အနိမ့်ဆုံး ဈေးနှုန်းများဖြင့် ဝယ်ယူခြင်း
Vol. 47 Ch. 692
ဖုန်းယွီသည် လျော်ကြေးငွေနှင့် ဘာမှမဆိုင်သကဲ့သို့၊ ဂျပန်ကုမ္ပဏီများမှ ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုအား တောင်းပန်ရန် တောင်းဆိုခြင်းမလုပ်တော့ချေ။ တရုတ်နိုင်ငံရှိ ဂျပန်ကုမ္ပဏီများအားလုံးသည် နိမ့်ကျသော ပုံရိပ်ကိုသာ ထိန်းသိမ်းထားကြသည်။
မကြာမီ နှစ်သစ်ကူးနေ့ ရောက်တော့မည်ဖြစ်ပြီး နောက်ထပ် ထိုင်ဟွာကုန်တိုက် ဈေးဝယ်ကတ်များ အရူးအမူး ရောင်းရချိန် ဖြစ်ပေသည်။ သို့ရာတွင် ဖုန်းယွီသည် ပေကျင်းတွင် ရှိမနေချေ။ ဟောင်ကောင်သို့ ထွက်လာခဲ့သည်။
“တူလေးဖုန်း.. ဒီတစ်ခါ တွယ်ပြီးရင် ဒီကောင်တွေရဲ့ ရှယ်ယာဈေးနှုန်း ဖင်ကပ်သွားလောက်လား.. မကြာခင် ပြန်တက် လာလောက်လား..”
ဖူရုံချီ မေးလိုက်သည်။ ဖုန်းယွီ ခေါင်းခါ၍…
“အချိန်မကျသေးဘူး.. အဲ့ကုမ္ပဏီတွေ လျော်ကြေးပေးဖို့နဲ့ ဒဏ်ငွေပေးဆောင်ဖို့ပဲ သဘောတူထားတာ။ အခုထိ မကြေညာသေးတဲ့ တုန်လှုပ်စရာ သတင်းရှိသေးတယ်… သတင်း ကြေညာပြီးရင် သူတို့ရှယ်ယာဈေးတွေ ထပ်ကျသွားလိမ့်မယ်..”
ဖူရုံချီ မျက်မှောင်ကြုတ်လိုက်သည်။ ယခုထက်ပို၍ ထိတ်လန့်စရာ ကောင်းသော သတင်းရှိသေးသည်လော။ ဤသည်က စိတ်ဝင်စားစရာ ကောင်းပေသည်။ ဖုန်းယွီသည် တရုတ်ထိပ်တန်း အရာရှိများနှင့် နီးစပ်ကာ အတွင်းသတင်းများ ရနိုင်လောက်ပေသည်။
“ဆိုနီ-ကိုလံဘီယာရုပ်ရှင် က ဒီခရစ္စမတ်မှာ ရုံတင်မယ့် ရုပ်ရှင်ဇာတ်ကား တစ်ကား ဖြန့်ချီတော့မယ်.. အဲ့ဇာတ်ကား ဆိုးရွားတယ်ဆိုပြီး ကောလာဟလတွေ ဖြန့်ဖို့ ကိုယ့်လူတွေကို ပြောထားတယ်.. ပရိသတ်တွေ အဲ့ဇာတ်ကားကို ရှောင်လို့ လက်မှတ်တွေရောင်းအား သိပ်ကောင်းမှာမဟုတ်ဘူး.. ရုပ်ရှင်ရုံ နည်းနည်းမှာပဲ ပြမှာဖြစ်ပြီး သူတို့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းတွေ ရောင်းအား ကျဆင်းသွားလိမ့်မယ်.. ဒီဇာတ်ကားအတွက် VCD ခွေတွေတောင် ရောင်းရမှာမဟုတ်ဘူး.. အမေရိကန်မှာ ဆိုနီရဲ့ ရှယ်ယာဈေးတွေ ကျဆင်းသွားလိမ့်မယ်..”
