ချမ်းသာသည့် လူမိုက် (၁)
Vol. 47 Ch. 694
ဖုန်းယွီသည် စာမေးပွဲဖြေဆိုရင်အတွက် ရင်းနှီးမြုပ်နှံမှုအားလုံး ဖြေရှင်းကာ ပေကျင်းသို့ ပြန်လာခဲ့သည်။ ဖူမိသားစုသည် ဈေးကွက်စောင့်ကြည့်ရန် ကူညီပေးမည်ဖြစ်၍ သူ့ရင်းနှီးမြုပ်နှံမှုများအတွက် စိတ်ပူစရာ မရှိချေ။ ဈေးမှန်လာသည့်အခါ အားလုံးသည် သူတို့ရှယ်ယာများ ရောင်းထုတ်ပစ်ကြပေလိမ့်မည်။
ဟောင်ကောင်တွင် ဩဇာကြီးမားသည့် မိသားစုများသည် အမေရိကန် စတော့ဈေးကွက်မှ ငွေရှာရန် အတူတကွ ပူးပေါင်းခဲ့ကြသည်။ ၎င်းတို့၏ ပစ်မှတ်မှာ ဂျပန်ကုမ္ပဏီများဖြစ်ပြီး ဤသည်က ဖုန်းယွီ၏ အကြံအစည်သာပင်။
ဖုန်းယွီသည် ဤမိသားစုများ၊ အင်အားစုများ ပေါင်းစည်းလိုက်သည့်အခါ မည်မျှ အားကောင်းသည်ကို မြင်ချင် မိသည်။ ဤမိသားစုများသည် အကျိုးအမြတ်အတွက် အချင်းချင်း ရန်ငြိုးထားမှုများကို ချေမှုန်းချင်စိတ် ရှိမရှိ ကြည့်ချင်မိသည်။ ဟောင်ကောင်မှ တရုတ်သို့ ပြန်လည်ပေါင်းစည်းရေး အစီအစဉ်(၂)နှစ်အတွင်း ထိုမိသားစုများ ထဲမှ ပြဿနာများ မဖန်တီးစေလိုပေ။
လက်ရှိအခြေအနေရ အားလုံး အဆင်ပြေသွားပေပြီ။ ဖူမိသားစုကြောင့် သို့တည်းမဟုတ် လီမိသားစုမှ ဤစစ်ဆင် ရေးတွင် ပါဝင်နေခြင်းကြောင့်၊ သို့တည်းမဟုတ် လူတိုင်း ငွေရှာရန် စိတ်ဝင်စားကြခြင်းကြောင့် ဖြစ်နိုင်ပေသည်။ သာမန်အားဖြင့် အားလုံးမှာ အစီအစဉ်အတိုင်းသာပင်။
ယခုမူ ဖုန်းယွီမှာ ပစ်မှတ်အသစ် ရှိနေပေပြီ။ ကြီးကြီးမားမား တစ်ခု လုပ်ရတော့ပေမည်။
**********
ပစ်ဇာ၏ တရုတ် လုပ်ငန်းစု တာဝန်ခံ ဗစ်တာသည် လျန်ကန်းရှိ ဗီလာအသစ်တွင် ရှိနေပေသည်။ သူဌေးကို စောင့်နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင် ထင်ရှားကာ ဩဇာလွှမ်းမိုးမှုရှိကာ ငွေကြေးပံ့ပိုးမှု ခိုင်မာသည့် သူဌေးကြီး တစ်ဦးကိုပင်။
ဗစ်တာသည် ထိုသူဌေးကြီးအကြောင်း ကြားဖူးထားသော်လည်း မတွေ့ဖူးသေးချေ။ ဤသူဌေးသည် အလွန် နိမ့်ချကာ ရုပ်မြင်သံကြားတွင် သူ့ပုံရိပ်သည် တစ်ကြိမ်တစ်ခါမှ ပေါ်မလာဖူးကြောင်း၊ သတင်းစာ၊ ဂျာနယ်များ တွင်လည်း မည်သည့်ပုံမှ မဖော်ပြဖူးကြောင်း သူသိထားပေသည်။ ဟောင်ကောင် မဂ္ဂဇင်းတစ်ချို့တွင်မူ ထိုသူ၏ ပုံတစ်ပုံ ပါဖူးသည်ဟု ကောလာဟလ ရှိခဲ့ဖူးသော်လည်း မမှန်ကန်ကြောင်း တွေ့ရပေသည်။
