← Chapters

ကိုးငရဲဂိုဏ်းချုပ်ကို ဖမ်းလာပါပြီ

Vol. 16 Ch. 232

ကိုးငရဲဂိုဏ်းချုပ်ကို ဖမ်းလာပါပြီ

Vol. 16 Ch. 232

"အတိတ်ဘဝက မင်းကိုးငရဲဂိုဏ်းချုပ်ဖြစ်ခဲ့တယ်ဆိုတာ သေချာလို့လား"

လုယန် လီဟော်ရန်ကို သေချာအကဲခတ်နေသည်။ ကိုးငရဲဂိုဏ်းချုပ်နှင့်လီဟော်ရန်ကို သူဆက်စပ်ကြည့်၍မရ။

လီဟော်ရန်က တုံ့ဆိုင်းဆိုင်းလေသံဖြင့်

"သေချာသလောက်ပဲ။ ယီရန်ကပြောတယ်။ ကျုပ်ရဲ့ကျင့်စဉ်အဆင့်မြင့်လာတာနဲ့ အတိတ်ဘဝမှတ်ဉာဏ်အစိတ်အပိုင်းတွေ ပြန်ပေါ်လာမယ်တဲ့။

အခြေတည်အလတ်တန်းအဆင့်ကိုတက်တော့ ပုံရိပ်တစ်ခု ကျပ်အာရုံမှာမှာပေါ်လာတယ်။ အနက်ရောင်ဝတ်စုံနဲ့လူတစ်ယောက်ကို မြင်ရတယ်။ ကျုပ်ရဲ့လက်ထောက်ဖြစ်မယ်။ ဘေးပတ်လည်က အားလုံးမှောင်မဲ့နေတယ်။ ပတ်ဝန်းကျင်ကို သေချာမမြင်ရဘူး။

ကျုပ်လက်ထောက်က စာရွက်တစ်ချို့ကိုင်ထားပြီးပြောတယ်။ 'ဂိုဏ်းချုပ်၊ ဒါက ကျုပ်တို့ဂိုဏ်းရဲ့ နှစ်စဉ်ဝင်ငွေနဲ့ကုန်ကျစရိတ် ဝိညာဉ်ကျောက်စာရင်းပါ။ ပြန်စစ်ဆေးကြည့်ပါဦး'တဲ့။ စာရွက်တွေကိုယူပြီးဖတ်လိုက်တော့ ပထမဆုံးစာကြောင်းက 'ကိုးငရဲဂိုဏ်းဝိညာဉ်ကျောက်ဝင်ငွေထွက်ငွေစာရင်း'တဲ့"

"ကျုပ်ဆက်မဖတ်နိုင်ခင် ပုံရိပ်ကပျောက်သွားတယ်။ ဂိုဏ်းချုပ်လို့ သူခေါ်တာရယ် ကိုငရဲဂိုဏ်းဘဏ္ဍာရေးမှတ်တမ်းတွေပြတာရယ်ကိုကြည့်ရင် ကျုပ်အတိတ်ဘဝက ဘယ်သူဖြစ်ခဲ့လဲဆိုတာ သိသာနေပါပြီ"

ကိုးငရဲဂိုဏ်းသည် အဓိကနတ်ဆိုးဂိုဏ်းကြီးလေးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည်။

ထာဝရဂိုဏ်းချုပ်နာမည်ကို လူအများမသိသလိူပင် ကိုးငရဲဂိုဏ်းချုပ်နာမည်ကိုလည်း မသိကြ။

ယခု လုယန်နှင့်မုန်ကျင်းကျိုးတို့ သိသွားသည်။ ချင်ဟော်ရန်ဖြစ်သည်။

လုယန်စဉ်းစားသည်။ ယခုပြောပုံအရဆိုလျှင် လီဟော်ရန်သည် အတိတ်ဘဝက ကိုးငရဲဂိုဏ်းချုပ်လူဝင်စားဖြစ်မည်ထင်သည်။

မုန်ကျင်းကျိုးကို လှည့်ကြည့်လိက်သည်။ သူလည်း အတွေးနစ်နေသည်။

"မင်းဘယ်လိုထင်လဲ"

မုန်ကျင်းကျိုး ခေါင်းမော့လာသည်။ မျက်မှောင်ကျုံ့နေသည်။

"ကိုးငရဲဂိုဏ်းချူပ်က အတော်ဆင်းရဲတာပဲ။ မီးအိမ်တစ်လုံးတောင် မထွန်းနိုင်ကြဘူး"

"..."

