ယွမ်ကျိ၏ ရွှေသန္ဓေတည်ဆောက်နည်း
Vol. 16 Ch. 235
"မင်းတကယ်သိချင်တာလား"
"တကယ်ပါ တကယ်ပါ"
လုယန် ကြက်အစာကောက်သလို ခေါင်းအတင်းငြိမ့်သည်။
ယွမ်ကျိ ဖြစ်လာနိုင်မည့် ကောင်းကျိုးဆိုးကျိုးများကို ခဏစဉ်းစားသည်။ ပြောပြလည်း သိပ်မထိခိုက်နိုင်ဟု တွေးမိသည်။ သူ့ဂျူနီယာမောင်လေး၏ သိလိုစိတ်ကိုလည်း ဖြေဖျောက်နိုင်မည်။
"ကောင်းပြီလေ။ သိချင်ရင် ပြောပြမယ်။ ဒါပေမယ့် ငါပြောတာ မှတ်ထားပါ။ ငါ့ကိုအတုခိုးဖို့မကြိုးစားနဲ့"
"လုံးဝမလုပ်ပါဘူး"
လုယန်ကတိပေးသည်။
နတ်မယ်လည်း ယွမ်ကျိ၏သန္ဓေတည်ဆောက်နည်းကို အတော်စိတ်ဝင်စားနေသည်။ ဤဂျူနီယာ၏သန္ဓေက သူ့ပြိုင်ဘက်ကင်းရွှေသန္ဓေထက် ပိုအားကောင်းမကောင်း သိချင်နေသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက...."
ယွမ်ကျိ နောက်ကြောင်းပြန်ပြောဖို့ စကားစသည်။
"နှစ်...နှစ်ပေါင်းရာချီကလား"
လုယန်မျက်လုံးပြူးသွားပြီး ပါးစပ်မှလွှတ်ခနဲထွက်သွားသည်။
ယွမ်ကျိသည် ပြိုင်ဘက်ကင်းသည့် အေးစက်စက်အလှပိုင်ရှင်တစ်ယောက်ဖြစ်သည်။ အသက်နှစ်ဆယ်အရွယ်ပုံစံမျိုးဖြစ်သည်။ လုယန်နှင့်အတူတွဲလျှောက်လျှင် မောင်နှမလိုဖြစ်နေသည်။ ထို့ပြင် လုယန်အပေါ် ယွမ်ကျိဆက်ဆံပုံကလည်း အကြီးအကဲတစ်ယောက်လိုမဟုတ်။ ရင့်ကျက်သည့်သက်တူရွယ်တူတစ်ယောက်၏ ဂရုစိုက်မှုမျိုးဖြစ်သည်။ ထို့ကြောင့် လုယန်စိတ်ထဲတွင် ယွမ်ကျိကို သူနှင့်သက်တူရွယ်တူဟု မကြာခဏအထင်မှားမိသည်။
ယခု ရွှေသန္ဓေတည်ဆောက်သည့်အကြောင်းကို လွန်ခဲ့သည့်နှစ်ပေါင်းရာချီကဟု စပြောလာမှ ယွမ်ကျိသည် ဂိုဏ်းတပည့်များထဲတွင် စီနီယာအကျဆုံးဖြစ်ကြောင်း လုယန်တွေးမိလာသည်။ သူထင်ထားသည်ထက် များစွာအသက်ပိုကြီးသည်။
ယွမ်ကျိ၏သက်တမ်း ဘယ်လောက်ရှိနေသည်မသိ။ နှစ်ပါးရာချီကဟုပြောသည်။ နှစ်တစ်ထောင်နီးပါး သက်တမ်းရှိနေပြီလားမသိ။
