နယ်နှင်ဒဏ်
Vol. 16 Ch. 237
"ဒီလိုဆိုရင် အလယ်ပိုင်းတိုက်နယ်နဲ့ နတ်ဆိုးနယ်မြေကြားက နယ်စပ်ဒေသမှာ မင်းတို့သွားလေ့ကျင့်ကြပါလား"
"အမယွမ်၊ အဲလိုမဟုတ်..."
လုယန်နှင့်မုန်ကျင်းကျိုးတို့ ငြင်းဆန်လိုသော်လည်း ယွမ်ကျိက ဘာမှထပ်ရှင်းပြမနေဘဲ သူတို့ကို ယုန်ပေါက်နှစ်ကောင်လို အင်္ကျီကော်လာမှဆွဲ၍ လွှင့်ပစ်လိုက်သည်။
သူတို့ရှေ့မှမြင်ကွင်း ဖျတ်ခနဲပြောင်းသွားသည်ကိုသာ ခံစားလိုက်ရသည်။ ထို့နောက် သူတို့ လေထဲသို့ရောက်လာသည်။ တောင်ဘက်အရပ်ဆီ ကြောက်စရာကောင်းသည့်အရှန်ဖြင့် ပျံသန်းနေသည်။...သို့မဟုတ် တောင်ဘက်သို့ လွှင့်ပစ်ခံရခြင်းဖြစ်သည်။
ဘေးပတ်လည်မြင်ကွင်းများ လျင်မြန်စွာပြောင်းလဲနေသည်။ သူတို့လက်ရှိအရှိန်ကို မတွက်ချက်နိုင်တော့။ တစ်ခါတစ်ခါ လှေပျံများ ရိပ်ခနဲ ရိပ်ခနဲ မြင်ရသည်။ တစ်ခါတစ်ခါ ပျံသန်းနေသည့် စွမ်းအားရှင်များ ရိပ်ခနဲ ရိပ်ခနဲ မြင်ရသည်။ ထိုခရီးသွားများ မင်သက်မိ၍ ကျန်ခဲ့သည်။ အံ့ဩစရာအရှိန်ဖြင့် ပျံသန်းနေသည့် ထိုနှစ်ယောက်၏ ကျင့်စဉ်အဆင့်ကို ခန့်မှန်းနေကြသည်။
"ဘုန်း"
နှစ်ယောက်သား ခြုံပုတ်များထဲသို့ ခေါင်းစိုက်ကျလာသည်။ ခြေထောက်များ လေထဲတွင် ထောင်နေသည်။
"ငါ့တစ်ကိုယ်လုံး တစ်စစီပြုတ်ထွက်တော့မလိုဖြစ်နေပြီကွ"
လုယန် ရှုံ့မဲ့၍ ထရပ်လာသည်။ သူတစ်ကိုလုံး တစ်စစီဖြုတ်၍ ပြန်ဆက်ထားသလို ခံစားနေရသည်။
"ဒါဘယ်နေရာလဲ"
မုန်ကျင်းကျိုး ဘေးပတ်လည်ကိုကြည့်လိုက်သည်။ တောနက်တစ်ခုဖြစ်သည်။ ရှားပါးသည့်အပင်မျိုးစိတ်များစွာ ရှိနေသည်။ အလွန်တရာ စိုထိုင်းနေသည်။
"အမယွမ်က နတ်ဆိုးနယ်မြေနယ်စပ်မှာ သွားလေ့ကျင့်ပါလို့ပြောတယ်မဟုတ်လား။ ဒါနယ်စပ်ပဲဖြစ်မယ်"
လုယန် ထူးခြားသည့်ဒေသပေါက်ပင်များကို လက်ညှိုးထိုးပြသည်။
"ကြည့်လိုက်။ အဲဒါ ပြည်မမှာမြင်ရခဲတဲ့အပင်ပဲ။ အဲဒါက ငွေပန်းပင်။ အဲဒါက တိမ်လွင့်မြက်။ အဲဒါက အမြဲစိမ်းသစ်။ အဲဒါက မြွေနတ်ဆိုး။ သူ့ကျင့်စဉ်အဆင့်ကိုငါတို့မခန့်မှန်းနိုင်...ဟာ"
