ကောင်းရုန်ရဲ့ ပထမဆုံးလှုပ်ရှားမှု
Vol. 28 Ch. 416
ပုလဲဟိုတယ်တွင်...
စုမူချင်းနဲ့အတူ လင်းဖန်ဝင်လာတော့ အာရုံစိုက်မှု များစွာကို ရရှိခဲ့သည်။
လင်းဖန်ဆီ ပြေးလာကြသည့် မီဒီယာများစွာလည်း ရှိသည်။
"ဟယ်လို ဘော့စ်လင်း။ ဘော့စ်လင်းက Alibaba ရဲ့ ဒုဥက္ကဌ၊ Estee Lauder ရဲ့ ဥက္ကဌ၊ LV နဲ့ Chanel တို့ရဲ့ တတိယအများဆုံးရှယ်ယာဝင်ဆိုတာ တကယ်ပဲလား"
"ဟယ်လိုဘော့စ်လင်း ကျွန်မတို့က News Media က သတင်းသမားတွေပါ။ ဒီနေ့ ပုလဲဟိုတယ် လုပ်ငန်း တွေ့ဆုံပွဲကို လာရောက်ခဲ့ရတဲ့ အကြောင်းအရင်းလေး သိခွင့် ရှိမလား"
"ဘော့စ်လင်း အနုပညာလောကထဲမှာပဲ ဆက်နေဦးမှာလား။ ဒါမှမဟုတ် စီးပွားရေးဘက်ကို ကူးပြောင်းမှာလားဆိုတာ သိခွင့်ရှိမလား"
သတင်းသမားများ၏ မေးခွန်းများကို ကြားသောအခါ လင်းဖန်ပြုံးလိုက်သည်။ "သတင်းတွေက အမှန်ပါပဲ"
သို့သော် တခြားမေးခွန်းတွေကိုတော့ လင်းဖန် မဖြေခဲ့ပါ။
ပုလဲဟိုတယ်၏ အပြင်အဆင်များက အလွန် ခမ်းနားမှုရှိသည်။ ခမ်းနားလှပတဲ့ ဖန်မီးဆိုင်းကြီးများ၊ ကျော့ရှင်းတဲ့ စားပွဲထိုးမလေးများ၊ အပြင်အဆင်စတိုင်အာားလုံးက ဒီနေရာကြီးရဲ့ ခမ်းနားမှုကို ခံစားမိစေသည်။
လင်းဖန် ဘေးပတ်လည်ကိုကြည့်လိုက်သောအခါ စီးပွားရေးအကျော်အမော်ကြီးများစွာဘေးမှာ မိန်းမလှလေးများ ရှိကြမှန်း တွေ့လိုက်ရသည်။
တချို့က ဘေးမှာ ဇနီးသည်များရှိနေကြပြီး တချို့ကတော့ အတွင်းရေးမှူးများကို ခေါ်ထားသည်။
လုပ်ငန်းတွေ့ဆုံပွဲတွင် မိန်းကလေးများကြောင့်လည်း ယောက်ျားလေးများက မျက်နှာရကြသည်။
လင်းဖန် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။ သူ ရှားဝမ်ချွေ့ကို မတွေ့မိပါ။
ထိုအချိန်တွင် ကောင်းရုန် သူ့ဆီကို လျှောက်လာခဲ့သည်။
"ဟေ့ ဘော့စ်လင်းလည်း ရောက်နေတာပါလား" ကောင်းရုန်က လင်းဖန်ကို အေးအေးဆေးဆေး ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ" လင်းဖန်က ကောင်းရုန်ကို ချိုချိုသာသာ မဆက်ဆံပေ။
"ဟားဟား ဘာကိစ္စမှမရှိလည်း မင်းကို လာတွေ့လို့ မရဘူးလား" ကောင်းရုန် လင်းဖန် အနားကို လျှောက်သွားပြီး နားထဲ တီးတိုးပြောလိုက်သည်။ သူတို့နှစ်ယောက်သာ ကြားနိုင်ပါသည်။
