← Chapters

စိတ်အားထက်သန်နေသည့် ဗစ်တာ (၁)

Vol. 47 Ch. 696

စိတ်အားထက်သန်နေသည့် ဗစ်တာ (၁)

Vol. 47 Ch. 696

ထိုနေ့ညတွင် ဖုန်းယွီသည် ဗစ်တာကို သူ့အိမ်ကြီးတွင် နေခွင့်ပေးကာ အဆင်မပြေပါက စိတ်ကြိုက်ရွေး၍ နေနိုင်ကြောင်းပါ ပြောလိုက်သည်။ တစ်အိမ်လုံးကိုပင် အခမဲ့ ပေးနိုင်ပေသည်။

ဗစ်တာ အံ့ဩသွားသည်။ ဤနေရာမျိုးတွင် ဗီလာတစ်လုံး ပိုင်ဆိုင်နိုင်ပါက အလွန်ကောင်းပေသည်။ ဤဗီလာ၏ ပိုင်နက်နယ်မြေသည် ပင်လယ်ကမ်းစပ်တွင်ရှိပြီး လျန်ကန်း တွင်ရှိနေပေသည်။ ပစ်ဇာ၏ တရုတ်နိုင်ငံ ရုံးချုပ်သည်လည်း လျန်ကန်းတွင် ရှိပေသည်။

ဤနေရာသည် နေရာမကောင်းဟု တရုတ်အများစု ခံစားရပေလိမ့်မည်။ သို့ရာတွင် အမေရိကန်များအတွက်မူ လူနည်းသည့် ဆင်ခြေဖုံး ရပ်ကွက်များတွင် နေထိုင်လေ့ရှိကြသည်။ ရှုခင်းကောင်းကာ ဆိတ်ငြိမ်သည့် နေရာများကို နှစ်သက်ကြသည်။ သူတပါး နှောက်ယှက်လာမှုကို မကြိုက်ကြချေ။

မည်သို့ပင်ဖြစ်စေကာမူ ဗစ်တာတွင် ကားတစ်စီးပိုင်ဆိုင်ထားသည်။ သူ့ရုံးခန်းသို့ (၁)နာရီခန့် သွားရမည် ဖြစ်သော် လည်း အဆင်ပြေပေသည်။ အကယ်၍ သူသည် ဤအိမ်ကြီးတွင် နေနိုင်ပါက မိသားစုကိုပင် အပန်းဖြေခရီး လာရန် ပြော၍ရသေးသည်။ သူ့ကလေးများမှလည်း ဆောင်းရာသီ၌ နှင်းများနှင့် ဆော့ကစားရသည်ကို အလွန်ကြိုက် ကြသည်။

ထို့အပြင် ဗစ်တာသည် ဤသဘောတူညီချက် အကောင်အထည် ဖော်နိုင်ပါက ဤအိမ်ကြီးထက် ပိုရနိုင်သေးသည်။ တရုတ်နိုင်ငံရှိ ဤအိမ်ကြီးသည် ကောင်းမွန်သော်လည်း အမေရိကန်ရှိ သူ့အိမ်လောက် မကောင်းချေ။ သူသည် ဆုလဒ်များ ရရှိကာ အမေရိကန်အိမ်သို့ ချောချောမောမော ပြောင်းရွှေ့သွားမည် ဖြစ်သည်။ သူ့မိသားစုအတွက်ပင် ယခုထက် ပိုကောင်းသည့် ကားနှင့် လဲနိုင်သေးသည်။

ညဘက်တွင် ဖုန်းယွီသည် ဗစ်တာအတွက် ပွဲစီစဉ်ပေးလိုက်သည်။ ဗစ်တာသည် စားပွဲရှိ ဟင်းလျာများကို မမြင်ဖူးချေ။ ဤဟင်းလျာများသည် ရှေးနှစ်ပေါင်း ရာချီမှ ဧကရာဇ်မင်းများ ပွဲတော်တည်သည့် ဟင်းလျာများ ဖြစ်ကြောင်း သူကြားလိုက်ရသည်။ ဟင်းပွဲအများစု၏ အရသာကို ကြိုက်နှစ်သက်ပေသည်။ သောက်ရသည့် ဝိုင်သည်ပင် နှစ်ထောင်ချီ ကတည်းက ဆင်းသက်လာသော နည်းပညာကိုသုံးကာ ချက်ထားသည်ဟု ဆိုပေသည်။