အစိမ်းရောင်ခန္ဓာ တြိဂံပုံဦးခေါင်းရှိသည့် မြွေနတ်ဆိုးများ သူတို့မြင်ကွင်းရှေ့တွင် ပေါ်လာသည်။ တရှူးရှူးနှာမှုတ်ရင်း ခန္ဓာကိုယ်တွန့်လိမ်၍ သူတို့ဆီပြေးလာသည်။
"မြန်မြန်ပြေးဟေ့"
ထိုမြေွနတ်ဆိုးများ၏ ကျင့်စဉ်အဆင့်ကို သူတို့မခန့်မှန်းနိုင်သဖြင့် မပေါ့ဆရဲကြ။ နွယ်ပင်များကြားမှ ရုန်းထွက်၍ ခန္ဓာကိုယ်တစ်ပတ်လှည့်ပြီး ထွက်ပြေးကြသည်။
တစ်ချက်ကြည့်ရုံဖြင့် ထိုမြွေအုပ်သည် အန္တရာယ်များမှန်းသိသည်။ အခြေတည်အဆင့်မြွေနတ်ဆိုးများဆိုလျှင် သူတို့မကြောက်ပါ။ သို့သော် ထိုထက်အဆင့်မြင့်နေမည်ကို စိုးရိမ်သည်။
"မောင်လေးတို့၊ မပြေးပါနဲ့။ မမတို့နဲ့လာကစားပါ"
မြွေနတ်ဆိုးများက ညှို့အားပြင်းသည့် ညုတုတုအသံဖြင့် လှမ်းခေါ်သည်။
"မမတို့က မင်းတို့ကို ပျော်အောင်လုပ်ပေးမှာပါ"
"လာကစားကြပါ"
လုယန်တို့ ပြန်လှည့်ကြည့်သည်။ မြွေနတ်ဆိုးများက လူသားအသွင်ပြောင်းသွားသည်။ ဆွဲဆောင်မှုရှိပြီး သနားစရာပုံစံဖြစ်နေသည်။ အဝတ်အစားများက ပါးလွှာသည်။ ကောင်းမွန်သည့်မိသားစုမှ ဟုတ်ပုံမရ။
"နေပါစေ နေပါစေ။ ခင်ဗျားတို့က ရုပ်ဆိုးလွန်းတယ်"
မုန်ကျင်းကျိုး ယဉ်ကျေးစွာ ငြင်းလိုက်သည်။
မြွေနတ်ဆိုးများ ခဏမင်သက်မိနေသည်။ ထို့နောက် ဒေါသထွက်သွားပြီး တဟုန်ထိုး ပြေးလိုက်လာကြသည်။
ကံကောင်းထောက်မစွာဖြင့် လုယန်နှင့်မုန်ကျင်းကျိုးသည် ဝါသနာရှင်အဆင့်မဟုတ်။ ထွက်ပြေးသည့်နေရာတွင် ဘယ်သူမှလိုက်မမီ။ သူတို့ခြေထောက်များ လျင်မြန်စွာ လှုပ်ရှားနေသည်။
သို့သော် နောက်တကြိမ်ကံဆိုးပြန်သည်။ သတိတစ်ချက်လွတ်သွားချိန်တွင် နွံအိုင်ထဲ ကျသွားသည်။
မြွေနတ်ဆိုးများ မီခါနီးဖြစ်လာ၍ လုယန်အံတင်းတင်းကြိတ်လိုက်သည်။
"မဖြစ်တော့ဘူး။ မြေအောင်းပညာသုံးပြီး ထွက်ပြေးရအောင်"
"ငါကရော"
