ကောင်းရုန်ရဲ့ ဝှက်ဖဲ
Vol. 28 Ch. 420
ရှားဝမ်ချွေ့ရဲ့ မျက်လုံးလှလှလေးများကလည်း လင်းဖန်ကို ကြည့်လိုက်သည်။ သူမလည်း စင်ပေါ်မှာ ရှိနေပါသည်။ "ရှားမိသားစုကလည်း လင်းဖန်ကို အပြည့်အဝ ထောက်ခံပေးသွားမှာပါ"
စုမူချင်းက လင်းဖန်ရဲ့ လက်ထောက် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စုမူချင်းက စုမိသားစုရဲ့ ဒုတိယသမီးလည်း ဖြစ်သည်။ စုမူချင်းက ရှန်ဟိုင်းမြို့ရှိ အဓိက မိသားစုကြီးလေးစုထဲက တစ်စုဖြစ်တဲ့ စုမိသားစုကို ကိုယ်စားပြုပါသည်။
ထိုအချိန်တွင် စုချွေ့ယီလည်း ရောက်လာခဲ့သည်။
ဆွဲဆောင်မှုရှိသည့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စင်ပေါ်ကို တက်လာခဲ့သည်။ ခေါင်းဆောင် အစစ်အမှန်တစ်ဦးရဲ့ အရှိန်အဝါမျိုးလည်း ရှိနေပါသည်။ "ရှန်ဟိုင်းမြို့က စုမိသားစုလည်း လင်းဖန်ကို အပြည့်အဝ ထောက်ခံပေးသွားပါမယ်။ အိမ်ခြံမြေလောကထဲကို အတူတူ ဝင်ရောက်ကြစို့"
ထို့နောက် ယွင်ချမ့်တောင် ရောက်လာခဲ့ပါသည်။
"ညီလေးလင်း မင်း ဒီလိုစီစဉ်ထားတာတောင် ဘာလို့ ငါ့ကို ဖုန်းမဆက်တာလဲ။ ယွင်ဟန်နည်းပညာနဲ့ ယွင်မိသားစုကလည်း ဘော့စ်လင်းကို အပြည့်အဝ ထောက်ခံပေးသွားမှာပါ" ယွင်ချမ့်က ခြောက်ခြောက်ကပ်ကပ် ရယ်မောလိုက်လေသည်။
ယန်ရှုလည်း လင်းဖန်ကိုကြည့်လျက် ပြုံးလိုက်သည်။ "ဘော့စ်လင်း ရှင်က ကျွန်မတို့ကုမ္ပဏီရဲ့ အဓိက ရှယ်ယာဝင် တစ်ယောက်လည်း ဟုတ်ပါတယ်။ ဒီလို ကိစ္စအတွက် ကျွန်မရဲ့ ထောက်ခံချက်ကို မရစရာ အကြောင်း မရှိဘူး။ ကျွန်မတို့ ခေတ်သစ်လီရှန်းဟိုတယ်ကလည်း ဘော့စ်လင်းကို ထောက်ခံပေးသွားပါ့မယ်"
ထို့နောက် ပိုမို လှပတဲ့ အမျိုးသမီးတစ်ယောက် စင်ပေါ် ရောက်လာခဲ့သည်။
ထိုအမျိုးသမီးကို မြင်သောအခါ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။
ဟော်မိသားစုရဲ့ အကြီးဆုံးသမီး၊ စီးပွားရေးပါရမီရှင်လို့လည်း လူသိများကြသည့် ဟော်ရှင်းယု ဖြစ်ပါသည်။
သူမရဲ့ ခြေလှမ်းများက မြန်ဆန်လွန်းသဖြင့် ဘေးက လက်ထောက်တွေက လိုက်မမှီပါ။
