← Chapters

စုကော်ပိုရေးရှင်းရဲ့ ဒုတိယအများဆုံးရှယ်ယာဝင် လင်းဖန်

Vol. 28 Ch. 412

စုကော်ပိုရေးရှင်းရဲ့ ဒုတိယအများဆုံးရှယ်ယာဝင် လင်းဖန်

Vol. 28 Ch. 412

ဟော်ရှင်းယုအပေါ် လင်းဖန် သုံးလိုက်သည့် နည်းလမ်းများကို ပြီးပြည့်စုံသည်ဟု ဆိုနိုင်ပါသည်။

တစ်ဖက်မှာတော့ လင်းဖန်ကိုယ်တိုင်ပေါ်လာပြီး ဟော်ရှင်းယုကို စုမိသားစုအား မတိုက်ခိုက်တော့ဖို့ တားလိုက်သည်။

ဘီလီယံရာချီတန်ဖိုးရှိသည့် ကုမ္ပဏီတစ်ခုအနေဖြင့် ဟော်ရှင်းယုသာ စုမိသားစုကို အလဲထိုးနိုင်ခဲ့ပါက ဟော်မိသားစုအတွက် အလွန် ကြီးမားသည့် စီးပွားရေး အကျိုးကျေးဇူးများ ရရှိလိမ့်မည်။

တစ်ဖက်မှာတော့ လင်းဖန်က ဟော်ရှင်းယုကို ဖိနှိပ်လိုက်ပြီး သူမနဲ့ အလုပ် အတူတူ တွဲလုပ်ကာ သူမအတွက် အကျိုးကျေးဇူးများ ယူဆောင်လာပေးမည်ဟု ဆိုလိုက်သည်။

ဒီလိုဆို ဟော်ရှင်းယုလည်း လင်းဖန်ဘက်ကို ပါလာပါလိမ့်မည်။

စီးပွားရေးလောကမှာ ဒီလိုပဲဖြစ်သည်။ အမြဲတမ်း သူများတွေကို ဖိနှိပ်နေလို့ပဲ မရပါ။ တစ်ခါတလေ အကျိုးခံစားခွင့်ပေးဖို့က အရေးကြီးသည်။ ထို့အပြင် ဟော်ရှင်းယုနဲ့ သူ အလုပ်လုပ်ပါက လင်းဖန်လည်း အကျိုးခံစားခွင့် အများကြီး ရနိုင်ပါလိမ့်မည်။

စုမိသားစုထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။

လင်းဖန်က စုမိသားစုအတွက် ပြဿနာ အကြီးကြီး တစ်ခုကို ဖြေရှင်းပေးခဲ့ပါသည်။

စုမိသားစုက စီးပွားရေးပျက်ကပ်ဆိုက်နေပြီး ၂ ဘီလီယံယွမ် လိုအပ်ချက် ရှိနေသေးသော်လည်း စုမိသားစု ပြန်လည်နာလန်ထူဖို့ အချိန်သိပ်မကြာလောက်ပေ။

စုချန်းချမ့် မယုံကြည်နေသေးပေ။ "ဒါ... ဟော်ကော်ပိုရေးရှင်းက အရမ်းအားကောင်းပြီး ဟော်ရှင်းယုကလည်း အရမ်းကြမ်းကြုတ်တဲ့ လူတစ်ယောက်ကို။ ပုံမှန်ဆို အလွယ်တကူသူများနဲ့ သဘောမတူတတ်ဘူး။ ဒါပေမယ့် ဘော့စ်လင်းက စကားနည်းနည်းပြောလိုက်တာနဲ့ ဟော်ရှင်းယုက သဘောတူသွားတယ်"

သို့သော်လည်း ခဏလောက် စဉ်းစားကြည့်ပြီးနောက် စုချန်းချမ့်က ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။

"သူက ဘော့စ်လင်းမို့လို့ပေါ့။ လက်ရှိ သူ့အဆင့်အတန်းနဲ့ဆိုရင် ဘော့စ်လင်းကို မျက်နှာသာ မပေးရဲတဲ့ ကုမ္ပဏီ မရှိသလောက် ရှားလိမ့်မယ်"