"လင်းဖန် ငါအမှန်တိုင်းပြောရရင် အဲ့ဒီကားအက်ဆီးဒင့်ဖြစ်အောင် ငါလွှတ်ခဲ့တာ။ မင်း ကံကောင်းသွားပြီး မသေတာ ဆိုးတာပဲ။ ဒါပေမယ့် သန်းရာချီတန်တဲ့ မင်းရဲ့ ကား ခြစ်ရာတွေ ထင်သွားအောင် လုပ်နိုင်ခဲ့လို့ အရမ်း ခံစားလို့ ကောင်းတာပဲ"
"လင်းဖန် မင်း တစ်ခါပဲ ရှောင်လို့ရမှာပါ။ မင်း ဘယ်နှခေါက်လောက် ရှောင်နိုင်မှာလဲ။ မင်း ဆက်ပြီး ရှောင်နိုင်ဦးမယ်ဆိုရင် မင်းရဲ့ အထက်တန်း အတန်းဖော် ရှုရှစ်ယင်က ရှော့ပင်းမောလ်တစ်ခုမှာ အရောင်းဝန်ထမ်း လုပ်နေတယ်လို့ ကြားတယ်နော်။ သူကလည်း ကြည့်ရမဆိုးလှပါဘူး။ ဟားဟားဟား"
ကောင်းရုန်က သရော်စွာဖြင့် ပြုံးလိုက်သည်။ "မင်းဒေါထွက်နေတာလား။ မင်းရဲ့ နောက်ခံအင်အားက အားကောင်းတယ် မဟုတ်ဘူးလား။ ငါ အခု ဒီမှာ ရှိနေတယ်လေ။ မင်းငါ့ကို သတ်ချင်ရင် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံနဲ့နော်"
ကောင်းရုန် ပြောပြီးတာနဲ့ လင်းဖန်ကို ပခုံးပုတ်ပြီး လှည့်ထွက်သွားပါသည်။
ကောင်းရုန်လောက် မောက်မာပြီး ကောက်ကျစ်တဲ့လူကို လင်းဖန် ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်သည်။
လင်းဖန်ရဲ့ နောက်ခံအင်အားကို သိနေတာတောင် ကောင်းရုန်က ဒီလိုပြောသွားခဲ့သည်။
ထို့အပြင် လင်းဖန်က အခု ကောင်းရုန်ကို တိုက်ခိုက်လို့တောင် မရပါ။ သတ်ဖို့ဆို ပိုဝေးသည်။
ကောင်းရုန် သူ့ကို ရန်စနေမှန်း လင်းဖန် သိသည်။ မီဒီယာများစွာနဲ့ စီးပွားရေးအကျော်အမော်များစွာ ရှေ့မှာ တစ်ယောက်ယောက်ကို ထိုးကြိတ်လိုက်ပါက ကောင်းရုန် ထောင်ချောက်ထဲ သူ ကျသွားပါလိမ့်မည်။
ရှုရှစ်ယင်အကြောင်းကို သူပြောသွားသောအခါ လင်းဖန် အနည်းငယ် ဒေါသထွက်သွားပါသည်။
လင်းဖန်က ကောင်းရုန်ကို တိုက်ခိုက်နိုင်သည်။ သို့သော် သူ့မိသားစုနဲ့ မိတ်ဆွေတွေကိုတော့ လာထိလို့ မရပါ။
ဘာပဲဖြစ်ဖြစ် ရှုရှစ်ယင်က လင်းဖန်ရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော် ဖြစ်ပါသည်။ ရှန်ဟိုင်းမြို့မှာ သူ ငွေတွေ အများကြီး ရခဲ့စဉ်တုန်းက ရှုရှစ်ယင်ဆီသွားပြီး အဝတ်အစား ယွမ် ၁၀၀,၀၀၀ ဖိုး အားပေးခဲ့သေးသည်။ ထို့နောက်ပိုင်း သိပ်မတွေ့မိကြသော်လည်း သူမက အလွန်တော်သည့် ကောင်မလေးတစ်ယောက် ဖြစ်ပါသည်။
ကောင်းရုန်သာ တစ်ခုခု လုပ်ရဲပါက...