ဗစ်တာလည်း ထိုနေ့ညတွင် ကောင်းကောင်း အိပ်မပျော်နိုင်တော့ချေ။ အလွန် စိတ်လှုပ်ရှားမိနေပေသည်။ ရာထူးတိုးခြင်း၊ ဆုလဒ်ရရှိခြင်းကို မျက်လုံးထဲ မြင်နေ၍ မဟုတ်ချေ။ ဝိုင်သောက်ပြီးနောက် တစ်ညလုံး စိတ်လှုပ်ရှား နေခြင်းကြောင့် ဖြစ်သည်။

ထိုဝိုင်မှာ မည်သည့် အမျိုးအစားနည်း။ အကျိုးသက်ရောက်မှုသည်လည်း မည်သို့နည်း။ ဗစ်တာ စိတ်တက်ကြွနေ၍ မဟုတ်ဘဲ ထိုသို့ တုံ့ပြန်မှုမျိုး ရှိနေသည်လော။

ပွဲကျင်းပနေစဉ်အတွင်း ဝိုင်သည်သာ ကြီးစိုးနေပေသည်။ ဖုန်းယွီသည် ဗစ်တာအား ၎င်းတို့အတွက် အံ့ဩစရာ ကောင်းသည့် သေရည်များမှာ တရုတ်တွင် ဘာမှ မဟုတ်ဟု ထင်စေချင်၍ ဖြစ်သည်။ ထိုဆေးကို တရုတ်လူမျိုးများ လွန်ခဲ့သည့် နှစ်ထောင်ပေါင်း များစွာကတည်းက တီထွင် ထားပြီး ဖြစ်ပေသည်။

ဗစ်တာသည် ဖုန်းယွီ၏ နောက်ဆုံးထွက် မော်ဒယ်ဖြစ်သော စောင်ကျန်း ကားဖြင့် စီးနင်း လိုက်ပါလာပြီး သူ့ရုံးခန်းသို့ ပြန်လာခဲ့သည်။ အလွန်သဘောကျသွားမိပေသည်။ ထိုကားသည် အလွန်အဆင်ပြေလွန်းလှသည်။ ကားအတွင်း၌ ပင် ရုပ်ရှင်ဇာတ်လမ်း ကြည့်နိုင်ပေသည်။ ဤကား မည်မျှ တန်ဖိုးရှိလောက်မည်နည်း။

လက်ရှိ LCD မျက်နှာပြင်များကို လက်ဆွဲကွန်ပျူတာများတွင်သာ အသုံးပြုကြပြီး ထိုလက်ဆွဲကွန်ပျူတာတွင် CD-ROM တပ်ဆင်ထားသည်။ ဖုန်းယွီသည် ကားအတွင်း တပ်ဆင်ရန်အတွက် အဆင့်မြင့် DVD စက်တစ်လုံးသာ သုံးထားသည်။

သာမာန်ကားများတွင် ရေဒီယိုများသာ တပ်ဆင်ထားကြသည်။ ဈေးအလွန်ကြီးသည့် ကားများတွင်သာ ကက်ဆက်များ တပ်ဆင်ထားသည်။ ဖုန်းယွီမှ ဆရာကြီးလူအား ပေးလိုက်သည့် ကားတွင်ပင် ကက်ဆက်သာ တပ်ဆင်ထားသည်။

ယခုမော်ဒယ်အသစ်တွင် DVD စက်နှင့် LCD မျက်နှာပြင် တပ်ဆင်ထားပါသည်။ ထိုပစ္စည်းများ၏ ထုတ်လုပ်မှု စရိတ် အလွန်မြင့်မားသော်လည်း ဤကား၏ တန်ဖိုးသည်လည်း တိုးလာပေလိမ့်မည်။ ဤကားကို ဇိမ်ခံကားအဖြစ် အမျိုးအစား ခွဲခြားသတ်မှတ်ထားပေသည်။

