သခင်ကြီးရှားရဲ့ ဦးစားပေးမှု (၂)
Vol. 27 Ch. 392
လင်းဖန် ရှားဝမ်ချွေ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူမ အဘိုးက လက်ဖက်ရည်နဲ့ ဝိုင်သောက်ရတာ အကြိုက်ဆုံးလို့ မပြောခဲ့ဘူးလား။
ရလဒ်အနေဖြင့် ကောင်းရုန် လက်ဆောင်ပေးတုန်းကနဲ့ သူ့မျက်နှာထားက လုံးဝ ကွဲပြားနေပြီး ဘာဖြစ်လို့ သူ့ကို စကားမပြောချင်နေတဲ့ပုံ ပေါက်နေတာလဲ။
ခဏလောက်ကြာသောအခါ ဆွေမျိုးနဲ့ မိတ်ဆွေများစွာမှ လက်ဆောင်တွေကို အဘိုးကြီးအား ပေးကြသည်။
ထို့နောက် ကောင်းရုန်တို့ ရှားမိသားစုအိမ်တော်မှ ပြန်သွားကြပါတော့သည်။
ဆွေမျိုးနဲ့ မိတ်ဆွေများစွာ နေ့လည်စာ အတူတူ စားခဲ့ကြသည်။
နေ့လည်ခင်းတွင် လင်းဖန် ပေးထားသည့် လက်ဖက်ရွက်များကို အဘိုးကြီး ဂရုတစိုက် ဖွင့်လိုက်၏။ သူ ရှေ့တိုးလိုက်ပြီး အနံ့ရှူကြည့်လိုက်သည်။ ချက်ချင်းဆိုသလို သူ့မျက်နှာပေါ်က အေးစက်မှုနဲ့ တည်တံ့မှုများ ပျောက်ကွယ်သွားပါသည်။
ကောင်းရုန် ပေးတဲ့ ကြွေထည်ပန်းအိုးကတော့ မြေအောက်ခန်း ထောင့်တစ်နေရာရာမှာ အဘိုးကြီး ထည့်ထားလိုက်ပါသည်။ ထိုစုဆောင်းမှုမျိုးက အဝေးက ကြည့်မှ သင့်တော်သည်။
အဘိုးကြီး လက်ဖက်ရွက်တချို့ကို ယူလိုက်ပြီး လက်ဖက်ရည်ခွက်ထဲ ထည့်လိုက်သည်။ ရေနွေး လောင်းထည့်ပြီးနောက် လက်ဖက်ရည် ဖျော်လိုက်ပါသည်။
လက်ဖက်ရွက် မွှေးရနံ့များက လေထဲတွင် ပျံ့နှံ့သွား၏။ အဘိုးကြီးလည်း လန်းဆန်းသွားရသည်။
"အဖေ။ လက်ဖက်ရွက်နဲ့ ဝိုင်တွေက ဘယ်လိုနေလဲ" ရှားဝမ်ချွေ့ရဲ့အဖေ ရှားကျန်းချန်က ပြုံးကာ မေးလိုက်ပါသည်။
"ဟားဟား လင်းဖန်က တကယ် တွေးတတ်တာပဲ။ ငါကြိုက်တတ်တာကိုသိပြီး လက်ဖက်ရွက်နဲ့ ဝိုင်တွေ လက်ဆောင်ပေးသွားတယ်။ ဒီအနောက်ဘက်ရေကန် လုံကျင်းလက်ဖက်ရွက်၊ အန်းရှီထျဲကွမ်းယင်၊ တာ့ဟုန်ပေါင်တို့အားလုံးက အရမ်းကောင်းတဲ့ လက်ဖက်ရွက်တွေချည်းပဲ။ ပြီးတော့ နိုင်ငံတော် စတင် တည်ထောင်ခဲ့စဉ်တုန်းက ယူနန်-ကွေ့ကျိုးပြည်နယ်မှာ ထုတ်လုပ်ခဲ့တဲ့ လက်ဖက်ရွက်ကောင်းတွေပဲ။ သက်တမ်းက နှစ် ၇၀ လောက်ရှိလောက်ပြီ။ ဒီလက်ဖက်ရွက်တွေကို ဆက်ပြီး မထုတ်ကြတော့ဘူးလို့တောင် ပြောနိုင်တယ်။ အခု လက်ဖက်ရွက်တွေက အတိတ်ရဲ့ အရသာမျိုး မရှိတော့ဘူး"