ထိုအတွေးများက ရှုပ်ထွေးသည်ဟု ထင်ရသည်။ သို့သော် အားလုံးက စက္ကန့်ပိုင်းအတွင်း လျှပ်စီးလို ဖျတ်ခနဲပေါ်လာခြင်းဖြစ်သည်။
လုယန် စဉ်းပင်မစဉ်းစားပဲ လွှတ်ခနဲထွက်သွားသည်။
ထိုခဏမှာပင် နိမိတ်ဆိုးတစ်ခု သူခံစားရသည်။
ယွမ်ကျိ၏အကြည့်က သူ့ပုခုံးပေါ်ကျလာသည်။ ထက်မြက်သည့် ဓားတစ်လက် သူ့လည်ပင်းပေါ် ဝဲနေသလို ခံစားရသည်။ သေတွင်းနှုတ်ခမ်းဝတွင် လမ်းလျှောက်နေရသလိုပင်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုခံစားချက်က ချက်ချင်းပျောက်ကွယ်သွားသည်။ ယွမ်ကျိ အကြည့်လွှဲသွားသည်။ စပ်စုလွန်းသည့်လုယန်ကို အရေးမစိုက်တော့ဘဲ သူ့ဇာတ်လမ်းကို ဆက်ပြောသည်။
"လွန်ခဲ့တဲ့နှစ်ပေါင်းရာချီက အခြေတည်နောက်ဆုံးအဆင့်ကို ငါရောက်တယ်။ ရွှေသန္ဓေတည်ဆောက်ဖို့ ပြင်ဆင်တယ်။
ငါ့ပါရမီထူးခြားပြီး နောင်တစ်ချိန် ကြီးမားတဲ့တာဝန်တွေ ထမ်းဆောင်နိုင်မယ်ဆိုတာ ငါဆရာကသိတယ်။ ဒါကြောင့် အနာဂတ်အရေးအတွက် ငါ့ကိုပြုစုပျိုးထောင်ဖို့ လျှို့ဝှက်ချက်တစ်ချို့ပြောပြတယ်။ ရှေးခေတ်က အမည်မသိစွမ်းအားရှင် ကြယ်တွေကိုတိုက်နယ်အဖြစ် သန့်စင်ခဲ့တဲ့အကြောင်းလည်းပါတယ်။ ဒီနေ့ငါတို့မြင်နေရတဲ့ ကြယ်အများစုဟာ ပုံရိပ်ယောင်တွေတဲ့။ တကယ်ကြယ်အစစ်တွေက ငါတို့ခြေထောက်အောက်မှာလို့ ပြောတယ်"
ပုံမှန်အားဖြင့် ကျင့်ကြံသူလောကတွင် နတ်ဝိညာဉ်အဆင့်နှင့် ထိုထက်မြင့်သည့်အဆင့်ရောက်နေသူများသာ ကြယ်များသည် အတုဖြစ်ကြောင်း သိဖိုအရည်ချင်းမီသည်ဟု ယူဆထားကြသည်။ သာမန်ပြည်သူများ သာမန်ကျင့်ကြံသူများကို လောကကြီးငြိမ်းချမ်းနေသည်ဟု ယုံကြည်ထားစေသည်။
ထိုသို့မလုပ်ထားလျှင် ရှေးခေတ်စွမ်းအားရှင်တစ်ယောက် ကြယ်များကိုတိုက်နယ်များအဖြစ် တစ်ချိန်ကသန့်စင်ခဲ့သလို ယခုခေတ်တွင် တိုက်နယ်များကိုကြယ်အဖြစ် သန့်စင်မည့်လူ ပေါ်လာမည်ဟု လူအများစိုးရိမ်လာကြပေလိမ့်မည်။
"မလိုအပ်ဘဲ စိုးရိမ်နေတာဟာ ဘာမှအကျိုးမရှိဘူး။ ဒါကြောင့် အများပြည်သူကို မပြောဘဲထားတာ ပိုကောင်းတယ်။
