အမယွမ်၏အသက်
Vol. 16 Ch. 236
"ငါထပ်ပြောမယ်နော်။ ငါ့နည်းလမ်းကို အတုမခိုးနဲ့"
ယွမ်ကျိ ထပ်သတိပေးပြန်သည်။
"ကျုပ်လုံးဝလုံးဝအတုမခိုးပါဘူး"
လုယန် အခိုင်အမာကတိပေးသည်။
"ကောင်းပြီလေ၊ ငါအခု ကျင့်စဉ်ဝင်တော့မယ်။ မင်းက မင်းအတွက်ရွှေသန္ဓေတည်ဆောက်ဖို့နည်းလမ်းကို ဆက်စဉ်းစားပါ"
"ဟုတ်ကဲ့"
ယွမ်ကျိ၏ ရွှေသန္ဓေတည်ဆောက်ပုံကိုသိရပြီးနောက် အတုခိုးဖို့စိတ်ကူးကို လုယန်လုံးဝစွန့်လွှတ်လိုက်သည်။ ထိုအတွေးမျိုး တစ်စွန်းတစ်ပင်မကျန်တော့။
ထိုနည်းလမ်းက မိုက်ရူးရဲဆန်လွန်းသည်။ သူသည် သာမန်ဓားဝိညာဉ်မြစ်ပိုင်ရှင်သာဖြစ်သည်။ ဘာမှမထူးခြား။ အမယွမ်၏ပါရမီကို မမီ။
ခေတ်ဟောင်းသားချော့တေးကဗျာတစ်ပုဒ်ရှိသည်။
မှိတ်တုတ် မှိတ်တုတ် ကြယ်လေးတွေ
မင်းဘာလဲလို့ သိချင်မိပေ။
သို့သော်ယခု ထိုကဗျာကို ပြောင်းသင့်ပြီထင်သည်။
မှိတ်တုတ် မှိတ်တုတ် ရွှေသန္ဓေ
မင်းဘာလဲလို့ သိချင်မိပေ။
အဓိပ္ပါယ်လည်းရှိသည်။ နားဝင်လည်းချိုသည်။
မေးခွန်းတစ်ခု အဖြေသိပြီးနောက် နောက်ထပ်မေးခွန်းတစ်ခု သူ့ခေါင်းထဲဝင်လာသည်။
အမယွမ် အသက်ဘယ်လောက်ရှိပြီလဲ။
နှစ်ပေါင်းရာချီဆိုသည်က အတိအကျ ဘယ်နှနှစ်လဲ။
အမှန်အတိုင်းသိလိုစိတ်က တရွရွဖြစ်လာသည်။
ဂိုဏ်းဝင်ခွင့်ရွေးချယ်ပွဲ ပထမစမ်းသပ်ချက်ကို ပြန်သတိရလာသည်။ အကိုတိုင်ပုဖန်က လူတစ်ယောက်ကိုထိကိုင်ရုံဖြင့် အရိုးတည်ဆောက်မှုနှင့် အသက်ကို ခန့်မျန်းနိုင်သည်။
"နတ်မယ်၊ လူတစ်ယောက်ရဲ့အသက်ကို သိနိုင်တဲ့ ပညာရပ်မျိုး ခင်ဗျားမှာရှိလား"
"ရှိတာပေါ့"
လုယန် အကဲစမ်း၍မေးလိုက်ခြင်းဖြစ်သည်။ တကယ်ရှိနေမည်ထင်မထား။
နတ်မယ်တစ်ယောက် ပီသလှသည်။
"ဟီးဟီး၊ ငါ့သုံးတဲ့ပညာက တကယ်ကောင်းတယ်။ ကျင့်စဉ်အဆင့်ကိုထည့်တွက်စရာမလိုဘဲ လူတစ်ယောက်ရဲ့အသက်ကို မြင်နိုင်တယ်"
"တကယ်လား"
"တကယ်ပါ့၊ ငါဘယ်လိုလူလဲ နင်မသိဘူးလား"
ထိုပညာက အသေးစားမှော်ပညာလေးသာဖြစ်သည်။ ရိုးရှင်းသည်။ သင်ယူရလွယ်သည်။ ရှေးခေတ်စကားလုံးများကို နှစ်ကြိမ်လေ့ကျင့်ရွတ်ဆိုပြီးနောက် လုယန် ကျွမ်းကျင်သွားသည်။
မှော်ပညာကို အသက်သွင်းလိုက်သည်။ သူ့မြင်ကွင်းများ ကြည်လင်လာသည်။ အမြင်တစ်ခုပေါက်သွားသလိုရှိသည်။
"ငါ့ကိုယ်ငါ အရင်စမ်းကြည့်မယ်"
လုယန် လက်ဝါးဖြန့်လိုက်သည်။ နံပတ်တစ်ခု သူ့မျက်စိရှေ့တွင်ပေါ်လာသည်။
ဆယ့်ခြောက်။
မှန်သည်။ သူတကယ် ဆယ့်ခြောက်နှစ်ဖြစ်သည်။
"နတ်မယ်ရဲ့အသက်ကို စစ်ဆေးကြည့်မယ်"
မှော်ပညာကိုအသက်သွင်း၍ ပျင်းရိပျင်းတွဲထိုင်နေသည့် နတ်မယ်ကိုကြည့်သည်။
ဆယ်ခြောက်နှစ်။
"ဟာ.."