"လင်းဖန်က ငါ့ကို ဒီလောက် ကောင်းတဲ့ လက်ဖက်ရွက်တွေ ပေးမယ်လို့ ထင်မထားဘူး။ ကမ္ဘာပေါ်မှာ ဒီလက်ဖက်ရွက်က နည်းနည်းပဲ ရှိတော့တာ။ ရောင်းတောင်မရောင်းကြဘူးလို့ကြားတယ်။ လင်းဖန် ဒီလက်ဖက်ရွက်တွေကို ဘယ်က ရလာတာလဲ မသိဘူး"
“ဒီလက်ဖက်ရည်ရဲ့ အရသာကို ကြည့်ပါဦး... အရသာ ရှိလိုက်တာ"
"ဝိုင်တွေကိုလည်း ကြည့်ပါဦး။ ဝိုင်ပုလင်းတိုင်းက ဆက်မထုတ်တော့တဲ့ဟာတွေ။ နေရှင်နယ်ဆယ်လာ ၁၅၇၃ ဝိုင်ပုလင်းက ၃ ပုလင်းပဲ ရှိတော့တာ။ နိုင်ငံတော် ဂုဏ်ပြုပွဲတွေမှာ အသုံးပြုတဲ့ အထူးဝိုင်ပဲ။ သာမန်လူတွေ မသောက်နိုင်ဘူး"
"ပြီးတော့ ဒီ ၁၉၆၀ ဝူလျန်ယဲ့က ၁၉၆၀ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာ။ ကမ္ဘာပေါ်မှာ တစ်ပုလင်းပဲ ရှိတယ်"
"လွင်အမှတ်တံဆိပ် မောင်ထိုက်ကလည်း ၁၉၅၉ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာ။ အဲ့အချိန်တုန်းကတောင် အနည်းဆုံး ၁ သန်းတန်တယ်။ အခုဆို ဘယ်လောက်တန်မလဲ ခန့်မှန်းကြည့်စမ်ဂ။ အဲ့ဒီဝိုင်တွေ အားလုံးက သမိုင်းကြောင်းတွေရှိပြီး နောက်ထပ် မရှိနိုင်တော့ဘူး"
"လင်းဖန် ငါ့အတွက် လက်ဆောင်တွေ အများကြီး ပြင်ပေးဖို့ အားအများကြီး စိုက်ထုတ်ခဲ့တာ ဖြစ်မယ်။ ဟားဟားဟား" အဘိုကြီးက လက်ဖက်ရွက်နဲ့ ဝိုင်များကို ဂရုတစိုက် သိမ်းဆည်းထားလိုက်ပါသည်။ မြေအောက်ခန်းထဲမှာ သိမ်းထားသည့် ကြွေထည် ပန်းအိုးနဲ့ ဆန့်ကျင်ဘက်ပင်။
ဘယ်လက်ဆောင်ကို အဘိုးကြီး ပိုအလေးပေးလဲ သိသာပါသည်။
အဘိုးကြီးရဲ့ စကားကို ကြားသောအခါ ရှားကျန်းချန် အနည်းငယ် မှင်သက်သွားရ၏။
"အဖေ။ တစ်နည်းအားဖြင့် ဒီဝိုင်တွေနဲ့ လက်ဖက်ရွက်တွေက အကောင်းဆုံးထဲက အကောင်းဆုံးတွေပေါ့။ လူတိုင်း မဝယ်နိုင်ဘူးပေါ့။ ကျွန်တော် နည်းနည်းလောက် သောက်လို့ ရမလား" ရှားကျန်းချန်က မျှော်လင့်တကြီး မေးလိုက်ပါသည်။
"လက်ဖက်ရည်တစ်ခွက်တော့ တိုက်လို့ ရတယ်။ ဝိုင်ကိုတော့ စိတ်တောင်မကူးနဲ့။ ဒီဝိုင်ကို တန်ဖိုးထားပြီး ဖြည်းဖြည်းချင်းစီ သောက်ရမှာ" အဘိုးကြီးက ပြောလိုက်သည်။