မင်းကိုပြောခဲ့ဖူးတယ်ထင်ပါတယ်။ ငါက လျှို့ဝှက်နယ်မြေတစ်ခုမှာ ကြိုးပြင်းလာတာ။ နောက်ပိုင်းမျှ လျှို့ဝှက်နယ်မြေကထွက်ပြီး တာအိုလမ်းစဉ်ဂိုဏ်းကို ရောက်တာ"
လုယန် ခေါင်းငြိမ့်သည်။ ယွမ်ကျိ ပြောဖူးပါသည်။ ကျင့်ကြံသူများဝိုင်းနေသည့် လျှို့ဝှက်မြေတွင် သူကြီးပြင်းခဲ့သည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့ ရောက်ပြီးနောက်မှာပင် သာမန်လူများနှင့် ဝေးဝေးနေခဲ့သည်။ ထို့ကြောင့် ယွမ်ကျိသည် သာမန်လူများ၏ အလေ့အထများကိုမသိ။ ဥပမာ သာမန်လူများ ပွက်ပွက်ဆူနေသည့်ရေနွေးပူဖြင့် ရေမချိုးကြမှန်း သူမသိ။
လုယန်ကို ရေပူထဲစိမ်ခိုင်းပြီးမှ အရေပြားနီရဲရောင်ကိုင်းလာမှ လိမ်းဆေးပေးသည်မှာ ထိုအချက်ကြောင့်ဖြစ်သည်။
"လျှို့ဝှက်နယ်မြေမှာတုန်းက ညကောင်းကင်ဆိုတာမရှိဘူး။ ငါထွက်လာတော့ ကြယ်တွေပြည့်နေတဲ့ ညကောင်းကင်ကို ပထမဆုံးအကြိမ် မြင်လိုက်ရတယ်။ အရမ်းလှတယ်လို့ ငါတွေးမိတယ်။
ကျင့်ကြံမှုလုပ်ပြီး အနားယူတဲ့အချိန်ကျရင် မြက်ခင်းပေါ်လှဲပြီး ကြယ်တွေကို ရေတွက်ကြည့်တယ်။
ကောင်းကင်မှာ ကြယ်အစစ်မရှိဘူးလို့ ဆရာပြောတဲ့အချိန်ကျတော့ ငါအတော်စိတ်ပျက်သွားတယ်။
ငါနေ့တိုင်းကြည့်နေခဲ့တယ်ကြယ်တွေဟာ လွန်ခဲ့တဲ့နှစ်သုံးသိန်းက ကျန်ခဲ့တဲ့ ပုံရိပ်ယောင်တွေပဲဆိုတာ ငါနားလည်လာတယ်။ အဲဒီအတွေးဝင်လာတော့ ညကောင်းကင်က မလှပသလိုဖြစ်လာတယ်။
ရွှေသန္ဓေတည်ဆောက်ရမယ့်အချိန်ရောက်တော့ ဘယ်လိုသန္ဓေမျိုးတည်ဆောက်ရမလဲတွေးရင်း "ရွှေသန္ဓေသဘောတရား"စာအုပ်ကိုဖတ်တယ်။ ရွှေဟာ ခိုင်မာခြင်း၊ ထာဝရတည်တံ့ခြင်း မဖျက်ဆီးနိုင်ခြင်းကို ကိုယ်စားပြုတယ်တဲ့။ သန္ဓေဆိုတာက ပြည့်စုံခြင်း တောက်ပခြင်း အပြစ်အနာအဆာကင်းခြင်းကို ကိုယ်စားပြုတယ်"
လုယန်စိတ်ထဲတွင် ထူးဆန်းသည့်အတွေးတစ်ခုဖြစ်လာသည်။
အမယွမ်၊ တရားလွန်ကိစ္စမျိုးကြီးတော့ မလုပ်ခဲ့ဘူးမို့လား....