နတ်မယ်သည် သူ့ကိုယ်သူ ဆယ့်ခြောက်နှစ်အရွယ်တွင် သေဆုံးခဲ့သည့်ဆယ်ကျောက်သက်ပါရမီရှင်ဟု အမြဲကြွားသော်လည်း လုယန်လုံးဝမယုံ။ ဆယ့်ခြောက်နှစ်ဖြင့် မသေမျိုးဖြစ်နိုင်မည်လော။ တစ်နှစ်ဆိုသည်က ကပ်ကမ္ဘာတစ်ခုကို ဆိုလိုခြင်းဖြစ်ကောင်းဖြစ်မည်။
သိလိုစိတ်ဖြင့် ဘေးမှဖြတ်သွားသည့် အကိုတစ်ယောက်ကို စမ်းသပ်ကြည့်လိုက်သည်။ ဆယ်ခြောက်နှစ်ဖြစ်နေပြန်သည်။
"...နတ်မယ်၊ ဒီပညာက တစ်ခုခုများ မှားနေသလား။ ဘာလို့လူတိုင်းက ဆယ်ခြောက်နှစ်လို့ ပြနေတာလဲ"
အရင်က ကျင့်စဉ်အမှားအယွင်းများ ကြုံဖူးထားသဖြင့် သူ့လေ့ကျင့်မှုမှားနေခြင်းလားဟု လုယန် သံသယဖြစ်မိသည်။
နတ်မယ်က ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောသည်။
"အသက်အမှန်ဟုတ်မဟုတ်ဆိုတာ ကိစ္စမရှိဘူး။ ကျင့်စဉ်အဆင့်ကိုထည့်မတွက်ဘဲ အသက်ကိုမြင်နိုင်လားဆိုတာပဲ ကြည့်ပါ"
ရှေးဟောင်းခေတ်မှာ လူတွေက အသက်အရွယ်ကိုကြည့်ပြီး အဆင့်အတန်းခွဲချင်ကြတယ်။ အသက်ကြီးတိုင်း အမြဲမှန်နေမှာလား။ အသက်ငယ်တိုင်းရော အမြဲမှားနေမှာလား။
ဒီစိတ်ဓာတ်ကို ပြုပြင်ချင်လို့ လူတိုင်းကို ဆယ့်ခြောက်နှစ်လို့မြင်ရတဲ့ ဒီပညာကို ငါဖန်တီးခဲ့တာ။ ဒါပေမယ့် အဲဒီခတ်မှာ ငါ့အယူအဆက ခေတ်ရှေ့ပြေးလွန်းတော့ လူတွေက လက်မခံနိုင်ကြဘူး"
"ခင်ဗျားအယူအဆက အခုထိတောင် ခေတ်ရှေ့ပြေးလွန်းနေတုန်းပါပဲ"
ထိုသို့ဆိုလျှင် အမယွမ်၏အသက်ကိုသိဖို့ ဘယ်လိုလုပ်ရမည်နည်း။
ပထမစိတ်ကူးက ယွမ်ကျိနှင့်အတူ ဂိုဏ်းဝင်လာသည့် တပည့်အုပ်စုကို စစ်ဆေးကြည့်ဖို့ဖြစ်သည်။
တာအိုလမ်းစဉ်ဂိုဏ်းအပါအဝင် မသေမျိုးဂိုဏ်းငါးဂိုဏ်းသည် တပည့်သစ်ခေါ်ရာတွင် အတော်အချိန်မှန်သည်။ သုံးနှစ်တစ်ကြိမ် မပျက်မကွက် လူသစ်ရွေးပွဲကျင်းပသည်။
သို့သော် ထိုစိတ်ကူးကို ချက်ချင်းခေါင်းထဲမှထုတ်လိုက်သည်။
လုယန်နှင့်မုန်ကျင်းကျိုးကိုပင် လက်ခံရဲသည့် တာအိုလမ်းစမ်းဂိုဏ်းသည် ဂိုဏ်းဝင်သတ်မှတ်ချက် နိမ့်သယောင်ထင်ရသည်။ သို့သော် အမှန်တကယ်တော့ သတ်မှတ်ချက်များက မယုံနိုင်လောက်အောင်မြင့်သည်။ လုယန်တို့အုပ်စုသည် ဂိုဏ်းဝင်ခွင့်ရသူ အတော်များသည်ဟု ဆိုနိုင်သည်။