ဖူရုံချီ မြေခွေးတစ်ကောင်ကဲ့သို့ ကောက်ကျစ်စွာ ပြုံးနေသည်။ ကုမ္ပဏီ တစ်ခု၏ ရှယ်ယာဈေးများ ကျဆင်းရန် ငွေများများ ကုန်ကျရန် မလိုချေ။ တခါတရံ ကောလာဟလနှင့်ပင် လုံလောက်ပေသည်။
“ကျုပ်တို့ အစီအစဉ်အတိုင်း လုပ်ကြရအောင်.. ကျုပ် ဒီဓာတုကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ အဓိကထားပြီး ရအောင်ယူမယ်.. ခင်ဗျားက အဲ့ဒီ လျှပ်စစ်ပစ္စည်း ရှယ်ယာတွေ ရအောင်ယူ.. ဇန်နဝါရီလမှာ အဲ့ကုမ္ပဏီတွေ သူတို့ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို သိမ်းဖို့ အတိုင်းအတာတစ်ခုထိ လုပ်လိမ့်မှာဆိုတော့ ရှယ်ယာ ဈေးနှုန်းတွေ တဖြည်းဖြည်း မြင့်လာလိမ့်မယ်လို့ ကျုပ်ယုံတယ်.. အဲ့အချိန်ကျရင် ကျုပ်တို့ အမြတ်အစွန်း အများကြီးရနိုင်မှာ..”
တစ်ပတ်အပြည့်မီပင် ထိုကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ (၅၀)ရာခိုင်နှုန်း နီးပါးထိ ကျဆင်းသွားသည်။ ယခုထိ ကျဆင်းနေသေးသော်လည်း ကျဆင်းမှုသည် သီတင်းပတ် စောစောကလောက် မပြင်းထန်တော့ချေ။ သို့ရာတွင် လျော်ကြေးကြေညာပြီး ထိုကုမ္ပဏီများ သူတို့ စက်ရုံများကို တရုတ်နိုင်ငံ၌ ရောင်းချပြီးပါက ၎င်းတို့ရှယ်ယာများ ထပ်မံ ကျဆင်းသွားပေလိမ့်မည်။
ထိုနိုင်ငံပေါင်းစုံလုပ်ငန်းကြီးများ၏ အစုရှယ်ယာမားအားလုံးသည် ၎င်းတို့၏ ရှယ်ယာဈေးနှုန်းများ ပျက်ကျပြီးနောက် ကျိန်းသေပေါက် ပြန်တက်လာမည်ဖြစ်သည်။ ပြန်လည် အားကောင်းလာပေလိမ့်မည်။ ထို့အပြင် ၎င်းတို့သည် နှစ်ကုန်ပိုင်းဖြစ်ပြီး ဘဏ္ဍာရေး အစီရင်ခံစာများ ထုတ်ပြန်ပြီးနောက် ထိုကုမ္ပဏီများသည် ၎င်းတို့၏ အနာဂတ်အစီအစဉ်များနှင့် အမြတ်အစွန်း ခန့်မှန်းချက်များကို ကြေငြာရန် အခွင့်အရေးယူမည် ဖြစ်သည်။
အဓိက ရှယ်ယာရှင်များသည် ရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှု မြှင့်တင်နိုင်ရန် ကုမ္ပဏီများတွင် ၎င်းတို့၏ အစုရှယ်ယာများ တိုးမြှင့်မည် ဖြစ်ကြောင်း ကြေငြာမည်ဖြစ်သည်။ ၎င်းတို့၏ ရှယ်ယာများသည် ယိုယွင်းပျက်စီးမှုမှ ပြန်လည်၍ သေချာပေါက် ကောင်းမွန်လာမည်ဖြစ်သည်။ ယခုအချိန်တွင် ဖုန်းယွီနှင့် ဖူရုံချီတို့သည် ရှယ်ယာဈေးများ မည်သည့်အချိန် အောက်ဆုံးရောက်မည်ဖြစ်ကြောင်း ခန့်မှန်းရန်သာ လိုအပ်ပေသည်။