ယွမ်ကျိဆက်ပြောသည်။
"အဲဒီတုန်းက ငါတွေးတယ်။ ရွှေသန္ဓေဟာ အပြစ်အနာအဆာကင်းတယ် မဖျက်ဆီးနိုင်ဘူး။ ဒါဟာ ငါ့ရင်ထဲက ကြယ်တွေလိုပဲမဟုတ်လား။
ကြယ်အစစ်ဆိုတာမရှိတော့ ရွှေသန္ဓေနဲ့ ကြယ်တွေကိုအစားထိုးပြီး ရှေးခေတ်ကလို ခမ်းနားတာက်ပတဲ့ ညကောင်းကင်ကို ပြန်ဖန်တီးရင် မကောင်းဘူးလားလို့ပါ"
လုယန်ိစိတ်ထဲ တွေးလိုက်သည်။
'တကယ်ဟုတ်နေပါလား အမယွမ်။ အမယွမ် တကယ်ဒီလိုတွေးခဲ့တာပဲ'
"အကောင်းဆုံးရွှေသန္ဓေက အဆင့်တစ်ဖြစ်တဲ့ ပထမအဆင့်ရွေသန္ဓေလေ။ ဒါကြောင့် ငါ့စိတ်ထဲကကြယ်တွေကို ရည်မှန်းပြီး ရွှေသန္ဓေတစ်ခုတည်ဆောက်တယ်။ တောက်ပတဲ့ကြယ်သန္ဓေလို့ခေါ်တဲ့ အဆင့်တစ်ရွှေသန္ဓေအသစ် ဖန်တီးလိုက်တယ်။
အစပိုင်းမှာ ငါ့သန္ဓေတည်ဆောက်တဲ့နည်းလမ်းက နည်းနည်းမသေသပ်ဘူး။ ဒါပေမယ် နောက်ထပ်ရွှေသန္ဓေတွေ ထပ်တည်ဆောက်ရင်း ငါ့အမြန်နှုန်းက တိုးတက်လာတယ်။
ရွှေသန္ဓေတည်ဆောက်တဲ့အဆင့်မှာ ကောင်းကင်ကကြယ်အရေအတွက်နဲ့ ကိုက်ညီအောင် ရွှေသန္ဓေတွေအဆက်မပြတ်တည်ဆောက်ဖို့ ငါအာရုံစိုက်ခဲ့တယ်"
လုယန် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ အမယွမ်၏ ရဲတင်းလွန်းသည့်လုပ်ရပ်ကို အံ့ဩမိသည်။
"ရွှေသန္ဓေတည်ဆောက်တဲ့အဆင့်မှာ ကြယ်တွေကို ရွှေသန္ဓေတွေနဲ့အစားထိုးရတာက အတော်ခက်ခဲပါတယ်။ နတ်ဝိညာဉ်အဆင့်ကိုတက်တော့ ရွှေသန္ဓေတွေထဲက တစ်ခုကိုခွဲပြီး နတ်ဝိညာဉ်တည်ဆောက်တယ်။ တစ်ခြားရွှေသန္ဓေတွေကိုတော့ ငါ့ကိုယ်ထဲမှာ ချန်ထားလိုက်တယ်။
နောက်ပိုင်း ငါ့ကျင့်စဉ်စွမ်းအားတိုးတက်လာတဲ့အချိန်မှာ ရွှေသန္ဓေအားလုံးကို ငါ့ကိုယ်ထဲကထုတ်ပြီး ကောင်းကင်က ပုံရိပ်ယောင်ကြယ်တွေကို အစစ်အမှန်ဖြစ်အောင် အစားထိုးလိုက်တယ်။
ဒါပေမယ့်လည်း ကောင်းကင်က ပုံရိပ်ယောင်ကြယ်တွေက အရမ်းများလွန်းတယ်။ ငါအစွမ်းကုန်ကြိုးစားတာတောင် သူတို့အရေအတွက်ကိုပြည့်မီအောင် ရွှေသန္ဓေတွေ ဖန်တီးမပေးနိုင်ဘူး။
ဒါပေမယ့် တစ်ခုမှမရှိတာထက်စာရင် နည်းနည်းရှိနေတာက ပိုကောင်းတာပေါ့။ ဘာပဲပြောပြော ရွှေသန္ဓေတွေ ကြိုးစားတည်ဆောက်ခဲ့တာက ပုံရိပ်ယောင်ကြယ်တွေကို အစားထိုးဖို့ပဲလေ"
"ဒါဆိုအခု ကောင်းကင်မှာရှိတဲ့ကြယ်တစ်ချို့က အမယွမ်ရဲ့ ရွှေသန္ဓေတွေပေါ့"
လုယန် စကားလုံးကို သတိထားရွေးချယ်၍မေးလိုက်သည်။ ယွမ်ကျိ၏ ရဲတင်းလွန်းသည့်လုပ်ရပ်ကို သူမလေးစားပဲ မနေနိုင်တော့။