မုန်ကျင်းကျိုး၏ ကြောင်တက်တက်အတွေးကို လျစ်လျူရှု လုယန်သုံးသပ်သည်။

"ညီလေးလီရဲ့အတိတ်ဘဝဟာ ကိုးငရဲဂိုဏ်းချုပ်ဆိုရင် စုယီရန်ပြောတဲ့ တစ်ချို့အချက်တွေနဲ့လည်း ကိုက်ညီတယ်။

ဥပမာ စုစည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်တဲ့ ချင်ဟော်ရန်ကို ဘာလို့တစ်ယောက်မှမသိကြတာလဲ။ စုယီရန်လို လူသူကင်းဝေးတဲ့နေရာမှာ ကျင့်ကြံခဲ့လို့။ ဒါမှမဟုတ် လူသိခံလို့မရတဲ့ ထူးခြားတဲ့နောက်ခံရှိလို့ပဲဖြစ်မယ်။

ပြီးတော့ ချင်ဟော်ရန်ဘာလို့ အမဲလိုက်ခံရတာလဲ။ ပုံမှန်ဆိုရင် ဖြစ်နိုင်စရာနှစ်ခုရှိတယ်။ အလွန်တန်ဖိုးကြီးတဲ့ ဝိညာဉ်ရတနာတစ်ခု သူရခဲ့လို့ တိုက်ခိုက်တဲ့လူက သူ့ဆီကလုယူဖို့ကြိုးစားတာ။ ဒါမှမဟုတ်။ ချင်ဟော်ရန် အတော်မြင့်တဲ့ရာထူးမျိုးရထားလို့ တိုက်ခိုက်တဲ့လူက နေရာလုချင်တာဖြစ်မယ်"

ပထမအချက်က အလယ်ပိုင်းတိုက်နယ်မှာ သိပ်မဖြစ်နိုင်ဘူး။ ရတနာရလို့ အမဲလိုက်ခံရတာဆိုရင် ရှားနိုင်ငံကို အကူအညီတောင်းလို့ရတာပဲ။ စုယီရန်ကျင့်ကြံတဲ့နေရာထိ ထွက်ပြေးစရာမလိုဘူး။

ဒီတော့ ဒုတိယအချက်ပဲ ပိုဖြစ်နိုင်တယ်။ ကိုးငရဲဂိုဏ်းထဲမှာ နေရာလုရင်း ဂိုဏ်းတွင်းပုန်ကန်မှုတစ်ခုဖြစ်ပြီး ချင်ဟော်ရန် အင်အားချင်းမျှလို့ ဒဏ်ရာအပြင်းအထန်ရခဲ့တာပဲ"

ချင်ဟော်ရန်က စုယီရန်ကို သူ့နောက်ခံနဲ့ပတ်သက်ပြီး လုံးဝပြောမပြဘူး။ သူ့အလုပ်က အရမ်းအန္တရာယ်များလို့ စုယီရန်မသိလေ ပိုဘေးကင်းလေပဲလို့ ပြောခဲ့တယ်။ နတ်ဆိုးဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတော့ သူ့သရုပ်မှန်ကို ထုတ်ပြောလို့မရဘူး။ တကယ်လို့ စုယီရန်သိသွာရင် ကိုးငရဲဂိုဏ်းကိစ္စတွေပေါ်လာတာနဲ့ သူပါဒုက္ခရောက်နိုင်တယ်"

နောက်ပြီး သူ့နောက်ခံနဲ့ပတ်သက်လို့ အရိပ်အမြွက်ပြောခဲ့တာရှိတယ်။ ကူးဖြတ်ခြင်းအဆင့်ကို သူမတက်နိုင်ရင် နေ့အလင်းရောင်ကို ဘယ်တော့မှမြင်နိုင်မှာမဟုတ်ဘူးတဲ့။ နတ်ဆိုးဂိုဏ်းချုပ်တစ်ယောက် ကူးဖြတ်ခြင်းအဆင့်ရောက် အရင်က မလုပ်ရဲခဲ့တာတွေကို လုပ်နိုင်လာမယ်လေ"