************
ဘတ်ဖက်သည် သူ့ရုံးခန်းအတွင်းထိုင်ကာ ကွန်ပျူတာ ကြည့်နေသည်။ ထိုဂျပန်ကုမ္၌ဏီများ၏ ဇာတ်လမ်းသည် သူ့အတွက် အလွန်ကောင်းသည့် အခွင့်အရေး တစ်ခုဖြစ်သည်။
ဝါရန် ဘတ်ဖက်သည် ရင်းနှီးမြုပ်နှံမှု များစွာရှိထားပြီး အထူးသဖြင့် ရှယ်ယာငွေကြေးဈေးကွက်တွင် အများဆုံး ရင်းနှီးမြုပ်နှံခဲ့သည်။ သူသည် ဝါရှင်တန်ပို့စ်၊ ကိုကာကိုလာ၊ ဗိုလ်မှူး ဒိုင်းနမိုက် စသည်တို့တွင် ရင်းနှီးမြုပ်နှံပြီး ထိုကုမ္ပဏီများမှ အမြတ်အစွန်းများစွာ ရခဲ့ပေသည်။
ဘတ်ဖက်သည် အထည်အလိပ် ထုတ်လုပ်ရေး စက်ရုံတစ်ရုံ ပိုင်ထားသော်လည်း ဤစက်ရုံမှ အမြတ်ငွေမှာ သူ့ဝင်ငွေ၏ အစိတ်အပိုင်း သေးသေးတစ်ခုသာ ဖြစ်သည်။ သူ့ငွေအများစုမှာ ရှယ်ယာများမှ လာခြင်းပင်။
သူ၏ ရင်းနှီးမြုပ်နှံမှု ပုံသေနည်းမှာ အရမ်းရိုးရှင်းပေသည်။ သူသည် ဈေးပေါသော ရှယ်ယာများကို ဝယ်ယူနိုင်ရေး ရှာဖွေမှုများ လုပ်ပြီးနောက် ရှယ်ယာဈေးနှုန်းများ တက်လာရန် စောင့်နေတော့သည်။ သို့ရာတွင် ဈေးပေါပေါဖြင့် ဆိုသည်မှာ မည်သည်ကို ဆိုလိုကြောင်း သူရှင်းမပြချေ။
အမြတ်ဝေစုနှင့် အစုရှယ်ယာများ ရောင်းချခြင်းမှ ရရှိသည့် အကျိုးအမြတ်များသည် မြင့်မားသော အမြတ်အစွန်းများ ပေးစွမ်းပေသည်။
အခြေခံအားဖြင့် ဘတ်ဖက်သည် ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာ အမြောက်အများကို ရယူလိုက်တိုင်း ထိုကုမ္ပဏီ၏ ရှယ်ယာဈေးများ တက်သွားမည်ဖြစ်သည်။ သူ့ရင်းနှီးမြုပ်နှံမှု ဗျူဟာသည် ရေရှည်ရင်းနှီး မြုပ်နှံမှုပင်။ ဝယ်ပြီး ရှယ်ယာဈေးများ ထိုးကျသွားလျှင်ပင် ပြန်ရောင်းရန် အလျင်စလို မလုပ်ချေ။ အဘယ့်ကြောင့်ဆိုသော် ရှယ်ယာ များသည် မကြာမီပြန်တက်လာပြီး အမြတ်စွန်း မြင့်မြင့် မားမား ရမည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။
သူ့ကုမ္ပဏီကို စတင်ပြီးကတည်းက သူ့ကုမ္ပဏီတန်ဖိုး အဆ(၄၀၀)နီးပါး တိုးလာသည်။ ရင်းနှီးမြုပ်နှံမှုတွင် ဘတ်ဖက်၏ အမြော်အမြင်ကို မည်သူမှ မနှိုင်းယှဉ်နိုင်ချေ။
ထူးဆန်း ဖြစ်စဉ်တစ်ခု ရှိခဲ့ဖူးပေသည်။ လူများသည် ဘတ်ဖက်၏ ရင်းနှီးမြုပ်နှံမှု မှန်သမျှ စတင်လိုက်လုပ်ကြပြီး၊ ဤသည်ကပင် ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ အချိန်တိုအတွင်း တိုးလာစေပေသည်။
ဝါရန်ဘတ်ဖက်သည် စတော့ဈေးကွက်၏ လမ်းညွှန်သူ ဖြစ်လာတော့သည်။