သူ့ဝိုင်ကို ကာကွယ်လိုက်ပြီး မျက်နှာပေါ်က အပြုံးလည်း ပိုပိုထင်ရှားလာသည်။
"အဖေ ဘာလို့ ဒီလောက် တကိုယ်ကောင်းဆန်ရတာလဲ။ ဝိုင်လေးတစ်ခွက်တည်းကို" ရှားကျန်းချန် စိတ်ညစ်သွားသည်။
"ဝိုင်လေးတစ်ခွက်တည်းဆိုတာ ဘာစကားလဲကွ။ ဒါ Limited Edition ဝိုင်ကွ။ ငါ့မြေးသားမက်က ပေးထားတာ။ ဟားဟားဟား" အဘိုးကြီးက ပိုမို တောက်ပစွာ ပြုံးလိုက်ပါသည်။
"အဖေ ဘာလို့ သူ့ကို မြေးသားမက်လို့ ခေါ်နေတာလဲ" ရှားကျန်းချန် ပို၍ပင် စိတ်ညစ်သွားပါသည်။ အဘိုးကြီးရဲ့ မျက်နှာက အပြောင်းအလဲ မြန်လွန်းပါသည်။ မနက်ခင်းတုန်းကတော့ ကောင်းရုန်ကို ပိုသဘောကျပြီး လင်းဖန်အပေါ် သွေးအေးခဲ့သည့်ပုံပင်။ အိမ်ပြန်ရောက်မှ ဘာလို့ သူ့ကို သားမက်လို့ခေါ်နေတာလဲ။
"မင်း ဘာသိလို့လဲကွ။ ဝမ်ချွေ့ လင်းဖန်ကို ဘယ်လောက်တောင် သဘောကျလဲ မမြင်ဘူးလား။ တစ်ဖက်မှာတော့ ကောင်းရုန်က ကောင်းကောင်းမွန်မွန် ဘယ်လိုပြုမူရမလဲဆိုတာ မသိဘူး။ လင်းဖန်အောက် အများကြီး နိမ့်တယ်" အဘိုးကြီးက ပြောလိုက်သည်။
"ငါ့မြေးမလေး သဘောကျတဲ့လူကို အပြင်လူ တစ်ယောက်က လက်ညှိုးထိုးစရာလား"
ရှားကျန်းချန် ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပါတယ်။ ကောင်းရုန်နဲ့ လင်းဖန်တို့ကြားထဲ ခြားနားချက်ရှိတယ်။ လင်းဖန်ထက် အများကြီး ပိုချမ်းသာတယ်ဆိုပေမယ့် အကျင့်စရိုက်အရတော့ အများကြီး နိမ့်ကျနေသေးတယ်။။ ဝမ်ချွေ့က လူရွေးမမှားဘူး။ ကျွန်တော့်ကို လက်ဖက်ရည် နည်းနည်းလောက် တိုက်စမ်းပါ"
အဘိုးကြီး စိတ်ဆိုးသွား၏။ "နည်းနည်းပဲထည့် နည်းနည်းပဲထည့်။ လက်ဖက်ရွက်က နည်းနည်းလေးပဲ ရှိတာကို အများကြီး လောင်းထည့်ရသလား"
ရှားကျန်းချန်လည်း မဲ့ပြုံးပြုံးလိုက်ပါသည်။ "ကျွန်တော်လည်း နည်းနည်းပဲ ထည့်တာပါဗျာ"
အဘိုးကြီး ပြောလိုက်၏။ "နောက်တစ်ခါဆို မင်းကို သောက်ခွင့်မပေးဘူး။ နှမြောစရာကြီး"
'ကပ်စေးနှဲသည့်' အဘိုးကြီးကိုကြည့်ပြီး ရှားကျန်းချန် မဲ့ပြုံးသာ ပြုံးနိုင်တော့သည်။
လင်းဖန်က သူ့ကို လက်ဆောင် ကောင်းကောင်း ပေးထားတာကိုး...