"ငြိမ်ငြိမ်ရပ်နေ။ မြေပြင်ထောင်ဆွဲစွမ်းအား"
မုန်ကျင်းကျိုးပတ်လည်တွင် လုယန် စက်ဝိုင်းတစ်ခု အမြန်ဆွဲသည်။ မုန်ကျင်းကျိုး ဘာမှမပြောနိုင်မီ အကျဉ်းထောင်ထဲရောက်သွားသည်။
လုယန်က မြေအောင်းပညာသုံး၍ မုန်ကျင်းကျိုးကို ပိတ်လှောင်ထားသည့် အကျဉ်းထောင်ကို တွန်းပြေးသည်။
"ဒီပညာနှစ်ခုက အတူတွဲသုံးလို့ရတာလား"
မြွေနတ်ဆိုးများ မင်သက်မိသွားသည်။ အဖြစ်အပျက်ကို နားမလည်ကြ။ ဝိညာဉ်အာရုံဖြန့်၍ရှာသည်။ သို့သော် လုယန်တို့က သူတို့အာရုံဖြန့်နိုင်သည့်အတိုင်းအတာကို ကျောက်သွားပြီဖြစ်သည်။ သဲလွန်စမကျန်ခဲ့။
"ငါတို့က အဲလောက်ကြောက်စရာကောင်းနေလို့လား"
မြွေနတ်ဆိုးများ အချင်းချင်းကြည့်ကြသည်။ သူတို့ခန္ဓာကိုယ်ကို အသုံးချ၍ လူသားမျိုးနွယ်ဆီမှ မှော်ကျောက်တုံးတစ်ချို့ ရယူလိုခြင်းသာဖြစ်သည်။ သို့သော် ထိုလူသားနှစ်ယေက်က စိတ်ဓာတ်ခိုင်မာသည်။ သူတို့ကိုမြင်သည်နှင့် ထွက်ပြေးကြသည်။
ထိုထက်ထူးဆန်းသည်မှာ သူတို့ခန္ဓာကိုယ်နှင့် ပျော်ပါးနိုင်ကြောင်းပြောလိုက်ချိန်တွင် ထိုနှစ်ယောက်က ပို၍မြန်မြန်ထွက်ပြေးသွားခြင်းဖြစ်သည်။
ဤမြွေနတ်ဆိုးများသည် မိုးပြာကောင်းကင်မြွေစိမ်းမျိုးနွယ်များဖြစ်သည်။ နတ်ဆိုးနယ်မြေတွင် ထိုလုပ်ငန်းမျိုးဖြင့် အသက်မွေးသည်ဟု နာမည်ကြီးသည်။ ယခု သူတို့လုပ်ငန်းကို လူသားများကြားသို့ ချဲ့ထွင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် တစ်ခါမှ အလုပ်မဖြစ်သေး။
"ဒီလိုတောနက်ထဲမှာ အလုပ်မရှာဘဲ လူသားတွေရဲ့ဆောင်ကြာမြိုင်မှာ အလုပ်သွားလျှောက်ကြမလား။ ငါတို့မျိုးနွယ်က ညီအမတွေအတော်များများ အဲလိုလုပ်ကြတယ်လို့ကြားတယ်"
တစ်ယောက်က ပြောသည်။
"လူသားတွေလည်း အပြင်မှာပျော်ပါးကြတယ်လို့ ပြောကြတယ်မဟုတ်လား။ ပြီးတော့ တောထဲမှာက အခွန်ဆောင်စရာမလိုဘူးလေ။ ဒီလိုဘာကြောင့်ဖြစ်သွားလဲ ငါနားမလည်တော့ဘူး"
....
