ဒီလိုကိုး
Vol. 16 Ch. 233
တိုင်ပုဖန်မယုံကြည်သေးမှန်းသိသဖြင့် မုန်ကျင်းကျိုး ဖြစ်ပျက်ခဲ့သည့်ဇာတ်လမ်းကို သေချာပြောပြသည်။
"ပြီးခဲ့တဲ့ရက်ပိုင်းက ကျုပ်တို့နှစ်ယောက် အပြင်သွားတော့ တောင်တန်းစမ်းချောင်းတစ်ခုကနေ အနက်ရောင်မီးခိုးတွေ ထွက်နေတာတွေ့တယ်။ နတ်ဆိုးတစ်ယောက် ဒုက္ခပေးနေတာဖြစ်မယ်ဆိုပြီးတွေးမိလို့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကျုပ်တို့ချက်ချင်းသွားတယ်။ ဒီလူယုတ်မာက သူ့ကိုယ်သူ စွမ်းအားကြီးတဲ့ ကိုးငရဲဂိုဏ်းချုပ်လို့ ကြေညာတယ်။ ဒါပေမယ့် ကျုပ်တို့ကလည်း သာမန်လူတွေမှမဟုတ်တာ။ အရည်အချင်းနည်းနည်းတော့ ရှိတယ်လေ။ အပြင်းအထန်တိုက်ခိုက်ပြီးတော့ နောက်ဆုံးမှာ သူ့ကိုဖမ်းနိုင်ခဲ့ပါတယ်။ သူ့မျက်နှာဖုံးကို ချွတ်လိုက်တော့ အဲဒီလူယုတ်မာက လီဟော်ရန်ဖြစ်နေတာ သိလိုက်ရတယ်။
ကိုးငရဲဂိုဏ်းချုပ်တဲ့။ အတော်လျှို့ဝှက်တဲ့ကောင်ပဲ။ ဒါပေမယ့် သူ့ကိုဖမ်းခေါ်ခဲ့ပါတယ်။ ကျုပ်တို့ အများကြီးမတောင်းဆိုပါဘူး။ တစ်နေ့တာဂိုဏ်းချုပ်လုပ်ခွင့်ကူပွန် သုံးခုစီပဲပေးပါ"
"...မင်းတို့ဘာပြောနေတယ်ဆိုတာရော ကိုယ့်ကိုယ်ကိုနားလည်ရဲ့လား"
တိုင်ပုဖန်သည် ဂိုဏ်းတပည့်များကြားတွင် စီနီယာအကျဆုံးဖြစ်သည်။ နှစ်တစ်ထောင်နီးပါး နေထိုင်ခဲ့သည်။ သူ့ဦးနှောက်ကို ယနေ့လောက်စော်ကားခံရသည့်အဖြစ်မျိုး တစ်ခါမှမကြုံခဲ့ဖူး။
လုယန် ပုခုံးတစ်ချက်တွန့်ပြလျက် ဆောင်ကြောင့်ထိုင်လိုက်ပြီး လီဟော်ရန်ကို ကြိုးဖြေပေးနေရင်းမှပြောသည်။
"တွေ့လား။ အကိုတိုင် မယုံလောက်ဘူးလို့ ငါမင်းကိုပြောသားပဲ"
လီဟော်ရန်ကို ကျိုးဆောင်မှတ်သုံးဆယ်ရာနှုန်းပေးမည်ဟူသည့်ကတိကို ဖြည့်ဆည်းမပေးနိုင်တော့။
"ဘာလို့မယုံရမှာလဲကွ။ ကိုးငရဲဂိုဏ်းချုပ်ကို ငါတို့တကယ်ဖမ်းခဲ့တာပဲလေ"
သူ့စကားမမှားကြောင်း မုန်ကျင်းကျိုးက ပြန်ချေပသည်။
"ကဲပါ၊ ဘာတွေဖြစ်လာတာလဲ"
ထိုနှစ်ယောက်သည် လူရွှတ်လူနောက်များဖြစ်သော်လည်း ထိုကိစ္စမျိုးကို ဟာသမလုပ်ရဲမှန်း တိုင်ပုဖန်သိသည်။ အကြောင်းတစ်ခုတော့ ရှိရမည်။