အမှန်တော့ ချင်ဟော်ရန်၏နောက်ခံကို အစကတည်းက သူသံသယဖြစ်ခဲ့သည်။ သို့သော် သက်သေမရှိခဲ့။ စုယီရန်ကိုလည်း သူ့ယောက်ျားက ဂုဏ်သရေရှိပုဂ္ဂိုလ်မဟုတ်ဘဲ နတ်ဆိုးဂိုဏ်းချုပ်ပါဟု ပြော၍မဖြစ်။

လုယန် လီဟော်ရန်ကိုကြည့်၍ ပြုံးလိုက်သည်။

"ညီလေးလီ၊ မင်းဟာချင်ဟော်ရန်ဝင်စားတဲ့လူဆိုတာ အခုယုံကြည်သွားပြီလား"

စုယီရန်က မှတ်ဉာဏ်တစ်ခုဖန်တီးပြီး လီဟော်ရန်စိတ်ထဲသို့ သွင်းခဲ့ခြင်းလားဟုလည်း လုယန်စဉ်းစားသည်။ ဖြစ်နိုင်ခြေတော့နည်းသည်။

သို့သော် ထိုမှတ်ဉာဏ်သည် လီဟော်ရန်၏ ကိုယ်ပိုင်မှတ်ဉာဏ်ဖြစ်ကြောင်း ထာဝရနတ်မယ်က အတည်ပြုခဲ့သည်။ တမင်ဖန်တီးထားခြင်းမဟုတ်။

လီဟော်ရန် စိတ်ဓာတ်ကျနေသည်။ ယခုအခြေအနေအရ သူမယုံချင်လည်း ယုံရတော့မည်။

ရုတ်တရက် တစ်ခြားပြဿနာတစ်ခုကို တွေးမိပြီး သူထိတ်လန့်လာသည်။

"မဟာရှားနိုင်ငံမှာ လူတွေက အတိတ်ဘဝပြစ်မှုတွေအတွက် အပြစ်ပေးတဲ့ဥပဒေတော့ မရှိဘူးမဟုတ်လား"

လုယန် သူဖတ်ဖူးသည့်စာအုပ်များကို စိတ်ထဲတွင် အမြန်ပြန်သုံးသပ်ပြီးနောက် ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။

"မရှိပါဘူး။ ရှားနိုင်ငံတရားဝင်စည်းမျဉ်းက လူသေတာနဲ့ ပြစ်ဒဏ်အဆုံးသတ်သွားတယ်။ မင်းက လူဝင်စားလေ။ ရှားနိုင်ငံဥပဒေက မင်းအပေါ်မသက်ရောက်ဘူး"

လီဟော်ရန် စိတ်သက်သာရာရသွားသည်။

"မင်းတို့သုံးယောက် ဘာလို့အစောကြီးနိုးနေကြတာလဲ"

ခြံထဲတွင်လေ့ကျင့်နေသည့် သူတို့သုံးယောက်ကိုကြည့်၍ လီဟော်ရန်၏မိခင် ကျေနပ်စွာပြုံးနေသည်။

"ဒေါ်လေး၊ ဟော်ရန် အခုနကပဲ အခြေတည်အလတ်တန်းဆင့်ကို တက်သွားပါပြီ"

လုယန် ပြုံး၍ပြောသည်။

လီဟော်ရန်၏မိဘနှစ်ပါးလုံး အခြေတည်အစောပိုင်းအဆင့်ဖြစ်သည်။ အရင်က လီဟော်ရန်သည် သူ့မိဘများထက် တိုက်ခိုက်စွမ်းအားပို၍သာသည်။ ယခု ကျင့်စဉ်အဆင့်ပင် ပိုသာသွားသည်။ လီဟောရန်မိခင် အတော်ပျော်နေသည်။

မိဘများ မလိုအပ်သည့်စိုးရိမ်ပူပန်မှုများမဖြစ်စေရန် အတိတ်ဘဝအကြောင်းမပြောဖို့ လီဟော်ရန်ဆုံးဖြတ်လိုက်သည်။

