အရိုင်းမျိုးနွယ်နှင့် ရှေးဟောင်းအရိုင်းမျိုးနွယ်ကွာခြားချက်
Vol. 16 Ch. 238
သူတို့မြင်ဖူးသမျှ အကြမ်းထည်အဆန်ဆုံး သူရဲကောင်းအဆန်ဆုံးမြို့တော်ဖြစ်သည်။ ကြီးမားသည့်သံမဏိကျောက်တုံးများဖြင့် နံရံတည်ဆောက်ထားသည်။ မထိုးဖောက်နိုင်သည့် လူသတ်ရိပ်လွှမ်းသည့် စွမ်းအင်ရောင်မျိုး ထွက်ပေါ်နေသည်။ မြင့်မားသည့်ဘီလူးကြီးတစ်ကောင်ကဲ့သို့ လူသားနှင့်နတ်ဆိုးနယ်မြေကြားတွင် ရပ်နေသည်။ ကျူးကျော်လာသမျှရန်သူတိုင်းကို အချိန်မရွေး သုတ်သင်ရှင်းလင်းရန် အသင့်ရှိနေသည်။
"နတ်ဆိုးချုပ်တောင်ကြား"ဟူသည့် စာလုံးများက အဆင်တန်ဆာသက်သက်မဟုတ်။ လူသားနှင့် အသွင်ပြောင်းထားသည့်နတ်ဆိုးများကို ခွဲခြားနိုင်သည့် ရှားပါးရတနာတစ်မျိုးဖြစ်သည်။ မြို့တော်ထဲသို့ဝင်လာသူမှန်သမျှ ထိုစားလုံးများ၏ စွမ်းအင်ရောင်ဖြင့် စစ်ဆေးခံကြရသည်။ လုယန်နှင့်မုန်ကျင်းကျိုးလည်း ထိုနည်းတူပင်ဖြစ်သည်။
"ငါ့ဦးလေးက နတ်ဆိုးလှောင်တောင်ကြားမြို့မှာ တာဝန်ကျတာ။ ဒီတော့ သူ့ကိုမတွေ့နိုင်လောက်ဘူး"
မုန်ကျင်းကိုး စိတ်ပျက်ဟန်ဖြင့် ခေါင်းခါနေသည်။
"လမ်းဖယ်ပေးပါ...လမ်းဖယ်ပေးပါ။ ကျုပ်အကိုက ဒဏ်ရာရထားလို့ ဆေးကုဖို့လိုပါတယ်"
သူတို့မြို့ထဲသို့ဝင်ခါနီးတွင် နောက်ဘက်မှ အော်ဟစ်သံများ ကြားလိုက်ရသည်။ သန်မာထွားကြိုင်းသည့်လူနှစ်ယောက် ထမ်းစင်တစ်ခု သယ်လာသည်။ ဖြူရော်အားနည်းနေသည့်လူတစ်ယောက် ဝေဒနာကြောင့် ညည်းညူနေသည်။
လူအုပ်ကြီး ချက်ချင်းလမ်းဖယ်ပေးကြသည်။ သို့သော် ထိုလူသုံးယောက် နတ်ဆိုးချုပ်တောင်ကြားသို့ ဝင်သည့်အချိန်တွင် 'နတ်ဆိုးချုပ်တောင်ကြား'စာလုံးများ အရောင်တောက်လာပြီး သူတို့အပေါ် အလင်းဖြာကျလာသည်။ သုံးယောက်လုံး စူးစူးရှရှအော်ဟစ်၍ ခန္ဓာကိုယ်မှ မီးခိုးများထွက်လာပြီး သူတို့မူလပုံစံပေါ်လာသည်။
လူသန်နှစ်ယောက်က ဝံပုလွေကြီးများဖြစ်သည်။ ထမ်းစဉ်ပေါ်မှတစ်ယောက်က ဒဏ်ရာရထားခြင်းမရှိသည့် တောခွေးအတစ်ကောင်ဖြစ်သည်။