အကယ်၍ ကျိုးဆောင်မှတ်လိမ်ယူရန် ကြိုးစားကြည့်ရုံသက်သက်ပါဟု သူတို့ပြောရဲလျှင် ချက်ချင်းကြိုးနှင့်တုပ်ပြီး မစ်ရှင်ခန်းမဂိတ်တံခါးတွင် တွဲလောင်းဆွဲထားလိုက်မည်သာဖြစ်သည်။
"အဟမ်း..အခြေအနေကဒီလိုပါ။ ညီလေးလီက သူ့ဇနီးလောင်း နည်းနည်းတင်းမာတာကို သတိထားမိလို့ ကျုပ်တို့ကို အကူခေါ်တယ်။ နောက်တော့ သူ့ဇနီးလောင်းက တကယ်လှပြီး သဘောကောင်းတဲ့ သူ့ထက်ကျင့်စဉ်အဆင့်မြင့်တဲ့လူဖြစ်နေတာ တွေ့ရတယ်။ ဒီမိန်းကလေးက အဘက်ဘက်ကပြည့်စုံပါတယ်။ နည်းနည်းလေးအသက်ကြီးတာကလွဲလို့ပေါ့"
တိုင်ပုဖန် ခြေနှစ်ဘက်ချိတ်၍ လက်ဖက်ရည်သောက်နေရင်းမှ ပြန်မေးသည်။
"နည်းနည်းအသက်ကြီးတာက ပြဿနာမဟုတ်ပါဘူး။ သူကဘယ်ကလဲ။ အသက်က တစ်နှစ်ကြီးတာလား။ နှစ်နှစ်ကြီးတာလား"
"နှစ်နှစ်ထောင်ပါ"
"ဖူး..."
တိုင်ပုဖန်ပါးစပ်ထဲမှလက်ဖက်ရည်များ ပြန်ထွက်လာသည်။ နားကြားမှားသည်ဟု ထင်လိုက်သည်။ ချောင်းအဆက်မပြတ်ဆိုး၍ အတော်ကြာမှ ပြန်သက်သာလာသည်။
"ဘယ်လောက်ရယ်။ နှစ်နှစ်ထောင်...ဟုတ်လား"
ထိုသို့ဆိုလျှင် ဂိုဏ်းချုပ်နှင့် မျိုးဆက်တူများ ဖြစ်ပေတာ့မည်။
တိုင်ပုဖန် လီဟော်ရန်ကို ခြေဆုံးခေါင်းဆုံး လေးငါးကြိမ်ကြည့်သည်။ သို့သော် လီဟော်ရန်၏ဆွဲဆောင်မှု ဘယ်နားရှိသည်သည် သူရှာမတွေ့။
"ညီလေးလီရဲ့ ဇနီးလောင်းနာမည်က စုယီရန်ပါ။ စုစည်းခြင်းအဆင့်ပါ"
"ဪ၊ စုယီရန်လား။ သူက အတော်လှတယ်လို့ ငါကြားဖူးတယ်။ ထန်ကျွေ့တောင်တန်းမှာ ကျင့်ကြံနေတာထင်တယ်"
တာအိုလမ်းစဉ်ဂိုဏ်း၏ သတင်းအချက်အလက်အားလုံးကို စီမံရသူဖြစ်၍ အလယ်ပိုင်းတိုက်နယ်အနှံ့ သူ့မျက်စိများနားများရှိသည်။ သာမန်လူများမသိသည့် စုစည်းခြင်းကျင့်ကြံသူများအကြောင်းကို သိနေသည်။
"စုယီရန်ရဲ့ ယောက်ကျားနာမည်က ချင်ဟော်ရန်ပါ။ သူလည်း စုစည်းခြင်းအဆင့်ကျင့်ပဲ။ ကူးဖြတ်ခြင်းအဆင့်ကို တက်ရင်းနဲ့ ချင်ဟော်ရန် သေသွားတယ်။ ထူးခြားတဲ့ သူ့ကျင့်စဉ်သဘာဝကြောင့် လူပြန်ဝင်စားခဲ့တယ်"
ချင်ဟော်ယန်...
