ချမ်းသာသည့် လူမိုက် (၂)
Vol. 47 Ch. 695
ပစ်ဇာသည် ကမ္ဘာ့ထိပ်တန်း ဆေးဝါးကုမ္ပဏီတစ်ခု ဖြစ်သည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး မဟုတ် သော်လည်း အခြားသော ထိပ်တန်းဆေးဝါးကုမ္ပဏီများနှင့် တန်းတူသာပင်။ လွန်ခဲ့သည့် ရာစုနှစ်ကတည်းက စတင် တည်ထောင်ထားခြင်း ဖြစ်သည်။ အသေးစား ဓာတုစက်ရုံအဖြစ် စတင်ခဲ့ပြီး ဆေးဝါးလုပ်ငန်းအတွင်း စွန့်စား ဝင်ရောက်ခဲ့သည်။ ပြည်တွင်းစစ်အတွင်း ၎င်းတို့သည် ကြီးပွားတိုးတက်လာကာ အမေရိကန်၏ အကြီးမားဆုံး ဆေးဝါးကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင် ပဋိဇီဝဆေး ရှာဖွေတွေ့ရှိကာ ပစ်ဇာသည် စတင်သုတေသနပြုတော့သည်။ ပဋိဇီဝဆေးများတွင် ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်လာကာ တဖြည်းဖြည်း ကြီးထွားလာသည်။
ဤသည်မှာ ဒုတိယ ကမ္ဘာစစ် စတင်ချိန်ဖြစ်သည်။ ပစ်ဇာသည် အမေရိကန် စစ်တပ်အား ဈေးသက်သာစွာဖြင့် ပင်နီဆီလင်များ စတင်ထောက်ပံ့ခဲ့ပြီးနောက်ပိုင်းတွင် စစ်ပွဲအတွင်း ပင်နီဆီလင် ထောက်ပံ့မှု အကြီးမားဆုံးသူ ဖြစ်လာသည်။ ထို့ကြောင့် ကုမ္ပဏီသည် ပိုမို ကြီးထွားလာခဲ့သည်။
ထို့နောက် ပစ်ဇာသည် အောက်ဆီတက်ထွာဆိုက်ကလင်း၊ မက်ထွာဆိုက်ကလင်း၊နှင့် ပီရိုဇီကမ် ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။ ဤဆေးများအားလုံးသည် ကုမ္ပဏီအတွက် အမြတ်အစွန်း များစွာ ရစေသည်။
လက်ရှိ တရုတ်နိုင်ငံ၏ အောက်ဆီတက်ထွာဆိုက်ကလင်း၊ တက်ထွာဆိုက်ကလင်း စသည် အများစုကို ပစ်ဇာမှ ထုတ်လုပ်ခဲ့သည်။ တက်ထွာဆိုက်ကလင်းသည် ဈေးသက်သက်သာသာနှင့် ထိရောက်မှုရှိပြီး တရုတ်နိုင်ငံတွင် အသုံးများသော ဆေးဖြစ်လာသည်။ ထိုမှတဆင့် တက်ထွာဆိုက်ကလင်း ဆပ်ကြားဆေးတောင့်များအဖြစ် ပြောင်းလဲသွားစေသည်။
ပစ်ဇာသည် ဆေးဝါးများ တီထွင် ထုတ်လုပ်ခြင်း၏ အကျိုးကျေးဇူးများကို သိမြင်ခဲ့ပြီး ဆေးဝါးများကို သုတေသနနှင့် တီထွင်ထုတ်လုပ်ရန်အတွက် ၎င်းတို့၏ ရန်ပုံငွေများကို အသုံးချခဲ့သည်။ ၎င်းတို့၏ အာရုံစိုက်မှုသည် ကမ္ဘာ့တစ်ဝှမ်း တွင် ပမာဏများပြားစွာ လိုအပ်သော ဆေးဝါးများ ဖြစ်လာပေသည်။