မြို့တော်အစောင့်စစ်သည်များ လျင်မြန်ပြတ်သားစွာလှုပ်ရှားသည်။ ဓားလှံများကိုမြှောက်၍ သားရဲသုံးကောင်ကို ချက်ချင်းသတ်လိုက်သည်။
ထိုသို့ခိုးဝင်ရန်ကြိုးစားသည့်အဖြစ်များက မဆန်းတော့။ သို့သော် အားလုံးက ထိုကံကြမ္မာမျိုးသာ ကြုံရသည်။
တောင်ကြားမြို့ထဲတွင် သားရဲအရေခွံများ အတွင်းသန္ဓေများ လမ်းပေါ်တွေင်ရောင်းချနေသည်။ လည့်လည်ရောင်းချနေသည့် ဒဏ်ရာကုသဆေးများက ဆိုင်အရောင်ဈေးထက် နှစ်ဆယ်ရာနှုန်းဈေးချိုသည်။ အဆင့်မြင့်သက်တော်စောင့်ဝန်ဆောင်မှုများလည်း ကြေညာကမ်းလှမ်းနေသည်။
ထိုလူများက မြို့တော်လိုပင် အကြမ်းစားဆန်သည်။
လုယန်တို့နှစ်ယောက် ညအိပ်ဖို့ တည်းခိုဆောင်တစ်ခုရှာသည်။ ပြန်အားမွေး၍ လက်ရှိပတ်ဝန်းကျင်အခြေအနေကို နားလည်ရန်ကြိုးစားကြသည်။
လုယန်က မြေပုံပေါ်လက်ထောက်၍ ရထားသည့်သတင်းအချက်အလက်များကို သုံးသပ်သည်။
"ဒါက နတ်ဆိုးချုပ်တောင်ကြားမြို့။ မင်းဦးလေးတာဝန်ကျတဲ့ နတ်ဆိုးလှောင်တောင်ကြားနဲ့ မိုင်နှစ်ထောင်ဝေးတယ်။ ခုနက ငါတို့ရောက်ခဲ့တဲ့တောအုပ်က ရှားနိုင်ငံနယ်နိမိတ်နဲ့ နတ်ဆိုးနယ်မြေကြားက နေရာပဲ။ နယ်မြေနှစ်ခုကို စည်းခြားထားတဲ့ နေရာလွတ်ပဲ။ ဘယ်ဘက်ကမှ မပိုင်ဘူး။
တောအုပ်ကိုဖြတ်ပြီး မြူဆိုင်းနေတဲ့နေရာတစ်ခုကို တွေ့တာနဲ့ နတ်ဆိုးနယ်မြေအစစ်ကို ရောက်မယ်။ သတင်းစာရောင်းတဲ့လူကိုလည်း ငါမေးခဲ့တယ်။ ဒီနေရာက နတ်ဆိုးတွေအတွက် အဓိကကုန်သွယ်တဲ့နေရာတဲ့။ ရွှေစီးပွားနယ်မြေအဖွဲ့ရဲ့ ယာဉ်ပျံတွေ ဒီနေရာမှာ ပုံမှန်ပြေးဆွဲတယ်။ မနက်ဖြန်မွန်းတည့်ချိန်မှာ လှေပျံတစ်ခုထွက်လိမ့်မယ်။ မင်းဘယ်လိုသဘောရလဲ။ ငါတို့ ဂိုဏ်းကိုပြန်ကြမလား"
မုန်ကျင်းကျိုး ပြန်မည်ဟု ပြောရန်ပြင်ပြီးမှ စိတ်ပြောင်းသွားသည်။
"ဘာလို့ပြန်မှာလဲ။ တောအုပ်ထဲမှာ ငါတို့ဒီလောက်ဒုက္ခခံခဲ့ရတာ။ ဒီသားရဲတွေကို ငါတို့အကြောင်းသိအောင် နည်းနည်းထုတ်မပြရရင် နောင်တစ်ချိန် ဘယ်လိုလုပ် စိတ်ကျေနပ်နိုင်မှာလဲ"
လုယန် ပြုံးလိုက်သည်။