နည်းပညာမြင့် ကားများအားလုံး ဤကဲ့သို့သာပင်။ မည်သို့ပင်ဖြစ်စေ အလုံးအရင်းဖြင့် ထုတ်လုပ်မည် မဟုတ်ချေ။ အတွင်းခန်းတွင် ဇိမ်ခံပစ္စည်းအမျိုးမျိုး တတ်ဆင်နိုင်ပေသည်။ ကားများတွင်လည်း ရေခဲသေတ္တာ တပ်ဆင်နိုင်သည်။ သို့ရာတွင် ယခုလောလောဆယ် မလိုအပ်သေးချေ။

ကားပြတင်းပေါက်များသည် အရောင်ပြောင်းနိုင်သည့် မှန်များ သုံးထားပြီး အလွန် အသံလုံပေသည်။ အတွင်းခန်းသည် တိတ်ဆိတ်ကာ ကျယ်ဝန်းပေသည်။ ခရီးသည် ထိုင်ခုံမှာ လွန်စွာ သက်တောင့်သက်သာ ရှိလွန်းလှသည်။

ဗစ်တာ ကားပေါ်မှ ဆင်းပြီးသည့်တိုင် အတွေးများ နစ်ဝင်နေဆဲပင်။ သူ့အနေဖြင့် ထိုကားကို ထပ်စီးခွင့် ရနိုင်အုံးမည်လော တွေးနေမိသည်။ ထိုကားဖြင့် လိုက်ပါလာစဉ် စောစောကပင် ဖုန်းယွီမှ ဤကားကို သူ့ကုမ္ပဏီမှ ထုတ်လုပ်ပြီး မကြာခင် မိတ်ဆက်တော့မည် ဖြစ်ကြောင်း ပေါ့ပေါ့ပါးပါး ပြောသွားပေသည်။ ဤမော်ဒယ်သည် အလွန်မြင့်ကာ ဈေးကွက်တွင် အလွန်အဖိုးတန်ပေလိမ့်မည်။

ဗစ်တာသည် ဖုန်းယွီ၏ စကားများကို အတိအကျ မမှတ်မိချေ။ ဖုန်းယွီသည် အလွန်ချမ်းသာကြောင်း သူသိလာသည်။ ဤသို့သော ကားမျိုး အမေရိကန်တွင်ပင် တစ်ခါမှ မတွေ့ဖူးချေ။ သမ္မတစီးသောကားနှင့်ပင် ယှဉ်၍ ရပေသည်။

ဖုန်းယွီ၏ ကုမ္ပဏီသည် ထိုကားကို အစုလိုက် အပြုံလိုက် ထုတ်လုပ်နိုင်ပါက သူ့ကုမ္ပဏီသည် မည်မျှ ချမ်းသာ လိုက်မည်နည်း။ တရုတ်နိုင်ငံ၏ နည်းပညာ စွမ်းရည်များသည် ဤမျှ မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီလော။ ဖုန်းယွီသည် ထိုကဲ့သို့ စွမ်းအားနည်းပညာကောင်းလွန်းသော မော်တော်ကား ကုမ္ပဏီထုတ်လုပ်ရေးနှင့် တရုတ် နိုင်ငံ၏ အကြီးဆုံးသော ဆေးဝါးကုမ္ပဏီကို ပိုင်ဆိုင်ထားသည် ဆိုပါက ၎င်း၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ မည်မျှ ဖြစ်သွားမည်နည်း။

ထို မူပိုင်ခွင့်ရရှိထားသော ဆေးဖော်ဆပ်နည်းများ သို့တည်းမဟုတ် ၎င်းတို့၏ တစ်ဝက်တစ်ပျက် ဖော်ဆပ်နည်း များဟုပင် ခေါ်ရပေမည်။ ၎င်းတို့ကို ဖုန်းယွီအား ရောင်းချပါက ဈေးနှုန်း မြင့်မားစွာ ရရှိနိုင်ပေသည်။