ဝင်ခွင့်စာမေးပွဲတွင် ဝိညာဉ်မြစ်အရည်အသွေးမီသော်လည်း စိတ်ဓာတ်အရည်အသွေးမမီ၍ ဂိုဏ်းဝင်ခွင့်မရသူများရှိသည်။ တစ်ခါတစ်လေ ဂိုဏ်းဝင်သစ်တစ်ယောက်မှမခေါ်နိုင်သည့် အချိန်များလည်းရှိသည်။
ထို့ကြောင့် ယခုယွမ်ကျိနှင့်တန်းတူအဆင့်ရှိသည့် ဂိုဏ်းတပည့်အုပ်စုကိုကြည့်၍ သူ့အသက်ကို တွက်ချက်နိုင်မည်မဟုတ်။
"အကိုတိုင်ကို သွားမေးမှဖြစ်မယ်။ အကိုတိုင်က အမယွမ်နဲ့ တစ်ချိန်တည်း ဂိုဏ်းဝင်ခဲ့တာ။ ဒီတော့ အမယွမ်အသက်ကို သိလောက်တယ်"
ထိုစိတ်ကူးအတိုင်းလုပ်ဖို့ လုယန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဂိုဏ်းဝင်ခွင့်တတိယစမ်းသပ်ပွဲတွင် သူလုပ်ခဲ့လုပ်ရပ်ကြောင့် အကိုတိုင်ကို တစ်ယောက်တည်းသွားတွေ့ဖို့ မဝံ့မရဲဖြစ်နေသည်။
အဖော်တစ်ယောက်လိုသည်။
"အမယွမ်ရဲ့အသက်ကိုသိဖို့ အကိုတိုင်ကိုသွားမေးမယ်ပေါ့"
လုယန်အစီအစဉ်ကိုကြားပြီးနောက် မုန်ကျင်းကျိုးမျက်လုံးများ အရောင်လက်လာသည်။
"အမယွမ်မသိလောက်ဘူးဆိုတာ သေချာရဲ့လား"
"သူမသိပါဘူး။ ငါထွက်လာတော့ ကျင့်ကြံမှုဝင်နေတာ။ ငါတို့ကိုစောင့်ကြည့်ဖို့ အချိန်မရှီဘူး"
"ဒါဆို ပြောနေကြာတယ်ကွာ။ သွားကြစို့"
မုန်ကျင်းကျိုး လုန်ယန်ကို အမြန်ဆော်ဩလိုက်သည်။
....
"မင်းတို့က အမယွမ်ရဲ့အသက်ကို မေးချင်တယ်ပေါ့"
တိုင်ပုဖန်က လုယန်တို့နှစ်ယောက်ကို ထူးဆန်းသည့်အမူအရာဖြင့် ကြည့်နေသည်။
"မင်းတို့ကောင်တွေ အတော်သတ္တိကောင်းတာပဲ။ ဒီလိုလျှို့ဝှက်ချက်မျိုးကို မေးရဲတယ်ပေါ့။ သတိထားနော်။ မင်းတို့ဒုက္ခရောက်သွားနိုင်တယ်"
တိုင်ပုဖန်က စေတနာဖြင့် အကြံပေးသည်။ ထိုကိစ္စသည် တာအိုလမ်းစဉ်ဂိုဏ်းတွင် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည်။ အရိယဖလကိစ္စထက်ပင် လျှို့ဝှက်သေးသည်။ ဘယ်သူ့ကိုမှ ထုတ်ပြောခွင့်မရှိ။
"ဒီမေးခွန်းကို နောက်ဆုံးမေးသွားတဲ့တပည့်တစ်ယောက် ဘာဖြစ်သွားလဲ မင်းတို့သိလား"
"ကျုပ်တို့က သိချင်ရုံသက်သက်ပါ"
မုန်ကျင်းကျိုးက အတော်လေးဟန်ပြဆန်သည့် လုပ်ငန်းသဘောအပြုံးမျိုးပြုံးနေသည်။
"ဟုတ်တယ် ဟုတ်တယ်။ အမယွမ်ကို ကျုပ်တို့အလေးထားပါတယ်။ သူက ဂိုဏ်းအတွက် နေ့ရောညရော အလုပ်တွေကြိုးစားနေရတာ။ သူ့အသက်ကိုသိရင် သင့်တော်တဲ့လက်ဆောင်လေးတွေပေးဖို့ ပိုလွယ်သွားတာပေ့ါ"
လုယန်အပြုံးကလည်း မုန်ကျင်းကျိုးနဲ့ ထပ်တူကျသည်။