"ငါလည်း အဲလိုပဲ စဉ်းစားနေတာပါ"
နှစ်ယောက်သား သဘောတူညီချက်ရသွားသည်။ မပြန်သေးဘဲ ခဏဆက်နေပြီး နာမည်ကြီးအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
ယခုလို မလှမပအခြေအနေဖြင့် ပြန်ခြင်းသည် သူတို့စတိုင်မဟုတ်။
"အရိုးရိုင်းလေး ပါမလာတာဆိုးတယ်။ သူ့ရှေးဟောင်းအရိုင်းသွေးဆက်က သားရဲတွေကို အလိုလိုနှိပ်ကွပ်နိုင်တယ်"
နတ်မယ်က သိစိတ်နယ်မြေထဲမှ ညည်းညူသည်။
တိုင်ပုဖန်ကိုသွားတွေ့စဉ်က ယွမ်ကျိ သူတို့နောက်တွင် ရပ်နေသည်ကို နတ်မယ်သိလောက်သည်ဟု လုယန် ယူဆသည်။ တမင်သတိမပေးဘဲ သူဒုက္ခရောက်အောင် ကြည့်နေခဲ့ခြင်းဖြစ်မည်။
တကယ်သံသယဖြစ်စရာကောင်းသည်။
သို့သော် မကြာမီ နတ်မယ်၏ပြောသည့်အကြောင်းကသာ လုယန်စိတ်ကို လွှမ်းမိုးသွားသည်။
"အဲလိုကိစ္စမျိုးလည်း ရှိတယ်ပေါ့"
နတ်မယ်က ဝင့်ကြွားသည့်အမူအရာဖြင့် တင်ပါးပေါ် လက်တစ်ဘက်တင်လိုက်သည်။ အတော်ကိန်းကြီးခန်းကြီးနိုင်လှသည်။
"ရှိတာပေါ့။ ငါသူတို့ကို အသိပညာပေးချင်လို့ ဉာဏ်ရည်နည်းနည်းမြှင့်ပေးခဲ့တယ်လို့ နင့်ကိုပြောဖူးတယ်လေ။ အဲဒါအပြင် ငါ့စွမ်းအားလည်း နည်းနည်းမျှဝေပေးခဲ့တယ်။
နင့်ငါ့ကို ဘယ်လိုလူထင်လို့လဲ။ 'ချက်ပြုတ်နည်းပေါင်းချုပ်'စာအုပ်ကို ငါရေးနေတုန်းက ရှေးဟောင်းသားရဲတွေ ငါဘယ်လောက်စားခဲ့လဲသိလား။
ရှေးခေတ်သားရဲတွေက မွေးရာပါသွေးဆက်အကြောက်တရားကြောင့် ငါ့ကိုကြောက်ကြတယ်။ အရိုင်းမျိုးနွယ်တွေက ငါ့စွမ်းအားတစ်စွန်းတစ်စကို ရခဲ့တယ်။ ဒါကြောင့် သားရဲတွေကို သဘာဝအလျောက်နှိပ်ကွပ်နိုင်တဲ့ ဒီလိုစွမ်းရည်မျိုး ရှိနေတာ။
ငါပေးလိုက်တဲ့လက်ဆောင်ကြောင့် နတ်ဆိုးမျိုးနွယ်ရှေ့မှာ ရှေးဟောင်းအရိုင်းမျိုးနွယ်တွေ သူတို့စွမ်းအားကို ဝင့်ကြွားနိုင်ကြတာ။ အဆင့်တစ်ဆင့်လုံး နိမ့်နေတဲ့ သားရဲတွေဆိုရင် သူတို့သွေးဆက်စွမ်းအင်ရောင် ထုတ်လွှတ်လိုက်တာနဲ့ ကြောက်ဒူးတုန်သွားအောင်လုပ်နိုင်တယ်။ အဆင့်တူချင်းဆိုရင် နှစ်ယောက်တစ်ယောက် အလွယ်လေး တိုက်ခိုက်နိုင်တယ်"