ပစ်ဇာသည် တရုတ်နိုင်ငံသို့ အချိန်အတော်ကြာက ဝင်ရောက်ခဲ့သည်။ (၈၀)ခုနှစ်နောက်ပိုင်းမှ စ၍ ပစ်ဇာသည် ၎င်းတို့၏ ဆေးဝါးများကို တရုတ်နိုင်ငံတွင် စတင်ရောင်းချခဲ့သည်။ (၈၀)ခုနှစ် နှောင်းပိုင်းတွင် တရုတ်နိုင်ငံ၊ လျန်ကန်းတွင် ခေတ်မှီဆေးဝါးစက်ရုံတစ်ခု တည်ထောင်ခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံရှိ ပစ်ဇာရုံးချုပ်လည်း ဖြစ်ပေသည်။
နောက်(၂)နှစ်အကြာတွင် ပစ်ဇာသည် စုကျိုးတွင် နောက်ထပ် စက်ရုံတစ်ခု တည်ထောင်မည်ဖြစ်သည်။ ဤစက်ရုံ အသစ်သည် အဟာရ အမျိုးအစား ဆေးဝါးများကို ထုတ်လုပ်နေသည်။
လွန်ခဲ့သည့် (၂)နှစ်အတွင်း ကျန်းမာရေး ဖြည့်စွက် ဆေးဝါးများ ရပ်ဆိုင်ပြီးနောက် အဟာရ အမျိုးအစား ဆေးဝါးများ ရောင်းအားကောင်းခဲ့သည်။ ပစ်ဇာမှ ရောင်းချသည့် အဟာရ ဆေးဝါးများသည်လည်း ရောင်းအား ကောင်းခဲ့သည်။ ထိုသူဌေးကြီးသည် ဤအရာအားလုံး နောက်ကွယ်မှ ပုဂ္ဂိုလ်ဖြစ်ကြောင်း ဗစ်တာ သိထားပေသည်။
တစ်နိုင်ငံလုံး လွှမ်းမိုးနိုင်သူကြီးပင်။ ပစ်ဇာပင် ထိုသို့ မလုပ်နိုင်ချေ။ တရုတ်ပြည်တွင် အနီရောင် မိသားစု အများအပြား ရှိကြောင်း ကောလာဟလများ ရှိထားပေသည်။ ထိုလူသည် အနှီမိသားစုထဲမှ တစ်ယောက် ဖြစ်နိုင်သည်လော။
ဗစ်တာသည် စောင့်နေရင်း စိတ်မရှည်တော့သည့်အချိန် ကားတစ်ချို့ သူ့အိမ်ကြီးဆီသို့ လာနေကြောင်း တွေ့လိုက်ရသည်။ ထိုကားများသည် တရုတ်နိုင်ငံ၏ အကောင်းဆုံး ကားများပင်။ စောင်ကျန်းကားများ ဖြစ်တော့သည်။ သို့ရာတွင် အရောင်းဆိုင်များတွင်ဖြစ်စေ၊ တရုတ်နိုင်ငံတွင်ဖြစ်စေ မြင်တွေ့နေရသည့် မော်ဒယ် အမျိုးအစားကား တစ်စီးမှ မတွေ့ဖူးသေးချေ။
ကားများရပ်ပြီးနောက် အနက်ရောင် ဝတ်စုံဝတ် အမျိုးသားများ ကားတန်း၏ ရှေ့ခန်း၊ နောက်ခန်းများမှ ထွက်လာကြသည်။ ပတ်ဝန်းကျင်ကို စစ်ဆေးကာ ထိုအထဲမှ တစ်ယောက်သည် စကားပြောစက်ထုတ်၍ အော်လိုက်သည်။
“လုံခြုံတယ်..”