တခြားသူတွေအတွက်တော့ ဒါက သိန်းဂဏန်းလောက်သာ တန်ဖိုးရှိတဲ့ လက်ဆောင် ဖြစ်သည်။
အဘိုးကြီးလို နားလည်တဲ့လူမျိုးကမှ ဒီလက်ဆောင်တွေက တကယ် အဖိုးမဖြတ်နိုင်မှန်း သိပါလိမ့်မည်။
"အရသာရှိလိုက်တာ။ အရသာရှိလိုက်တာ...။ အဖေ ဒီလက်ဖက်ရည်က အရမ်း အရသာရှိတာပဲ။ အရသာက ရင့်ပြီး မွှေးပျံ့နေတာပဲ။ တစ်ငုံလောက် သောက်လိုက်တာနဲ့ ဘယ်တော့မှ မမေ့နိုင်လောက်တော့ဘူး" ရှားကျန်းချန်လည်း မှင်သက်သွားသည်။ ထို့ကြောင့်လည်း အဘိုးကြီးက ဒီလက်ဖက်ရည်ကို အရမ်းကြိုက်နေတာပေါ့။
သူသာဆိုရင်လည်း အလွန်ကြိုက်မိပါမည်။
"ပြောစရာ မလိုအောင် လင်းဖန်ရဲ့ လက်ဆောင်က တကယ်ကောင်းတယ်" အဘိုးကြီးရဲ့ အပြုံး ပိုမို တောက်ပလာခဲ့သည်။
"အဖေ။ အဲ့တာဆို မနက်တုန်းက လင်းဖန်အပေါ် ဘာလို့ အေးတိအေးစက် ဆက်ဆံခဲ့တာလဲ" ရှားကျန်းချန် ဇဝေဇဝါ ဖြစ်နေပါသည်။
အဘိုးကြီး ခေါင်းခါကာ ပြောလိုက်ပါသည်။ "ငါ့မှာ မြေးမလေး နှစ်ယောက်ပဲ ရှိတာ။ တစ်ယောက်ကို လင်းဖန်က လုယူသွားပြီ။ ငါ့ရဲ့ အဖိုးတန်မြေးမလေး ချွေ့ချွေ့ကို လင်းဖန်က လုယူသွားတော့မှာ။ ငါဒေါသမထွက်ဘဲ နေနိုင်မလားကွ"
"တခြားရှုထောင့်ကကြည့်ရင် ငါလင်းဖန်ကို ကာကွယ်ပေးခဲ့တာ။ ဘာပဲဖြစ်ဖြစ် ကောင်းရုန်လည်း အဲ့မှာ ရှိနေတာ မဟုတ်လား။ လင်းဖန်ကို ငါဦးစားပေးလိုက်လို့ ကောင်းရုန်သာ သူ့ကို ပစ်မှတ်ထားလာရင် လင်းဖန်ရဲ့ ကုမ္ပဏီ ၂ ခု သူ့ကို တားနိုင်မှာ မဟုတ်ဘူး။ ငါတို့ရှားမိသားစုလည်း ကောင်းမိသားစုကို တားနိုင်မှာ မဟုတ်ဘူး..."
ဘာပဲဖြစ်ဖြစ် ကောင်းမိသားစုက ကျန်းမြို့တော်ရဲ့ မကောင်းဆိုးဝါးတွေ မဟုတ်လား။ သူတို့သာ တကယ်တမ်း တိုက်ခိုက်ပါက သူတို့ရဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုကို ကုမ္ပဏီများစွာ ခံနိုင်ရည်ရှိကြမှာ မဟုတ်ပါ။