"အိုး...ဒါဆိုရင် ငါတို့ဂုဏ်ပြုသင့်တာပေါ့။...တွေ့လား ဟော်ရန်၊ ငါနင့်ကိုပြောသားပဲ။ ရှောင်လုတို့ရှောင်မုန်တို့နဲ့သာ နင်အတူရှိရင် သေချာပေါက်တိုးတက်လာမှာပါ"

"...အင်း..ဟုတ်ပါတယ် အမေ"

ဂုဏ်ပြုညစာစားပွဲတွင် ဂိုဏ်းတို့ပြန်တော့မည့်အကြောင်း လီဟော်ရန်က မိဘများကို အသိပေးသည်။ မိဘနှစ်ပါးလုံး အတော်အံ့အားသင့်သွားကြသည်။

လီဟော်ရန်၏ ကိုးငရဲဂိုဏ်းလူဝင်စားကိစ္စက အတော်ထူးခြားလွန်းသည်။ သူတို့သုံးယောက်တည်း မဖြေရှင်းနိုင်။ ဂိုဏ်းသို့ပြန်၍ တတ်နိုင်သမျှ မြန်မြန်သတင်းပို့ဖို့လိုသည်။

"မင်းတို့ဒီရောက်တာ ရက်ပိုင်းပဲရှိပါသေးတယ်။ ပြန်ကြတော့မလို့လား။ ရှောင်လု၊ ရှောင်မုန်၊ မင်းတို့ ပျော်ရောပျော်ခဲ့ကြရဲ့လား"

လုယန် ထမင်းစားတူကို အောက်သို့ချ၍ ပြုံးလိုက်သည်။

"ညီလေးလီအဆင့်တက်ခဲ့တဲ့ အခြေခံစွမ်းအားကို ဂိုဏ်းအကြီးအကဲတွေက တည်ငြိမ်အောင်လုပ်ပေးဖို့လိုတယ်။ ကျုပ်တို့မြန်မြန်ပြန်မှဖြစ်မယ်"

လိမ်လိုက်ခြင်းဖြစ်သည်။ ဂိုဏ်းအကြီးအကဲများ၏အကူအညီမယူဘဲ ကျင့်စဉ်စွမ်းအားကို ကိုယ့်ဘာသာတည်ငြိမ်အောင်လေ့ကျင့်ရန် တာအိုလမ်းစဉ်ဂိုဏ်းက အမြဲတိုက်တွန်းသည်။ သို့သော် လုယန်လေသံက အရိုးခံလေသံဖြစ်သည်။ ယုံနိုင်လောက်သည်။

လီဟော်ရန်မိဘများ ဆက်နေဖို့ မတားကြတော့။

လုယန်တို့သုံးယောက် လောင်မာဆွဲသည့် ရထားလုံးဖြင့် တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ကြသည်။

မုန်ကျင်းကျိုးက မြင်းအိုကို မြန်မြန်သွားဖို့ တိုက်တွန်းသည်။ မြင်းအိုက ခပ်အေးအေးတစ်ချက်ခေါင်းငြိမ့်သည်။ သို့သော် ပုံမှန်ခြေလှမ်းဖြင့်သာ ဆက်သွားသည်။ ခြေတစ်လှမ်းကလည်း မိုင်ရာချီထောင်ချီရောက်သည်။

"ညီလေးလီ၊ ကိုးငရဲဂိုဏ်းချုပ်ဆိုတဲ့ မင်းနောက်ခံက အလားအလာအများကြီးရှိတယ်ကွ။ ငါတို့ဂိုဏ်းကိုပြန်ရောက်လို့ ဒီကိစ္စကို သေချာကိုင်တွယ်နိုင်ရင် အကျိုးအမြတ်အများကြီးရလာနိုင်တယ်။ အကျိုးအမြတ်ကို မင်းနဲ့ငါတို့နှစ်ယောက် သုံးချိုးခုနစ်ချိုး ခွဲယူကြမလား"

"တကယ်အဲလောက်အကျိုးအမြတ်ရနိုင်တယ်ပေါ့"

"ဒါပေါ့။ ဒါပေမယ့် လောလောဆယ်တော့ မင်းခဏသည်းခံရမယ်"