ဥပမာအားဖြင့် သွေးပေါင်ကျဆေးများ၊ ကိုလက်စ်ထရော ကျဆေးများ၊ အကိုက်အခဲ ပျောက်ဆေးများနှင့် ရောင်ရမ်းမှု ကုသရေးဆေးများ စသည်တို့သည် အဆင့်မြင့်ဆုံး ပဋိဇီဝ ဆေးများနှင့် ကင်ဆာရောဂါ တိုက်ဖျက်ရေး ဆေးများကိုလည်း ထုတ်လုပ်နေပေသည်။
ပစ်ဇာသည် ရလဒ်ကောင်းများ ရရှိခဲ့သည်။ ၎င်းတို့သည် ဆေးဝါးအသစ်များကို အဆက်မပြတ် ထုတ်လုပ်နေပြီး ဆေးဝါးအသစ်တိုင်းသည် ကုမ္ပဏီအတွက် အမြတ်အစွန်းများစွာ ရရှိခဲ့သည်။
ပစ်ဇာသည် ထိပ်တန်း ဆေးဝါးကုမ္ပဏီများထဲမှ တစ်ခုဖြစ်လာနိုင်ခဲ့ခြင်းမှာ ၎င်းတို့သည် မူပိုင်ခွင့်တင်ထားသော ဆေးဝါးများစွာကို ပိုင်ဆိုင်ထာသောကြောင့် ဖြစ်သည်။ မူးယစ်ဆေးဝါးနှင့် ဆေးဝါးတုများ အကာအကွယ်ပေး ခဲ့သည်မှာ အနှစ်(၂၀)တိုင်ခဲ့ပေပြီ။ ထို အနှစ်(၂၀)အတွင်း ပစ်ဇာသည် ထိုဆေးဝါးများ ရောင်းချခြင်းမှ အကျိုးအမြတ် မြင့်မြင့်မားမား ရခဲ့ကြသည်။ အကာအကွယ်ပေးသည့် နှစ်များ ပြီးသွားသည့်တိုင် ၎င်းတို့သည် ဤဆေးများကို စုံလင်စွာထုတ်လုပ်ပြီး ပမာဏ ကြီးကြီး ထုတ်လုပ်နိုင်သောကြောင့် အမြတ်အစွန်းများစွာ ရနေဆဲဖြစ်သည်။
ပစ်ဇာ၏ အမှတ်တံဆိပ်နှင့် ဂုဏ်သတင်းတို့ကြောင့် ၎င်းတို့၏ဆေးများ အလွန်ရောင်းကောင်းခဲ့သည်။
ယခု မစ္စတာဖုန်းသည် ၎င်းတို့၏ မူပိုင်ခွင့်များ ဝယ်ချင်နေသည်လော။ ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ မူပိုင်ခွင့် ကာကွယ်မှု ရှိနေသည့်အချိန်တွင် ပစ်ဇာသည် ၎င်းတို့၏ မူပိုင်ခွင့်များကို ရောင်းချခဲ့ဖူးခြင်း မရှိချေ။
“မစ္စတာဖုန်း.. မူပိုင်ခွင့်တွေဆိုတာ ငါတို့ကုမ္ပဏီရဲ့ အကြီးမားဆုံး ပိုင်ဆိုင်မှုမို့ အဲ့ကိစ္စ ငါဆုံးဖြတ်ချက်ချလို့မရဘူး..”
ဖုန်းယွီ မရွှင်မပြသော အမူအရာဖြင့်..
“ပိုင်ဆိုင်မှုတွေကို အမြတ်အစွန်းအတွက် ရောင်းသင့်တာပေါ့.. ကျုပ်ကမ်းလှမ်းချက်ကို မင်းသေချာ မကြားဘူး ထင်တယ်.. မင်းကုမ္ပဏီ သဘောမတူဘူးလို့ ဘယ်လိုလုပ်သိလဲ.. ပြီးတော့ မင်းတို့တွေ အရင်က ဖော်ဆပ်နည်း မူပိုင်ခွင့် မရောင်းဖူးသေးဘူးလေ..”