သူ့ရုံးခန်းရောက်သည်နှင့် ဌာနချုပ်သို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။ ဤကိစ္စအား ပစ်ဇာ၏ CEO မစ္စတာ ဂျော့ဂျ်ဂျီ ထံ ချက်ချင်း သတင်းပို့ရန် လိုအပ်ပေသည်။

“မစ္စတာဂျော့ဂျ်.. ကျုပ် ဗစ်တာပါ.. သတင်းပို့စရာ တစ်ခုရှိလို့ပါ..”

“ဗစ်တာလား.. ငါ့အတွက် သတင်းကောင်း ရှိလို့လား.. ဒီနှစ်အတွက် တရုတ်အရောင်း အစီရင်ခံစာ အသင့်ဖြစ်နေပြီလား..”

ဂျော့ဂျ် စိတ်ကောင်းဝင်နေပုံပင်။

“နောက် (၃)ရက်လောက် လိုပါသေးတယ်.. ဒါပေမယ့် ဒီနှစ် ရောင်းအားက မနှစ်ကနဲ့ ယှဉ်ရင် အများကြီး ပိုပါတယ်.. အခုပြောချင်တာက ကျုပ်တို့ရဲ့ ဆေးဖော်ဆပ်နည်း ဝယ်ဖို့ စိတ်ဝင်စားတဲ့ ဩဇာကြီး တရုတ်သူဌေး တစ်ယောက် တွေ့ထားလို့ပါ..”

ဗစ်တာသည် ဂျော့ဂျ်အား ဖုန်းယွီ သူနှင့် ဆက်သွယ်လာကြောင်း မပြောသေးချေ။ ထို့အထား ဖုန်းယွီကို သူရှာတွေ့ ကြောင်းသာ ပြောလိုက်သည်။ ဤနည်းဖြင့် သူသည် ကုမ္ပဏီအပေါ် အကြွေးတင် သွားပေလိမ့်မည်။ ထိုကဲ့သို့ စကားလုံး အသေးစိတ်ကအစ သေချာစဉ်းစား ပြောခြင်းအားဖြင့် ဗစ်တာ မည်မျှ လူရည်လည်ကြောင်း ပြသပေသည်။

“ဩဇာရှိတဲ့ တရုတ်သူဌေးလား.. တရုတ်မှာ ဘယ်သူဌေးရှိလို့လဲ.. ပြီးတော့ သူ ငါတို့ဆီကနေ ဆေးဖော်ဆပ်နည်း ဝယ်ချင်တယ်လို့ ပြောလိုက်တာလား… သဘောတူလိုက်ပြီလား.. ငါတို့ ပစ်ဇာက ငါတို့ ဖော်ဆပ်နည်း မူပိုင်ခွင့်တွေ ဘယ်တော့မှ ရောင်းမှာ မဟုတ်ဘူး..”

ဂျော့ဂျ် အနည်းငယ် စိတ်တိုသံဖြင့် ပြန်ဖြေလိုက်သည်။

“မစ္စတာဂျော့ဂျ်.. ကျုပ်လဲ ကျုပ်တို့ တီထွင်ထားတဲ့ ဆေးဖော်ဆပ်နည်းတွေ သူ့ကို ရောင်းဖို့ သဘောမတူထားပါဘူး.. ကျုပ်တို့ရဲ့ ကုန်ချော ထုတ်ကုန်တွေ ရောင်းဖို့ပဲ သဘောတူထားတာပါ..”

ဗစ်တာ အမြန်ရှင်းပြလိုက်သည်။

“အချောထည် ထုတ်ကုန်လား.. ဘာကို ပြောတာလဲ..”