သိပ်မကြာမီ ဂိုဏ်းသို့ပြန်ရောက်သည်။ မစ်ရှင်ခန်းမသို့ တန်းသွားသည်။

"အကိုတိုင်ပုဖန် အထဲမှာရှိလား"

တာဝန်ကျအကိုတစ်ယောက်ကို လုယန် မေးလိုက်သည်။

ထိုအကို မော့ကြည့်သည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့မျက်နှာက ပြုံးရွှင်နေသည်ကို မြင်ရသည်။ မုန်ကျင်းကျိူးပုခုံးပေါ်တွင် အိတ်ကြီးတစ်လုံးထမ်းလာသည်။

"အကိုတိုင် အထဲမှာရှိပါတယ်။ မင်းတို့နှစ်ယောက် ကိစ္စရှိရင် သူ့ဆီချက်ချင်းလွှတ်လိုက်ဖို့ ပြောထားတယ်။ သတင်းပို့စရာမလိုဘူးတဲ့။ ဒါပေမယ့် အဲဒီ့အိတ်ထဲက ဘာတွေလဲကွ"

"အောင်ပွဲဆုလာဒ်ပေါ့"

"ဪ..ဒါဆိုသွားလေ"

တာဝန်ကျအကို သိပ်မစဉ်းစားတော့။ အန္တရာယ်ရှိသည့်အရာမဟုတ်နိုင်ဟု တွေးလိုက်သည်။

နှစ်ယောက်သား အိတ်ကိုသယ်၍ တိုင်ပုဖန်၏အခန်းထဲသို့ ဝင်သွားသည်။ ထုံးစံအတိုင်း တိုင်ပုဖန်က အစီရင်ခံစားများ ဖတ်နေသည်။ မစ်ရှင်သဲလွန်စများ ရှာနေသည်။

"မင်းတို့ ဘာလို့ဒီရောက်လာတာလဲ။ ဘာကိစ္စရှိလို့လဲ"

တိုင်ပုဖန်က မေးသည်။

မုန်ကျင်းကျိုးက အရင်စပြောသည်။

"သတင်းကောင်းရှိလို့ပါ အကိုတိုင်။ ကျုပ်တို့မရပ်မနားကြိုးစားပြီးတဲ့နောက်မှာ ကိုးငရဲဂိုဏ်းချုပ်ကို ဖမ်းနိုင်ခဲ့ပါပြီ။ ဒီကိစ္စအတွက် ကျုပ်တို့ ကျိုးဆောင်မှတ်ဘယ်လောက်ရမလဲ သိချင်ပါတယ်"

"ကိုးငရဲဂိုဏ်းချုပ်တဲ့လား"

တိုင်ပုဖန် မုန်ကျင်းကျိုးကို သံသယမကင်းသည့်အကြည့်ဖြင့် ကြည့်နေသည်။ မုန်ကျင်းကျိုးမျက်နှာက လိမ်ညာနေသည့်လက္ခဏာ လုံးဝမရှိ။ တိုင်ပုဖန်အကြည့်ကို ရဲရဲတင်းတင်းရင်ဆိုင်သည်။

တိုင်ပုဖန် လုယန်ကို လှည့်ကြည့်သည်။ သူလည်း အရိုးခံမျက်နှာဖြင့် ကြည့်နေသည်။

တိုင်ပုဖန်စိတ်ထဲ ပိုတွေးရခက်သွားသည်။ ထိုနှစ်ယောက် ဘာကြံနေသည်ကို သူခန့်မှန်းမရ။

"ကိုးငရဲဂိုဏ်းချုပ်က ဘယ်မှာလဲ"

မုန်ကျင်းကျိုး အိတ်ကိုဖြေလိုက်သည်။ ကြိုးတုပ်၍ ပါးစပ်ကိုအဝတ်ဆို့ခံထားရသည့် လီဟော်ရန်ပေါ်လာသည်။ တည်ကြည်ပြတ်သားသည်လေသံဖြင့် မုန်ကျင်းကျိုး ကြေညာသည်။

"ကိုးငရဲဂိုဏ်းချုပ်ဆိုတာ ဒီလူယုတ်မာပါပဲ"

တိုင်ပုဖန် - "..."

မင်းတို့နှစ်ကောင် ငါ့ကိုအရူးများထင်နေလား။

******************************************

All Chapters