လုယန် မုန်ကျင်းကျိုးကိုတွန်း၍ ပြေးနေသည်။ ခြေထောက်များက ငါးတစ်ကောင်လို လျင်မြန်စွာ ရွေ့လျားနေသည်။
"လွတ်လောက်ပြီမဟုတ်လား"
"အခုလောက်ဆို လွတ်လောက်ပါပြီ"
မြေထဲမှ သူတို့ခေါင်းပြူ၍ကြည့်သည်။ ကြီးမားသည့်ဆင်တစ်ကောင်၏ခြေထောက် သူတို့ခေါင်းပေါ်ဝဲလာသည်။ ထိုဆင်နောက်တွင် ဆင်အုပ်တစ်ခု လိုက်ပါလာသည်။ မျက်လုံးများက နီရဲနေသည်။ အစွမ်များက သုံးမီတာကျော်ရှည်သည်။ သွားရှုပ်၍ရမည့်ပုံမျိုးမဟုတ်။
လုယန် မုန်ကျင်းကျိုးကို အမြန်ဆွဲ၍ မြေအောက်သို့ပြန်အောင်းသည်။
နောက်တစ်ကြိမ် သူတို့ခေါင်းပြူလာချိန်တွင် ကျားနှင့်ကျားသစ်စပ်ထားသည့် သားရဲတစ်ကောင်က သမင်နတ်ဆိုးအလောင်းတစ်ခု ပွဲတော်တည်နေသည်ကို မြင်ကြရသည်။
လူနှစ်ယောက်နှင့်သားရဲ ခဏစိုက်ကြည့်နေကြသည်။ ထို့နောက် သားရဲက အော်ဟစ်ဟိန်းဟောက်လိုက်သည်။ ထိုလူနှစ်ယောက် မြေထဲပြန်အောင်း၍ ထွက်ပြေးရပြန်သည်။
နောက်ဆုံးတွင် မြေထဲမှ အော်မြင်စွာထွက်လာနိုင်ကြသည်။ တစ်ယောက်ကိုတစ်ယောက် တွဲမနေကြရသည်။ တစ်ခြားဘယ်လိုအခက်အခဲများ သူတို့ရင်ဆိုင်ခဲ့ကြရသည်ကို မသိနိုင်။
"ဒါလေ့ကျင့်တာမဟုတ်ဘူး။ ပြောရရင် နယ်..."
"အဲလိုမပြောနဲ့ကွ။ ဒါက အမယွမ်ငါတို့ကို လေ့ကျင့်ခိုင်းတာပဲ"
'နယ်နှင်တာ'ဟု မုန်ကျင်းကျိုးပြောမည့်စကားကို လုယန်အမြန်ဖြတ်ပြောလိုက်သည်။ လုယန်က မုန်ကျင်းကျိုးထက် ပိုသတိကောင်းသည်။ သူတို့ကို အမယွမ်က နည်းလမ်းတစ်မျိုးဖြင့် စောင့်ကြည့်နိုင်မည်ဟို စိုးရိမ်သဖြင့် မုန်ကျင်းကျိုးကို ထိတ်ထိတ်ပျာပျာ မျက်ရိပ်ပြနေသည်။ မုန်ကျင်းကျိုးကြောင့် အမယွမ်ဒေါသထွက်သွားလျှင် သူ့တို့အပေါ် ယခုထက်ပြင်းထန်သည့် ပြစ်ဒဏ်မျိုး ကျလာနိုင်သည်။
မုန်ကျင်းကျိုး နားလည်သွားသည်။ စကားကိုချက်ခြင်းပြန်ပြင်လိုက်သည်။
"နယ်...စပ်မှာ မတည်ငြိမ်တဲ့ ငါ့တို့ကျင့်စဉ်အခြေခံကို လေ့ကျင့်ဖို့ လွှတ်လိုက်တာဖြစ်မယ်။ ဒီမှာ တိုက်ခိုက်ရင်း အဆင့်တက်စေချင်တာ"
"ငါတို့ဘယ်သွားကြမလဲ။ ဒီမှာတော့ အမြဲတမ်းနေလို့မဖြစ်ဘူး"
လုယန်က ဒယိမ်းဒယိုင်ထရပ်ရင်း မေးသည်။