လုယန် ချီးကျူးစကားပြောခါနီးတွင် နောက်ထပ်မေးခွန်းတ်စခု သူ့ခေါင်းထဲ ပေါ်လာသည်။
"ဒီစွမ်းရည်ကို ယာယီဖုံးကွယ်ထားလို့ရောရလား။ ဥပမာ ရှေးဟောင်းအရိုင်းမျိုးနွယ်တစ်ယောက် အမဲလိုက်ထွက်လို့ အမှောင်ထဲကချောင်းနေမယ်ဆိုရင် အနားကိုကပ်လာတဲ့သားရဲတွေက လူကိုမမြင်ပေမယ့် ဗီဇသိစိတ်အရ အရိုင်းသွေးဆက်စွမ်းအားကိုကြောက်ပြီး ထွက်ပြေးမသွားနိုင်ဘူးလား"
နတ်မယ် ခဏစဉ်းစားနေသည်။ ထို့နောက် ရုတ်တရက် ဝါးလုံးကွဲရယ်ချလိုက်သည်။
"ဟားဟားဟား၊ နင်က အတော်စေ့စေ့စပ်စပ်တွေးတတ်တာပဲ။ ငါ့ကာကွယ်မှုအောက်မှာရှိနေတဲ့ အရိုင်းမျိုးနွယ်တွေက ဘယ်လိုလုပ် အစာရေစာရှားပါးနိုင်မှာလဲ"
"မရယ်ပါနဲ့။ ကျုပ်မေးတာကို ဖြေပါးဦး"
"ဟားဟားဟား၊ အရိုင်းမျိုးနွယ်တွေက ငါ့ကာကွယ်မှုအောက်မှာ ရှိတာလေ"
လုယန် - "..."
ရှေးဟောင်းအရိုင်းမျိုးနွယ်နှင့် လက်ရှိအရိုင်းမျိုးနွယ်ကြားမှ ကွာခြားချက်ကို လုယန်အမြဲတမ်း သိချင်ခဲ့သည်။ အရိုးရိုင်းကို မေးကြည့်ခဲ့သည်။ သို့သော် သူလည်း အဖြေမပေးနိုင်။ ရှေးဟောင်းအရိုင်းမျိုးနွယ်များသည် ထူးဆန်သည့်စွမ်းအားတစ်မျိုးပိုင်ဆိုင်ကြသည်ဟုသာ ပြောသည်။။ ထို့စွမ်းအားကြောင့် သူတို့ကို အကူအညီပေးနိုင်သည့် စွမ်းရည်မျိုးစုံ ရလာသည်။ သို့သော် ထိုစွမ်းအားသည် ပြင်းထန်လွန်းသဖြင့် သဘာဝစည်းမျဉ်းနှင့်ဆန့်ကျင်နေသည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့် တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားသည်ဟု ဆိုသည်။
ထိုမှော်ဆန်သည့်စွမ်းအားဘာလဲ ဆိုသည့်မေးခွန်းကို အရိုးရိုင်းကိုယ်တိုင်လည်း အဖြေမသိ။ သူ့မျိုးနွယ်အကြီးအကဲများကလည်း ရှင်းမပြနိုင်ကြ။ ကောင်းကင်မှပေးသည့်ဆုလာဒ်ဟုသာ ခေါ်ကြသည်။
ယခု ပြန်စဉ်းစားကြည့်လျှင် ထိုစွမ်းအားသည် ထာဝရနတ်မယ်၏ စွမ်းအားဖြစ်နိုင်သည်။