တိုင်ပုဖန်စဉ်းစားနေသည်။ စုစည်းခြင်းအဆင့်များထဲတွင် ထိုနာမည်မျိုး မကြားဖူး။
"ချင်ဟော်ရန်က ညီလေးလီအဖြစ် လူပြန်ဝင်စားလာတယ်။ စုယီရန်က သူတို့ရဲ့အတိတ်ကဆက်ဆံရေးကို ဆက်ပြီးတည်ဆောက်ချင်လို့ ညီလေးလီရဲ့ ဇနီးလောင်းဖြစ်လာတယ်။
နောက်တော့ လော်ဖုန်းကော်တီမှာ ကိုးငရဲဂိုဏ်းသားတွေ လှုပ်ရှားနေတာကို မထင်မှတ်ဘဲ တွေ့ခဲ့ရတယ်။ စုယီရန်က ဝင်လှုပ်ရှားပြီး သူတို့အစီအစဉ်ကို ဖျက်ဆီးလိုက်တယ်။ အဲဒီကနေတစ်ဆင့် ဖီးနစ်သွေးကျောက်ထုတ်လုပ်တဲ့အဖြစ်မှန်ကို ကျုပ်တို့မြင်ခဲ့ရတယ်"
"ဒါဆိုမင်းတို့ လော်ဖုန်းမှာ ဖီးနစ်သွေးနဲ့ ဖီးနစ်သွေးကျောက်တွေစိမ်တာကို မြင်ခဲ့ပြီပေါ့"
တိုင်ပုဖန် အံ့ဩပုံမရ။
"အကိုတိုင်က ဒီအကြောင်းသိနေတယ်ပေါ့"
လုယန် အံ့အားသင့်သွားသည်။
"ရှင်းနေတာပဲလေကွာ။ စုစည်းခြင်းအဆင့်တစ်ယောက်သေလို့ဖြစ်လာတဲ့ ကျောက်ကြောတစ်ခုက နှစ်လေးထောင်ကြာအောင် တူးဖော်လို့ ရနိုင်မှာလား။ ဖီးနစ်တစ်ကောင်က အသားမရှိဘဲ သွေးရည်တွေချည်းရှိနေမှာလား။
ဖီးနစ်သွေးက ရှာရတာခက်လို့ပါ။ ဒီကိစ္စကို ထောက်ပြလိုက်ရင် ဖီးနစ်မျိုးနွယ်တွေ ဒေါသထွက်သွားပြီး သွေးမရောင်းတော့ဘဲ နေမှာစိုးလို့လေ"
"...ဟုတ်ကဲ့ပါ"
"ပြီးတော့ ညီလေးလီ အဆင့်တက်တဲ့အချိန်မျာ အတိတ်မှတ်ဉာဏ်တစ်ချို့ရလာတယ်။ သူ့ကိုယ်သူ ကိုးငရဲဂိုဏ်းချုပ်လူဝင်စားဆိုတာ နားလည်လာတယ်"
လုယန်စကားဆုံးပြီးနောက် တိုင်ပုဖန် အသံတိတ်သွားသည်။ စားပွဲကို လက်ချောင်းဖြင့် စည်းချက်ညီညီ တဒေါက်ဒေါက်နေသည်။
"ပြန်မွေးဖွားတာ၊ လူပြန်ဝင်စားတာ၊ ကိုးငရဲဂိုဏ်း...အင်း..ကိုးငရဲဂိုဏ်းက ဝိညာဉ်တွေဟာ ငရဲကိုးထပ်လို့ခေါ်တဲ့နေရာမှာ ပြန်မွေးဖွားကြတယ်လို့ ယုံကြည်တယ်။ လီဟော်ရန်က ကိုးငရဲဂိုဏ်းချုပ်လူဝင်စားဆိုတော့..."
