနစ်ကို မဖျက်ဆီးနိုင်ဘူး"

"ကောင်းမယ့်ပုံပဲ။ ငါးခုပေးပါ"

မုန်ကျင်းကျိုးက ငွေကိုအလျှံပယ်သုံးနေသည်။ သူလိုချင်တာမှန်သမျှ အကုန်ဝယ်သည်။ ဈေးနှုန်းကိုပင်မကြည့်။

သူ့စကားကြောင့် ဆိုင်ဝန်ထမ်းမျက်နှာ အရောင်လက်လာသည်။ ပို၍စိတ်အားထက်သန်လာသည်။ အဝေးပို့မှော်အဆောင်ငါးခုရောင်း၍ရလာမည့် ကော်မရှင်ကြေးသည် သူ့တစ်လစာနှင့်ညီမျှသည်။

ထိုနှစ်ယောက်သည် အမှန်တကယ်ရေလျှံသည့်ဖောက်သည်များဖြစ်သည်။ ယနေ့ သူကော်မရှင်ကြေး တလုံးတခဲရတော့မည်ထင်သည်။

လူချမ်းသာသခင်လေးနှစ်ယောက် ဘယ်ကရောက်လာသည်တော့မသိ။ မိသားစုကြီးတစ်ခု သို့မဟုတ် ဂိုဏ်းကြီးတစ်ခုမှဖြစ်လိမ့်မည်။ ဤနယ်စပ်ဒေသသို့ ပထမဆုံးအကြိမ် လေ့ကျင့်ရေးဆင်းရန် ရောက်လာကြခြင်းဖြစ်မည်။

ထိုသို့တွေးရင်း စေတနာဖြင့် သူသတိပေးလိုက်သည်။

"သခင်လေးတို့၊ ဒီနယ်စပ်ဒေသက သခင်လေးတို့နေခဲ့တဲ့နေရာနဲ့မတူဘူး။ ခပ်လျှိုလျှိုနေဖို့လိုတယ်။ ဒီမှာက နတ်ဆိုးသားရဲတွေတင် အန္တရာယ်ရှိတာမဟုတ်ဘူး။ လူတွေကလည်း အန္တရာယ်ရှိတယ်။ အခုတစ်လော တောအုပ်ထဲမှာ နေ့တိုင်းလူတွေပျောက်နေတာ။ အရင်ထက် အပျောက်အရှပိုများလာတယ်။ နတ်ဆိုးသားရဲတွေလက်ချက်လို့ ပြောကြပေမယ့် အမြဲတမ်း သူတို့လက်ချက်ပဲမဟုတ်ဘူးဆိုတာ လူတိုင်းရိပ်မိကြတယ်"

ထိုနှစ်ယောက် ဤနေရာတွင် အတော်ကြာ‌အောင် လေ့ကျင့်ရေးဆင်းကြဦးမည်ဟု သူခန့်မှန်းသည်။ သူတို့ဆိုင်နှင့်လည်း သေချာပေါက်ဆက်၍ ပတ်သက်နေရဦးမယ်။ ယခုလိုဖောက်သည်ကြီးများကို တတ်နိုင်သမျှ ကူညီဖြည့်ဆည်းပေးထားရမည်။

"မြို့တော်အုပ်ချုပ်သူက ဒီမြို့မှာ 'စည်းမျဉ်း'သတ်မှတ်ထားတယ်။'ဘယ်သူမှ ခိုးယူလုယက်ခွင့်မပြုဘူး'။ ဒါပေမယ့် ဒီစည်းမျဉ်းက ဒီမြို့ထဲမှာပဲ သက်ဆိုင်တယ်။ မြို့ကထွက်ပြီး တောအုပ်ထဲရောက်သွားတာနဲ့ ဒီစည်းမျဉ်းက ဘောင်မဝင်တော့ဘူး"

စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရှိနေခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။ သူတို့အုပ်ချုပ်သည့် မြို့တော်ထဲတွင် စည်းမျဉ်းများ ချမှတ်နိုင်သည်။ အမြင့်ဆုံးဥပဒေကို တည်ဆောက်နိုင်သည်။

စုစည်းခြင်းအဆင့်ကျင့်ကြံသူအရေအတွက် ရှားပါး၍သာမဟုတ်လျှင် ရှားနိုင်ငံက မြို့တိုင်းမြို့တိုင်းတွင် တစ်ယောက်စီထားချင်ပေလိမ့်မည်။