စုမူချင်းလည်း လင်းဖန်ကိုကြည့်လိုက်ပြီး အကြံပေးလိုက်သည်။ "ကောင်းရုန်က ဒီတိုင်း ရန်လာစနေတာပါ။ ဒေါသမဖြစ်ပါနဲ့"
လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "အင်း ဘာမှ မဖြစ်ပါဘူး။ ကောင်းရုန်က အပြောပဲ တတ်တာပါ"
ဒီတစ်ခေါက် စုရှောင်းယွီတောင် လှုပ်ရှားခဲ့မှန်း သူ သိသည်။ သူ မထိရင်တောင် ကောင်းရုန် ကပ်ဆိုက်နေပါပြီ။ တစ်ခုတည်းသော ခြားနားချက်က ကောင်းရုန် ဘယ်လိုသေမလဲ ဆိုခြင်းသာ ဖြစ်၏။
သေခါနီးလူတစ်ယောက်နဲ့ လင်းဖန် အငြင်းမပွားချင်ပေ။
သူ ဝင်လာပြီး သိပ်မကြာခင် အမျိုးသမီးတစ်ယောက်က လူအုပ်ထဲမှ ရုတ်တရက် ပြေးထွက်လာခဲ့သည်။
ထိုအမျိုးသမီးက အသက် ၂၀ ဝန်းကျင်သာ ရှိသေးသည့်ပုံပင်။ သို့သော်လည်း ကိုယ်ဝန်ရှိနေပါသည်။ လင်းဖန်ဆီကို မျက်ရည်များဖြင့် ပြေးလာပြီး ပေါင်ကို ဖက်လိုက်ပါသည်။
ထို့နောက် ချက်ချင်းဆိုသလိုပဲ ကောင်းရုန် အပါအဝင် လူပေါင်းများစွာ ထိုမိန်းမကို ကြည့်လိုက်ကြသည်။
"လင်းဖန် နောက်ဆုံးတော့ ရှင့်ကို ပြန်တွေ့ရပြီ။ ဘာလို့ ကျွန်မကို အလိုမရှိတော့တာလဲ။ ရှင် ကျွန်မကို တာဝန်ယူပေးရမယ်။ ကျွန်မကို သဘောမကျဘဲ လမ်းခွဲချင်တယ်ဆိုရင်တောင့် ဗိုက်ထဲက ကလေးအတွက် ရှင်တာဝန်ယူပေးရမယ်"
"လင်းဖန် ရှင်ကျွန်မတို့ကို တာဝန်မယူချင်ဘူးဆိုရင်တောင် ကလေးအတွက် ထောက်ပံ့ကြေးပေးရမယ်။ ကျွန်မကို ထောက်ပံ့ကြေးပေးပါ။ ကျွန်မနဲ့ ချစ်ကြိုက်ပြီးမှ တာဝန်မယူချင်လို့ မရဘူးး။ ရှင်က ယောက်ျား မဟုတ်ဘူး။ အီးဟီးဟီး ကျွန်မတို့ကို မလိုချင်တော့ဘူး။ ကလေးနဲ့ ကျွန်မကို ဘယ်လိုဖြစ်စေချင်တာလဲ"
ထို့နောက် အမျိုးသမီးက ကြမ်းပြင်ပေါ် ဒူးထောက်ချပြီး စတင်ငိုကြွေးလေတော့သည်။ လင်းဖန်ရဲ့ ပေါင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ထိုအမျိုးသမီးရဲ့ စကားကိုကြားသောအခါ ဘေးပတ်လည်က ဆူညံသံတွေ ချက်ချင်း တိတ်ဆိတ်သွားကြသည်။
တချို့ မီဒီယာတွေက အပြေးအလွှား ရောက်လာကြသည်။ တကယ့် သတင်းထူး ဖြစ်ပါသည်။