ရှေးဟောင်းအရိုင်းမျိုးဆက်တွင် ဘာကြောင့် အရိုးရိုင်းတစ်ယောက်တည်း ကျန်ခဲ့သနည်း။ သဘာဝရွေးချယ်မှုလား။ အသန်မားဆုံးသူ ရှင်သန်သည့်သဘောလား။ သို့မဟုတ် ထာဝရနတ်မယ်၏စွမ်းအား လျော့ပါးသွားခြင်းလား။ ဘယ်သူမှမသိကြ။
"အမှန်တော့ နတ်ဆိုးမျိုးနွယ်ကြားမှာ ငါကအတော်လူချစ်လူခင်များပါတယ်"
နတ်မယ်က ကြွားလုံးထုတ်သည်။
လုယန် သူ့ကို သံသယမျက်လုံးဖြင့်ကြည့်သည်။
တကယ်ပြောနေတာလား။ ဒီနတ်ဆိုးတွေး ခေါင်းများထိထားသလား။
"နင်ဘာလို့ငါ့ကိုမယုံတာလဲ။ ချုံးချီ(ကျားပျံ)မျိုးနွယ်က ပြောတယ်။ ထောက်ထျဲ့(ငှက်ဂဠုန်)မျိုးနွယ်တွဟာ ငါ့ကိုအရမ်းခေါ်ထားချင်ကြတယ်တဲ့။ ထောက်ထျဲမျိုးနွယ်ကလည်း ချုံးချီမျိုးနွယ်တွေက ငါ့ကိုဝမ်းပန်းတသာ ကြိုဆိုချင်လက်ခံချင်ကြတာလို့ ပြောတယ်။ နတ်ဆိုးနယ်မြေထဲ ငါခရီးလှည့်တုန်းက ငါရောက်တဲ့နေရာတိုင်း ပျော်ရွှင်ရယ်မောနေတဲ့အသံတွေကြားရတယ်။ ငါ့ကိုလိုက်ပို့ကြတယ်။
...အင်း ဒါကလည်း နားလည်ဖို့မခက်ပါဘူးလေ။ ဘာပဲပြောပြော မသေမျိုးတစ်ယောက် ရောက်လာတာဟာ နတ်ဆိုးမျိုးနွယ်အတွက် ကြီးမြတ်တဲ့ကောင်းချီးတစ်ခုလိုပဲ မဟုတ်လား။
အခု နင်သဘောပေါက်ပြီလား နင့်သိစိတ်နယ်မြေထဲမှာ ငါရှိနေတာ နင်တကယ်ကံကောင်းလို့ပဲ။ ရှေးဟောင်းလျှို့ဝှက်ချက်တွေအကြောင်းပြောတယ်ပဲ ဆိုပါစို့။ ဘယ်သူမှမပြောနိုင်တဲ့ကိစ္စတွေကို ငါအလွယ်တကူ ပြောပြနိုင်တယ်လေ"
"ခင်ဗျားပြောတဲ့ ရှေးဟောင်းလျှို့ဝှက်ချက်တွေထဲမှာ အသုံးတည့်တာတစ်ခုခုရှိလို့လား"
ထို'ကံကောင်းခြင်း'ကို သူခံနိုင်ရည်မရှိ။ ထိုကံကောင်းခြင်းကိုခံယူသူသည် သူ့ထက်ကံကြမ္မာပိုအားကောင်းသည့် တစ်ခြားတစ်ယောက်ယောက်ဖြစ်သင့်သည်။
အမယွမ်လိုလူမျိုးဆိုလျှင် အဆင်ပြေသည်။
သိစိတ်နယ်မြေအပြင်ဘက်တွင် လုယန် သက်ပြင်းချလိုက်သည်။
"အရိုးရိုင်းက အတော်သနားစရာကောင်းတာပဲ"
မုန်ကျင်းကျိုး ကြောင်သွားသည်။
"အရိုးရိုင်းက ဘာဖြစ်နေလို့လဲကွ"
တောနက်ထဲတွင် ဒုက္ခခံခဲ့ရသည်က သူတို့ဖြစ်သည်။ ဘာကြောင့် အရိုးရိုင်းကို သနားနေသည်မသိ။
****************************************