ဖုန်းယွီ ပြောခဲ့သည်မှာ အမှန်တရားဖြစ်သည်။ ဆေးဝါးများ တီထွင်ထုတ်လုပ်ခြင်းနှင့် မူပိုင်ခွင့်များ လျှောက်ထားခြင်းသည် ချမ်းသာကြွယ်ဝရန်အတွက် ဖြစ်သည်။ ဆေးဝါးဖြင့် လူသားများကို အကျိုးပြုသည် ဆိုသည်မှာ ၎င်းတို့ပြောသကဲ့သို့ မဟုတ်ချေ။ ၎င်းတို့ မူပိုင်ခွင့်များကို ဈေးကြီးကြီးဖြင့် ရောင်းချနိုင်ပါက ရောင်းမည်သာပင်။
သို့ရာတွင် ပစ်ဇာ၏ ဆေးဝါးများအားလုံးသည် အလွန်အမြတ်အစွန်းများကာ ကမ္ဘာတစ်ဝှမ်းလုံးတွင် ဝယ်လိုအား ကောင်းခဲ့ပေသည်။ ထိုဆေးများ၏ ဖော်ဆပ်နည်း မူပိုင်ခွင့်များကို မည်သည့်အတွက် အခြားသူများအား ရောင်းချ ခဲ့ကြသနည်း။
သို့ရာတွင် ၎င်းတို့သည် ထိုမူပိုင်ခွင့်များ၏ တရားဝင်ခွင့်ပြုချက်ကို ရောင်းချနိုင်ပေသည်။ အကယ်၍ ဗစ်တာသည် ထိုမူပိုင်ခွင့်များအတွက် မြင့်မားသော ခွင့်ပြုချက်ကြေးငွေဖြင့် ညှိနှိုင်းပါက ကုမ္ပဏီမှပင် ဆုကြေးအနည်းငယ် ရနိုင်ပေလိမ့်အုံးမည်။ သူလိုချင်သည်မှာ မည်သည့် ဆုကြေးမှမဟုတ်ချေ။ အမေရိကန်သို့ ပြန်လည်ပြောင်းရွှေ့ လိုခြင်းသာ ဖြစ်သည်။ သူ့မိသားစုနှင့် ရင်အုပ်မကွာ နေလိုခြင်းသာပင်။
“ကျုပ်တို့တွေ မူပိုင်ခွင့်တင်ထားတဲ့ ဖော်ဆပ်နည်းတွေကို အရင်က မရောင်းဖူးသေးဘူး.. ဒါပေမယ့် ကျုပ်တို့ရဲ့ ဆေးဝါးတွေ ထုတ်လုပ်ဖို့ တခြားကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးတာတော့ရှိတယ်.. မစ္စတာဖုန်းလဲ ခွင့်ပြုချက် လိုချင်ရင် ကျုပ်တို့ ဆွေးနွေးလို့ရပါတယ်..”
ခွင့်ပြချက်လော။ ထို့အတွက် အမြတ်အစွန်း သိပ်မကျန်ချေ။ အမြတ်အစွန်း အများစုကို ပစ်ဇာမှ ထုတ်နှုတ်ယူသွား မည်ဖြစ်သည်။ ပမ့်မြို့တော်ဆေးဝါးတွင်လည်း ကိုယ်ပိုင် သုတေသနဌာနရှိပြီး ထိပ်တန်းသုတေသီ များစွာကို အလုပ်ခန့်ထားပေသည်။ ပစ်ဇာထံမှ ခွင့်ပြုချက်ပင် ဝယ်ယူရန် မလိုအပ်ချေ။
ဖုန်းယွီသည် ပစ်ဇာမှ တီထွင်ဆဲဖြစ်သည့် ဆေးအမျိုးအစား တစ်ခုကို စိတ်ဝင်စားနေသည်။ ထိုဆေးသည် ညွှန်းဆိုထားသည်ထက် ပိုမိုထိရောက်ကာ ဘေးထွက်ဆိုးကျိုးလည်း ရှိနေပေသည်။ ထိုဆေးမှာ Sildenafil ဖြစ်သည်။
၎င်းသည် ပစ်ဇာမှ ထုတ်လုပ်ဆဲ ဆေးအသစ်ဖြစ်သည်။ နှလုံးရောဂါကြောင့် ဖြစ်တတ်သည့် ရင်အုပ်ပိုင်းနာကျင်မှုကို ကုသရန်၊ သွေးခဲခြင်းနှင့် သွေးပေါင်ကျခြင်းတို့ကို ကုသရန်အတွက် အသုံးပြုသင့်ပေသည်။ သို့ရာတွင် ထိုဆေးကို တီထွင်ပြီးသည့်အချိန်၌ လက်တွေ့စမ်းသပ်မှုရလဒ်များမှာ စိတ်ပျက်စရာ အတိဖြစ်ခဲ့သည်။
ထိုဆေး မအောင်မြင်ချေ။ ထိရောက်မှုမရှိသလို ရောင်းချရမည်လည်း မဟုတ်ချေ။