ယခုအချိန်တွင် ဝါရန် ဘတ်ဖက်သည် ထိုဂျပန်ကုမ္ပဏီများအပေါ် တရုတ်မှ ထုတ်ပယ်ခံရမည့် ကုမ္ပဏီများအဖြစ် မှတ်ချက် ချလိုက်သည်။
တရုတ်နိုင်ငံရှိ စက်ရုံများစွာတွင် ထုတ်လုပ်မှုသည် အလွန်မြင့်မားခြင်းမရှိကြောင်းနှင့် ကုမ္ပဏီများ၏ စုစုပေါင်း ထုတ်လုပ်မှု၌ သိသာထင်ရှာသည့် အချိုးအစားမရှိကြောင်း ဘတ်ဖက် နားလည်ထားပေသည်။ ထိုကုမ္ပဏီများသည် တရုတ်နိုင်ငံရှိ စက်ရုံများမှ စီမံခန့်ခွဲရေး ဝန်ထမ်းများကို ရုပ်သိမ်းလိုက်သည့်အခါ ၎င်းတို့၏ ကုမ္ပဏီ အမြတ်ငွေများ တိုးမြင့်လာစေရန် အခြားနည်းလမ်းများ တွေးထားကြလိမ့်မည်ဖြစ်ပြီး ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ မလွဲမသွေ ပြန်လည်မြင့်တက်လာမည် ဖြစ်သည်။
ကုမ္ပဏီ အမှတ်တံဆိပ်သည် ရေတိုတွင် ထိခိုက်နိုင်သော်လည်း ရေရှည်တွင် ဘတ်ဖက်သည် ထိုကုမ္ပဏီများ ပြန်ကောင်းလာလိမ့်မည်ဟု ခံစားမိနေသည်။ ဤကုမ္ပဏီများသည် ခိုင်မာသော နည်းပညာနောက်ခံရှိပြီး ငွေကြေးလည်ပတ်မှု ပြဿနာများ မရှိချေ။ ထို့အပြင် ဂျပန်အစိုးရသည် ထိုကုမ္ပဏီများကို ကူညီရန် နည်းလမ်းများ တွေးနေလောက်ပေပြီ။ အမှန်တကယ်တွင် ဂျပန်အစိုးရသည် ထိုကုမ္ပဏီများ ကျရှုံးခံ၍ မရချေ။
ဝါရန်ဘတ်ဖက်သည် ထိုကုမ္ပဏီများကို သေသေချာချာ သုတေသန လုပ်ခဲ့သည်။ ၎င်းတို့အထဲမှ အချို့သည် ကောင်းကောင်း လုပ်ဆောင်နိုင်ပြီး ယခုနှစ်အတွက် အမြတ်အစွန်း များပေသည်။ ၎င်းတို့၏ ရှယ်ယာဈေးများ ရုတ်တရက် ထိုးကျသွားသည်မှာ ပုံမှန်မဟုတ်ချေ။ ထို ကုမ္ပဏီများသည် ၎င်းတို့၏ နှစ်စဉ် အမြတ်အစွန်းများ ကြေငြာသည့်အခါ ရင်းနှီးမြုပ်နှံသူများသည် ထိုကုမ္ပဏီများအပေါ် ယုံကြည်မှု ပြန်လည်ရရှိလာကာ ရှယ်ယာဈေးများ ပြန်တက်လာမည် ဖြစ်သည်။
ဝါရန် ဘတ်ဖက်သည် မည်သည့်ကုမ္ပဏီ၏ ရှယ်ယာများ ဝယ်သင့်သည်ကို စဉ်းစားနေပေသည်။ ရွေးချယ်စရာ အရမ်းများနေပေသည်။ တည်ငြိမ်ကာ အမြတ်အစွန်းကောင်းသည့် ကုမ္ပဏီကိုသာ ရှင်ချင်နေသည်။
နောက်ထပ် အရေးကြီး အချက်တစ်ခုရှိနေသေးသည်။ ကုမ္ပဏီ တစ်ခုတည်းတွင် အခြားသော ဈေးကွက် ကစားသူကြီးများ ရင်းနှီးမြုပ်နှံပါက ရှယ်ယာဈေးများ ပိုမို မြန်ဆန်စွာ တက်လာမည်ဖြစ်သည်။
*********
“လျော်ကြေးကိစ္စ ညှိနှိုင်းပြီးပြီ.. မကြေငြာသေးပေမယ့် အကြမ်းမျဉ်းခန့်မှန်းကြည့်ရရင် သိသာလွန်းတဲ့ ပမာဏ ဖြစ်လိမ့်မယ်..”