အဓိက ကားကိုမောင်းသူသည် မီးများမှိတ်လိုက်ပြီး တံခါးဖွင့်ပေးရန် ပြေးဆင်းသွားသည်။ ကားခေါင်မိုးနှင့် မထိမိစေရန် သူ့လက်ဖြင့်ကာပေးထားစဉ် ကားအတွင်းမှ ခြေထောက်တစ်စုံ စထွက်လာသည်။ သားရေဖိနပ်မှာ ပြောင်လက်နေပေသည်။
ထိုလူ၏ ဝတ်စားဆင်ယင်မှုမှာ သူဌေးကြီး တစ်ယောက်ကဲ့သို့ပင်။ ဘောင်းဘီတွင် ခေါက်ရိုး လုံးဝ ရှိမနေခေ။
သို့ရာတွင် ဗစ်တာမှာ ထိုလူ၏ မျက်နှာကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားရသည်။ ထိုလူ ဤမျှ ငယ်နေသည် လော။ ထိုကဲ့သို့ သူဌေးကြီးသည် အဘိုးကြီး ဖြစ်သင့်ပေသည်။ ငယ်ရွယ်သည် ဆိုလျှင်ပင် လူလတ်ပိုင်းလောက် ဖြစ်သင့်ပေသည်။ အသက်တော်စောင့်များ ဝိုင်းရံထားသည့် အလယ်မှ ဆင်းလာသူမှာ အသက်(၂၀)ဝန်းကျင်သာ ရှိသေးမည့် ပုံပင်။
ဖုန်းယွီနောက်တွင် ရပ်နေသည့် သက်တော်စောင့် တစ်ယောက်သည် ကုတ်အင်္ကျီအရှည်ဝတ်ထားကာ ဗစ်တာဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
ဗစ်တာသည် ဖုန်းယွီထံသို့ ချက်ချင်းလျှောက်သွားပြီး လက်နှစ်ဖက် ဆန့်ထုတ်လိုက်သည်။ သူသာ နှေးကွေး သွားပါက ဖုန်းယွီတစ်ခုခု လုပ်မှာ ကြောက်နေမိသည်။ တရုတ်များသည် ‘မျက်နှာ’အကြောင်း တော်တော်များများ ပြောကြသည်ကို ကြားဖူးထားပြီး တရုတ်ပြည်၏ အောင်မြင်သော စီးပွားရေးသမားများသည် ‘မျက်နှာ’ လိုချင်ကြသည်။ သို့ရာတွင် ဤသည်က ပထမဆုံးအကြိမ် သာမာန်အစည်းအဝေး တစ်ခုသာပင်။ ဤကဲ့သို့ ထူးခြားသည့် အပြင်အဆင်မျိုး လိုအပ်သည်လော။
ဗစ်တာအနေဖြင့် ဤအိမ်ကြီးနှင့် နယ်မြေကို ထိုသူဌေးကြီး ပိုင်ဆိုင်ကြောင်း ကြားဖူးထားပေသည်။ အမေရိကန်တွင် ချမ်းသာသူများသည် အိမ်ရာများ ဝယ်ယူထားခြင်းမှာ ပုံမှန်သာပင်။ သို့ရာတွင် ဗီလာနယ်မြေ တစ်ခုလုံး ဝယ်ယူ မည့်သူမျိုး မတွေ့ဖူးသေးချေ။ ယခုမူ ဤဗီလာနယ်မြေကြီး တစ်ခုလုံးဟူသည်မှာ မည်သို့သော သူဌေးကြီးများ ပိုင်ဆိုင်သည့် အိမ်ခြံမြေများထက် ကြီးမားနေပေသည်။
ဤကဲ့သို့သော လူမျိုးကို လေးစားမှု လုံလုံလောက်လောက် ပြရပေလိမ့်မည်။ ဤသည်မှာလည်း ဗစ်တာသည် တရုတ်နိုင်ငံ၌ နေထိုင်နေစဉ်နှစ်များအတွင်း သင်ယူခဲ့ခြင်းဖြစ်သည်။ တစ်ဖက်လူကို မျက်နှာပေးပါက လိုက်လျောညီထွေမှု ကောင်းကောင်း ရကာ ညှိနှိုင်းမှုများ ပိုမိုချောမွေ့လာစေပေလိမ့်မည်။
“မင်္ဂလာပါ.. မစ္စတာဖုန်း.. ကျုပ် ဗစ်တာပါ…”
ဗစ်တာသည် မန်ဒရင်း လေယူလေသိမ်းဖြင့် ခပ်ဝဲဝဲ ပြောလာပေသည်။
“မစ္စတာဗစ်တာ.. တွေ့ရတာ ဝမ်းသာပါတယ်.. တော်တော်အေးတာပဲ.. အပြင်မှာ လာကြိုစရာမလိုပါဘူး.. အထဲအရင် ဝင်ကြရအောင်..”
ဖုန်းယွီ ရယ်မောရင်း မန်ဒရင်းလိုသာ ပြန်ပြောလိုက်သည်။
ယခု ဖုန်းယွီ၏ အနေအထားမှာ အင်္ဂလိပ်စကား နားမလည်သူ တစ်ယောက်ဖြစ်သည်။
ဖုန်းယွီမှ သူ့ကို ယဉ်ယဉ်ကျေးကျေး ပြောနေသည်ကို မြင်သည့်အခါ ဗစ်တာ စိတ်သက်သာရာရသွားသည်။ ထိုလူ ပေါင်းရသင်းရ လွယ်လောက်ပေသည်။
“မစ္စတာဖုန်း.. ဒီကို စီးပွားရေးကိစ္စဆွေးနွေးဖို့ လာတာလို့ကြားထားတယ်..”