"အကိုတိုင်၊ လူပြန်ဝင်စားတယ်ဆိုတာ တကယ်လား"
တိုင်ပုဖန် ခေါင်းခါသည်။
"ငါမသိဘူး။ ကောလဟာလတွေတော့ အများကြီးရှိတာပဲ။ ဥပမာပြောရရင် မြောက်ပိုင်းမှာ ရွှေရောင်အလင်းထွက်တဲ့ နတ်သားတော်တစ်ယောက်ရှိတယ်။ မွေးကတည်းက အသိပညာရှိတယ်။ သူ့စိတ်ကြိုက် ပျံသန်းနိုင်တယ်။ ကိုယ်ယောင်ဖျောက်နိုင်တယ်။ ဒေသခံတွေကသူ့ကို နတ်ဘုရားလို့ သတ်မှတ်တယ်"
"ဒါဆို တကယ့်အဖြစ်မှန်ကရော"
"သောက်ရူးတစ်ယောက်ရဲ့ ထွက်ပြေးလာတဲ့ နတ်ဝိညာဉ်လေ။ သူစနစ်တကျမကျင့်ကြံလို့ပေါ့"
မုန်ကျင်းကျိုး - "..."
(**ရွှေသန္ဓေအဆင့်လွန်လျှင် ရွှေသန္ဓေကိုခွဲ၍ နတ်ဝိညာဉ်သန္ဓေတစ်ခု တည်ဆောက်ရသည့် နတ်ဝိညာဉ်အဆင့်ဖြစ်သည်)
"ပြီးတော့ ဂိုဏ်းငယ်တစ်ခုမှာ ထူးခြားတဲ့ ပါရမီရှင်ကောင်လေးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ စွမ်းအားရှင်တစ်ယောက် ဂိုဏ်းကိုလာလည်တယ်။ ကောင်လေးကိုမြင်တော့ သူအံ့ဩသွားတယ်။ ဒီကောင်လေးရဲ့ ရုပ်ရည်နဲ့ပါရမီက ကွယ်လွန်သွားတဲ့ သူ့မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ချွတ်စွပ်တူနေတယ်"
"နောက်တော့ ဘာဖြစ်လာလဲ"
"လက်စသပ်တော့ သူ့မိတ်ဆွေက သေချင်ယောင်ဆောင်ပြီး ကလေးခန္ဓာကိုယ်ပြန်တည်ဆောက်ပြီး ဂိုဏ်းသေးလေးမှာ ဟန်ရေးပြနေတာလေ"
လီဟော်ရန် - "..."
"တိုတိုပြောရရင် ဒီလူဝင်စားကောလဟာတွေက မယုံကြည်ရဘူး။ အခြေအမြစ်မရှိတာမျိုး ဒါမှမဟုတ် ထူးဆန်းတဲ့အကြောင်းအမျိုးမျိုးကြောင့် လုပ်ကြံဖန်တီးထားတာမျိုးတွေပဲ။ ငါစုစည်းထားတဲ့ သတင်းအချက်အလက်တွေထဲမှာ တကယ်လူဝင်စားတဲ့ဖြစ်ရပ်မျိုး တစ်ခုမှမရှိဘူး။
ကိုးငရဲဂိုဏ်းချုပ်က ကိစ္စအတော်များများနဲ့ ဆက်နွယ်နေတယ်။ ငါက လူပြန်ဝင်စားတဲ့ကိစ္စကို သိပ်မသိဘူး။ အမယွမ်ကျိကိုပဲ ဆုံးဖြတ်ခိုင်းသင့်တယ်"
"ဒါဆို အမယွမ်ကို သွားခေါ်..."