စုချွေ့ယီက လင်းဖန်ကို မတူညီတဲ့ပုံစံမျိုးဖြင့် ကြည့်လိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က ဟော်မိသားစုရဲ့ ပြဿနာ ကြီးကြီးမားမားကို အလွယ်တကူ ဖြေရှင်းပေးခဲ့သည်။ ထို့အပြင် စုမူချင်းရဲ့ အစွမ်းအစကိုလည်း စုချွေ့ယီ မြင်လိုက်ရပါပြီ။

စုမူချင်းက လင်းဖန်ရဲ့ လက်ထောက် ဖြစ်လာခဲ့သည်။ ကုမ္ပဏီများစွာရဲ့ ကိစ္စကို ဖြေရှင်းနိုင်သဖြင့် သူမ ညီမရဲ့ လက်ရှိအစွမ်းအစက သူမထက်တောင် ကျော်လွန်နေသည်ဟု ပြသနေခြင်းပင်။

လင်းဖန်နောက်ကို အချိန်အကြာကြီး လိုက်ခဲ့ပြီးနောက် စုမူချင်းရဲ့ အစွမ်းအစလည်း အများကြီး တိုးတက်သွားလောက်သည်။

စုချွေ့ယီက လင်းဖန်ကိုကြည့်ပြီး ပြုံးလိုက်ပါသည်။ "ဘော့စ်လင်း ကျွန်မတို့ နှစ်ယောက်တည်း စကားပြောလို့ ရမလား"

လင်းဖန် ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း ရပါတယ်"

သူတို့နှစ်ယောက် သီးခြားအခန်းတစ်ခုထဲ ဝင်လာပြီးနောက် လင်းဖန် လိုရင်းပြောလိုက်ပါသည်။ "မိန်းကလေးစု၊ မူချင်းဆီက ကျွန်တော် ကြားပြီးပြီ။ စုမိသားစုက အခု ၂ ဘီလီယံယွမ် လိုအပ်ချက် ရှိနေတယ်ဆို။ အခု ကျွန်တော် စုမိသားစုကို ကူညိဖို့ ၂.၅ ဘီလီယံယွမ် ထုတ်ပေးနိုင်တယ်"

စုချွေ့ယီက အံ့သြတကြီး ပြောလိုက်သည်။ "၂.၅ ဘီလီယံ ဟုတ်လား"

ငွေသား ၂.၅ ဘီလီယံယွမ် ဖြစ်နေတာကြောင့် မေးလိုက်ရခြင်း ဖြစ်ပါသည်။

၂.၅ ဘီလီယံယွမ်ကို ငွေသားဖြင့် ထုတ်ပေးနိုင်သူက အနည်းငယ်သာ ရှိသည်။

လင်းဖန်က စုမူချင်းကို ကူညီဖို့အတွက် ဒီလောက် ငွေတွေ အများကြီးကို တစ်ခါတည်းနဲ့ ထုတ်ယူခဲ့သည်။

စုမိသားစုရဲ့ လက်ရှိ စီးပွားရေး အခြေအနေနဲ့သာဆို လင်းဖန်ကို ပိုက်ဆံပြန်ဆပ်ဖို့က ခက်ခဲနိုင်ပါသည်။

ကုမ္ပဏီတစ်ခုမှာ ဘီလီယံချီ သို့မဟုတ် ဘီလီယံဆယ်ချီပြီး တန်ဖိုးရှိသော်လည်း ငွေကြေး စီးဆင်းမှုက အလွန်နည်းပါးလေ့ ရှိပါသည်။

၂.၅ ဘီလီယံယွမ်ကို ငွေသားအဖြစ် ထုတ်ပေးနိုင်သည့်လူကို တကယ့် သန်းကြွယ်သူဌေး တစ်ယောက်ဟုပင် ခေါ်ဆိုနိုင်လိမ့်မည်။

လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ် ၂.၅ ဘီလီယံပါ။ စုမိသားစု ပြန်လည်ထူထောင်ရေးအတွက် ကျန်တဲ့ကိစ္စတွေကို ခင်ဗျားတို့ လက်ထဲမှာ အပ်ခဲ့မယ်နော်"

စုချွေ့ယီ ခဏလောက် စဉ်းစားပြီး မတ်တပ်ရပ်လိုက်ပါသည်။ ထို့နောက် လင်းဖန်ကို ၉၀ ဒီဂရီလောက် ဦးညွှတ်လိုက်လေသည်။ "ဘော့စ်လင်း။ ကျွန်မ ဘယ်လိုကျေးဇူးတင်ရမလဲ မသိတော့ပါဘူး။ ဒါပေမယ့် စုမိသားစုအပေါ် ဘော့စ်လင်းရဲ့ စေတနာကို ဘယ်တော့မှ မမေ့ပါဘူး"

"ဘော့စ်လင်း စုမိသားစုက အခု အန္တရာယ်ထဲ ကျရောက်နေတာ။ ရှင့်ရဲ့ အကူအညီသာ မပါရင် စုမိသားစု ဒေဝါလီခံရလုနီးပါး ဖြစ်သွားလိမ့်မယ်။ ရှင့်အကူအညီကြောင့် စုမိသားစုလည်း အသက်ပြန်ဝင်လာခဲ့ပြီ"

"ဒီငွေကို ပြန်ဆပ်ဖို့ အချိန်ဘယ်လောက်ကြာမလဲ ကျွန်မ မသိဘူး။ ဒါပေမယ့် ကျွန်မတို့ စုမိသားစု ၁၀ နှစ်အတွင်း ပြန်ဆပ်နိုင်မယ်လို့တော့ ထင်ပါတယ်။ ဘော့စ်လင်းကို ကျွန်မတို့ ကုမ္ပဏီရဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်း ပေးပါ့မယ်။ အဲ့တာဆို ရှင်က ကုမ္ပဏီရဲ့ ဒုတိယအများဆုံးရှယ်ယာဝင် ဖြစ်သွားပါလိမ့်မယ်" စုချွေ့ယီက လင်းဖန်ကိုကြည့်ပြီး စာချုပ်ချုပ်ဆိုဖို့ အမြန်ပြင်ဆင်လိုက်ပါသည်။

စာချုပ်ထဲမှာ ၁၀ နှစ်အတွင်း ၂.၅ ဘီလီယံယွမ် ပြန်ဆပ်မည်ဟု ပြောထားရုံတင်မကဘဲ စုချွေ့ယီက လင်းဖန်ကို စုမိသားစုကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းကို ပေးမည်ဟူ၍လည်း ပါသည်။

ကြည့်ရတာ လင်းဖန်နဲ့အတူတူအလုပ်လုပ်ဖို့ စုချွေ့ယိက ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်တဲ့ပုံပင်။ ဒါက သူမ၏ ညီမဖြစ်သူအပေါ် သူမရဲ့ ယုံကြည်မှုနဲ့ ကာကွယ်မှုတစ်ခုလို ဖြစ်ပါသည်။

ရှယ်ယာ ၅ ရာခိုင်နှုန်းဆိုတာ စုကော်ပိုရေးရှင်းအတွက် အလွန် များပြားသော ပမာဏ ဖြစ်သည်။

လင်းဖန်က ခေါင်းငြိမ့်လိုက်ပြီး စာချုပ်ချုပ်လိုက်ပါသည်။ "ဒါဆို ကျွန်တော်လည်း အားနာနေမှာ မဟုတ်ဘူးနော်။ ရှယ်ယာ ၅ ရာခိုင်နှုန်းကို လက်ခံပါတယ်။ ဒါပေမယ့် စုကော်ပိုရေးရှင်းရဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ဖို့ ကျွန်တော် အချိန်သိပ်မရဘူးဗျ"

စုချွေ့ယီက အပျော်လွန်သွားပြီး လက်ကမ်းပေးလိုက်သည်။ "ဘော့စ်လင်း စုမိသားစုကို ကူညီပေးတဲ့အတွက် နောက်တစ်ခေါက် ကျေးဇူးတင်ပါတယ်ရှင်"