"စိတ်မပူပါနဲ့ ဒါကအလယ်ပိုင်းတိုက်နယ်နဲ့ နတ်ဆိုးနယ်မြေကြားက နယ်စပ်ဆိုတော့ ဒီနားမှာ မြို့ကြီးတစ်မြို့တော့ ရှိမှာပါ။ ရှားနိုင်ငံဟာ နတ်ဆိုးမျိုးနွယ်ကို စောင့်ကြပ်ဖို့ ဒီနေရာမှာ မြို့တော်ခြောက်ခုတည်ဆောက်ထားတယ်လို့ ငါ့မိသားဝင်တွေပြောတာ ကြားဖူးတယ်။ ငါ့ဦးလေးတစ်ယောက်က အဲဒီ့မြို့တော်တစ်ခုမှာ တာဝန်ကျနေတာ"
"မင်းလက်မောင်းပေါ်မှာ ဘာလဲ"
မုန်ကျင်းကျိုးလက်မောင်းပေါ်မှ သေးငယ်သည့် အနက်ရောင်ပိုးကောင်တစ်ကောင်ကို လုယန်သတိထားမိသည်။ ခေါင်းပိုင်းကြီး၍ အမြီးပိုင်းသွယ်သည်။ ဘယ်အချိန်က တက်လာမှန်းမသိ။
"အဲဒါ မျှော့ကွ"
မုန်ကျင်းကျိုး ထိတ်လန့်သွားပြီး လက်ကိုခါချသည်။ သို့သော် မျှော့က လက်မောင်းတွင် ကပ်နေသည်။ ကွာကျမသွား။
"မလန့်ပါနဲ့။ ဒီလိုကောင်တွေက မီးကိုကြောက်တယ်လို့ကြားဖူးတယ်။ ကြည့်နေ၊ ငါသူ့ကို မီးလောင်တိုက်သွင်းပစ်မယ့်။ ဟူး..."
လုယန် မီးတောက်သေးသေးလေးတစ်ခု မှုတ်ထုတ်လိုက်သည်။ မျှော့ကို ထိသည်ဆိုရုံမျှသာရှိသည်။ သို့သော် မီးလောင်သေသွားပြီး ချက်ချင်းကွာကျလာသည်။
ထိုမျှော့က မုန်ကျင်းကျိုး၏ခန္ဓာကိုယ်အကာအကွယ်ကို ထိုးဖောက်နိုင်စွမ်းမရှိပါ။ သို့သော် တစ်သက်လုံး ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေခဲ့ရသူဖြစ်၍ စိတ်ထဲက အလိုလိုအူယားခြင်းဖြစ်သည်။
နတ်ဆိုးသိုက်ထဲ ခုနစ်ကြိမ်ကျ၊ နတ်ဆိုးများ ငါးကြိမ်အဝိုင်းခံရ၊ လေးကြိမ်တိုက်ခိုက်ရ၊ နတ်ဆိုးဝမ်ဗိုက်ထဲမှ တစ်ကြိမ်ဖောက်ထွက်ခဲ့ရပြီးနောက် နောက်ဆုံးတွင် တောအုပ်ထဲမှထွက်လာနိုင်ခဲ့သည်။ လူသားများတည်ဆောက်ထားသည့် မြို့တော်တစ်ခု မျက်စိရျေ့တွင် ပေါ်လာသည်။
သူတို့နှစ်ယောက်အသွင်က ဖရိုဖရဲဖြစ်နေသည်။ ခြေလှမ်းများ ထော့နဲ့ထော့နဲ့ဖြစ်နေသည်။ သားရဲတံတွေးရည်များ သူတို့ဆံပင်တွင် ကပ်နေသည်။
မြို့တော်မျှော်စင်ပေါ်မှ "နတ်ဆိုးချုပ်တောင်ကြား"ဟူသည့် စာလုံးများကိုမြင်ရသည်။ ထူးခြားစွာထွက်ပေါ်နေသည့် ဖိအားတစ်မျိုးကြောင့် နှစ်ယောက်သား စိတ်သက်သာရာရသွားကြသည်။
*****************************************