"သခင်လေးတို့၊ အထူးဧည့်ခန်းထဲကို ကြွပါခင်ဗျ"

ဆိုင်ဝန်ထမ်းက ဦးညွှတ်အရိုအသေပြု၍ ဖိတ်ခေါ်သည်။

လုယန် ငြင်းလိုက်သည်။

"မလိုပါဘူး။ ကျုပ်တို့ညီအကိုက အခြေတည်အလတ်တန်းအဆင့်ပါ။ အခု လောကကြီးက ငြိမ်းချမ်းနေတာဘဲ။ ကျုပ်တို့ဆီက ဘယ်သူလုယက်ရဲမှာလဲ'

ဆိုင်ဝန်ထမ်းဆက်မဖျောင်းဖျတော့ဘဲ ဆက်၍ဝန်ဆောင်မှုပေးသည်။

"ခင်ဗျားတို့မှာ ဘယ်လိုဒဏ်ရာကုသဆေးတွေရှိလဲ"

"ရွှေရောင်ဒဏ်ရာကုသဆေး၊ ဒဏ်ရာတွေကို အမြန်ပျောက်ကင်းစေတယ်။ သွေးတိတ်ဆေး၊ သွေးအရမ်းထွက်နေတဲ့အချိန်မှာ ဒီဆေးသောက်လိုက်ရင် ချက်ချင်းသွေးတိတ်သွားမယ်။ ချီအားဖြည့်ဆေး၊ ဝိညာဉ်စွမ်းအင် ပြန်အားဖြည့်တဲ့နှုန်းကို မြှင့်တင်ပေးနိုင်တယ်။ ပြီးတော့ ဗုဒ္ဓနိုင်ငံကုသိုလ်ဖြစ်ဖန်တီးမှုဆေးမျိုးတွေထဲမှာ သေရာကနေ ပြန်ရှင်အောင်လုပ်ပေးနိုင်တဲ့အရိုးဖြူဆေးလုံးရှိမယ်၊ ပြီးတော့...."

"နှစ်ပုလင်းစီ ပေးပါ။ ပြီးတော့ အကာအကွယ်ဝိညာဉ်ရတနာတွေရောရှိလား။ နှစ်ခုစီပေး"

အားလုံးဝယ်ယူပြီးနောက် လိုအပ်သည့်ပစ္စည်းကျန်မကျန်စစ်ဆေးသည်။ ထို့နောက်

"ငွေရှင်းမယ်"

"ခင်ဗျားတို့က ကျုပ်တို့ဆိုင်ရဲ့ အထူးဖောက်သည်တွေပါ။ ဒါကြောင့် နောက်ထပ်လာဝယ်ရင် ဆယ်ရာနှုန်းလျှော့စေးရပါမယ်"

မုန်ကျင်းကျိုး ဘာမှမပြောဘဲ "မုန်"ဟူသည့်စာလုံးပါသည့် အနက်ရောင်တံဆိပ်တစ်ခု ဆွဲထုတ်လိုက်သည်။

ထိုတံဆိပ်ကိုမြင်သည်နှင့် ဆိုင်ဝန်ထမ်းမျက်လုံးပြူးသွားသည်။ သူ့လက်များ တုန်ရင်လာသည်။

သူအလုပ်စမဝင်မီ ဝန်ထမ်းလေ့ကျင့်ရေးဆင်ခဲ့စဉ်က အဆင့်မြင့်တံဆိပ်များကို ခွဲခြားတတ်အောင် ပထမဆုံး စသင်ခဲ့ရသည်။ တံဆိပ်အမျိုးမျိုးသည် နောက်ခံအမျိုးမျိုးကို ကိုယ်စားပြုသည်။ နန်းတွင်းမိသားစုတံဆိပ်၊ မုန်ိမသားစုတံဆိပ် စသဖြင့် ရှိသည်။ ထိုတံဆိပ်ပိုင်ရှင်အားလုံးကို အထူးရိုသေလေးစားကြရသည်။ မချေမငံဆက်ဆံ၍မရ။