စင်ပေါ်မှာ ရပ်ပြီး စကားကို တိုတိုတောင်းတောင်းပဲ ပြောလိုက်သည်။
"ဟော်မိသားစုက ဘော့စ်လင်းကို ထောက်ခံပေးသွားမှာပါ"
ဟော်ရှင်းယု၊ စုချွေ့ယီ၊ ယွင်ချမ့်၊ ယန်ရှုတို့အားလုံး ရောက်လာကြသောအခါ စီးပွားရေးသန်းကြွယ်သူဌေးများစွာ မူးဝေသွားကြသည်။
ဒီလူ ၄ ယောက်စလုံးက သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွေမှာ ပါရမီရှင်တွေ ဖြစ်ကြသည်။
ဟော်မိသားစုရဲ့ ဉာဏ်ကြီးရှင် သမီးဖြစ်သူ ဟော်ရှင်းယုက လင်းဖန်ကို ထောက်ပံ့ကြောင်း အားလုံးရှေ့ ကြေညာသွားခဲ့သည်။
စုမိသားစုရဲ့ အကြီးဆုံးသမီး စုချွေ့ယီ၊ ဒုတိယ သမီး စုမူချင်းတို့ကလည်း လင်းဖန်ဘေးမှာ ရပ်တည်ကြသည်။
ပြောစရာမလိုအောင် ယွင်ချမ့်က ယွင်မိသားစုမှ ဖြစ်သည်။ ယွင်မိသားစုတွင် စုစုပေါင်း သား ၈ ယောက် ရှိပါသည်။ ယွင်မိသားစုရဲ့ စွမ်းပကားက အတော်လေး ကြောက်ဖို့ကောင်းသည်။ ယွင်ချမ့်ကိုယ်တိုင် ရောက်လာခဲ့သဖြင့် ယွင်မိသားစုရဲ့ သဘောထားကို ကိုယ်စားပြုဖို့ ရောက်လာခဲ့တာ ဖြစ်နိုင်ပါသည်။
ထို့အပြင် ယွင်ချမ့် လက်အောက်က ကုမ္ပဏီကိုလည်း အထင်သေးလို့ မရနိုင်ပါ။
ယန်ရှုကလည်း ရှန်ဟိုင်းမြို့ရှိ ဘော့စ်ကြီးတစ်ယောက် ဖြစ်သည်။ သူမ လက်အောက်ရှိ ဟိုတယ်များက ရှန်ဟိုင်းတစ်ခွင်မှာ ပြန့်နှံ့နေသည်။ နောက်ထပ် ခြေလှမ်းက နိုင်ငံတော်တစ်ဝှမ်းလုံးမှာ ဖွင့်လှစ်ဖို့ပဲ ဖြစ်ပါသည်။
ဒီလောက် ထူးချွန်တဲ့လူတွေအားလုံး လင်းဖန်ကို ဝန်းရံနေကြသည်။
ကျန်းမြို့တော်ရှိ ရှားမိသားစုကလည်း အားမနည်းကြောင်း လူတိုင်းသိကြပါသည်။
အကျော်အမော်များစွာ ပေါ်ပေါက်လာမှုကြောင့် အားလုံး ဗြောင်းဆန်သွားရလေသည်။
"လခွမ်း... ဒါ ဘော့စ်လင်းရဲ့ အဆက်အသွယ်တွေလား။ ငါတို့တောင် ဘက်မရွေးရသေးဘူး။ အကျော်အမော်ကြီးတွေက ဘက်ရွေးပြီးသွားကြပြီ"
"ကျန်းမြို့တော်က ရှားမိသားစု၊ ရှန်ဟိုင်းမြို့က ဟော်မိသားစု၊ ရှန်ဟိုင်းမြို့က စုမိသားစု။ ရှန်ဟိုင်းမြို့က နာမည်ကြီး မိသားစု ၄ စုထဲက ၂ စုက ဘော့စ်လင်းကို ထောက်ခံကြတယ်။ ယန်မိသားစုနဲ့ ယွင်မိသားစုတို့ကလည်း ပေါ့သေးသေး မဟုတ်ကြဘူးနော်..."
"လင်းဖန်နောက်ကွယ်မှာ Alibaba လည်းရှိတယ်။ တစ်ချိန်တည်းမှာပဲ လင်းဖန်က Estee Lauder ရဲ့ ဥက္ကဌဖြစ်ပြီးတော့ ကုမ္ပဏီပေါင်းများစွာရဲ့ အဓိက ရှယ်ယာဝင်လည်း ဟုတ်တယ်။ ဘော့စ်လင်းက စီးပွားရေးလောကမှာ တကယ့် အောင်မြင်သူတစ်ယောက်ပါလား။ ငါလည်း ဘော့စ်လင်းကို ထောက်ခံပေးချင်တယ်"
"ဘော့စ်လင်း ကျုပ်တို့ ကုမ္ပဏီလည်း ခင်ဗျားကို ထောက်ခံပါတယ်။ အတူတူ အလုပ်တွဲလုပ်ကြပြီး ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားကြစို့"
"ဟုတ်တယ် ဘော့စ်လင်းနောက်ကို လိုက်ရင် ကျုပ်တို့ အမြဲတမ်း ညစာ အတူတူ စားခွင့်လည်း ရမယ်။ ကျုပ်တို့အားလုံး ဘော့စ်လင်းရဲ့ အစွမ်းအစကို ယုံကြည်ပါတယ်"
"ဘော့စ်လင်းက ငယ်လည်း ငယ်ပြီး ဒီလောက်ထိ လူချစ်လူခင် ပေါများတယ်။ ဘယ်သူက ခံနိုင်ရည် ရှိမှာလဲ။ ငါလည်း ထောက်ခံမယ်"
"ဘော့စ်လင်းက တော်လိုက်တာ ကျုပ်လည်း ထောက်ခံမယ်။ နောက်ထပ် ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
မကြာမီ ကုမ္ပဏီပေါင်း ၃၀ ကျော်က လင်းဖန်ကို ထောက်ခံကြောင်း ကြေညာလိုက်ကြသည်။
ဒီလုပ်ငန်းတွေ့ဆုံပွဲကြီးက လူတွေကို သိမ်းသွင်းတဲ့ သဘောပဲ ဖြစ်သည်။
လင်းဖန်က ပြုံးကာ ပြောလိုက်သည်။
"အားလုံးပဲ ကျွန်တော့်အစွမ်းအစကို ယုံကြည်ထားပေးပါဗျာ။ အနာဂတ်မှာ အိမ်ခြံမြေလုပ်ငန်းက ရေပန်းစားလုပ်ငန်းတစ်ခု ဖြစ်လာတော့မှာပါ။ အိမ်ခြံမြေလောကထဲကို ဝင်ရင် ကျိန်းသေပေါက် ငွေတွေ အများကြီး ရလိမ့်မယ်။ ကျွန်တော့်အတွက် အလုပ်လုပ်ပေးတဲ့လူတွေလည်း တန်းတူညီမျှ အကျိုးခံစားခွင့်ရစေရမယ်"
"ဒါပေမယ့် အိမ်ခြံမြေလောကဆိုတာ အာနိသင်ပြလာဖို့ အချိန်အတော်ကြာတတ်တယ်။ ကျွန်တော်တို့ စိတ်ရှည်ရှည် စောင့်ရမယ်။ အနာဂတ်မှာ ကျွန်တာ်တို့ အိမ်ခြံမြေလုပ်ငန်းတင် မဟုတ်ဘဲ ဟိုတယ်လုပ်ငန်း၊ ရုံးအဆောက်အအုံလုပ်ငန်း၊ ဘဏ္ဍာရေး၊ ဆိုင်ခန်းတွေဘက်ပါ ခြေချကြမယ်။ အသေးစိတ်ကိုတော့ နောက်မှ ဆွေးနွေးကြပါမယ်"
လူပေါင်းများစွာ သူ့ကို ထောက်ခံနေတာကို မြင်ပြီးနောက် လင်းဖန် ရင်ထဲ နွေးထွေးသွားခဲ့ပါသည်။
သူ့အစွမ်းအစကို ယုံကြည်သူတွေ ဒီလောက်များမှတော့ ကောင်းရုန်ကို အနိုင်ယူဖို့ မခက်ခဲလောက်ပါ။
တကယ်ဆို Alibaba ကို အားကိုးရုံနဲ့ ကောင်းရုန်ကို လင်းဖန် အနိုင်ယူနိုင်ပါသည်။
ဒီလုပ်ငန်းတွေ့ဆုံပွဲကို လာတာက လင်းဖန် အိမ်ခြံမြေလောကထဲကို အတည်ဝင်ရောက်ဖို့ ဖြစ်ပြီး အနာဂတ်မှာ ငွေတွေ အများကြီး ရှာဖို့ ဖြစ်သည်။
လူတွေများများ သိမ်းသွင်းနိုင်လေလေ၊ လင်းဖန်အတွက် အကျိုးရှိလေလေ ဖြစ်ပါသည်။
လင်းဖန်၏ စကားကို ကြားသောအခါ အားလုံး ယုံကြည်ချက် ပြည့်ဝသွားကြသည်။
လင်းဖန်က သူ့ကြေညာချက်ကို ထုတ်ပြန်ပြီးနောက် ကောင်းရုန် စင်ပေါ်တက်လာခဲ့ပါသည်။
ကောင်းရုန်က ပြုံးလိုက်ပြီး ပြောလိုက်သည်။ "အားလုံးပဲ ကျွန်တော်က ကောင်းရုန်ပါ။ ကျွန်တော် အိမ်ခြံမြေလောကထဲမှာ ကျင်လည်နေခဲ့တာ ၄ နှစ်တောင် ရှိပြီ။ အနာဂတ်မှာလည်း ကောင်းမိသားစုရဲ့ ဆက်ခံသူ ဖြစ်လာတော့မှာပါ။ အိမ်ခြံမြေလောကထဲမှာ ကျွန်တော့်ထက် ပိုပြီး နားလည်တတ်ကျွမ်းတဲ့သူ၊ ကျွန်တော့်ထက် စွမ်းဆောင်ရည် ပိုမြင့်တဲ့သူဆိုတာ မရှိမှန်း ကျွန်တော် တပ်အပ်ပြောနိုင်ပါတယ်"
"ကျွန်တော် စည်းစိမ်အရဆို ၄၀၀ ဘီလီယံယွမ် ဖန်တီးခဲ့တယ်။ ကျွန်တော့်ကို ထောက်ခံတာက အစွမ်းအစ မရှိတဲ့ တက်သစ်စတစ်ယောက်ကို ထောက်ခံတာထက် အများကြီး ပိုမကောင်းဘူးလား။ ကျွန်တော့်ဆီက ရမယ့် အကျိုးခံစားခွင့်တွေကို ပြောဖို့တောင် မလိုပါဘူး။ ကျွန်တော့်ကို ကျော်နိုင်တဲ့လူဆိုတာ များများစားစား မရှိဘူး။ ဉာဏ်ကြီးရှင်သမီး ဟော်ရှင်းယုတောင် ထိုနည်းလည်ကောင်းပဲ။ ကျန်းမြို့တော်မှာ သူ ကျွန်တော့်ကို လာယှဉ်ပြိုင်တော့ ကျွန်တော်ပဲ အနိုင်ရခဲ့တာပါ"
"တခြားလုပ်ငန်းတွေမှာတော့ မကြွားရဲပါဘူး။ အိမ်ခြံမြေလောကထဲမှာဆိုရင်တော့ ကျွန်တော့်ကို အနိုင်ယူနိုင်တဲ့လူဆိုတော့ မွေးမလာသေးဘူး"
"ဘော့စ်လင်း ခင်ဗျားရဲ့ ဆန်းသစ်တဲ့ စိတ်ခံစားချက်ကို အရမ်းသဘောကျပါတယ်။ နယ်ပယ်သစ်ထဲကို အလောတကြီး ဝင်လာရဲတယ်။ ဒါပေမယ့် သတိမပေးခဲ့ဘူးလို့တော့ ကျွန်တော့်ကို အပြစ်မတင်နဲ့နော်။ အတွေ့အကြုံ မရှိရင် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားလိမ့်မယ်။ အခု နောက်ပြန်လှည့်ဖို့ နောက်မကျသေးပါဘူး။ ဘော့စ်လင်း ကျွန်တော်တို့ ကောင်းကော်ပိုရေးရှင်းကို ရှုံးသွားရင်တော့ နောက်ပြန်လှည့်လို့မရတော့ဘူးနော်"
"ဒါနဲ့ ခင်ဗျားဇနီးလောင်း ရှားဝမ်ချွေ့နဲ့ ရှားမိသားစုတို့က ကျန်းမြို့တော်ထဲမှာ အိမ်ခြံမြေ ၁၀ ရာခိုင်နှုန်းကျော်အောင် မပိုင်ဆိုင်ဘူး မဟုတ်လား။ ၉၀ ရာခိုင်နှုန်းစလုံးက ကျွန်တော်တို့ ကောင်းမိသားစု ပိုင်ဆိုင်တာလေ"