လင်းဖန်က စုချွေ့ယီနဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူတို့ တရားဝင် သဘောတူညီမှု ရသွားခဲ့ပါပြီ။

ငွေသား ၂.၅ ဘီလီယံယွမ်ကို စုမိသားစု အကောင့်ထဲ ထည့်သွင်းလိုက်ပါပြီ။

ယခု လင်းဖန်မှာ ငွေ များများစားစား မကျန်တော့ပေ။ ၂ ဘီလီယံကျော်ကို ရုပ်သံဒရမ်မာတွေက ရခဲ့တာ ဖြစ်ပြီး သူ ချေးထားတဲ့ သန်း ၅၀၀ ပါ အကုန် ပြောင်သွားခဲ့သည်။

သို့သော်လည်း သူပြန်ရလိုက်တဲ့ အရာတွေက မဆိုးလှပါ။ အနည်းဆုးတော့ စုမိသားစုက ဒီငွေကို ပြန်ဆပ်မှာဖြစ်ပြီး စုကော်ပိုရေးရှင်း၏ ရှယ်ယာ ၅ ရာခိုင်နှုန်းကိုလည်း ရရှိသွားခဲ့သည်။

စုကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းက နောက်ပိုင်း ဒီ ၂.၅ ဘီလီယံထက်တောင် တန်ဖိုး ပိုရှိလာနိုင်ပါသေးသည်။

လင်းဖန်အတွက် ငွေသား ၂.၅ ဘီလီယံယွမ်ကို မလိုချင်လည်း ရပါသည်။ စုမူချင်းအတွက် စုမိသားစုကို ကူညီပေးနေခြင်းသာ ဖြစ်၏။

စုမူချင်းရဲ့ တန်ဖိုးက ၂.၅ ဘီလီယံကျော် သွားပါပြီ။ သူမသာ မရှိရင် လင်းဖန် လက်အောက်ရှိ ကုမ္ပဏီများစွာတွင် စီမံရေးပြဿနာများ တက်လာနိုင်ပါသည်။

စုမူချင်းရှိနေပါက သူမရဲ့ အစွမ်းအစနဲ့ တန်ဖိုးတို့က ဒီငွေပမာဏထက် အများကြီး တန်ဖိုး ပိုရှိပါသည်။

စုချွေ့ယီက မေးလိုက်သည်။ "ဘော့စ်လင်း နောက်ထပ် ပြဿနာတစ်ခု ရှိသေးတယ်။ မူချင်းက အရမ်း အစွမ်းအစ ရှိတော့ သူ့ကို စုကော်ပိုရေးရှင်းဆီ ပြန်ခေါ်ဖို့ စီစဉ်ထားတယ်။ သူ့အကူအညီနဲ့သာဆို စုမိသားစု ခပ်မြန်မြန် ပြန်လည်ထူထောင်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်"

ထိုစကားကိုကြားသောအခါ လင်းဖန် ခေါင်းခါလိုက်ပါသည်။ "အဲ့တာတော့ မဖြစ်ဘူး။ စုမူချင်းက အခု ကျွန်တော့်လက်ထောက် ဖြစ်နေပြီ။ သူ့ကို ကျွန်တော် အသုံးချရမယ့် နေရာတွေ အများကြီး ရှိသေးတယ်။ အဲ့တာတော့ ပြောင်းလဲလို့ မရဘူး"

"ဒါပေယ့် ကျွန်တော့်မှာ ကုမ္ပဏီရှယ်ယာ ၅ ရာခိုင်နှုန်း ရှိနေတာပဲ။ မူချင်းကို အဲ့ဒီ ၅ ရာခိုင်နှုန်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကူညီဖြေရှင်းခိုင်းလိုက်ပေါ့" လင်းဖန်ပြုံး လိုက်သည်။ စုမူချင်းအပေါ် သူ့ရဲ့ အပြည့်အဝ ယုံကြည်မှုကို ပြသလိုက်သည်။