ဤနေရာတွင် သူဆယ်နှစ်ကျော် အလုပ်လုပ်ခဲ့သည်။ မုန်မိသားစုဝင်များကို အရင်ကလည်း မြင်ဖူးခဲ့သည်။ သို့သော် ထိုလူများက အရန်မိသားစုဝင်များဖြစ်သည်။ ယခု ဤတံဆိပ်ပေါ်တွင် 'မုန်'ဟူသည့်စာလုံးရှိနေသည်။ တံဆိပ်ပိုင်ရှင်သည် ပင်မမိသားစုဝင်ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ နောင်တစ်ချိန် မုန်မိသားစု၏ဩဇာ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ခွင့်ရသူမျိုး ဖြစ်နိုင်သည်။

ကြီးမားသည့်နောက်ခံဖြစ်သည်။ အထင်ရှားဆုံးနောက်ခံမျိုးဖြစ်သည်။

ခုနက သူဆယ်ရာနှုန်းလျှော့ဈေးပေးမည်ဟု ပြောခဲ့သည်မှာ ရယ်စရာကောင်းလှသည်။ ထိုမိသားစုဝင်မျိုးက ထိုငွေလောက်ကို မျက်လုံးထဲပင် ထည့်မည်မဟုတ်။

"တိတ်တိတ်နေစမ်းပါ"

မုန်ကျင်းကျိုးလေသံက အတက်အကျမရှိ။ သို့သော် ကျိတ်ပျော်နေသည်။

မှန်သည်၊ မှန်သည်။ ဆိုင်ဝန်ထမ်း ထိုအမူအရာမျိုးဖြစ်သွားသည်ကို သူမြင်လိုခြင်းဖြစ်သည်။

လုယန်က သူ့ကို အမြင်ကတ်ဟန်ဖြင့် လှည့်ကြည့်သည်။

မင်းဘာတွေဟန်ဆောင်နေတာလဲ။

တာအိုလမ်းစဉ်ဂိုဏ်းတွင်လည်း ထိုကဲ့သို့တံဆိပ်များရှိပါသည်။ သို့သော် ယွမ်ကျိနှင့် ဂိုဏ်းအကြီးအကဲများသာ သုံးခွင့်ရှိသည်။

ဆိုင်ဝန်ထမ်းက တံဆိပ်ကိုယူပြီးနောက် အစစ်ဟုတ်မဟုတ် အတည်ပြုသည်။ အပိုလက်ဆောင်ပစ္စည်းလေးများ ထပ်ထည့်ပေးသည်။

"သခင်လေးတို့မှာ မှော်လက်စွပ်ပါလာလား။ ပစ္စည်းတွေကို ကျုပ်ထည့်ပေးပါ့မယ်"

လုယန် ခပ်အေးအေးအမူအရာဖြင့်် 'လုယန်'ဟုရေးထားသည့် တာအိုလမ်းစဉ်းဂိုဏ်း၏ ကျောက်စိမ်းတံဆိပ်ကို ထုတ်ပေးလိုက်သည်။

ဆိုင်ဝန်ထမ်း ရင်ထိတ်သွားပြန်သည်။

တာအိုလမ်းစဉ်ဂိုဏ်း၏တပည့်ဆိုသည်မျာ ကျင့်ကြံသူလောကတွင် ဂယက်ထအောင်လုပ်နိုင်သည့်လူမျိုးဖြစ်သည်။

ထိုနှစ်ယောက်ကို မိသားစုကြီးတစ်ခု သို့မဟုတ် ဂိုဏ်းကြီးတစ်ခုမှလူများဟု သူခန့်မှန်းမိခဲ့သည်။ သို့သော် ထိုမျှကြီးမည်ဟု ထင်မထားခဲ့။

"တိတ်တိတ်နေစမ်းပါ"

လုယန်လေသံက အတက်အကျမရှိ။ သို့သော် ကျိတ်ပျော်နေသည်။

အခု ငါ့အလှည့်ပဲကွ။

မုန်ကျင်းကျိုးက အမြင်ကတ်ဟန်ဖြင့် လုယန်ကို လှည့်ကြည့်သည်။

မင်းဘာတွေဟန်ဆောင်နေတာလဲ။

သူတို့နှစ်ယောက် ပစ္စည်းများယူပြီး တောနက်ဆီသို့ ဦးတည်ထွက်သွားကြသည်။

********************************

All Chapters