သို့ရာတွင် လက်တွေ့စမ်းသပ်မှုတွင် ပါဝင်သူ အများအပြားသည် ထိုဆေးအချို့ကို လျှို့ဝှက်သိမ်းဆည်းထားကြောင့် သုတေသီများ တွေ့ရှိခဲ့ကြသည်။ သုတေသီအချို့သည် ဤဆေးကို ကိုယ်တိုင်သောက်သုံးရန် ကြိုးစားခဲ့ပြီး ဘေးထွက်ဆိုးကျိုးများ တွေ့ရှိခဲ့ရသည်။ ထိုဆေးသည် အမျိုးသားများကို လိင်စိတ် အပြင်းအထန် ထကြွစေပေသည်။
ထို့ကြောင့် သုတေသီများသည် ၎င်းတို့၏ သုတေသန လမ်းကြောင်းကို ပြောင်းလဲခဲ့ပြီး ထိုဆေးကို လိင်အင်္ဂါ ချို့ယွင်းမှုအတွက် ကုသရန် ဆောင်ရွက်ခဲ့ကြသည်။ ပစ်ဇာတွင် ၎င်းတို့၏ ထိပ်တန်း အရာရှိများထံ အစီရင်ခံကာ ပစ်ဇာသည် ဆေးဝါးအတွက် ဈေးကွက် သုတေသနကို (၃)နှစ်ကျော် ပြုလုပ်ခဲ့သည်။
ဆေးစမ်းသပ်မှု စတင်ချိန်မှ ယခုနှစ် အစောပိုင်းအထိ ဖြစ်သည်။ စမ်းသပ်မှု ရလဒ်များမှာ အံ့မခန်းဖြစ်သည်။ ပါဝင်သူများ၏ (၈၀)ရာခိုင်နှုန်းကျော်သည် ထိုဆေးကို သောက်ပြီးနောက် ပို၍ ကောင်းမွန်လာကြသည်။
ဈေးကွက်အတွင်း အလားတူဆေးများ ရှိသော်လည်း ခန္ဓာကိုယ်အတွင်း ထိုးသွင်းရခြင်းဖြစ်ကာ ထိရောက်မှု မရှိချေ။ ထို့အပြင် ချစ်တင်းမနှောမှီ မည်သူသည် ဆေးထိုးခံချင်မည်နည်း။ မူရင်းစိတ်အခံလေးပင် ပျောက်သွားပေလိမ့်မည်။
ဖုန်းယွီသည် သူ့လူများအား ပစ်ဇာနှင့် ဆက်သွယ်ရန် စေခိုင်းခဲ့ပြီး ထိုဆေးအတွက် ဖော်ဆပ်နည်း ဝယ်နိုင်မည်လော စုံးစမ်းခဲ့သည်။ သို့ရာတွင် ပစ်ဇာသည် ထိုဆေးအတွက် စမ်းသပ်မှုများ စတင်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ဆိုလိုသည်မှာ သူဝယ်ယူရန် နောက်ကျသွားချေပြီ။
ပစ်ဇာသည် ကမ္ဘာကျော် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းတို့၏ ဖော်ဆပ်နည်းကို ငွေအနည်းငယ်ဖြင့် ကမ်းလှမ်းရန် မဖြစ်နိုင်ချေ။ ဖုန်းယွီသည် မြင့်မားသည့် ကမ်းလှမ်းမှု ပြုခဲ့သော်လည်း ပစ်ဇာမှ ငြင်းပယ်ခဲ့သည်။ ပစ်ဇာသည် တရားဝင် ခွင့်ပြုချက်ကို ရောင်းချနိုင်သော်လည်း မူပိုင်ခွင့်ကို မရောင်းချနိုင်ချေ။
ဖုန်းယွီမှာမူ ခွင့်ပြုချက်ရရုံမျှဖြင့် မကျေနပ်နိုင်ချေ။ ထို့ထက် ပိုလိုချင်နေပေသည်။ သူသည် ဤဆေး၏ မူပိုင်ခွင့်ကို ပိုင်ဆိုင်ချင်ပေသည်။ သို့ရာတွင် ခက်ခဲလွန်းသဖြင့် ထောက်ချောက်တစ်ခု ပြင်ဆင်ရုံသာ ရှိတော့သည်။
“ဗစ်တာ… ကျုပ်က တခြားလူဆီကနေ အခကြေးငွေပေးပြီး ခွင့်ပြုချက် ယူမယ့်လူမျိုးလို့ မင်းထင်လား.. ကျုပ်လိုချင်တာက ဖော်ဆပ်နည်း ဝယ်ချင်တာ.. တစ်ချို့ရောဂါတွေ ကုနိုင်တဲ့ ဆေးဝါးဖော်ဆပ်နည်းတွေပဲ။ ဘယ်လို ရောဂါဆိုတာ အရေးမကြီးဘူး.. တစ်ဝက်လောက်ပဲ အချောထည်ဖြစ်နေလဲ ရတယ်.. ကျုပ်က ဇီဇာမကြောင် တတ်ပါဘူး.. မင်းကုမ္ပဏီကလဲ ကျုပ်ကမ်းလှမ်းမှုကို ကျေနပ်မှာ သေချာပါတယ်..”