စုချွေ့ယီက လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ဒီရှယ်ယာ ၅ ရာခိုင်နှုန်းက လင်းဖန် ပိုင်ဆိုင်တာ ဖြစ်သည်။

လင်းဖန်သာ စုမူချင်းကို ကိုင်တွယ်ခိုင်းလိုက်ပါက စုကော်ပိုရေးရှင်းမှာ လင်းဖန် အာဏာ လုံးဝ မရှိသလို ဖြစ်မသွားဘူးလား။

ဘာပဲဖြစ်ဖြစ် စုမူချင်းကလည်း စုမိသားစုကပဲဖြစ်ကာ သူတို့နဲ့ ရင်းနှီးမှု ပိုရှိသည်။ သို့သော်လည်း လင်းဖန်ကတော့ စုမူချင်းကို စုကော်ပိုရေးရှင်းကိစ္စတွေမှာ သူ့ကိုယ်စားလှယ် လုပ်ပေးဖို့ တောင်းဆိုခဲ့သည်။

ဒါ ဘော့စ်လင်းရဲ့ စတိုင် ဖြစ်နိုင်သည်။

အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ချင်ပါက သူ့လက်အောက်ငယ်သားတွေကို ယုံကြည်ဖို့က အရေးအကြီးဆုံး ဖြစ်သည်။

ဒီလိုတောင် မယုံကြည်နိုင်ပါက ခေါင်းဆောင်ကောင်း တစ်ယောက် ဘယ်လိုဖြစ်လာနိုင်မှာလဲ။

စီအီးအိုမာ Alibaba ကို တည်ဆောက်ခဲ့တုန်းကလိုပဲ သူ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာ ခက်ခဲမှုများဖြင့် ပြည့်နှက်နေပြီး သူ့လက်အောက်ငယ်သားတွေကို ယုံကြည်ထားသည်။

ထို့ကြောင့်ပဲ စီအီးအိုမာ အခုလို အဆင့်ထိ ရောက်လာနိုင်တာ ဖြစ်ပါသည်။

ဒီနေ့ လငးဖန်က စုမူချင်းကို အပြည့်အဝ ယုံကြည်ထားသည်။

လင်းဖန်က စုမိသားစုထဲ သူ့အာဏာ လျော့နည်းသွားမှာကို မစိုးရိမ်ပါ။

အဘယ့်ကြောင့်ဆိုသော် လင်းဖန်မှာ စုကော်ပိုရေးရှင်းတစ်ခုတည်းသာ ရှိတာ မဟုတ်ပေ။

ဒါက အကျော်အမော်တွေရဲ့ လောကပဲ ဖြစ်သည်။

အရေးအကြီးဆုံးက စုမူချင်းကို လင်းဖန် ဘယ်လောက် တန်ဖိုးထားသလဲဆိုတာကို စုချွေ့ယီ မြင်လိုက်ရပါသည်။

စုမူချင်းရဲ့ ပုံစံကြောင့် လင်းဖန်နဲ့ စုမူချင်းတို့ နောက်ပိုင်း သံယောဇဉ်တွယ်လာခဲ့ရင် စုမိသားစု တစ်စုလုံးအတွက် သတင်းကောင်း ဖြစ်ပါလိမ့်မည်။

လင်းဖန်နဲ့ စုမူချင်းတို့ရဲ့ ဆက်ဆံရေးက အလွန် ရိုးရှင်းပြီး လင်းဖန်က စုမိသားစုကို လိုလိုလားလား ကူညီကာ ငွေသားတွေ ဒီလောက် အများကြီး ထုတ်ပေးခဲ့သည်။

နောက်ပိုင်း သူတို့သာ ပေါင်းစည်းသွားပါက...

စုချွေ့ယီ ဆက်မတွေးရဲတော့ဘဲ တောက်ပစွာ ပြုံးလိုက်ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်တွင် စုမိသားစု ကျောထောက်နောက်ခံကောင်းကောင်း ရပါတော့မည်။

All Chapters