တိုင်ပုဖန် မျက်ခွံလှန်၍ကြည့်သည်။ သူတို့စကားကို လုံးဝမယုံသင့်မှန်းသိနေသည်။ ဤကိစ္စသည် တားမြစ်အကြောင်းအရာဖြစ်သည်။ လုံးဝဆွေးနွေးခွင့်မရှိ။
"အမယွမ်သိသွားမှာကို မင်းတို့မစိုးရိမ်ဘူးလား"
မုန်ကျင်းကျိုးက ဟက်ခနဲရယ်သည်။
"အခု အမယွမ်က ကျင့်ကြံမှုလုပ်နေတယ်။ ကျုပ်တို့ကို ဂရုမစိုက်အားဘူး။ အကိုသူ့ကိုမပြောရင် သူမသိပါဘူး"
တိုင်ပုဖန် ခေါင်းကိုငြင်သာစွာခါယမ်းလိုက်သည်။
"အမယွမ်က စွမ်းအားကြီးတယ်။ သူမသိဘဲ ဘယ်နေမလဲ။ မင်းတို့ကို နောက်ဆုံးအကြိမ် ငါသတိပေးမယ်။ မမေးနဲ့တော့။ ဒီမေးခွန်းက အရမ်းအန္တရာယ်များတယ်"
"အန္တရာယ်မရှိနိုင်ပါဘူး"
မုန်ကျင်းကျိုးက ပြန်ပြောသည်။
တိုင်ပုဖန် မပွင့်တပွင့်ပြုံးသည်။
"ဟုတ်လား၊ ဒါဆိုရင် မင်းတို့ နောက်လှည့်ပြီး သူ့ကို ကိုယ်တိုင်မေးလိုက်လေ"
"ဘယ်လို...ဘာပြောတာလဲ"
နှစ်ယောက်လုံး ရင်ထိတ်သွားသည်။ ဘေးပတ်လည်မှအပူချိန် ချက်ချင်းထိုးကျသွားသည်ကို သတိထားမိသည်။ နှစ်ယောက်လုံး ရေခဲရုပ်ထုဖြစ်တော့မလို ခံစားရသည်။
ဖြေးဖြေးချင်း နောက်သို့လှည့်ကြည့်သည်။ ကြော့ရှင်းဖြောင့်မတ်စွာ ရပ်နေသည့် ယွမ်ကျိကို မြင်ကြရသည်။ ယွမ်ကျိက အပြုံးအရယ်မရှိသည့်မျက်နှာဖြင့် သူတို့နှစ်ယောက်ကို ကြည့်နေသည်။ စိတ်ခံစားချက်အရိပ်မျိုး လုံးဝမရှိ။
တိုင်ပုဖန် သက်ပြင်းချသည်။
"တွေ့လား၊ ဒုက္ခရောက်လိမ့်မယ်၊ မမေးပါနဲ့လို့ ငါပြောသားပဲ"
သူ့ကို လုယန်တို့ လာတွေ့ချိန်ကတည်းက ယွမ်ကျိ သူတို့နောက်တွင် အသံတိတ်ရပ်နေခဲ့ခြင်းဖြစ်သည်။ တိုင်ပုဖန် ထိတ်ထိတ်လန့်လန့်ဖြင့် အရိပ်အမြွက်ပြောခဲ့သော်လည်း ထိုနှစ်ယောက်က ဒုက္ခရောက်မည့်ကံဇာတာမျိုး ပါလာဟန်ရှိသည်။
ယခု ထိုကံကြမ္မာကို သူတို့ရင်ဆိုင်ရတော့မည်။
"ရှောင်လု"
"ဟုတ်ကဲ့"
လုယန် ချက်ချင်းခုန်ထလိုက်သည်။
"ရှောင်မုန်"
"ဟုတ်"
"မင်းတို့နှစ်ယောက်က ကျင့်ကြံရတာ ငြီးငွေ့လာလို့ ဒီလိုအသေးအဖွဲ့ကိစ္စတွေကို အာရုံစိုက်မိနေတာဖြစ်မယ်"
ယွမ်ကျိအသံက ထူးထူးခြားခြားနူးညံ့နေသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့ ကျင့်စဉ်တိုးတက်ရေးအတွက် တကယ်စိုးရိမ်နေပုံမျိုးဖြစ်သည်။
*******************************