ဗီလာအတွင်း ရောက်သည်နှင့် ဗစ်တာ မေးလိုက်သည်။ မစ္စတာဖုန်း၏ ငယ်သားများ သူ့ကို ဆက်သွယ်ကာ မစ္စတာဖုန်းသည် သူနှင့် စီးပွားရေး သဘောတူညီချက်တစ်ခု ဆွေးနွေးချင်ကြောင်း ပြောပေသည်။ အကယ်၍ သူသည် ပစ်ဇာကို ကိုယ်စားပြုကာ ဤသဘောတူညီချက် လက်ခံနိုင်ပါက အမေရိကန်သို့ ပြန်ရောက်ကာ အိမ်နှင့် ဝေးဝေးနေရန် မလိုအပ်တော့ချေ။
တရုတ်နိုင်ငံ၏ လက်ရှိ လူနေမှုအဆင့်အတန်းသည် အမေရိကန်ထက် များစွာနောက်ကျ နေပေသည်။ ထို့အပြင် ဗစ်တာ၏ မိသားစုသည် အမေရိကန်တွင် ရှိနေဆဲဖြစ်ကာ သူကိုယ်တိုင်လည်း ဇနီးနှင့် ကလေးများကို လွမ်းဆွတ် နေပေပြီ။
ဖုန်းယွီ မျက်ခုံးပင့်လိုက်ပြီး..
“မှန်ပါတယ်.. ကျုပ်မှာ စီးပွားရေးကိစ္စ ဆေးနွေးဖို့ရှိတယ်.. ဒါလဲ ပစ်ဇာအတွက် စီးပွားရေး သဘောတူညီချက် တစ်ခု ဖြစ်လောက်မယ်..”
ဖုန်းယွီစကားကြားသည့်အခါ ဗစ်တာ စိတ်လှုပ်ရှားသွားသည်။ အကယ် ဤသလောတူညီချက်သည် ပစ်ဇာနှင့် ဖြစ်ပါက အလွန်တန်ဖိုးရှိသော စာချုပ်ဖြစ်မည်ဟု ဆိုလိုခြင်းပင်။ ဖုန်းယွီ၏ စကားပြောဆိုပုံနှင့် အမူအရာအရ ဩဇာအာဏာကြီးမားသူ ဖြစ်ကြောင်း အတတ်ပြောနိုင်ပေသည်။
“ဘယ်လို သဘောတူညီချက်များလဲ.. ကျုပ်တို့နဲ့ ဖက်စပ် ဆေးဝါးစက်ရုံ ထူထောင်ဖို့ စဉ်းစားထားတာများလား…”
ပစ်ဇာသည် တရုတ်နိုင်ငံတွင် ၎င်းတို့စက်ရုံ တည်ထောင်ထားပြီးဖြစ်ပြီး၊ စက်ရုံမှ ထုတ်ကုန်များအတွက် ဖြန့်ဖြူးရေး လမ်းကြောင်းများ ထူထောင်ရန် လိုအပ်နေပေသည်။ ဖုန်းယွီသည် ပစ်ဇာ ထုတ်ကုန်များ မလိုချင်ကြောင့် သိထားသင့်ပြီး ယခု ဖက်စပ်စက်ရုံတစ်ခု တည်ထောင်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးဖို့ ဖြစ်လောက်ပေသည်။
တရုတ်နိုင်ငံတွင် ချမ်းသာသော စီးပွားရေးသမား အများအပြားရှိသော်လည်း နည်းပညာ မရှိချေ။ အများစုမှာ နိုင်ငံခြား ကုမ္ပဏီများနှင့် ဖက်စပ် ရင်းနှီးမြုပ်နှံလိုကြသည်။ ယခင်က လုပ်ငန်းရှင် တော်တော်များများ ဗစ်တာ့ထံ ချဉ်းကပ် လာကြသော်လည်း အားလုံးကို ပယ်ချခဲ့ပေသည်။ အဘယ့်ကြောင့်မူ ထိုစီးပွားရေး သမားများသည် လုံလောက်သည့် အင်အားမရှိခြင်းကြောင့် ဖြစ်သည်။ ပစ်ဇာသည် သာမန်စီးပွားရေး သမားများနှင့် အလုပ်မလုပ် နိုင်ချေ။ အကယ်၍ ၎င်းတို့အနေဖြင့် စီးပွားရေး လုပ်ဖော်ကိုင်ဖက် တစ်ယောက် ရှာဖွေမည် ဆိုပါက တရုတ်နိုင်ငံ၏ အထင်ရှားဆုံး ကုမ္ပဏီ ဖြစ်ရပေလိမ့်မည်။