"နည်းနည်းပါပဲ"
"...နည်းနည်းဆိုတာတောင် များလွန်းနေပါပြီ"
လုယန် ဘာပြောရမှန်းမသိတော့"
ယွမ်ကျိက လုယန်အတွက် စိုးရိမ်သဖြင့် ထပ်သတိပေးသည်။
"ငါရွှေသန္ဓေတည်ဆောက်တဲ့နည်းလမ်းက ပုံမှန်နဲ့မတူဘူး။ ဒါကိုထူးဆန်းတယ်လိုတွေးပြီး ငါ့ကိုအတုခိုးဖို့မကြိုးစားနဲ့"
"လုံးဝအတုမခိုးပါဘူး"
အစောပိုင်းက အတုမခိုးပါဟုပြောခဲ့သည့်ကတိသည် အပေါ်ယံဆန်ကောင်းဆန်ခဲ့မည်။ သို့သော် ဤတစ်ကြိမ်ကတော့ စိတ်ရင်းဖြင့် ပြောခြင်းဖြစ်သည်။ ထိုမျှထူးဆန်းလွန်းသည့်နည်းလမ်းကို အတုခိုးဖို့ဆိုသည်မှာ မတွေးဝံ့စရာပင်ဖြစ်သည်။ ရွှေသန္ဓေများတည်ဆောက်ခြင်းသည် ယွမ်ကျိပြောသလောက် မရိုးရှင်းမှန်း သိသာသည်။
ရွှေသန္ဓေများတည်ဆောက်လေ အမြန်နှုန်းတိုးလေဟုဆိုသည်။ တွေးကြည့်၍ပင် မရ။
ယွမ်ကျိက သူ့အတွေ့အကြုံကို ထိုသို့ရေးခဲ့သည်။
"ငါရွှေသန္ဓေတည်ဆောက်တဲ့နည်းလမ်းဟာ ဘာမှမှီးငြမ်းကိုးကားစရာမရှိဘူး။ အတုမခိုးသင့်ဘူး။ ငါ့ဆီက သင်ယူဖို့ကြိုးစားတဲ့လူတွေ သေမယ်။ ငါ့ကိုအတုခိုးဖို့ကြိုးစားတဲ့လူတွေ သေမယ်"
မထူးဆန်းတော့ပါ။
တစ်ခါတစ်လေ လူလူချင်းကွာခြားချက်သည် လူနှင့်ခွေးကြား ကွာခြားချက်ထက် ပိုကြီးမားသည့်ဟု လုယန်တွေးမိသည်။ အားလုံးက မသေမျိုးလမ်းစဉ်ကို ကျင့်ကြံကြသည်။ ယွမ်ကျိက ဘာကြောင့်ထိုမျှ ထူးခြားနေရသနည်း။
"နတ်မယ်၊ ခင်ဗျားရဲ့ပြီုင်ဘက်ကင်းသန္ဓေက အမယွမ်ရဲ့သန္ဓေနဲ့ ယှဉ်နိုင်လား"
လုယန် တီးတိုးမေးလိုက်သည်။
နတ်မယ်က အထင်မကြီးသည့်လေသံဖြင့်
"ဒါက ရွှေသန္ဓေအုပ်စုလေးတစ်စုပါပဲ။ အရေအတွက်ဘယ်လောက်များများ အားလုံးက သုံးစားမရတာတွေချည်းပဲ။ ထာဝရမျိုးဆက်ရဲ့ ဒုခေါင်းဆောင်အနေနဲ့ နင်မှတ်ထားလိုက်ပါ။ ငါတို့က အရေအတွက်ထက် အရည်အသွေးကို အမြဲတမ်းဦးစားပေးတယ်။ ဒီကောင်မလေးမှာ ရွှေသန္ဓေတွေ အများကြီးရှိတယ်။ ငါ့ရွှေသန္ဓေက အရည်အသွေးမြင့်တယ်။ ဒီနှစ်ခုက ဘယ်လိုမှနှိုင်းယှဉ်လို့မရဘူး"
"ဒီစကားကို အမယွမ်ရှေ့မှာ ခင်ဗျားပြောရဲလား"
"ဟင့်အင်း"
နတ်မယ် ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။
ယွမ်ကျိနှင့်ထာဝရနတ်မယ်၏ အထာက်အပံ့ရှိနေသဖြင့် သူ့ကျင့်စဉ်ခရီးလမ်း ချောမွေ့ညင်သာလိမ့်မည်ဟု လုယန်တွေးမိသည်။
***************************************