နှလုံးရောဂါကုဆေးမှာ အဆင့်(၅)တားမြစ်ဆေးဖြစ်ကြောင်း ဖုန်းယွီ သိထားပေသည်။ သူ့ယခင်ဘဝတွင် ထိုဆေးအမျိုးအစား တစ်ခုမက ပိုရှိနေပေသည်။ အလားတူ မူးယစ်ဆေးဝါး အမျိုးအစား အနည်းဆုံး (၂)မျိုးပင် ရှိသေးသည်။ ဖုန်းယွီသည် အဆင့်(၅)တားမြစ်ဆေးအတွက် ဖော်ဆပ်နည်းကို ဝယ်ရန်သာလိုပေသည်။ ထိုဖော်ဆပ်နည်း ရလိုက်သည်နှင့် ကျန်ကိစ္စများကို သုတေသနသမားများ အလွယ်လေး လုပ်ကိုင်သွားကြ ပေလိမ့်မည်။
အဆင့်(၅) တားမြစ်ဆေးအတွက် ဖော်ဆပ်နည်းဖြင့် ဖုန်းယွီသည် ပမ့်မြို့တော် ဆေးဝါးမှ ပစ်ဇာထက် ပိုမိုစော လျင်စွာ ထုတ်လုပ်နိုင်မည်ဟု ယုံကြည်ထားပေသည်။ အကြောင်းအရင်းမှာ တရုတ်သည် အမေရိကန်ကဲ့သို့ တင်းကြပ်မှု မရှိခြင်းကြောင့်ဖြစ်သည်။ ပမ့်မြို့တော် ဆေးဝါးသည် ဤအံ့ဖွယ်ဆေးကို ထုတ်လုပ်သည့် ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်လာသည်နှင့် တစ်ပြိုင်နက် ဤဆေးရောင်းအားသည် အခြားကုမ္ပဏီများထက် သာလွန်သွားမည်မှာ သေချာပေသည်။
ဖုန်းယွီစကားများအာ ဗစ်တာ သေချာ နားထောင်နေပေသည်။ တစ်ဝက်တစ်ပျက် ထုတ်ကုန်လော။ ဆိုလိုသည်မှာ ပစ်ဇာသည် ၎င်းတို့၏ မအောင်မြင်သော ထုတ်ကုန်အများစုကို ၎င်းထံ ရောင်းချနိုင်သည်ဟု ဆိုလိုခြင်းပင်။
မစ္စတာဖုန်းသည် ချမ်းသာသော်လည်း လူမိုက်ဖြစ်ပေသည်။ တစ်ဝက်တစ်ပျက် ဖော်ဆပ်နည်းအားလုံး အမှန်တကယ် ဝယ်ယူပါက ကုမ္ပဏီ၏ ကုန်ကျစရိတ်များ လျော့သွားပေမည်။ ဗစ်တာသည်လည်း ပစ်ဇာအတွက် အကူအညီ အများကြီး ပေးပြီးသား ဖြစ်သွားပေမည်။
ဗစ်တာသည် ထိုအကျိုးကျေးဇူးဖြင့် အမေရိကန်သို့ ပြန်လည် ရွှေ့ပြောင်းရန် လျှောက်ထားနိုင်ပေလိမ့်မည်။
“မစ္စတာဖုန်း.. မင်း ကျုပ်တို့ဆီက တစ်ဝက်တစ်ပျက်ထုတ်ကုန်တွေ စိတ်ဝင်စားတယ်ဆိုရင် မင်းအတွက် ဌာနချုပ်ကို မေးပေးဖို့ ငါကူညီပေးလို့ရတယ်..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)