လင်းဖန်က အမျိုးသမီးကို ဗိုက်ကြီးအောင် လုပ်ပြီး စွန့်ပစ်ခဲ့သည်။ နောက်ဆုံးမှာတော့ အမျိုးသမီးက သူ့ဆီ ရောက်လာခဲ့ပြီး တာဝန်ယူခိုင်းနေသည်။
ထို့အပြင် ဒီအမျိုးသမီးက ကိုယ်ဝန်ရှိနေသည့် ပုံစံမျိုးပင်။ ဒီသတင်းထူးသာ ပြန့်သွားလျှင် လူတွေ ဘယ်လောက်များ စိတ်ဝင်စားသွားမလဲ မသိနိုင်ပါ။
ထို့ကြောင့် သတင်းမီဒီယာများက ဓာတ်ပုံတွေရိုက်နေကြသည်။ မြင်ကွင်းကို မြင်သွားတဲ့ အကျော်အမော်တချို့လည်း အံ့အားသင့်ကုန်ကြပါသည်။
အရေးအကြီးဆုံးက ဒီအမျိုးသမီးပြောတာသာ အမှန်ဆိုရင် လင်းဖန် ရှားဝမ်ချွေ့နဲ့ တွဲနေတုန်း သူမနဲ့ ဖောက်ပြန်ခဲ့တာ ဖြစ်မည်။
ဒီလို မကောင်းသတင်းမျိုးက အနုပညာရှင်တစ်ယောက်ကို ရိုက်ချိုးပစ်လိုက်နိုင်သည်။
ချက်ချင်းပဲ လူတစ်စုက စတင် အတင်းတုပ်ကြလေသည်။
"မဖြစ်နိုင်တာ လင်းဖန်က အဲ့လိုလူမျိုးလား။ အပေါ်ယံမှာတော့ ဖြောင့်မတ်တဲ့ ပုံစံမျိုးနဲ့။ ဒီလို အရာမျိုး လုပ်လိမ့်မယ်လို့ လင်းဖန်ကို တကယ် ထင်မထားဘူး"
"အေး အန်တောင်အန်ချင်တယ်။ လင်းဖန်မှာ ဘာမကောင်းသတင်းမှ မရှိဘူးလို့ ထင်ထားခဲ့တာ။ အခု ပြန်ကြည့်လိုက်မှ လင်းဖန်က ဒီလိုလူမျိုးကိုး"
"ဟူး စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့ တကယ် မရဘူးပဲ။ လင်းဖန်က ရှားဝမ်ချွေ့လို လှပချောမောတဲ့ ကောင်မလေးကို ရထားတာတောင် မကျေနပ်နိုင်သေးဘဲ ဒီလိုလုပ်ရပ်မျိုးလုပ်ရတယ်လို့"
လင်းဖန် ဒီမိန်းမကိုမြင်တော့ အနည်းငယ် တုန်လှုပ်သွားရသည်။
ဒီမိန်းမကို သူ လုံးဝ မသိပါ။
သူက လူယုတ်မာဆိုရင်တောင် ဒီမိန်းမကို စိတ်ဝင်စားမှာ မဟုတ်ပေ။
ဒီမိန်းမက အသက် ၂၀ ဝန်းကျင်ရှိပြီး ပုံစံအားဖြင့် သာမန်သာ ဖြစ်သည်။
ရှားဝမ်ချွေ့၊ စုမူချင်း၊ လင်းခဲ့ရှင်း၊ စုရှောင်းယွီတို့နဲ့ အလွန်ကွာခြားသည်။