ဂျော့ဂျ် စိတ်ပျက်လာသည်။

“အချောထည် ထုတ်ကုန်တွေက ဆေးခန်း စမ်းသပ်မှု မအောင်မြင်တဲ့.. ဒါမှမဟုတ် တီထွင်ထားပေမယ့် လိုအပ်ချက် တွေ ဖြည့်ဆည်းမပေးနိုင်တဲ့ ကျုပ်တို့ရဲ့ ထုတ်ကုန်တွေလေ..”

“ဟေ… အဲ့ဖော်ဆပ်နည်းတွေ ဘယ်သူ ဝယ်ချင်တာလဲ..”

“ဟုတ်ပါတဘ်.. အဲ့ တရုတ်စီးပွားရေးသမားက ဒီဖော်မြူလာတွေကို ဝယ်ဖို့ စိတ်ဝင်စားပါတယ်.. သူလဲ ဆေးဝါးစက်ရုံ ပိုင်ထားတယ်.. တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ဆေးဝါးစက်ရုံပဲ.. သူ့စက်ရုံက ကြီးပေမယ့် သူတို့ ကိုယ်ပိုင် ဆေးတွေ မထုတ်လုပ်နိုင်သေးဘူး.. သူတို့ ရောင်းအား မြှင့်တင်ဖို့အတွက် ဆေးဝါးအသစ်တွေ အရေးပေါ် လိုနေတယ်လေ.. အဲ့ဒီ တစ်ဝက်တစ်ပျက် အချောထည် ထုတ်ကုန်တွေကို အောင်အောင်မြင်မြင်နဲ့ တီထွင်နိုင်ချေ ရှိတယ်ဆိုတဲ့ အစီရင်ခံစာနည်းနည်း သူ့ကို ပြပေးလိုက်ဖို့ပဲလိုတယ်.. ဈေးနှုန်းမြင့်မြင့်နဲ့ကို ရောင်းလို့ရနိုင်တယ်..”

ဗစ်တာ စိတ်လှုပ်ရှားစွာ ပြောနေတော့သည်။

“မင်း သေချာလား..”

ဤသည်က လှည်စားမှု တစ်ခုဆိုလျှင်ပင် ဂျော့ဂျ်သည် အမြတ်ငွေကြောင့် သွေးဆောင်ခံရတော့သည်။

“ကျုပ်ဘက်က အရမ်းသေချာပါတယ်.. အတရုတ် အရမ်းချမ်းသာတယ်.. သူ့မှာ မော်တော်ကား ကုမ္ပဏီ တစ်ခုလဲ ရှိသေးတယ်.. အဲ့ကုမ္ပဏီက တရုတ်နိုင်ငံ ထိပ်တန်းကုမ္ပဏီတစ်ခုဆိုလဲ ဟုတ်တယ်.. ကျုပ်အမြင်အရ အဲ့လူ တော်တော် လက်ဖွာတဲ့သူပဲ.. တကယ်လို့ ကျုပ်တို့က တစ်ဝက်တစ်ပျက် ထုတ်ကုန် ဖော်ဆပ်နည်း နဲနဲလောက် ရောင်းနိုင်ရင်ကို ကုမ္ပဏီအတွက် အမြတ်အစွန်း ရနိုင်မှာ.. ဒီသဘောတူညီချက်က ကျုပ်တို့ရဲ့ သုတေသန ရန်ပုံငွေ တောင်တိုးနိုင်လောက်တယ်..”

ဂျော့ဂျ် အလွန်ဝမ်းသာသွားသည်။

“ဗစ်တာ.. မင်း ဒီသဘောတူချက် ရအောင်လုပ်ရမယ်.. တကယ်လို့ မင်း အဲ့ဖော်ဆပ်နည်းတွေကို ကန်ဒေါ်လာ (၁၀)သန်းနဲ့ ရောင်းနိုင်မယ်ဆိုရင် မင်းကို ပြန်ပြောင်းရွှေ့ပေးမယ့်အပြင် ရာထူးလဲ တိုးပေးမယ်..”

“ကျေးဇူးတင်ပါတယ်.. မစ္စတာ ဂျော့ဂျ်.. ကျုပ်တာဝန်ထားလိုက်ပါ..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters