လင်းဖန်ရဲ့ နောက်ခံအင်အား အစစ်အမှန်
Vol. 28 Ch. 410
စုရှောင်းယွီကို စုချွေ့ယီ မြင်လိုက်တာနဲ့ အများကြီး မတွေးရဲတော့ပေ။
ကောင်းမိသားစုနဲ့ လင်းဖန်တို့အကြား စုချွေ့ယီ ချက်ချင်း ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတော့သည်။
ကောင်းမိသားစုက ကျန်းမြို့တော်မှာ မကောင်းဆိုးဝါးတွေဖြစ်ကာ စွမ်းအားကြီးပြီး သာမန်ထက် ထူးကဲတဲ့ နောက်ခံအင်အား ရှိကြသည်။
သို့သော် သူ့ရှေ့က ကောင်မလေး စုရှောင်းယွီက စုကျန်းကော်ရဲ့ သမီး ဖြစ်သည်။
အရင်တစ်ခေါက် ဟော်မိသားစုက လင်းဖန်ကို ပြဿနာရှာခဲ့သည်။ စုရှောင်းယွီ ရောက်လာတော့ ဟော်မိသားစုရဲ့ စျေးကွက်တန်ဖိုးကို ၁၀၀ ဘီလီယံမှ ဘီလီယံ ခုဂဏန်းသာသာအထိ ရောက်အောင် လျှော့ချပစ်ခဲ့သည်။
ဟော်မိသားစု ဒေဝါလီခံရလုနီးပါး ဖြစ်ခဲ့ပါသည်။
စုရှောင်းယွီရဲ့ စွမ်းရည် အစစ်အမှန်က ဒါပဲ ဖြစ်သည်။
အရေးအကြီးဆုံးက လင်းဖန်ရဲ့ နောက်ခံအင်အားကို စုချွေ့ယီ မသိသေးပါ။
သူ့ညီမက သူ့ကို အလွန်လေးစားသဘောကျနေသဖြင့် လင်းဖန်က အလုပ်မှာလည်း အလွန်ထူးချွန်တာဖြစ်ရမည်။
စုရှောင်းယွီလိုလူမျိုးတောင် လင်းဖန်ဘေးမှာရှိနေပါသည်။ ထို့ကြောင့် စုချွေ့ယီလည်း လင်းဖန်ကို ထပ်ပြီး အထင်မသေးရဲတော့ပါ။
ကောင်းမိသားစုနဲ့ လင်းဖန်တို့အကြား စုချွေ့ယီ ရွေးချယ်မှု အမြန်ပြုလုပ်လိုက်ပါသည်။
စုမူချင်းက ကောင်းရုန်ကို လုံးဝ သဘောမကျမှန်း စုချွေ့ယီ သိပါသည်။ ဆန့်ကျင်ဘက်အနဖြင့် လင်းဖန်ကိုတော့ သူမ အလွန်သဘောကျနေသည်။
အချစ်ရေး မဟုတ်သော်လည်း အနည်းဆုံးတော့ စုမူချင်းအပေါ် လင်းဖန်နဲ့ ကောင်းရုန်တို့ရဲ့ အပြုအမူက လုံးဝ ခြားနားပါသည်။
လင်းဖန်က စုမူချင်းရဲ့ ဒဏ်ရာကို ဂရုစိုက်သည်။ သို့သော် ကောင်းရုန်ကတော့ ဂရုမစိုက်ပါ။ စုမူချင်းကို ကုတင်ပေါ် ဘယ်လိုဆွဲခေါ်ရမလဲဆိုတာပဲ စဉ်းစားနေ၏။
စုချွေ့ယီက စုမူချင်းရဲ့ မျက်နှာနီနီရဲရဲလေးကို ကြည့်လိုက်ပြီး အနည်းငယ် ဒေါသထွက်သွားသည်။
စုမူချင်းကို သူမအဖေ ရိုက်လိုက်တာက ကောင်းရုန်ကို ကြောက်လို့ ဖြစ်သည်။
ကောင်းရုန်ကြောင့်သာ မဟုတ်ပါက စုမိသားစု ဒီလိုအရှက်ရ,ရမှာ မဟုတ်ပါ။
ထိုအချိန်တွင် စုချွေ့ယီ ဆုံးဖြတ်ချက်ချလိုက်ပါသည်။
စုချွေ့ယီ ကောင်းရုန်ရှေ့ကို လျှောက်သွားပြီး ပြောလိုက်၏။
"စီအီးအိုကောင်း။ ကျွန်မ စိတ်မကောင်းပါဘူး။ ရှင် တွေ့တဲ့အတိုင်းပဲ ကျွန်မ ညီမလေးမှာ သူ သဘောကျတဲ့လူ ရှိပြီးသားပဲ။ ဒါက ရှင်တော့ မဟုတ်ဘူး။ အဲ့တာကြောင့် စုမိသားစုက ကောင်းမိသားစုရဲ့ လက်ထပ်ခွင့် တောင်းဆိုမှုကို သဘောမတူနိုင်ပါဘူး။ စီအီးအိုကောင်း ပြန်နိုင်ပါပြီ"
ကောင်းရုန်ရဲ့ မျက်နှာထား ပြောင်းလဲသွားရသည်။
လခွီးပဲ။ သူ ဒီကိုတောင် ရောက်လာပြီးမှကွာ။
စုချွေ့ယီ သူ့ကို ဒီစကားတွေပြောလိုက်ခြင်းက လူရှေ့သူရှေ့မှာ သူ့ကို အရှက်ခွဲလိုက်သလိုပင်။
ကောင်းမိသားစုကို အရှက်ခွဲလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါသည်။
စုချွေ့ယီရဲ့ ဆုံးဖြတ်ချက်ကို ကြားပြီးနောက် စုမိသားစုရဲ့ မျက်နှာတွေလည်း အလွန် ပြောင်းလဲသွားကြသည်။
သူတို့အမြင်မှာတော့ ကောင်းရုန်နဲ့ နီးစပ်အောင် လုပ်ပြီး စုမူချင်းနဲ့ ကောင်းရုန်တို့ကို လက်ထပ်ပေးလိုက်ပါက စုမိသားစုရဲ့ ပြဿနာတွေ အားလုံး ပြေလည်သွားမည်ဟူ၍သာ ဖြစ်သည်။
စုချွေ့ယီက အခု ကောင်းမိသားစုကို စော်ကားနေသည်။
ကောင်းမိသားစုကို စော်ကားလိုက်ပါက အကျိုးဆက်တွေ ဘယ်လိုဖြစ်လာမယ်မှန်း ဘယ်သူမှ မသိနိုင်ပါ။
စုချွေ့ယီရဲ့ အဖေလည်း လင်းဖန် ပါးရိုက်တာကို ခံလိုက်ရပြီး အခြေအနေတွေကို မြင်ကာ ပါးစပ်ပိတ်သွားခဲ့သည်။
စုချွေ့ယီက ဒီလိုလုပ်ခြင်းအားဖြင့် အကျိုးဆက်တွေကို ကြိုတွေးထားရမည်။
လင်းဖန်သာ ကောင်းရုန်လောက် အင်အားမကြီးမားပါက စုမိသားစုကို ကပ်ဆိုက်မှုကသာ စောင့်ကြိုနေလိမ့်မည်။
စုရှောင်းယွီက လင်းဖန်ဘေးမှာ ရပ်လိုက်ပြီး ကောင်းရုန်ကိုကြည့်လိုက်ပါသည်။ "ရှင် မကြားဘူးလား။ လက်ထပ်ခွင့် တောင်းတာကို လက်မခံဘူးတဲ့။ ရှင့်ကို ထွက်သွားခိုင်းနေတယ်လေ"
သို့သော်လည်း စုရှောင်းယွီ ထိုသို့ ပြောလိုက်သော်လည်း ကောင်းရုန် ဒေါသမပေါက်ကွဲရဲခဲ့ပါ။
သူက ဘော်ဒီဂတ် ဆယ်ဂဏန်းသာ ခေါ်လာတာ ဖြစ်သည်။ လင်းဖန် ဘော်ဒီဂတ် ၁၀၀ ကျော် ခေါ်မလာနိုင်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ။
ဒါက ရှန်ဟိုင်းမြို့ ဖြစ်သည်။ လင်းဖန်ရဲ့ ဘော်ဒီဂတ် အများစုက ဒီမှာ ရှိနေပြီး အချိန်မရွေး ခေါ်လိုက်လို့ ရသည်။
ကောင်းရုန်ကတော့ မတူပါ။ ရှန်ဟိုင်းမြို့က ဘော်ဒီဂတ် အမြောက်အများကို လှုပ်ရှားဖို့ သူ့အတွက် မလွယ်ကူပေ။
ကောင်းရုန် ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ပြီ၊ ကောင်းတယ်၊ သိပ်ကောင်းကြပါတယ်။ စုချွေ့ယီ။ မင်း ကောင်းမိသားစုကို ဆန့်ကျင်ချင်တယ်ဆိုတာ သေချာရဲ့လား"
စုချွေ့ယီက သူ့ကိုကြည့်ကာ ပြန်ပြောလိုက်ပါသည်။ "စီအီးအိုကောင်း၊ ကျွန်မတို့ စုမိသားစု ဆိုလိုတာ အဲ့လို မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ လက်ထပ်ခွင့်ကို ငြင်းဆန်လိုက်တာနဲ့ ကောင်းမိသားစုကို ဆန့်ကျင်တယ်လို့ စီအီးအိုကောင်းက ယူဆချင်လည်း ဘာမှ မတတ်နိုင်ပါဘူး"
ကောင်းရုန်ရဲ့ မျက်နှာထား မှောင်မိုက်သွားပြီး ပြောလိုက်သည်။ "ဒီနေ့ကစပြီး မင်းတို့အကုန်လုံး ကောင်းမိသားစုရဲ့ ရန်သူ ဖြစ်သွားပြီ"
ထို့နောက် ကောင်းရုန် လှည့်ထွက်သွားတော့သည်။
ကောင်းရုန်တို့ ပြန်ထွက်သွားသောအခါ စုမိသားစုရဲ့ ဆွေမျိုးနဲ့ မိတ်ဆွေတွေ စကားတန်းမပြောရဲကြပေ။
ဘာပဲဖြစ်ဖြစ် စုချွေ့ယီက စုကော်ပိုရေးရှင်းရဲ့ ဦးဆောင်သူ ဖြစ်သည်။
အခု စုချွေ့ယီရဲ့ ဆုံးဖြတ်ချက်က ကောင်းမိသားစုကို စော်ကားလိုက်ရာကျသည်ဟု ဆိုနိုင်သည်။
သူတို့ ဖြေရှင်းချက် ကောင်းကောင်း မရှာနိုင်ပါက စုချွေ့ယီကို အလွတ်ပေးမှာ မဟုတ်ကြပါ။
ကိစ္စတွေ ဖြေရှင်းပြီးနောက် စုချွေ့ယီက လင်းဖန်ရှေ့ကို လျှောက်သွားပြီး အနည်းငယ် ဦးညွှတ်လိုက်ပါသည်။ "ဘော့စ်လင်း ကျွန်မ တောင်းပန်ပါတယ်။ စုမိသားစုက ကြိုဆိုပါတယ်နော်။ စုမူချင်းကို ရှင့်လက်ထောက် ဖြစ်ခွင့်ပေးတဲ့အတွက် စုမိသားစုတစ်စုလုံးက ဂုဏ်ယူမိပါတယ်။ ဘော့စ်လင်း စုမိသားစုဆီကိုလာပြီး ကျွန်မတို့ကို လာကူညီတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်"
စုကော်ပိုရေးရှင်းရဲ့ စျေးကွက်တန်ဖိုးကလည်း ၆၀၀ ဘီလီယံကို ရောက်ဖူးပါသည်။ အပေါ်ယံမှာတော့ စုမိသားစုရဲ့ ခွန်အားက ကောင်းမိသားစုအောက် သိပ်မနိမ့်လှပါ။ အမှန်ပင်။ ကောင်းမိသားစုရဲ့ ဖုံးကွယ်ထားတဲ့ ခွန်အားက ပိုပြီး ကြောက်ဖို့ကောင်းပါသည်။
စုချွေ့ယီ ဒီနေ့ဒီလို အောင်မြင်နေရခြင်းက သူမရဲ့ ထက်မြက်တဲ့ ဆန်းစစ်မှုနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်ပါသည်။
လင်းဖန်နဲ့ ကောင်းရုန်တို့အကြား စုမိသားစု ရွေးချယ်လာရသောအခါ စုချွေ့ယီက လင်းဖန်ကိုသာ ရွေးချယ်ခဲ့ပါသည်။
လင်းဖန်က ပြုံးကာ ပြောလိုက်၏။
"ကျွန်တော့်ကို အဲ့လောက် ယုံကြည်နေရင် ခင်ဗျားတို့စုမိသားစုကို ကျွန်တော် ထိခိုက်အောင် လုပ်မှာ မကြောက်ကြဘူးလား"
စုချွေ့ယီက ပြုံးကာ ပြောလိုက်ပါသည်။ "မူချင်းကိုယ်တိုင်က ရှင့်ကို အရမ်းချီးမြှောက်ထားတော့ ကျွန်မတို့ စုမိသားစုက လောင်းကြေးထပ်ရဲပါတယ်"
ထိုအချိန်တွင် စုချွေ့ယီနဲ့ စုမူချင်းတို့ရဲ့အဖေ စုချန်းချမ့်က အင်တာနက်ပေါ်မှာ ရေပန်းစားသည့် အကြောင်းအရာ တစ်ခုကို မြင်လိုက်ရသည်။ လင်းဖန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဖြစ်ပါသည်။
အဓိက ကုမ္ပဏီကြီးများစွာက ၎င်းတို့ရဲ့ ရှယ်ယာရှင်များ၏ သရုပ်မှန်များကို ထုတ်ဖော်လာကြသည်။
လင်းဖန်က ကုမ္ပဏီကြီးများစွာရဲ့ အဓိကရှယ်ယာဝင်ဖြစ်တယ်ဆိုတဲ့သတင်းကို ဖုံးကွယ်ထားလို့ မရတော့ပါ။
အင်တာနက် တစ်ခုလုံး ပွက်လောရိုက်သွားခဲ့သည်။
"အရေးကြီးသတင်း၊ လင်းဖန်က ကုမ္ပဏီတွေ အများကြီးရဲ့ အဓိကရှယ်ယာဝင်တစ်ယောက်တဲ့။ ကျားရှင်းဖျော်ဖြေရေးအပြင် ဧကရာဇ်ဖျော်ဖြေရေးလည်း ရှိသေးတယ်။ လင်းဖန်က ဖျော်ဖြေရေး ကုမ္ပဏီ ၂ ခုရဲ့ ဘော့စ်လို့ပဲ အစက ထင်ထားတာ။ လင်းဖန်က Estee Lauder ရဲ့ ဘော့စ်ပါ ဖြစ်နေတာကိုး"
"ဘုရားရေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လင်းဖန်က ကုမ္ပဏီတွေ အများကြီးရဲ့ ရှယ်ယာဝင်တစ်ယောက်ပဲ။ Estee Lauder အပြင် Bugatti, Chanel, LV တို့လည်း ရှိသေးတယ်..."
"စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့ ဘယ်လိုလုပ် Estee Lauder ရဲ့ ကြော်ငြာပုဂ္ဂိုလ်တွေ ဖြစ်လာကြတာလဲလို့ ငါစဉ်းစားနေတာ။ ရှားဝမ်ချွေ့ကလည်း LV နဲ့ Chanel တို့ရဲ့ ကြော်ငြာပုဂ္ဂိုလ် ဖြစ်လာတယ်။ လင်းဖန်ကြောင့်ကိုး။ လင်းဖန်က အရမ်းတော်တာပဲ"
"ဟုတ်တယ်။ လင်းဖန်က အဲ့ဒီကုမ္ပဏီကြီးတွေမှာ အဓိကရှယ်ယာဝင်တစ်ယောက်ပဲ။ ကြော်ငြာပုဂ္ဂိုလ်နည်းနည်း စီစဉ်ပေးဖို့က အခက်အခဲ မရှိဘူး။ အရေးအကြီးဆုံးက တရုတ်စျေးကွက်ထဲမှာလည်း လင်းဖန် ဖွံ့ဖြိုးတိုးတက်နေခဲ့တာ။ ပစ္စည်းတွေကို စျေးကောင်းကောင်းနဲ့ ရောင်းချနိုင်တယ်။ ကုမ္ပဏီတွေရဲ့ အဓိကရှယ်ယာဝင် ဖြစ်လာပြီးကတည်းက ပြည်တွင်းထဲက အဲ့ဒီထုတ်ကုန်တွေရဲ့ စျေးတွေလည်း ကျသွားတယ်။ ငါ မဝယ်နိုင်သေးဘူး ဆိုပေမယ့် လင်းဖန်က အရမ်းမြင့်မြတ်တယ်လို့ ခံစားမိတယ်"
"ငါတို့ သူ့ကို လင်းဖန်လို့တောင် မခေါ်သင့်တော့ဘူး။ သူ့ကို ဘော့စ်လင်းလို့ ခေါ်သင့်တယ်။ ဘော့စ်လင်းက စီးပွားရေးလောကမှာ ဒီလောက်တောင် အောင်မြင်မှုတွေ ရထားတာ။ ဒါပေမယ့် ငါတို့အတွက် ရုပ်သံဒရမ်မာကောင်းတွေ ရိုက်ပေးပြီး ဖျော်ဖြေရေးကုမ္ပဏီမှာ အလုပ်လုပ်နေတုန်းပဲ။ အီးဟီး... ကြည်နူးလွန်းလို့ ငိုပါငိုချင်လာပြီ"
"ဘော့စ်လင်းက တရားလွန်လွန်းတယ်။ တစ်ပြိုင်တည်း ကုမ္ပဏီတွေ အများကြီးရဲ့ ရှယ်ယာဝင် ဘယ်လို ဖြစ်လာတာလဲ"
"ဘော့စ်လင်းဖြစ်နေလို့"
"အား လင်းဖန် ရှန်ဟိုင်းမြို့မှာ သန်းရာချီတန်တဲ့ ဗီလာကြီးတွေ ပြိုင်ကားကြီးတွေ ဘယ်လိုဖြစ်ပြီး ပိုင်ဆိုင်ထားတာလဲလို့ တွေးနေခဲ့တာ။ သာမန်ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို ဖွင့်ထားရင်တောင် အဲ့လောက် ချမ်းသာမှာ မဟုတ်ဘူး။ အဆုံးသတ်ကျတော့လည်း လင်းဖန်က တကယ် ချမ်းသာမှန်း ပေါ်လာခဲ့ပြီ။ အခု လင်းဖန်ကို လက်ထပ်ချင်တယ်ဆို နောက်ကျသွားပြီလား"
"လင်းဖန်နဲ့ ကလေးမွေးချင်တယ်။ လင်းဖန်က အရမ်းချောတယ်။ အရမ်း သဘောကောင်းပြီး ချမ်းသာတယ်။ ဘယ်သူ မကြိုက်ဘဲ နေမှာလဲ"
ဝေ့ပေါ် တစ်ခုလုံး ပေါက်ကွဲသွားသည်။
စုမူချင်းရဲ့ အဖေ စုချန်းချမ့်လည်း သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ပထမတော့ လင်းဖန်ကို သာမန်လူတစ်ယောက်ဟု သူ ထင်ခဲ့သည်။
လင်းဖန် ဒီလောက် စွမ်းအားကြီးနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။