လင်းဖန်က လူယုတ်မာဆိုရင်တောင် စုရှောင်းယွီကို ကြံစည်လို့ မရဘူးလား။ အနည်းဆုံးတော့ စုရှောင်းယွီမှာ ခြေတံသွယ်သွယ်လေးများ ရှိသေးသည်။ စုမူချင်းကို ကြံစည်လို့လည်း ရသည်။ လင်းခဲ့ရှင်းကိုလည်း ကြံစည်လို့ ရသည်။ လင်းခဲ့ရှင်းက ပေကျင်းရုပ်ရှင်တက္ကသိုလ်ရဲ့ Queen တစ်ယောက် ဖြစ်သည်။
လူယုတ်မာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရှားဝမ်ချွေ့ကိုတောင် လင်းဖန် အခွင့်အရေး မယူရသေးပါ။ ဒီမိန်းမကို အခွင့်အရေး ယူပါ့မလား။
သို့သော်လည်း ဒီလိုအခြေအနေမျိုးအောက်မှာ ဒါတွေပြောလို့ဘာမှအသုံးမဝင်တော့ပေ။ အနည်းငယ် ခိုကိုးရာမဲ့သွားလေသည်။
လင်းဖန် ချက်ချင်း နားလည်လိုက်၏။
တစ်ယောက်ယောက်က သူ့ကို နာမည်ဖျက်ဖို့ ကြိုးစားနေတာ ဖြစ်သည်။
ကောင်းရုန်ကလွဲပြီး ဘယ်သူရှိနိုင်ဦးမှာလဲ။
ဒီမိန်းမကို စွပ်စွဲခိုင်းခဲ့ပြီး လင်းဖန် ကိုယ့်ကိုယ်ကို ကာကွယ်လို့ မရအောင် ပြုလုပ်ခဲ့သည်။
ဒီအကွက်က အတော်လေး လှပါသည်။
လမ်းမပေါ်မှာ ယောက်ျားတစ်ယောက်ကို မိန်းမတစ်ယောက် ပါးရိုက်တာကိုမြင်ပါက ဘာပဲဖြစ်ဖြစ် အားလုံး ပထမဆုံး ထင်မိမှာက ယောက်ျားလေး မှားသည်ဆိုတာပင်။
ကိုယ်လုံးတီးမိန်းမတစ်ယောက်ကို ယောက်ျားလေးက မြင်ရင်လည်း ယောက်ျားလေး အမှား၊ ကိုယ်လုံးတီးယောက်ျားလေးတစ်ယောက်ကို မိန်းကလေးတစ်ယောက် မြင်ရင်လည်း ယောက်ျားလေး အမှား ဖြစ်သည်။ ထိုသဘောတရားနဲ့ တူညီပါသည်။
လင်းဖန်တစ်ယောက် ဒီမိန်းမနဲ့ ပြဿနာကို ဒီမှာ မဖြေရှင်းနိုင်ပါက ကောလဟာလတွေရဲ့ ရိုက်ချက်ကို ခံရပြီး နာမည်ကို ရှင်းလင်းနိုင်မှာ မဟုတ်ပါ။
ဒီမိန််းမရဲ့ ဗိုက်ထဲက ကလေးလည်း မမွေးသေးသဖြင့် ဆေးစစ်ချက် ပြုလုပ်လို့ မရပေ။ ဒီမိန်းမက လင်းဖန်ကို အရှက်မဲ့သော နည်းလမ်းဖြင့် နာမည်ဖျက်ဖို့ ကြိုးစားနေသည်။ လင်းဖန် ပိုရှင်းပြလေလေ ပိုပြီး ဗရုသုက္ခ ဖြစ်လာနိုင်လေလေ ဖြစ်သည်။
လင်းဖန်က လုပ်ငန်းတွေ့ဆုံပွဲကို အခုလေးတင်မှ ရောက်လာတာဖြစ်ကာ ဒီလိုဖြစ်မည်ဟု ဘယ်သူမှ မျှော်လင့်မထားကြပေ။
ချက်ချင်းဆိုသလိုပဲ လင်းဖန်တစ်ယောက် အရေးနိမ့်တဲ့ အခြေအနေကို ရောက်သွားခဲ့ပါတော့သည်။