ဗစ်တာ သိထားခဲ့သမျှမှာ ဖုန်းယွီသည် သူတွေ့ဆုံခဲ့ဖူးသော ဩဇာအရှိဆုံး စီးပွားရေးသမားဖြစ်ပြီး သူ့ကုမ္ပဏီရုံးချုပ် မှ သတ်မှတ်ထားသည့် လိုအပ်ချက်များနှင့် ကိုက်ညီနေပေသည်။ ဖုန်းယွီတွင် နိုင်ငံရေး ကျောထောက်နောက်ခံ ရှိပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ဖုန်းယွီ ခေါင်းခါလိုက်သည်။
“ဖက်စပ် စက်ရုံလား.. အဲ့ဒါမျိုး ကျုပ် စိတ်မဝင်စားပါဘူး.. ကျုပ်မှာလဲ ကိုယ်ပိုင် ဆေးဝါးစက်ရုံ ရှိတယ်လေ.. အဲ့ဒါကလဲ တရုတ်ပြည်မှာ အကြီးဆုံးပေါ့.. ငွေမတတ်နိုင်တာမှမဟုတ်တာ.. တခြားလူတွေနဲ့ ဖက်စပ် လုပ်စရာ မလိုပါဘူး..”
ဗစ်တာ မျက်လုံးပြူးသွားတော့သည်။ ဤလူသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ဆေးဝါးစက်ရုံ ပိုင်ဆိုင်ထား သည်လော။ ရှန်ဟိုင်း ဆေးဝါးလုပ်ငန်း သို့တည်းမဟုတ် ပမ့်မြို့တော် ဆေးဝါးလုပ်ငန်းလော။
“မစ္စတာဖုန်း.. မင်းစက်ရုံက…”
“ပမ့်မြို့တော် ဆေးဝါးပါ.. မနှစ်ကပဲ အဲ့စက်ရုံကို ဝယ်ပြီး ပြန်လည် ဖွဲ့စည်းခဲ့တာလေ.. ရောင်းအားလဲ အခုထိ ကောင်းနေတုန်းပဲ.. ငါတို့ရဲ့ ထုတ်ကုန်တွေကို အနောက်နိုင်ငံတွေကိုလဲ တင်ပို့ပါတယ်.. မကြာခင် တရုတ်နိုင်ငံရဲ့ ဆေးဝါးလုပ်ငန်းမှာ နံပါတ်တစ် ဖြစ်လာမှာ သေချာတယ်..”
ဖုန်းယွီ ဂုဏ်ယူမှုအပြည့်ရှိသော အကြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“မစ္စတာဖုန်း… ငါတို့နဲ့ ဖက်စပ်စက်ရုံ တည်ထောင်ဖို့ စိတ်မဝင်စားတဲ့အတွက် ဘာတွေ ပူးပေါင်းဆောင်ရွက်စရာ ရှိနေမှာလဲ..”
ဗစ်တာ၏ မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်အမူအရာများ မဖုံးကွယ်နိုင်တော့ချေ။ ဖက်စပ် လုပ်ငန်းမှလွဲ၍ အခြားမည်သည်ကို ဆွေးနွေးနိုင်မည်နည်း။
“ပူးပေါင်း ဆောင်ရွက်မယ်လို့ မပြောပါဘူး.. ပစ်ဇာ မူပိုင်ခွင့်တင်ထားတဲ့ ဆေးဖော်ဆပ်နည်းအကြောင်းပဲ မေးချင်တာပါ.. ပစ်ဇာမှာ ဆေးဝါးတော်တော်များများအတွက် မူပိုင်ခွင့်တွေ ရှိတယ်လို့ ကြားထားပါတယ်.. အဲ့အထဲက နည်းနည်းလောက် ရောင်းပေးလို့ ရနိုင်မလား.. အဲ့ဒီအတွက်လဲ ဈေးကြီးကြီးပေးမှာပါ..”
ဖုန်းယွီ စကားဆုံးသည်နှင့် လက်ဝှေ့ယမ်းပြလိုက်သည်။ သူမည်မျှ ချမ်းသာကြောင်း ပြနိုင်ရန် ကြိုးစားလိုက်သည်။
ဘာ… မစ္စတာဖုန်းသည် ပစ်ဇာ၏ မူပိုင်ခွင့်များ ဝယ်ယူချင်နေသည်လော။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)