"ရည်မှန်းချက်ကြီးတဲ့ ပုဂ္ဂိုလ်တို့ကို ကျွန်တော် ကြိုဆိုလိုက်ရပါတယ်။ ကောင်းကော်ပိုရေးရှင်းနဲ့ အတူတူ ပူးပေါင်းကြပြီး အလုပ်တူတူတွဲလုပ်ကြစို့။ အိမ်ခြံမြေလောကရဲ့ အနာဂတ်ဆိုတာ ဒါပဲ။ ဘော့စ်လင်း ခင်ဗျား အနုပညာလောကထဲမှာပဲ အကောင်းဆုံး ကြိုးစားဖို့ အကြံပေးချင်တယ်။ ပရော်ဖက်ရှင်နယ် မဟုတ်ရင် မထိသင့်တဲ့ နယ်ပယ်တွေဆိုတာ ရှိတယ်ဗျ" ကောင်းရုန်က လင်းဖန်ကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
လင်းဖန်ကို Alibaba ရဲ့ စီအီးအိုမာက ထောက်ခံပေးထားလည်း ဘာဖြစ်လဲ။ ကောင်းမိသားစုက ဘယ်တုန်းက ဘယ်သူ့ကို ကြောက်ဖူးလို့လဲ။
ကောင်းကော်ပိုရေးရှင်းရဲ့ စျေးကွက်တန်ဖိုးက ၄၀၀ ဘီလီယံကျော် ရှိပါသည်။
အိမ်ခြံမြေတွေဆိုတာ စျေးတက်တတ်မှန်း အားလုံး သိကြသည်။
နှစ်စဉ်နှစ်တိုင်း အိမ်ခြံမြေစျေးကွက်တွေက အမြဲတမ်း တက်နေမှာ ဖြစ်သည်။
အိမ်တစ်လုံးရဲ့စျေးက ၂ ဆ တက်သွားလျှင် ကောင်းမိသားစု ဘာမှ မလုပ်ရင်တောင် ၎င်းတို့ရဲ့ စျေးကွက်တန်ဖိုးက ၄၀၀ ဘီလီယံမှ ၈၀၀ ဘီလီယံအထိ တက်သွားပါလိမ့်မည်။ ဒါက အိမ်ခြံမြေလောကရဲ့ အကျိုးခံစားခွင့်ပဲ ဖြစ်သည်။
ကောင်းရုန်ပြောပြီးတာနဲ့ ကုမ္ပဏီ အတော်များများက သူ့ကို ထောက်ခံကြသည်။
သို့သော်လည်း ကုမ္ပဏီအများစုကတော့ မလှုပ်ကြသေးပါ။
လင်းဖန်နောက်ကွယ်မှာ ဘော့စ်မာ ရှိနေတာကြောင့် ဖြစ်ပါသည်။
ကုမ္ပဏီအများစုက လှုပ်ရှားဖို့ အစီအစဉ် မရှိတာကို မြင်သောအခါ ကောင်းရုန် ပြုံးလိုက်သည်။
နောက်ခံအင်အားချင်း ပြိုင်တယ်ပေါ့။
လင်းဖန်နောက်မှာ ဘော့စ်မာက ထောက်ပံ့ပေးနေသည်။
သူ့နောက်ကွယ်မှာလည်း တစ်ယောက်ယောက် ရှိနေပါသည်။
ထိုအချိန်တွင် Wanda ၏ စီအီးအိုဝမ် ထွက်လာခဲ့သည်။
သူ ထွက်လာတော့ စီအီးအိုမာလည်း မျက်ခုံး လှုပ်သွားရသည်။
တရုတ်နိုင်ငံရှိ ထိပ်တန်းအကျော်အမော်ကြီးများ ဖြစ်ကြသော စီအီးအိုမာ၊ စီအီးအိုဝမ်၊ စီအီးအိုလျို့ စသည်တို့က နယ်ပယ်ချင်း မတူကြသော်လည်း တစ်ယောက်ကို တစ်ယောက် သိကြပါသည်။
ကောင်းရုန်ရဲ့ နောက်ကွယ်က ဘော့စ်ကြီးမှာ စီအီးအိုဝမ် ဖြစ်နေလိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့ကြပေ။
စီအီးအိုဝမ်က အာရှတိုက်ရှိ အချမ်းသာဆုံးလူ ဖြစ်သည်။ သန်း ၁၀၀ ဆိုတာ ပန်းတိုင်အသေးစားလေးတစ်ခုသာ ဖြစ်သည်ဟုပင် ဆိုခဲ့သူ ဖြစ်ပါသည်။
သူ ပေါ်ပေါက်လာခဲ့တာကြောင့် ကောင်းရုန်နဲ့ လင်းဖန်တို့ရဲ့ နောက်ခံအင်အားက တန်းတူညီမျှ ဖြစ်သွားသည့်သဘောပင်။
ဒါ... ကောင်းရုန်ရဲ့ ဝှက်ဖဲလား။