ဖူရုံချီ ၏လက်ထောက်မှ အော်ပြောလိုက်သည်။
“အရေးအကြီးဆုံးက အဲ့ကုမ္ပဏီတွေ တရုတ်ဈေးကွက်ကနေ နှုတ်ထွက်ပြီး တရုတ်မှာရှိတဲ့ သူတို့စက်ရုံတွေကို တခြား ဂျပန်ကုမ္ပဏီတွေဆီ ရောင်းလိုက်တာပဲ.. ရောင်းဈေးတွေ ထုတ်ပြောမထားပေမယ့် သူတို့မျက်နှာကို ကြည့်ရတာ ဈေးအရမ်းနည်းလောက်တယ်.. ဒီတစ်ကြိမ် ဂျပန်က ဝှက်ဖဲတွေ ကောင်းကောင်း ကစားလိုက်တာပဲ.. သူတို့တွေက ရိုးသားမှုပြပြီး ဆုံးရှုံးမှု ကြီးကြီးမားမား မခံစားရဘူး.. ဂျပန်ကုမ္ပဏီတွေက တရုတ်မှာ ငွေရှာ နေနိုင်တုန်းပဲ..”
ဟယ်ကျောက်ကျီးသည် ဤအခြေအနေကို ဂျပန်နိုင်ငံမှ ကိုင်တွယ်ပုံကို သဘောကျနေပေသည်။ ဂျပန်အစိုးရသည် ဆုံးရှုံးမှု မရှိချေ။ နစ်နာသူမှာ ထိုကုမ္ပဏီများသာပင်။
“အဲ့သတင်းတွေ ထွက်လာရင် အဲ့ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ ထပ်ကျသွားလိမ့်မယ်..”
“ဟုတ်တယ်.. ဒါပေမယ့် သူတို့ ရှယ်ယာဈေးတွေ ထိုးကျသွားရင် အကောင်းဆုံးပဲ.. ဒါဆို တော်တော် အကျပ်ရိုက်သွားပြီ.. တစ်ဖက်မှာ အမြတ်အစွန်းရဖို့ သူတို့ရှယ်ယာဈေးတွေ အမြန်ဆုံး တက်ချင်နေတယ်.. နောက်တစ်ဖက်မှာ အဲ့ကုမ္ပဏီတွေ ဒေဝါလီ ခံသွားလိမ့်မယ် ဆိုပြီး မျှော်လင့်ကြလိမ့်မယ်..”
“ဟား…ဟား..ဟား”
စကားဆုံးသည်နှင့် ဝိုင်းရယ်ကြရင်း ဝန်ထမ်းများသည် သူတို့ ကျွန်ပျူတာမျက်နှာပြင်များကို ကြည့်နေရသည်။ စတော့ဈေးကွက်ကို အနီးကပ် စောင့်ကြည့်နေကြခြင်း ဖြစ်ပေသည်။
ဖုန်းယွီနှင့် ဖူရုံချီတို့သည် ၎င်းတို့၏ ကွန်ပျူတာတွင် ကြည့်နေကြရင်း ရုတ်တရက် (၂)ယောက်စလုံး ထရပ်လိုက် တော့သည်။ စတော့ ပွဲစားအချို့လည်း မတ်တတ်ရပ်ကာ လူတိုင်း တစ်ပြိုင်တည်း ပြောလိုက်ကြသည်မှာ..
“ဈေးတွေ အောက်ခြေကပ်တော့မယ်.. ဝယ်ဖို့ပြင်ထားကြ….”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)