"မလိုပါဘူး။ ငါရောက်နေပါပြီ"
လုယန်စကားမဆုံးမီ အေးစက်စက်စကားသံပေါ်လာသည်။ နှစ်တစ်ထောင်ရေခဲလို အေးစက်သည်။
လေဟာနယ်တွန့်လိပ်သွားပြီး ကြော့ရှင်းသည့်သဏ္ဌာန်တစ်ခု သူတို့လေးယောက်ရှေ့တွင် ပေါ်လောသည်။
ခုနက သူတို့စကားပြောနေချိန်တွင် တိုင်ပုဖန်က ယွမ်ကျိကို အသိပေးပြီးဖြစ်သည်။
"မောင်လေးလီက အဆင့်မြင့်စွမ်းအားရှင်တစ်ယောက်ရဲ့ လူဝင်စားဖြစ်မယ်လို့ ဘယ်တုန်းကမှမတွေးဖူးဘူး။
လူဝင်စားတယ်ဆိုတာ တကယ်မရှိပါဘူး။ ပေါက်တတ်ကရတွေပါ။ တကယ်လို့သာ သူဟာ ကိုးငရဲဂိုဏ်းချုပ် လူပြန်ဝင်စားတာဆိုရင် အရိယဖလကြောင့်ပဲဖြစ်မယ်"
နတ်ဆိုးဂိုဏ်းလေးဂိုဏ်းနှင့်ပတ်သက်သည့် အခြေအနေကို ယွမ်ကျိ ပြန်စဉ်းစားနေသည်။
"ကိုးငရဲဂိုဏ်းမှာ အရင်ကတည်းက အရိယဖလပုံပွားတစ်ခု ဖန်တီးထားခဲ့တာများလား။
...မင်းစိတ်ကိူ ကြည်လင်အောင်ထားလိုက်ပါ။ ဘာကိုမှမတွေးနဲ့"
လီဟော်ရန် ချက်ချင်းအတွေးရှင်းလိုက်သည်။
ယွမ်ကျိမျက်လုံးများက ကြယ်အပြည့်ရှိသည့် ကောင်းကင်တစ်ခုနှင်တူသည်။ ထူးထူးခြားခြားလှပ၍ ဆွဲဆောင်မှုရှိသည်။ လောက၏ဆန်းကျယ်မှုအားလုံး လွှမ်းခြုံနေသယောက်ရှိသည်။ ထိုလောကထဲတွင် လမ်းပျောက်သွားနိုင်သည်။
ထိုမျက်လုံးများသည် အရာအားလုံးကို ထိုးဖောက်မြင်နိုင်သည့် ဒဏ္ဍာရီလာနတ်မျက်လုံးမျိုးဖြစ်သည်။ ဗုဒ္ဓ၏နတ်စွမ်းအားခြောက်မျိုးထဲမှ နတ်မျက်လုံးစွမ်းအားမျိုးဖြစ်သည်။ ထိုမျက်လုံးကျင့်စဉ်သည် ယွမ်ကျိသူ့ဘာသာဖန်တီးထားသည့် ပြိုင်ဘက်ကင်းကျင့်စဉ်တစ်ခုဖြစ်ကြောင်း တိုင်ပုဖန်သာသိသည်။
လီဟော်ရန်စိတ်ထဲတွင် သူ့လျှို့ဝှက်ချက်အားလုံး ယွမ်ကျိမျက်စိရှေ့သို့ ချပြနေရသလို ခံစားရသည်။ သူ့တစ်သက်တာအတွေ့အကြုံ၊ ကျင့်စဉ်လမ်းနှင့် စိတ်စွမ်းအားလေ့ကျင့်မှုခရီး။
ယွမ်ကျိ အကြည့်ကို ပြန်ရုတ်သိမ်း၍ မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် မျက်လုံးပြန်ဖွင့်သည်။ ပုံမှန်မျက်လုံးများ ပြန်ဖြစ်လာသည်။
လီဟော်ရန် စိတ်သက်သာရာရသွားသည်။ ယွမ်ကျိထံမှဖိအားက လွှမ်းမိုးနိုင်စွမ်း ကြီးမားလွန်းသည်။
"ဒါကဒီလိုရှိတာကိုး"
တစ်ချို့အရာများကို ထိုးဖောက်မြင်ခဲ့ရသကဲ့သို့ သူ့လေသံက ယုံကြည်ချက်အပြည့်ပါသည်။
"ဘာတွေရှိနေတာလဲ အမယွမ်"
လုယန် အလျင်စလို ပြန်မေးသည်။
ယွမ်ကျိက တည်ငြိမ်သည့်လေသံဖြင့် ပြန်ဖြေသည်။
"ငါတောင်ထိုးဖောက်မမြင်နိုင်တဲ့ကိစ္စတွေ ရှိနေတယ်"
"..."
***********************************